အခန်း၂၂၇
Viewers 43k

အခန်း (၂၂၇) - မူလအမျိုးသားဇာတ်လိုက်


လာဘပွဲတော်အတွင်း လောင်တသည် အားလပ်ရက် တစ်ရက် ရခဲ့သည်။ နောက်ပိုင်းမျိုးဆက်တွေကဲ့သို့ တင်းကျပ်ထားခြင်း မရှိပေ။


လောင်တသည် အားလပ်ရက် တစ်ရက်ရပြီး လင်းချင်းဟယ်သည်လည်း အားလပ်ရက် ရခဲ့သည်။ ဒီနှစ်မှာတော့ သူမသည် မနှစ်ကထက် အထည်လက်မှတ် နှစ်စောင်နဲ့ အစားအသောက်လက်မှတ် နှစ်စောင် ထပ်မံပေးခဲ့ပြီး ရိက္ခာထောက်ပံ့မှုလည်း အတူတူပင် ဖြစ်သည်။


လောင်တက အိမ်ပြန်လာပြီး “အမေ၊ သား တတိယဦးလေးကို ခရိုင်မြို့ပေါ်မှာ တွေ့ခဲ့တယ်။ ကြည့်ရတာ အဖိုး နေမကောင်းဘူးထင်တယ်။”


လင်းချင်းဟယ်ကတော့ လူအိုကြီး ဖျားနာနေတာ သူမနဲ့ ဘာမှ မဆိုင်ဘူးလို့ စိတ်ထဲမှာ ပြောလိုက်သည်။ သူမပါးစပ်နားသို့ စကားလုံးများ ရောက်ရှိလာသောအခါတွင်မူ “ဒါဆို ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မယ်လို့ နင် ထင်လဲ။” ဟု လင်းချင်းဟယ်က သူ့ကိုကြည့်ရင်း မေးလိုက်သည်။


“အမေ ပြောကြည့်၊ အဖိုးဆီကို ပိုက်ဆံနည်းနည်းလောက် ပို့လိုက်ရင်ရော ဘယ်လိုလဲ။” လောင်တက အကြံပြုသည်။


ဒီကလေးဟာ သူမ၏ ဗီလိန်ဆန်သော သားဖြစ်နေဆဲပင်။ မှားယွင်းတဲ့လမ်းဆီ သူမ ဦးဆောင်လမ်းပြခဲ့မိပြီလား။


လင်းချင်းဟယ်က ပြောသည်၊ “ငါတို့အားလုံးက လက်ထပ်ပြီးသား သမီးတွေ ဖြစ်ကြတယ်။ အရင်ဆုံး ငါ သူတို့ကို ဂရုမစိုက်ချင်ဘူး။ ငါ သူတို့ကို လေးစားမှု ပြသရင် လုံလောက်ပြီလို့ ထင်တယ်။ သူတို့ကလည်း ငါ့ကို မချစ်ခင်ဘူး။ ဒါပေမယ့် ငါ့မှာ ကျင့်ဝတ်သိတတ်တဲ့ သားကြီးရှိဖို့ ဘယ်သူ ပြောခဲ့လဲ။”


လောင်တက ရယ်မောလိုက်မိသည်။ လင်းချင်းဟယ်က “သူ့ကို ပိုက်ဆံပေးလိုက်ပါ၊ ထားလိုက်ပါတော့။ ငါ အိမ်ပြန်ရောက်ရင် နင့်ဦးလေးကို သွားပို့ခိုင်းဖို့ အသားနည်းနည်းလောက် ဖြတ်ထားလိုက်မယ်။” သူမ ဘာလုပ်ရမလဲ ဆိုတာကို သူမ သိသကဲ့သို့ ဘယ်လို ငြင်းပယ်ရမလဲ ဆိုတာကိုပါ သူမ သိသည်။


လောင်တ ခေါင်းညိတ်သည်။ ဒီလောက်ဆို လုံလောက်ပြီ။


“ဒါနဲ့ စကားမစပ်၊ သားအတန်းဖော်က သားတို့အိမ်ကို တစ်ရက်လောက် အလည်အပတ် လိုက်လာချင်တယ်လို့ပြောတယ်။” လောင်တက စကားဆိုလာသည်။


“ရတယ်၊ ဘယ်အချိန် လာမလဲ။ အသားဖြန့်ဖြူးပြီးရင် သူ့ကို ကြီးကြီးကျယ်ကျယ် ကျွေးမွေးနိုင်မှာ ဖြစ်ပေမယ့် ကျန်တဲ့အချိန်တွေဆို ဟင်းပွဲတွေက အလယ်အလတ်လောက်ပဲ။” လင်းချင်းဟယ်က ပြောသည်။


သူမ သားဖြစ်သူ အတန်းဖော်တွေကို ဆော့ကစားဖို့ အိမ်လည်ခေါ်တာ ကောင်းပါသည်။ ဒါကို သူမလည်း သဘောကျ ကြိုဆိုပါသည်။ အဆုံး၌ သူမ သားက သူငယ်ချင်းတွေကို အိမ်လည်ခေါ်ချင်တဲ့အခါ သူမက သူ့ကို ပံ့ပိုးပေးရမည်။


“ကျွန်တော်တို့မိသားစုရဲ့ ဟင်းပွဲတွေက ယေဘုယျအားဖြင့် ဆိုးရွားတဲ့အထဲ မပါပါဘူး။” လောင်တက အမှန်တိုင်း ပြောခဲ့သည်။


သူ့ကိုလည်း သူ့အတန်းဖော်တွေက သူတို့အိမ်တွေမှာ ထမင်းလိုက်စားဖို့ ရံဖန်ရံခါဆိုသလို ဖိတ်ခေါ်တတ်သည်။ သို့သော် သူ တစ်ခေါက်သွားစားပြီးရင် နောက်တစ်ခါ ဘယ်တော့မှာ ထပ်မသွားတော့ဘူး။


ဘာလို့လဲဆိုတော့ သူတို့က သူ့ကို ထမင်းဖိတ်ကျွေးတာဖြစ်လို့ သူတို့ရဲ့အကောင်းဆုံးတွေကို တည်ခင်းကျွေးမွေးဖြစ်ပေမယ့် လက်ရာက တကယ့်ကို သာမန်ပါပဲ။


ဒီအကြောင်းပြောရရင် သူ့ဦးလေး(စုတာ့လင်း)၏ အချက်အပြုတ်လက်ရာကိုတော့ လက်သင့်ခံနိုင်သည်။


ကျိုးရှောင်မိန်တစ်ယောက် မီးနေချိန်ကာလအတွင်း ဒီအနေအထားအထိ ကျန်းမာဝဖြိုးလာသည်မှာ အံ့သြစရာ မဟုတ်ပေ။ စုတာ့လင်း၏ ဟင်းချက်လက်ရာသည် လင်းချင်းဟယ်နှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသည်။


သူက ဟင်းပွဲတွေအားလုံးကို အရသာရှိအောင် ချက်ပြုတ်နိုင်သည်။


ဒီလက်ရာတွေနဲ့ ကျင့်သားရခဲ့သည့် လောင်တသည် သူ့အတန်းဖော်အိမ်မှာ ထမင်းစားတဲ့အခါ စားလို့ မဝင်တော့ပဲ မနည်းစားသောက်ရသည်။


သူက တစ်ကြိမ်လောက် အိမ်လည်သွားပြီးတာနဲ့ ရပ်တန့်လိုက်သည်။


လူတိုင်းက သူ့အမေလို ဆန္ဒမရှိတာကို သူ မြင်သည်။ အခြေခံအားဖြင့်၊ မိသားစုဝင်ငွေအားလုံးကို အစားအသောက်အတွက် သုံးစွဲခဲ့သည်။


ဟုတ်ပါတယ်၊ အဝတ်အစားနဲ့ အခြားအရာတွေမှာလည်း မတွန့်တိုပါဘူး။


လောင်တသည် အရမ်းစိတ်လှုပ်ရှားနေဆဲဖြစ်သည်။


လင်းချင်းဟယ်က ဒီစကားကြားရတာကို သဘောကျပြီး ပြုံးလိုက်မိသည်၊ “နင့်အတန်းဖော်နာမည်က ဘာလဲ။ ဘယ်အချိန် လာလည်မှာလဲ။”


“သဘက်ခါလောက် လာလည်လိမ့်မယ်။ သူ့နာမည်က ဟန်ရှုကျယ်လို့ခေါ်တယ်။” လောင်တက ပြန်ဖြေသည်။


လင်းချင်းဟယ်တစ်ယောက် သူမ သောက်လိုက်သော ရေ နင်လုမတတ် ဖြစ်သွားသည်။ လင်းချင်းဟယ်သည် သူမသားကြီးကို စိုက်ကြည့်ပြီး “နင့်အတန်းဖော်နာမည်က ဘယ်လိုခေါ်တယ်လို့ နင်ပြောလိုက်တာလဲ။” ဟု ပြန်မေးလိုက်မိသည်။


“ဟန်ရှုကျယ်” လောင်တက သူ့အမေကို လှည့်ကြည့်ပြီး “အမေ သူ့ကို သိလို့လား” လို့ မေးလိုက်သည်။


“အိုး... ဟန်ရှုကျယ်လား။ အမေ ထင်သလိုပဲ။ အမေ နားကြားမှားသွားတာ။” လင်းချင်းဟယ်က ထိုသို့ပြောပြီး ကြွေရည်သုတ်ရေခွက်ထဲမှ ရေအားလုံးကို သောက်ချလိုက်သည်။


မဟုတ်ဘူး၊ မလုပ်နိုင်ဘူး။ သူမရဲ့ တုန်လှုပ်ချောက်ချားနေမှုကို ထိန်းထားနိုင်ရမည်။


ဟန်ရှုကျယ်၊ ဒါက မူရင်းဇာတ်လမ်းထဲက အမျိုးသားဇာတ်လိုက်ပင်။ ဒါပေမယ့် ဒီအဖြစ်အပျက်က သူမ သားအကြီးဆုံးနဲ့ သက်ဆိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။


မူရင်းဇာတ်လမ်းရဲ့ စွမ်းအားက အရမ်းသန်မာသည်။


“ကျွန်တော့်အတန်းဖော်က ဘတ်စကတ်ဘောကစားရာမှာ အရမ်းတော်တယ်၊ အဆင့်တွေလည်း အရမ်းကောင်းတယ်။ ပြီးခဲ့တဲ့တစ်ခေါက်ကဆို သူ ကျွန်တော့်ကို နိုင်မိလုမတတ်ပဲ။” လောင်တက ပြောသည်။


လောင်တသည် ဟန်ရှုကျယ်နှင့်အတူ ဘတ်စကတ်ဘော တစ်လုံး ဝယ်ယူခဲ့သည်။ သူတို့၏ ဆက်ဆံရေးက အလွန်ခိုင်မာသည်ဟု ဆိုနိုင်သည်။ အနည်းဆုံးတော့ တခြားသူတွေထက်စာရင် ဆက်ဆံရေး ပိုကောင်းသည်။


လင်းချင်းဟယ်၏ စိတ်ထဲတွင် ၊ သူက အမျိုးသားဇာတ်လိုက်၊ သူက ဘယ်လိုလုပ်ပြီး အစွမ်းမထက်ပဲ နေမှာလဲ။


“သူ့ကို ဖိတ်လိုက်လေ၊ ပြီးရင် အိမ်မှာ နားခိုင်းပေါ့။” လင်းချင်းဟယ်သည် သတိဝီရိယရှိသော်လည်း အမျိုးသားဇာတ်လိုက်ကို စမ်းသပ်ကြည့်ချင်သေးသည်။


တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် သူငယ်ချင်းတွေ ဖြစ်လာတာက ပိုကောင်းမည်။ မဟုတ်ရင် အားလုံးက ငြိမ်းချမ်းစွာ အတူရှိနိုင်လိမ့်မည် မဟုတ်ပေ။ သူမသည်လည်း ဒီကို ကူးပြောင်းရောက်ရှိလာခဲ့ပြီးပြီ၊ သူက အမျိုးသားဇာတ်လိုက် ဖြစ်နေရင်တောင်မှ ယုန်ဖြူလေးလို ချစ်စရာကောင်းတဲ့ အမျိုးသမီးနဲ့ ပေါင်းစည်းပြီး သူမသားတွေကို တစ်ခုခုလုပ်ဖို့ လုံးဝ မစဥ်းစားလိုက်ပါနဲ့။


သူ့အမေရဲ့ တုံ့ပြန်မှုက နည်းနည်းထူးဆန်းတယ်လို့ ခံစားမိပေမယ့် လောင်တက ဘာမှ မပြောပါဘူး။


လောင်တ ပြောသည့်အတိုင်း ဟန်ရှုကျယ်ဟာ သဘက်ခါမှာ အိမ်လည်ရောက်ရှိလာသည်။


ပြောရမယ်ဆိုရင် သူက အမျိုးသားဇာတ်လိုက် ကြမ္မာနဲ့ ထိုက်တန်သည်။ သူက အရမ်းကြည့်ကောင်းပြီး လောင်တထက်တောင် မဆိုးပါဘူး။ သူက လောင်တထက် နှစ်နှစ် ပိုကြီးပေမယ့် ဒီအရွယ် အထက်တန်းတက်ရောက်နိုင်သူက အရမ်းရှားပါးသည်။


မူရင်းဇာတ်လမ်းတွင် အမျိုးသားဇာတ်လိုက်သည် အမျိုးသမီးဇာတ်လိုက်ထက် များစွာ အသက်ကြီးသော်လည်း ရင့်ကျက်တည်ငြိမ်ပြီး ယုံကြည်စိတ်ချရကာ ပြည်သူဝန်ထမ်းတွေ၏ လူနေမှုအဆင့်အတန်းကိုလည်း ပိုင်ဆိုင်ထားဆဲဖြစ်သောကြောင့် အမျိုးသမီးဇာတ်လိုက်ကို စွဲလန်းစေခဲ့သည်။


လင်းချင်းဟယ်က ဒါကို သိပ်ဂရုမစိုက်ဘူး။ သူမက ဟန်ရှုကျယ်ကို ပြုံးပြလိုက်ပြီး “မင်းက ဟန်ရှုကျယ် ဖြစ်မယ်။ ငါ့ရှောင်ခိုင် ပြန်ရောက်လာကတည်းက မင်းအကြောင်းပဲ ပြောနေတာ။ အန်တီတို့အိမ်က ကြိုဆိုပါတယ်။”

 

“မင်္ဂလာပါ အန်တီ၊ ရုတ်တရတ် ရောက်လာမိလို့ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။” ဟု ဟန်ရှုကျယ်က အလွန်လိမ္မာရေးခြားရှိစွာ ပြောလိုက်သည်။


“ဘာကို စိတ်အနှောင့်အယှက် ဖြစ်ရမှာလဲ။ အန်တီက မင်းလို ‌ကျောင်းသားတွေကို အရမ်းသဘောကျတယ်။ ကျောင်းပိတ်ရက် အလည်ပတ်ခရီးထွက်ချင်ရင် အန်တီတို့အိမ်ကို မကြာခဏ လာလည်လေ။” လင်းချင်းဟယ်က ပြုံးရွှင်စွာ တုံ့ပြန်ပြောဆိုခဲ့သည်။

 

သူမ ဘယ်လိုပဲ အတွေးများနေပါစေ၊ ဟန်ရှုကျယ်ဟာ သူ့အတန်းဖော်ရဲ့ မိဘတွေ၏ စိတ်အားထက်သန်စွာ ကြိုဆိုမှုကို ခံစားမိနေဆဲပါပဲ။


စက်ဘီးဖြင့် အိမ်ပြန်သွားခဲ့ရသည့် ဟန်ရှုကျယ်ဟာ သူ့မိဘတွေကို ဒီနေ့ အိမ်ပြန်လာခဲ့မယ်လို့ ပြောခဲ့သည့်အတွက်ကြောင့် အနည်းငယ် နောင်တရနေမိသည်။ မဟုတ်ရင် သူ ဒီမှာ တစ်ညအိပ်ပြီး မနက်ဖြန်မှ ပြန်သွားမှာပဲ ဖြစ်သည်။


ဟန်ရှုကျယ် ပြန်သွားသည်နှင့် လင်းချင်းဟယ်က သက်ပြင်းမော မှုတ်ထုတ်လိုက်သည်။


“အမေ၊ အမေ သူ့ကို မြှောက်ပင့်ပြောဆိုနေတယ်လို့ သား ဘာဖြစ်လို ခံစားနေရတာလဲ။” လောင်အာ့က သူ့ပါးစပ်ထဲမှာ သကြားလုံး ငုံထားရင်း‌ အမေးပြုမိသည်။


လင်းချင်းဟယ်က သူ့ကို အကြည့်တစ်ချက် ပစ်ခွင်းလိုက်သည်၊ “နင့်အစ်ကိုကြီးက ရှားရှားပါးပါး အတန်းဖော်တစ်ယောက် အိမ်လည်ခေါ်လာခဲ့တာလေ။ နင့်အမေ ငါက ရိုးရိုးသားသား ဧည့်ဝတ်ပြုပေးရတာပေါ့။”


ဒါက မြှောက်ပင့်နေတာမျိုး မဟုတ်ပါဘူး။ သူမက ဘာဖြစ်လို့ အမျိုးသားဇာတ်လိုက်ကို မြှောက်ပင့်ပေးရမှာလဲ။ ဒီဘဝတွင် သူမ သားသုံးယောက်ကို ကောင်းကောင်းမွန်မွန် သင်ကြားပြသပေးခဲ့သည်။ သူတို့က တရားမဝင်တဲ့ ကိစ္စရပ်တွေကို လုပ်မှာ မဟုတ်ဘူး။


သို့တိုင်၊ မူရင်းဇာတ်လမ်းက တကယ့်ကို အားကောင်းသည်။ ဇာတ်ကြောင်းက သူမကြောင့် လုံးဝ ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း သူမ အခုပဲ အမျိုးသားဇာတ်လိုက်ကို မေးမြန်းထားခြင်းအရ အမျိုးသားဇာတ်လိုက်က သူ့ရဲ့ မူလ ရည်ရွယ်ချက်ကို မပြောင်းလဲသေးပါဘူး။ သူက အနာဂတ်တွင် ပြည်သူ့ဝန်ထမ်းတစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုပါသည်။


“အစ်ကိုကြီး၊ မင်းအတန်းဖော်ရဲ့ မိသားစုနောက်ခံက ဘယ်လိုလဲ။” လောင်အာ့က မေးသည်။


“သာမန် လူလတ်တန်းစားပါပဲ။” လောင်တက ပြန်ဖြေသည်။


ယင်းတို့ကို မေးမြန်းစရာ မလိုအောင်ပင် လင်းချင်းဟယ်က သိပြီးသား ဖြစ်သည်။ အမျိုးသားဇာတ်လိုက်ဟာ အောက်ခြေကနေ ရုန်းကန်ကြိုးစားခဲ့ရတယ်ဆိုတာ သိသာထင်ရှားပါသည်။ ဖြောင့်မတ်သူ ဖြစ်သောကြောင့် သူ့အနာဂတ်သည် အကန့်အသတ်မရှိ၊ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာမည်ဟု ဆိုနိုင်ပါသည်။


ဟုတ်ပါတယ်၊ မူရင်းဇာတ်လမ်းတွင် ဤအရာအားလုံးကို ရရှိဖို့ သူမ၏ ဗီလိန်သားသုံးယောက်က လှေခါးထစ်တွေ ဖြစ်ခဲ့ကြသည်။


ဒါပေမယ့် အခုအချိန်မှာတော့ သူမ၏ သားတွေဟာ လှေခါးထစ် ထပ်ဖြစ်မလာတော့ဘူးလား ဆိုတာကိုတော့ မသိရသေးပါဘူး။


ဟုတ်ပါတယ်၊ လင်းချင်းဟယ်က ဟန်ရှုကျယ်အပေါ် မလိုမုန်းထား မရှိပါဘူး။ လူတိုင်း ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရင် ပိုကောင်းလိမ့်မည်။


အမျိုးသားဇာတ်လိုက် ဟန်ရှုကျယ်၏ အသွင်အပြင်သည် လင်းချင်းဟယ်အား ဇာတ်ကြောင်း၏ စွမ်းအားကို သတိထားစေမိသော်လည်း သူမကို မထိတ်လန့်စေခဲ့ပေ။


မျက်စိတစ်မှိတ်အတွင်းမှာပင် အသားဖြန့်ဖြူးပေးတဲ့ နေ့ရက်သို့ ရောက်ရှိလာခဲ့သည်။ အသားတွေ ဖြန့်ဖြူးပြီးရင် နှစ်သစ်ကူးအချိန်ခါ နီးလာခဲ့ပြီ။ စုတာ့လင်းသည် အားလပ်ရက် ရရှိပြီးနောက် စုချန်နှင့် စုရွှင်းတို့ကို ပြန်ခေါ်လာခဲ့သည်။


အိမ်မှာ ကလေးတွေ အများကြီး ရှိနေတော့ အိမ်က အတော်လေး သက်ဝင်လှုပ်ရှားနေခဲ့သည်။


နှစ်သစ်ကူးအကြိုနေ့မှာ လင်းချင်းဟယ်နှင့် အမေကျိုးက ဟင်းလျာခြောက်ပွဲ အတူ ချက်ပြုတ်ပြင်ဆင်ခဲ့ပြီး မိသားစုတစ်စုလုံး နှစ်သစ်ကူးအကြိုညစာစားပွဲကို အတူဝိုင်းဖွဲ့ စားသောက်ခဲ့ကြသည်။


ဒီနှစ် အဖေကျိုးသည် နှစ်သစ်ကူးအကြိုညစာစားပွဲအတွက် အတူတကွ ပါဝင်ရန် ပြောဆိုထားခြင်း မရှိသောကြောင့် လင်းချင်းဟယ်လည်း ဒါကို မပြောနေတော့ဘူး။ တကယ်လို့ သူ လုပ်ချင်သေးတယ် ဆိုရင်တော့ သူမ သဘောမတူနိုင်ဘူး။


မနှစ်တုန်းက ကျိုးလျှို့နီရဲ့ အပြုအမူဟာ တစ်ကြိမ်တည်းနဲ့တင် လုံလောက်သွားပြီ။ လင်းချင်းဟယ်သည် နောက်တစ်ကြိမ် ဒီလိုအပြုအမူမျိုးကို ထပ်မကြုံချင်တော့ဘူး။