အခန်း၂၂၆
Viewers 43k

အခန်း (၂၂၆) - ကလေးမရနိုင်ဘူး


လင်းချင်းဟယ်သည် သူမ သားအကြီးဆုံး၏ လက်ရှိဆန္ဒမှာ အလုပ်ရရန်နှင့် အိမ်ဝယ်နိုင်ဖို့ ငွေစုရန် တက္ကသိုလ်တက်ရောက်လိုကြောင်းကို မသိခဲ့ပေ။

 

ဒါပေမယ့် ကောလိပ်ကျောင်းသားတွေရဲ့ စံနှုန်းတွေကို လိုက်နာရင် အိမ်တစ်လုံးကို ကိုယ်တိုင်ဝယ်ဖို့ မလိုအပ်ပါဘူး။ အိမ်ခန်းကို ခွဲဝေပေးတာ ရရှိမှာ ဖြစ်ပြီး နေရာထိုင်ခင်း ကောင်းမွန်သည့် အိမ်တစ်လုံးလည်း ဖြစ်နေပါသေးသည်။

 

ဒါပေမယ့် လောင်တက အလုပ်မရသေးတဲ့အတွက် ဒါကို နားမလည်ပါဘူး။


ယခုနှစ်နှောင်းပိုင်းတွင် နှင်းများကျဆင်းခဲ့ပြီး နိုဝင်ဘာလနှောင်းပိုင်းအထိ နှင်းများ မစဲခဲ့ပေ။


ဒီရက်တွေမှာ လင်းချင်းဟယ်ဟာ အားလပ်နေသောကြောင့် အင်္ဂလိပ်စာလေ့လာကာ စကားလုံးများနှင့် စာကြောင်းများကို ဖတ်ရှုလေ့လာခဲ့သည်။


ဒီတစ်နှစ်ကုန်သွားရင် ‘၁၉၇၆’ ခုနှစ် ဖြစ်လိမ့်မည်။ နောက်တစ်နှစ် ထပ်မံ ကုန်ဆုံးသွားပြီးရင်တော့ ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်ကျင်းပမည့် နှစ် ဖြစ်သည်။


အချိန်ကုန်တာ သိပ်မြန်တာပဲ။


လင်းချင်းဟယ်သည် စာအုပ်ထဲတွင် စျာန်ဝင်နေသည်။ ကျိုးချင်းပိုင်သည် လောင်အာ့၊ လောင်စန်းတို့နှင့်အတူ အပြင်ကနေ ပြန်လာခဲ့သည်။ သားအဖတွေဟာ အပြေးအလွှား ဝင်လာခဲ့ကြသည်။ အပြင်မှာ အေးလွန်းသဖြင့် သူတို့ရဲ့ မျက်နှာတွေဟာ နီရဲနေခဲ့သည်။


လင်းချင်းဟယ်က စစ်ဆေးဖို့ ထွက်လာပြီး “ရှင်တို့ အပြင်မထွက်ခင် စနိုးလိမ်းသွားဖို့ မသိဘူးလား။”


ထို့နောက် လင်းချင်းဟယ်သည် စနိုးဘူးကို ထုတ်ယူပြီး သားအဖတွေကို လိမ်းပေးလိုက်သည်။ လောင်အာ့နှင့် လောင်စန်းတို့က မှန်တစ်ချပ် ဆွဲယူပြီး သေသေချာချာ ပွတ်သပ်လိမ်းလိုက်သည်။ ကျိုးချင်းပိုင်ကတော့ လင်းချင်းဟယ်ပဲ သေချာလိမ်းကျံပေးရသည်။


“အမေ၊ ဦးလေး(တတိယမောင်လေးလင်း) က အဖေ့ကို ရစ်ငှက်ပစ် ထွက်ချင်လားလို့ လာမေးတယ်။ သားလည်း အဖေနဲ့ လိုက်သွားချင်တယ်။” လောင်အာ့က ပြောသည်။


“မင်း သွားရင်၊ ငါလည်း လိုက်မယ်။” လောင်စန်းက ချက်ချင်း ပြောလိုက်သည်။


“မင်းက အိမ်မှာပဲနေခဲ့၊ ငါတို့ ရစ်ငှက်တစ်ကောင် အမဲလိုက်ပြီး ပြန်ယူလာရင် မင်းကို အာဟာရပြည့်အောင် ကျွေးမွေးမယ်။” လောင်အာ့ အလျင်စလို ကြားဝင်ပြောသည်။


လောင်စန်းကြောင့် သူ မလိုက်ရမှာကို စိုးရိမ်ပြီး ဤသို့ပြောတာ ဖြစ်သည်။


“ကျွန်တော်လည်း ရစ်ငှက်ပစ်တတ်တယ်။ ဒုတိယအစ်ကိုကို မလိုအပ်ဘူး။” လောင်စန်းက တုံ့ပြန်ပြောဆိုခဲ့သည်။


လောင်အာ့က စိတ်ဆိုးသွားသည်။ လောင်စန်းက သူ့ကို လျစ်လျူရှုပြီး သူ့မိဘတွေကိုပဲ တိုက်ရိုက်ကြည့်လိုက်သည်။


“မနက်ဖြန်ကျ အမေ ပဲပေါက်စီ လုပ်မလို့။ အရမ်းအလုပ်ရှုပ်နေမှာ။ အမေ နင်တို့နှစ်ယောက်လုံး ကူညီလုပ်ကိုင်ပေးဖို့ လိုအပ်နေတာ။” လင်းချင်းဟယ်က ဒေါသတကြီး ပြောလိုက်သည်။


“အမေ၊ ပြီးခဲ့တဲ့တစ်ခေါက်က အစ်ကိုကြီးကျ လိုက်သွားလို့ရတယ်။” လောင်အာ့က ထောက်ပြသည်။


“အဲ့တာကို ပြန်တွေးကြည့်ရင် ငါ ထိတ်လန့်နေရတုန်းပဲ။ နင်တို့နှစ်ယောက် အိမ်မှာ နေရမယ်။ နှင်းတွေအရမ်းကျတဲ့ နေ့တွေမှာ အိမ်မှာ နေရတာ အကောင်းဆုံးပဲ။ ဒီကောင်းချီးကို မလိုချင်ပဲ ဘာဖြစ်လို့ အပြင်ကိုပဲ ထွက်ချင်နေရတာလဲ။ နင်တို့ အိမ်မှာ အေးဆေးနေလို့ရတယ်။” လင်းချင်းဟယ်က ပြောသည်။


နောက်တစ်နေ့တွင် ကျိုးချင်းပိုင်သည် တတိယမောင်လေးလင်းနှင့်အတူ ရစ်ငှက်ပစ်ရန် တောလည်သွားခဲ့သည်။ လင်းချင်းဟယ်က လောင်အာ့နှင့် လောင်စန်းတို့ကို ပဲပေါက်စီ ကူညီလုပ်ကိုင်ပေးရန် ဆွဲခေါ်ထားခဲ့သည်။


အမေကျိုးသည်လည်း ပါဝင်ကူညီပေးခဲ့သည်။


ဆောင်းတွင်းအချိန်ခါမှာ များသောအားဖြင့် ပဲပေါက်စီတွေကို စားသုံးကြပြီး အလွန်အရသာရှိသည်။ တစ်မိသားစုလုံးရဲ့ အကြိုက်လည်း ဖြစ်သည်။


အမေကျိုးက လင်းချင်းဟယ်ကို သူမ ကြားခဲ့ရတဲ့ သတင်းအား ပြောပြနေခဲ့သည်၊ “စပါးကျီကို ဘယ်သူ ဖောက်သွားတာလဲ မသိဘူး။ စပါကျီးမှာ အပေါက်ကြီးတစ်ခု ရှိနေတယ်။”


လင်းချင်းဟယ်သည် အတန်းတွေကို ဆက်လက် သင်ကြားပေးဖို့ရာ ရှိနေသေးသောကြောင့် ဒီအကြောင်းအား မသိသေးပေ။ “တစ်ယောက်ယောက်က စပါးကျီကို ထိရဲတယ်လား။ သူတို့ သေချင်နေကြတာလား။” ဟု အံ့အားတသင့် မေးလိုက်မိသည်။


ဒီခေတ်အချိန်ခါတွင် စပါးကျီလို အရာမျိုးကို ထိဝံ့ရင် မဆိုင်းမတွ အသတ်ခံရမည့် အပြုအမူမျိုး ဖြစ်သည်။


“ဟုတ်တယ်၊ ဒါပေမယ့် တရားခံကို မဖမ်းမိဘူး။” အမေကျိုးက ပြောသည်။


သူမအမြင်အရ ဒီလုပ်ရပ်ဟာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ အပြုအမူမျိုး ဖြစ်သည်။


လင်းချင်းဟယ် မျက်မှောင်ကြုတ်လိုက်သည်။ ဒီအတောအတွင်း ဒါက တကယ် ဖြစ်ပွားခဲ့သည်။ အနာဂတ်တွင် ကန့်သတ်ချုပ်ချယ်မှုများ ပြေလျော့သွားသောအခါ မည်မျှ ဖရိုဖရဲ ဖြစ်မည်ကို သူမ တွေးတောကြည့်နိုင်သည်။ ထိုအချိန်တွင် တောကြောင်တွေ လက်ခမောင်းခတ်လိမ့်မည်မှာ အမှန်ပါပဲ။


“နောင် ကျွန်မ အပြင်ကို ရောက်နေတဲ့အခါ ဒီကို မကြာခဏ လာကြည့်ပေးပါဦး၊ အမေရေ” သူတို့အိမ်မှာ ဖေးယင်ရှိပေမယ့် မလုံခြုံသလို ခံစားနေရတုန်းပါပဲ။


“ငါတို့ရွာမှာ စိတ်ပူစရာ မလိုပါဘူး။ အိမ်နီးနားချင်းတွေ ရှိတယ်၊ ဖေးယင် ဟောင်လိုက်တာနဲ့ သူတို့ တန်းကြားလိမ့်မယ်။” အမေကျိုးက အာမခံသည်၊ “ဒါပေမယ့် ငါလည်း မကြာခဏ ဆိုသလို လာကြည့်ပေးပါမယ်။”


လင်းချင်းဟယ် ခေါင်းညိတ်လိုက်သည်။


ကျိုးချင်းပိုင်နှင့် တတိယမောင်လင်းတို့ အိမ်ပြန်ရောက်ချိန်တွင် ညနေစောင်းပြီ။ သူတို့က ရစ်ငှက်အချို့ ပြန်ပါလာကြသည်။


တတိယမောင်လေးလင်းက ရစ်ငှက်နှစ်ကောင် ပြန်ယူသွားသည်။ ကျန်တဲ့အကောင်တွေကိုတော့ လင်းချင်းဟယ်တို့အိမ်အတွက် ထားရစ်ခဲ့သည်။


မိသားစုဝင်တွေကို နည်းနည်းလောက် ကျွေးမွေးနိုင်လိမ့်မည်။ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက အဖေကျိုး အပြင်းအထန် ဖျားနာခဲ့သည်။ ဒီနှစ်မှာတော့ အလုပ်မှတ် ၆မှတ်တန် အလုပ်ကိုသာ ယူခဲ့လေသည်။


သူက အလုပ်အရမ်းလုပ်ချင်နေဆဲ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ကတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ချေ။ သူလည်း တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ။


နေ့ရက်တွေ ကုန်ဆုံးလာပြီး ဒီဇင်ဘာလထဲသို့ ချဥ်းနင်းဝင်ရောက်လာခဲ့ပြီ။


မနက်အိပ်ရာနိုးတော့ ခြံထဲမှာ နှင်းတွေ ထူထပ်စွာ ဖုံးလွှမ်းနေခဲ့သည်။ မနေ့ညက နှင်းအတော်လေး ကျဆင်းခဲ့သည်။ အိမ်နီးနားချင်း အမျိုးသမီးဟွမ်က သကြားညိုလာတောင်းတဲ့အခါတွင် တစ်မိသားစုလုံး မနက်စာ စားသောက်နေကြသည်။


အမျိုးသမီးဟွမ်၏ ချွေးမဖြစ်သူသည် မနေ့ညက ထွားထွားကြိုင်းကြိုင်း သားယောကျာ်းတစ်ယောက် မွေးဖွားခဲ့သည်။ သို့သော် ဒီလိုအချိန်ခါမျိုးမှာ သကြားညိုက ဝယ်ရခက်သည်။


ဒါကြောင့် သူမသည် လင်းချင်းဟယ်ဆီမှာ ရှိ မရှိ မေးမြန်းရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

 

“ကျွန်မတို့မှာ တစ်ကျင်းတော့ ရှိတယ်။ ဒါပေမယ့် နောက်ကျရင် သုံးစရာ ရှိသေးတာဆိုတော့ ကျွန်မ အ‌ဒေါ့်ကို ကျင်းတစ်ဝက်ပဲ ပေးနိုင်လိမ့်မယ်။” လင်းချင်းဟယ်က ပြောသည်။


လင်းချင်းဟယ်သည် သူမအတွက် ကျင်းတစ်ဝက် ထုတ်ယူပေးလိုက်သည်။ အမျိုးသမီးဟွမ်က ပိုက်ဆံနည်းနည်း ပိုပေးသည်။ လင်းချင်းဟယ်က စျေးကွက်ပေါက်စျေးအတိုင်းပဲ ယူခဲ့သည်။ အမျိုးသမီးဟွမ်က ဆက်ပြောသည်၊ “ဆရာမလင်း၊ ကျေးဇူးပြုပြီး အ‌ဒေါ့်ကို မျက်နှာပူရအောင် မလုပ်ပါနဲ့။ ဒီသကြားညိုကို အ‌ဒေါ့်မျက်နှာကြောင့် ခွဲပေးတာမှန်း အ‌ဒေါ် သိပါတယ်။ ဒီပိုက်ဆံကို လက်မခံရင် အ‌ဒေါ် မျက်နှာပူနေမိလိမ့်မယ်။”


“ကလေးလေးကို ကြိုဆိုရတာ ဝမ်းသာစရာကောင်းတဲ့ ကိစ္စတစ်ခုပဲ။ ကျွန်မ ဒါကို စိတ်ထဲ မထားပါဘူး။ အ‌ဒေါ်သာ ဒီလို ဆက်ပြောနေမယ်ဆိုရင် နောင်မှာ ကျွန်မတို့ ဘယ်လို ဆက်ဆံရပါ့မလဲ။” လင်းချင်းဟယ်က ပြောသည်။


သကြားညိုကျင်းတစ်ဝက်အတွက် အပိုနှစ်ဆင့် ပေးပေမယ့် လင်းချင်းဟယ်က ဤနှစ်ဆင့်ကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ။ သူတို့က အိမ်နီးနားချင်းတွေ ဖြစ်ကြသည်။ သူမကို လူတွေ အပုတ်ချဖို့ အခွင့်အရေးကို ပေးရတာထက် အရှုံးကိုသာ ပိုခံစားချင်သည်။


အမျိုးသမီးဟွမ်က ပြုံးပြီး ပြန်ယူသည်။ “ကျေးဇူးပါ၊ ဆရာမလင်း” 


“ကျေးဇူးတင်ဖို့ မလိုပါဘူး။ တကယ်လို့ ကျွန်မလည်း အရေးပေါ် လိုအပ်ပြီး အ‌ဒေါ့်ဆီမှာ ရှိနေရင် ညီတူညီမျှ ခွဲဝေပေးမှာပဲ မဟုတ်လား။” လင်းချင်းဟယ်က အပြုံးဖြင့် စကားဆိုသည်။


ထို့နောက် အမျိုးသမီးဟွမ်က အိမ်ပြန်သွားကာ လင်းချင်းဟယ်က မနက်စာ ဆက်စားသည်။


အမေကျိုးက သူ့မြေးတွေရှေ့မှာ ဘာမှ မပြောပေမယ့် လင်းချင်းဟယ်ကို သီးသန့် တိတ်တိတ်လေး တီးတိုးပြောခဲ့သည်။ “တကယ်တော့ သူ့ချွေးမ မွေးဖွားခါနီးဆိုတာကို သူတို့အားလုံး သိကြတယ်။ ဒါပေမယ့် သူတို့က ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းဆီ သွားဖို့ လုံ့လစိုက်မထုတ်ချင်ကြဘူး။ အဲဒီအစား သူတို့က ဒီကို လဲလှယ်ဖို့ ရောက်လာကြတာ။”


သူမသည် အမျိုးသမီးဟွမ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော်လည်း အမေကျိုးသည် သူမအား သိသိသာသာ အခွင့်ကောင်းယူတာကိုတော့ လက်မခံနိုင်ပေ။


ကွန်မြူနတီ၏ ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းတွေက အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည်။ ဒါပေမယ့် ခရိုင်မြို့ပေါ်သို့ ခရီးထွက်ဖို့ မကြောက်ဘူးဆိုရင် ခရီးနည်းနည်းထွက်လိုက်တာနဲ့ များများ ဝယ်ယူနိုင်မှာပဲ မဟုတ်ပါလား။


“ဒါက သကြားညိုနည်းနည်းလေးပါပဲ။” လင်းချင်းဟယ်က ဒါကို စိတ်ထဲမထားပေ။


ထို့အပြင် သူမက ဒီလိုပစ္စည်းမျိုးကို အလွယ်တကူ ရနိုင်သည်။ ရှန်းယွီနဲ့ ခင်မင်ရင်းနှီးပြီးကတည်းက သူမ ဝယ်လိုသမျှ အရာတိုင်းကို ဝယ်ယူရရှိနိုင်သည်။ နို့မှုန့်တွေကို အလွန်ကန့်သတ်ထားသော်လည်း ရှန်းယွီကို ကြိုတင်မှာကြားထားနိုင်ပါသည်။ ပစ္စည်းရောက်တာနဲ့ သူမအတွက် နှစ်အိတ်လောက် အရင်ဆုံး ဖယ်ထားပေးသည်။


သိပ်မများပါဘူး၊ နှစ်အိတ်လေးတင်ပါ။


သကြားညိုတွေက သူမ ယူဆောင်လာခဲ့သည့် ပစ္စည်းတွေထဲမှ တစ်မျိုး ဖြစ်သည်။ အကုန်လုံး အသုံးပြုပြီးသွားပြီ ဖြစ်သည်။ အဆုံး၌ ကျင်း ၂၀ သာ ပါလာခဲ့သည်။ သိပ်မများပါဘူး။ အခုပေးလိုက်သည့် အသုတ်ကို ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းမှ ဝယ်ယူထားခဲ့တာ ဖြစ်သည်။


ဒါပေမယ့် သူမမှာ စက်ဘီးရှိပြီး မြန်မြန်ဆန်ဆန် သွားလာနိုင်သည်။


အမေကျိုးသည် စကားအနည်းငယ်မျှ ပြောပေမယ့် စိတ်ထဲမထားပေ။ “လောင်တတို့ညီအစ်ကိုတွေ ရှိရင် လုံလောက်ပါပြီ။ သူတို့တွေ ကြီးပြင်းလာတာနဲ့အမျှ သူတို့ထဲက ဘယ်တစ်ယောက်ဖြစ်ဖြစ် မိသားစုတစ်စုရဲ့ လူအချို့နဲ့ ညီမျှတယ်။” ဟု သူမစိတ်ထဲမှ စကားတွေကို မရည်ရွယ်ပဲ ထုတ်ပြောမိခဲ့သည်။


လင်းချင်းဟယ်က ချက်ချင်း နားလည်လိုက်သည်။ ဒါက ကလေးမွေးတာနဲ့ ပတ်သက်ပြီး သူ့ကို နှစ်သိမ့်ပေးနေတာပဲ မဟုတ်လား။


သူမသည် လောင်စန်းကို မွေးဖွားပြီးကတည်းက ကလေး ထပ်မံ မရရှိခဲ့တော့ပေ။


လင်းချင်းဟယ်သည် အမေကျိုးကို သူမကိုယ်တိုင် သားကြောဖြတ်ခဲ့တာလို့ ပြောလိုက်မိရင် ဒီကိစ္စဟာ အဆုံးသတ်သွားခဲ့မည် မဟုတ်ပေ။ ဒါက အမေကျိုးရဲ့ နှလုံးသားထဲတွင် အထုံးတစ်ခု ဖြစ်သွားခဲ့ပြီး ဒီအထုံးကို တစ်သက်လုံး မကျော်လွှားနိုင်တော့မှာ စိုးရိမ်မိသည်။

 

သို့သော်လည်း ကျိုးချင်းပိုင်က အပြစ်အားလုံးကို သူ့အပေါ်မှာ ပုံချထားခဲ့သည်။ ကလေး မရနိုင်တော့တာ သူ့ကြောင့်သာ ဖြစ်ကြောင်း ရှင်းပြထားခဲ့သည်။


ယင်းကြောင့် အမေကျိုးသည် သူမအပေါ် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။


ပြောရမယ်ဆိုရင်တော့ လင်းချင်းဟယ်က ကျိုးချင်းပိုင် ဤသို့ လုပ်ပေးခဲ့သည့်အတွက် လက်မထောင် ချီးကျူးပေးရမှာပဲ ဖြစ်သည်။


တခါတရံ ယောက္ခမနဲ့ ချွေးမတို့ကြား ပြဿနာတက်တဲ့အခါ သားဖြစ်သူကို အပြစ်တွေကို လွှဲပြောင်းယူပေးရမည်။ သို့မှာသာ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်နိုင်မည် ဖြစ်သည်။


“ကျွန်မသားတွေ ကောင်းကောင်းကြီးပြင်းလာတယ်လို့ ကျွန်မ ထင်တယ်။ သူတို့က တခြားအိမ်က ညီအစ်ကို ခုနစ်ယောက် ရှစ်ယောက်လောက်နဲ့ ကောင်းကောင်းကြီး ယှဥ်ပြိုင်နိုင်တယ်။” လင်းချင်းဟယ်က နောက်က ဆက်ပြောခဲ့သည်။


အမေကျိုးက စိတ်ကျေနပ်သွားသည်။