အခန်း၂၂၈
Viewers 38k

အခန်း (၂၂၈) – သမီးယောင်းမတွေ စကားစမြည်ပြောဆိုကြခြင်း


ဒီနှစ် နှစ်သစ်ကူး အကြိုညစာကို အတူတူ မစားခဲ့ကြပေမယ့် ကျိုးလျှို့နီကတော့ အိမ်မှာ ဒီအကြောင်းကို ပြောနေတုန်းပါပဲ။


“ငါတို့ မနှစ်တုန်းက အတူတူ စားရတယ် မဟုတ်လား။ ဘာဖြစ်လို့ ဒီနှစ်ကျ အတူတူ မစားရတော့တာလဲ။” ကျိုးလျှို့နီက ပြောသည်။


“ဒီအကြောင်းကို မပြောနဲ့လေ။ မနှစ်က နင့်အပြုအမူကို ပြန်ကြည့်စမ်းပါဦး၊ ဘယ်သူမဆို ကြောက်လန့်သွားမှာ အမှန်ပဲလေ။ နင်နဲ့အတူစားသောက်ဖို့ ဘယ်သူမှ ဆန္ဒရှိမှာ မဟုတ်ဘူး။” ကျိုးရှားက ပြောလိုက်သည်။


ကျိုးလျှို့နီက စိတ်ဆိုးသွားသည်၊ “နင် ဘာတွေ ပြောနေတာလဲ။ နင်ရော မနှစ်က လျှော့စားခဲ့လို့လား။ ပြီးတော့ နှစ်သစ်ကူးအကြိုညစာစားရုံလေးပဲ မဟုတ်လား။”


ကျိုးရှားသည် သူမနှင့် အဓိပ္ပါယ်မရှိ စကားမများချင်တော့ဘူး။ သူက စားသောက်ပြီးနောက် ကစားဖို့ရန်အတွက် လောင်အာ့ကို သွားရှာခဲ့သည်။

 

ခဏအကြာတွင် လင်းချင်းဟယ် ရောက်လာခဲ့သည်။ သူမသည် သကြားလုံးတစ်ထုပ် ယူလာခဲ့ပြီး သူမ၏ တူတွေ တူမတွေအား ခွဲဝေပေးခဲ့သည်။ များသည်ဖြစ်စေ နည်းသည်ဖြစ်စေ ဒါက လောကဝတ်တစ်ရပ်ပင်။


“စတုတ္ထဒေါ်လေး၊ ဒီနှစ် ကျိုးအိမ်ဟောင်းမှာ ဘာဖြစ်လို့ လာမစားတာလဲ။” ကျိုးလျှို့နီက သကြားလုံးယူပြီးနောက် မေးမြန်းခဲ့သည်။


“လူတွေ အရမ်းများတယ်။ လူတိုင်း ကိုယ့်အစားအသောက် ကိုယ်စားတာပဲ ကောင်းပါတယ်။” လင်းချင်းဟယ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေသည်။


တကယ်ဆို ဒါက လျှို့နီကြောင့်သာ...


မေ့လိုက်ပါ၊ ဒါက သူမ သမီးလည်း မဟုတ်ဘူး။ သူမက ကြွက်တွေကို ခြောက်လှန့်ဆုံးမတတ်တဲ့ ဆူညံတဲ့ ခွေးတစ်ကောင် မဖြစ်ချင်ဘူး။


ကျိုးလျှို့နီက ပြောသည်၊ “သမီးတို့မိသားစုက ဒီနှစ်မှာ အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ပြင်ဆင်ထားတယ်။ အတူတူစားရင် လူတိုင်း ဝေမျှစားသောက်လို့ ရတာပေါ့။”


လင်းချင်းဟယ်က စိတ်ထဲတွင် ဤသို့သာ ဆိုလိုက်သည်၊ ငါက နင့်စကားဆို ယုံပါလိမ့်မယ် အားကြီးကြီး။


“စတုတ္ထဒေါ်လေး၊ လာမယ့်နှစ်ကျ သမီးလည်း ကျောင်းတက်ချင်ပေမယ့် သမီးအမေက မလွှတ်ဘူး။” လျှို့နီက ပြောသည်။

 

“နင့်အမေက နင့်ကို ကျောင်းမတက်ခိုင်းဘူးဆိုရင် နင့်အဖေကို သွားရှာပြီး ပြောလေ။” လင်းချင်းဟယ်က ပြောသည်။


“သမီးအဖေက ပြောလို့မရဘူး။ စတုတ္ထဒေါ်လေး၊ သမီးကို ကျူရှင်စရိတ် ကူညီပေးပါလား။ သမီး ကြီးလာရင်၊ ဒေါ်လေးကို ပြန်ကြည့်ပေးပါ့မယ်။” ကျိုးလျှို့နီက အကြံပြုသည်။


“နင့်အမေကို ဒီအကြောင်း မေးကြည့်လိုက်လေ။” လင်းချင်းဟယ်က ပြုံးပြီး ဒုတိယမရီးကို ကြည့်လိုက်သည်။


ဒုတိယမရီးက အပြင်ထွက်လာပြီး တံခါးဝမှာ ရပ်ကာ ဟိုဟိုဒီဒီ လိုက်ကြည့်ခဲ့သည်။ ကြည့်ရတာ သူမ ရိုက်လို့ရမည့် တုတ်ကို ရှာနေပုံပါပဲ။ ကျိုးလျှို့နီက ချက်ချင်း ထွက်ပြေးသွားသည်။


လင်းချင်းဟယ်သည် ကလေးက ငယ်သေးတယ်လို့ ပြောပြီး အပေါ်ယံသာ ဖျောင်းဖျပြောဆိုသည် ထို့နောက် စကားစမြည်ပြောဆိုရန် အကြီးဆုံးမရီးနှင့် တတိယမရီးတို့ထဲ ထွက်သွားခဲ့သည်။


အကြီးဆုံးမရီးသည် ကျိုးလျှို့နီ၏ ပြောရဲဆိုသည့် စကားများကို ကြားလိုက်ရသည်။ သူမ အသံတိုးတိုးဖြင့် စကားဆိုသည်၊ “လျှို့နီလို မိန်းကလေးမျိုးကို လျစ်လျူရှုထားလိုက်ပါ။ ဒီကောင်မလေး ဘယ်ကနေ မကောင်းတဲ့ အကျင့်ဆိုးတွေ သွားသင်လာမှန်း မသိပါဘူး။ သူမအပြစ်တွေကို သူ့ညီအစ်မတွေဆီပဲ အမြဲတွန်းပို့နေတာ၊ သူ့အမေရိုက်တာ ခံရပြီးရင်လည်း သူမက အမှတ်သည်းခြေမရှိဘူး။ နောင်အနာဂတ်မှာ သူမ ဘာဖြစ်သွားမလဲ ဆိုတာ ဘယ်သူ သိပါ့မလဲ။”

 

“ငါ မနေ့တုန်းက လျှို့နီ ကောင်လေးချန်ဖန့်ဆီက သကြားလုံး လက်ခံတာကို တွေ့ခဲ့တယ်။” တတိယမရီးက မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။


“အဲ့လို ရှိခဲ့တာလား။” အကြီးဆုံးမရီး အံ့အားသင့်သွားပြီး လင်းချင်းဟယ်သည်လည်း ထို့အတူပင်။


“ငါ မြင်လိုက်တယ်။ လျှို့နီက သကြားပြန်ပေးတာကို တွေ့တဲ့အတွက် ငါ ဒီအကြောင်းကို ဒုတိယမရီးကို ပြန်ပြောခဲ့ဘူး။” တတိယမရီးက ပြောသည်။ 


အကြီးဆုံးမရီးက ခေါင်းခါလိုက်ပြီး “ဒီကောင်မလေးက ဥာဏ်ကောင်းပေမယ့် စိတ်ဓာတ်မကောင်းဘူး။ အခုတောင် ဒီလိုဖြစ်နေတာ ကြီးလာရင် သူမ ဘယ်လိုဖြစ်လာမလဲ။”


လင်းချင်းဟယ်ကတော့ ကျိုးလျှို့နီအပေါ် မည်သည့် ထင်မြင်ချက်မျိုးမှ မရှိဘူး၊ ဒါကြောင့် သူမက စကားခေါင်းစဥ် ပြောင်းပြီး ဒီနှစ် သီးနှံထွက်နှုန်းအကြောင်းကို ‌ပြောပြခဲ့သည်။ ကျိုးချင်းပိုင် ပြန်လာတုန်းက ပြောတာကို ကြားလိုက်ရတာ ဖြစ်သည်။


ကျိုးချင်းပိုင်သည် အဖွဲ့ခေါင်းဆောင်နှင့် အစီရင်ခံစာတင်ရန် ခရိုင်မြို့သို့ သွားခဲ့သည်။ အခကြေးငွေ မရရှိသော်လည်း လူတိုင်းက သူ့ကို ပိုလေးစားလာခဲ့ကြသည်။


ထုံးစံအတိုင်း၊ အခြားထုတ်လုပ်ရေးအဖွဲ့အချို့က ပြည်သူ့ရိက္ခာကို မခွဲဝေပေးနိုင်ပဲ ကယ်ဆယ်ရေး ရိက္ခာအချို့ လျှောက်ထားရတယ်လို့ ကြားသိခဲ့ရသည်။


“ငါတို့ ကြွားဝါပြောနေတာတော့ မဟုတ်ပါဘူး၊ ငါတို့အဖွဲ့က တကယ့်ကို စည်းစည်းလုံးလုံးရှိတဲ့ ရှားပါးတဲ့ အဖွဲ့တွေထဲမှ တစ်ဖွဲ့ပဲ။” ဟု ဒီအကြောင်းကို နားထောင်ပြီးနောက် တတိယမရီးက မှတ်ချက်ပြုသည်။


“အရင်တုန်းကတော့ ဒီလောက် စိတ်အားမထက်သန်ကြဘူး။ ဒါပေမယ့် အဲ့ဒီအချိန်မှာ လူတိုင်း ငတ်ပြတ်နေခဲ့ကြတော့ ပျင်းရိမနေရဲကြတော့ဘူး။” အကြီးဆုံးမရီးက ပြောသည်။ သူက ကျိုးမိသားစုနဲ့ စောစောစီးစီး အိမ်ထောင်ကျခဲ့သည်။


“နင်တို့တွေချည်းပဲ စကားကောင်းနေကြတယ်၊ ငါ့ကျ လှမ်းမခေါ်လိုက်ဘူး။” ဒုတိယမရီးက တောင်းတစ်ခုနဲ့ ဝင်လာပြီး စကားဆိုသည်။ တောင်းထဲတွင် သိုးမွှေးချည်တွေ ရှိသည်။ သူမက ဆွယ်တာအင်္ကျီတစ်ထည် ထိုးချင်နေတာ ဖြစ်သည်။


လင်းချင်းဟယ်က သူမအတွက် ကွာစေ့ လက်တစ်ဆုပ်စာလောက်ကို လှမ်းယူလိုက်သည်၊ “အခုနက ဒုတိယမရီး ခါးစည်းဝတ်ထားတာ မြင်လိုက်တာနဲ့ အလုပ်ရှုပ်နေတာမှန်း ကျွန်မ သိတယ်လေ။ ဒုတိယမရီးလုပ်စရာ အလုပ်တွေ ပြီးတာနဲ့ ဒီကို တန်းလာမယ်ဆိုတာ သိတာပေါ့။ အခုက ဆွယ်တာအင်္ကျီထိုးရမယ့် အချိန် မဟုတ်ဘူး။ အရင်ဆုံး ကွာစေ့ စားကြည့်ဦး။ အရသာ ငါးမျိုးတောင် ပါတယ်။”


ဒုတိယမရီးက အပြုံးနဲ့ လက်ခံလိုက်ပြီး “နင်တို့ ဘာတွေ ပြောနေတာလဲ။” လို့ မေးလိုက်သည်။


“ထုတ်လုပ်ရေးအဖွဲ့ရဲ့ သီးနှံအထွက်နှုန်းကောင်းကြောင်းကို ပြောနေကြတာ။” လင်းချင်းဟယ်က ပြောသည်။


“ဟုတ်တယ်။ ဒီနှစ် ငါ့မိခင်ဖက် မိသားစုတို့ ထုတ်လုပ်ရေးအဖွဲ့ရဲ့ သီးနှံအထွက်နှုန်းက ငါတို့လောက် မကောင်းဘူးလို့ ကြားတယ်။” ဒုတိယမရီးက ခေါင်းညိတ်ထောက်ခံသည်။


“အစ်မတို့ အိမ်ထောင်စုတိုင်း ပိုက်ဆံအများကြီး စုဆောင်းနိုင်မှာပေါ့၊ ဟုတ်တယ်မလား။” လင်းချင်းဟယ်က အပြုံးဖြင့် စကားဆိုသည်။


“ဒီမှာ ပိုက်ဆံ ဘယ်လောက် စုဆောင်းနိုင်ပါ့မလဲ။” တတိယမရီးက ရယ်ကာမောကာဖြင့် စကားဆိုသည်။


“ဒါက အိမ်ထောင်စု မခွဲခင်ထက်တော့ ပိုစု‌ဆောင်းမိပါတယ်။” အကြီးဆုံးမရီးက ပြောသည်။


ဒီခေတ်အချိန်ခါမှာ ကျိုးမိသားစုလို အိမ်ထောင်စု ခွဲပေးချင်တဲ့ လူတော်တော်များများ ရှိလိမ့်မယ်လို့ မထင်လိုက်ကြပါနဲ့။ ဆန့်ကျင်ဖက်အနေဖြင့် မိသားစုများစွာသည် တစ်စုတစ်စည်းတည်း ပေါင်းစည်းနေကြသည့် မိသားစုတွေအဖြစ်သာ ဆက်ရှိကြသည်။ အိမ်ထောင်စုခွဲပေးခြင်းမျိုးသည် ဒီခေတ်အချိန်ခါ၏ လူမှုအဖွဲ့အစည်းတွင် ရေပန်းစားခြင်း မရှိပေ။


အဖေကျိုး၊ အမေကျိုးတို့လို ငယ်စဥ်ကတည်းက အိမ်ထောင်စုခွဲပေးသည့် မိသားစုမျိုးက ရှားပါးလွန်းပါသည်။


သို့တိုင် ကျိုးမိသားစုရှိ ညီအစ်ကိုတွေနှင့် သမီးယောင်းမကြား ဆက်ဆံရေးသည်လည်း သဟဇာတ ရှိသည်။ ကတောက်ကဆ ဖြစ်ခဲ့တာတွေ ရှိခဲ့ရင်တောင် ယေဘုယျအားဖြင့် အဆင်ပြေတယ်လို့ ဆိုနိုင်ပါသေးသည်။


“ငါတို့ ဘယ်လောက်ပဲ စု‌ဆောင်းမိပါစေ၊ လောင်တရဲ့ အမေလောက်တော့ ရှိမှာ မဟုတ်ပါဘူး။” အိမ်ထောင်စုခွဲရတာကို စိတ်ကျေနပ်နေသည့် ဒုတိယမရီးက ဤသို့ မှတ်ချက်ပြုလိုက်သေးသည်။


လင်းချင်းဟယ်က လက်ခါလိုက်ပြီး “ငါတို့ သမီးယောင်းမတွေ ဖြစ်နေကြတာ နှစ်တွေ ဒီလောက်တောင် ကြာပြီ။ ငါက ဘယ်လိုလူမျိုးလဲ ဆိုတာ နင်တို့ မသိကြသေးဘူးလား။ ငါ့လက်ထဲ ပိုက်ဆံ ဘယ်လောက်ရှိရှိ စုဆောင်းထားနိုင်တာ မဟုတ်ဘူး။ ငါ့လက်ထဲမှာ ပိုက်ဆံရှိတိုင်း ငါ သုံးစွဲမိတာပဲ။ ချင်းပိုင် တစ်နှစ်လုံး ရှာဖွေထားတဲ့ ပိုက်ဆံက နည်းနည်းလေးမှ မကျန်တော့ဘူး။”


မရီးသုံးယောက်လုံး ချွေးစေးပြန်သွားသည်။


သူတို့က ရှင်းလင်းသည်။ ဒီစတုတ္ထယောင်းမက သူတို့အနက်မှာ ဝင်ငွေ အကောင်းဆုံး ဖြစ်သည်။ အဆုံး၌ သူမက ဆရာမတစ်ယောက်လည်း ဖြစ်သည်။ သူမသည် လုပ်ခလစာနှင့် အလုပ်မှတ်များပါ ရရှိသည်။ ဒါက ဝင်ငွေပဲ မဟုတ်ပါလား။


သူမသည် ငွေရှာနိုင်သလို သုံးလည်း သုံးစွဲနိုင်ပေသည်။


သူမသည် ကလေးတွေကို တိုက်ကျွေးဖို့ နွေရာသီတွင် နွားနို့မှာပြီး ဆောင်းရာသီတွင် နို့မှုန့်ဝယ်သည်။ ကလေးတွေ အသက်ကြီးနေပြီပဲ၊ သူတို့က နွားနို့သောက်ဖို့ ဘယ်လိုအပ်တော့မှာလဲ။


သို့တိုင် သူမက ဝယ်ယူခဲ့သည်။ တစ်နေ့ကို ထမင်းသုံးနပ်လည်း စားသောက်သေးသည်။ သူတို့က အဲ့ဒီအကြောင်းကို မေးနေစရာတောင် မလိုဘူး။ အဲဒီအိမ်မှာ စားသောက်ပြီးကတည်းက သူတို့ယောက္ခမတွေရဲ့ ရွှင်လန်းတက်ကြွနေတဲ့ အပြုအမူကို ကြည့်ရုံနဲ့တင် သိသာသည်။


သူတို့မှာ ပစ္စည်ကောင်းတွေ အများကြီးရှိပြီး သုံးစွဲသည်။


ဒီတော့ လင်းချင်းဟယ်က သူမလက်ထဲမှာ တစ်ယွမ်ရှိရင် တစ်ယွမ်နဲ့နှစ်ဆင့်လောက် သုံးစွဲနိုင်တယ်လို့ ပြောတဲ့အခါ ဒါဟာ အလိမ်အညာစကား မဟုတ်ဘူး။


အကြီးဆုံးမရီးက ပြောသည်၊ “သိပ်မကြာခင် လောင်တက ကောလိပ်တက်ရတော့မယ်။ အဲ့တာက ပိုက်ဆံကုန်ကျလိမ့်မယ် မဟုတ်လား။”


“ပိုက်ဆံကုန်စရာ မလိုဘူး။ သူ စာမေးပွဲအောင်ရင် အလကားရလိမ့်မယ်။ စားနပ်ရိက္ခာထောက်ပံ့မှုလည်း ရှိတယ်။ ဒါက သူ့အတွက် လုံလောက်တယ်။ အနာဂတ်မှာ ဘွဲ့ရပြီးရင် အလုပ် တန်းရလိမ့်မယ်။ သူက အလုပ်သွားလုပ်၊ ပိုက်ဆံရှာပြီး ဇနီးတစ်ယောက် လက်ထပ်ယူပေါ့။” လင်းချင်းဟယ်က ပြန်ဖြေသည်။


“လောင်အာ့နဲ့ လောင်စန်းကရော ဘယ်လိုလဲ။” ဒုတိယမရီးက မေးသည်။


“သူတို့နှစ်ယောက် သူတို့အစ်ကိုကြီးဆီကနေ သင်ယူသင့်တယ်။ သူတို့အဖေက ကျွန်မကို လက်ထပ်တုန်းက သူကိုယ်တိုင် ပိုက်ဆံရှာနိုင်နေပြီး သူ့ဝင်ငွေနဲ့ ကျွန်မကို လက်ထပ်ယူခဲ့တာ။ ထုံးစံအတိုင်း အဲ့ကလေးတွေ ဇနီးသည်လိုချင်ရင် သူတို့ကိုယ်တိုင် ပိုက်ဆံရှာပြီး သူတို့ဝင်ငွေနဲ့ တောင်းရမ်းလက်ထပ်နိုင်တယ်လေ။” လင်းချင်းဟယ်က တာဝန်မဲ့စွာ တုံ့ပြန်ခဲ့သည်။


အကြီးဆုံးမရီး၊ ဒုတိယမရီးနှင့် တတိယမရီးတို့ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။


ဒါပေမယ့် ဒါက အမှန်တရားပါပဲ။ သူတို့အိမ်ထောင်ပြုတဲ့အခါက သူတို့ရဲ့ မင်္ဂလာလက်ဖွဲ့တွေဟာ သူတို့ဝမ်းကွဲတွေ ပေးခဲ့တာ ဖြစ်ပေမယ့် လင်းချင်းဟယ်ကမူ မင်္ဂလာလက်ဖွဲ့တွေအကုန်ုလုံး ကျိုးချင်းပိုင် တစ်ဦးတည်းကသာ ပေးခဲ့တာ ဖြစ်သည်။


အရင်တုန်းက ခက်ခဲတဲ့ အချိန်တွေ ရှိပေမယ့် သူတို့ရဲ့ ဒီမတ်လေးကြောင့် မိသားစုဟာ ပိုမိုလွယ်ကူလာခဲ့တာ ဖြစ်သည်။


“ဟုတ်တယ်။ ကျွန်မက သူတို့နောင်ရေးအတွက် ငွေကို ကြိုတင်သုံးစွဲပေးနေတာ။ သူတို့ အရပ်ရှည်ပြီး ကျန်းမာသန်စွမ်းဖို့ ကျွန်မမှာ တာဝန်ရှိတယ်။ ကျန်တာတွေအတွက်ကတော့ သူတို့ကိုယ်တိုင်ပဲ ပိုက်ဆံရှာရမယ်။ သူတို့ ကြီးပြင်းလာတဲ့အခါ ချင်းပိုင်နဲ့ ကျွန်မတို့ရဲ့ ပင်စင်လစာငွေကို စတင် ချွေတာစုဆောင်းပြီး သုံးစွဲမယ်လေ။” လင်းချင်းဟယ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောသည်။


ဒါကို သမီးယောင်းမသုံးယောက်လုံး မယုံကြည်ကြဘူး။ ကလေးတွေကို ကြီးပြင်းအောင် ပျိုးထောင်ပြီး သူတို့အသက်ကြီးလာတဲ့အခါ ကလေးတွေက ပြန်ပြုစုပျိုးထောင်ပေးရမှာပဲ မဟုတ်လား။ မည်သူမဆို သူတို့ရဲ့ ကိုယ်ပိုင်ပင်စင်ငွေကို စုဆောင်းသိမ်းဆည်းထားဖို့ လိုအပ်လို့လား။ သားတွေ အသက်ကြီးလာတဲ့အခါ သူတို့ကို ထောက်ပံ့ပေးကြမှာပဲ မဟုတ်ပါလား။


ဒီတော့ ဒါက ခေတ်တွေရဲ့ အယူအဆ ကွာခြားချက်ပါပဲ။


ပိုက်ဆံသာရှိရင် ဘယ်သူက မျက်နှာသာ မပေးပဲ နေမလဲ။ သူမရဲ့ ကိုယ်ပိုင်အတွေးကို သူမရဲ့ ချွေးမတွေကျမှ အဲ့လို လုပ်လို့ ပြောကြမည်မှန်း သူမ သိသည်။ နောင်အနာဂတ်တွင် သူမ၏ ချွေးမတွေကိုလည်း ဤအတိုင်းသာ ကျင့်သုံးစေလိမ့်မည်။


ဒီတော့ မင်းမှာ ပိုက်ဆံရှိတာက ပိုအရေးကြီးသည်။ ကလေးတွေကို ယုံကြည်စိတ်ချထားလို့ မဖြစ်ဘူး။ ကလေးထိန်းတစ်ယောက်ရှာဖို့ ပိုက်ဆံသုံးလိုက်တာက လွယ်ကူပြီး ရိုးရှင်းသည်။