အခန်း ၂၂၉
Viewers 43k

အခန်း (၂၂၉) – ပျော်ရွှင်မှု


ကွာစေ့စားရင်း သမီးယောင်းမတွေ ဟိုအကြောင်း ဒီအကြောင်း စကားစမြည် ပြောဆိုနေခဲ့ကြသည်။ တစ်နှစ်မှ တစ်ရက်နှစ်ရက်‌လောက်သာ ဒီလို အေးအေးဆေးဆေး စကားစမြည် ပြောဆိုနိုင်ကြတာ ဖြစ်သည်။ ဒါ့အပြင်၊ ဤအချိန်ဟာ နှစ်သစ်ကူးအချိန်အခါလည်း ဖြစ်သည်။ လူတိုင်း ရွှင်မြူးပျော်ရွှင်နေခဲ့ကြသည်။ နောက်ဆုံး၌ မိသားစုတိုင်း ရိက္ခာနှင့် ပိုက်ဆံကို ခွဲဝေပေးကြသည်။ ဒါတွေအားလုံးကို အိမ်ထောင်အကြီးအကဲက သူတို့ကိုယ်တိုင် ချုပ်ကိုင်ထားတာပဲ ဖြစ်သည်။ ဒါကို ချွေးမတွေက သိပ်မပျော်ကြဘူး။


ဒီအကြောင်းကိုပြောရရင်၊ ကျိုးမိသားစုသည် အခြားသော မိသားစုတွေထက် ပိုပြီး အဆင်ပြေတယ်လို့ ဆိုရပေမည်။


ဒုတိယမရီးတောင် တခြားချွေးမတွေနဲ့ နှိုင်းစာရင် အပြင်ထွက်တဲ့အခါ အနည်းငယ် သာလွန်တာကို တွေ့ရသည်။


နှစ်နာရီကျော်ကြာထိုင်ပြီးနောက် လင်းချင်းဟယ်တစ်ယောက် အိမ်ပြန်လာခဲ့သည်။


လင်းချင်းဟယ်သည် ကြွေရည်သုတ်ခွက်ထဲသို့ နှမ်းစွပ်ပြုတ်ရည်ကို လောင်းထည့်လိုက်ပြီး “ရှင် ဘယ်အချိန်လောက်က ပြန်ရောက်နေတာလဲ” လို့ မေးလိုက်သည်။


“သိပ်မကြာသေးဘူး။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။


လင်မယားနှစ်ယောက်အတူ ထွက်သွားကြတာ ဖြစ်ပြီး လင်းချင်းဟယ်က ကွာစေ့ကိုက်ရင်း အတင်းတုတ်ရန် မရီးတွေကိုရှာရန် သွားခဲ့သည်။ နောက်ပိုင်းတွင် အခြားသော သက်တူရွယ်တူ ချွေးမတွေပါ ရောက်လာကြပြီး သူတို့အားလုံးက မိသားစုရေးရာကိစ္စများကို စကားစမြည် ပြောဆိုခဲ့ကြသည်။ ကျိုးချင်းပိုင်က ခေါင်းဆောင်အိမ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုအိမ်တွင်လည်း လူများစွာ ရောက်ရှိနေသည်။ သူသည်လည်း အခုမှ အိမ်ပြန်ရောက်တာ ဖြစ်သည်။


လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့ကတော့ တစ်ယောက်မှ ပြန်မရောက်ကြသေးဘူး။


“နည်းနည်းလောက် သောက်လိုက်ပါဦး။” လင်းချင်းဟယ်က သူ့အတွက် နှမ်းစွပ်ပြုတ်တစ်ခွက် လောင်းထည့်ပေးသည်။


ကျိုးချင်းပိုင်က သောက်လိုက်သည်။


“မနက်ဖြန်ကျ ကျွန်မမောင်လေးနဲ့ ယောင်းမတို့ ရောက်လာကြလိမ်မ့ယ်။” လင်းချင်းဟယ်က သူ့ကို ပြောသည်။


ဒီတစ်ခါ အဖေလင်း နေမကောင်းဖြစ်နေမှန်းကို သူမ လောင်တဆီက ပြန်ကြားခဲ့ရသည်။ သူမသည် ပိုက်ဆံတစ်ပြားမှ ပို့မပေးချင်ခဲ့ဘူး။ တကယ်လို့ သူမ မသိဘူးဆိုရင် မေ့ထားလို့ ရသည်။ သို့ပေမယ့် လောင်တကိုယ်တိုင် တွေ့လာခဲ့တာ ဖြစ်သည့်အတွက် သူမသည် ကျင့်ဝတ်သိတတ်မှုကို ပြသရန် အသားတစ်ပိုင်း ပို့ပေးခဲ့သည်။


ဒါပေမယ့် လင်းချင်းဟယ်သည် သူမ ပေးတာမဟုတ်ပဲ တတိယမောင်လေး ပေးတာအဖြစ် တတိယမောင်လေးလင်းကို သွားပို့ခိုင်းခဲ့သည်။


လင်းချင်းဟယ်သည် အဖေလင်းနဲ့ သားအဖ ဒရမ်မာမှာ မပါဝင်ချင်ခဲ့ဘူး။


ဒါပေမယ့် တတိယယောင်းမလင်းထံမှ စကားအချို့ ကြားသိခဲ့ရသည်။ အဖေလင်း၏ ဖျားနာမှုသည် အဖေကျိုး မနှစ်က ဖြစ်ခဲ့သည့် ဖျားနာမှုနဲ့ နှိုင်းစာရင် ပိုပြင်းထန်သည်။ အဖေလင်းသည် ညသန်းခေါင်တွင် သူ့ဦးနှောက်တစ်ခုလုံး လောင်ကျွမ်းလုမတတ် အပြင်းဖျားခဲ့ပြီး ထိုအချိန်မှာ အမေလင်းက သတိပြုမိခဲ့သည်။ အဲ့ဒီနောက်မှာတော့ တစ်အိမ်လုံး ဆူညံပွက်လောရိုက်ကုန်သည်။


လင်းချင်းဟယ်က ဒီကိစ္စကို စိတ်မဝင်စားတဲ့အတွက် သူမက အဆင်ပြေပါသည်။


“အင်း” ကျိုးချင်းပိုင်က အသိအမှတ်ပြုဟန် ပြန်ဖြေသည်။ မနက်ဖြန် သူ့ယောက်ဖတို့လင်မယား လာရောက်လည်ပတ်မှာ ဖြစ်သည့်အတွက် သူ အိမ်မှာပဲ စောင့်နေသင့်သည်။


“တစ်နှစ်ပြီး တစ်နှစ်၊ အချိန်တွေကုန်တာ အရမ်းမြန်တာပဲ။” လင်းချင်းဟယ်က ပြန်ပြောင်းတွေးတောရင်း စကားဆိုသည်။


ကျိုးချင်းပိုင်၏ အကြည့်တွေက နူးညံ့သိမ်မွေ့သွားပြီး သူမလက်ကို ဆွဲကိုင်ကာ “မင်းကတော့ အမြဲကြည့်ကောင်းနေဆဲပဲ။” လို့ ဆိုလိုက်သည်။


လင်းချင်းဟယ်ရဲ့ မျက်ဝန်းတွေက တလက်လက် တောက်ပလာသည်။ အို၊ သူမမိသားစုချင်းပိုင်က ဒီလိုမျိုး ချစ်စကား ပြောတတ်တယ်လား။


ကျိုးချင်းပိုင်၏ မျက်လုံးများတွင် အပြုံးရိပ်သန်းကာ သူ့ဇနီးသည်ကို ကြည့်လိုက်သည်။ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်နှင့် ပွေ့ဖက်လိုက်ပြီး လင်မယားနှစ်ယောက်လုံး ဆိုးသွမ်းစွာ အခန်းထဲပြန်သွားကြသည်။


လောင်တ၊ လောင်အာ့၊ လောင်စန်းတို့သည် အိမ်ကို ကိုးနာရီဝန်းကျင်လောက်မှ ပြန်ရောက်လာသည်။


"တံခါးကို သော့ခတ်ပြီး အိပ်တော့" အခန်းထဲမှ သူတို့အဖေ၏ အသံ ထွက်လာခဲ့သည်။


သေချာသည်ကတော့ လင်နဲ့မယားနှစ်ယောက်စလုံး ပင်ပန်းနွမ်းနယ်နေပြီး အိပ်ချင်နေကြပြီ။


လောင်တတို့ညီအစ်ကိုတွေက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြပြီးနောက် တံခါးကို သော့ခတ်ကာ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။


"အရမ်းစောနေသေးတယ်" အခန်းတွင်း၌ လင်းချင်းဟယ်သည် အိပ်မပျော်သေးပေ။ သူမက ကျိုးချင်းပိုင်ကို ခပ်ဖွဖွ ထုရိုက်လိုက်သည်။


ကျိုးချင်းပိုင်၏ အသံမှာ အနည်းငယ် အက်ရှရှဖြစ်ပြီး "စောနေသေးတာလား" လို့ စကားဆိုလိုက်သည်။


ဒါက အဓိပ္ပါယ်ရှိတဲ့ အရာတစ်ခုကို ညွှန်ပြနေခြင်း ဖြစ်သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လင်းချင်းဟယ်ထံသို့ အန်တီ(ဓမ္မတာလာခြင်းကိုဆိုလို)ရောက်လာခဲ့ပြီး မနေ့ကမှ ပြီးဆုံးသွားခဲ့ကာ သူမကို မထိရသေးဘူး။ သို့ပေမယ့်၊ ဒီနေ့ကတော့...


လင်းချင်းဟယ်က ချောင်းခြောက်ဆိုးပြီး "ဒါက နှစ်သစ်ပါ။ ကျွန်မတို့က မငယ်တော့ဘူး။ အေးအေးဆေးဆေးပဲ နေသင့်တယ်" လို့ ပြောလိုက်သည်။


အေးအေးဆေးဆေးနေဖို့ မဖြစ်နိုင်ဘူး။ ညကိုးနာရီကနေ ၁၂နာရီဝန်းကျင်လောက်အထိ အလုပ်များသွားကြသည်။ အနားယူချိန်ရောက်တော့ လင်းချင်းဟယ်သည် သူမ၏လက်ချောင်းများကိုပင် မလှုပ်ရှားနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ။


"ရှင် ဒီလိုသာ ဆက်လုပ်နေရင် မနက်ဖြန်ကျ ရှင့်နောက်ကျော သေလောက်အောင် နာကျင်နေတာကို မြင်ရလိမ့်မယ်ထင်တယ်။” လင်းချင်းဟယ်က အားနည်းဖျော့တော့စွာ ပြောလိုက်သည်။


"မဖြစ်ဘူး။" ကျိုးချင်းပိုင်က စိတ်ကျေနပ်စွာနဲ့ သူ့မိန်းမကို ပွေ့ချီပြီး အိပ်စက်လိုက်သည်။


သက်ဝင်လှုပ်ရှားသည့် အခြေအနေက ကြောက်စရာကောင်းရင် သူ့မှာ ခွန်အားရှိမှာ မဟုတ်ဘူး။ သို့သော်လည်း သူမသည် သူ့ကို အလွန်ဂရုစိုက်ပေးခဲ့သည်။ အရာရာတိုင်းကို သေသေချာချာ စီမံခန့်ခွဲပေးခဲ့သည်။ သုံးကြိမ်ပဲ ရှိသေးတော့ သူ့ခန္ဓာကိုယ်က ခံနိုင်ရည် ကျန်ရှိနေသေးသည်။


ကျိုးချင်းပိုင်က ဒါကို အရင်က ထုတ်ဖော်မပြောဖူးပေမယ့် လောင်တရဲ့ မိခင်အစစ်သာ ဒီမှာ ဆက်ရှိနေဦးမယ်ဆိုရင် သူတို့သားအဖ ဒုက္ခရောက်လိမ့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိပါသည်။


အမှန်တော့ သူပြန်လာတုန်းက စိတ်ပူခဲ့ဖူးသည်။ အဆုံးမရှိသော စိုးရိမ်ပူပန်မှုတွေ ပိုက်ထွေးခဲ့ရသည်။ သို့သော် ထိုအချိန်က သူ့ဇနီးသည် သူ့စိတ်ဝိညာဉ် တစ်ခုလုံး ပြောင်းလဲသွားခဲ့လိမ့်မယ်ဟု သူဘယ်တုန်းကမှ မတွေးခဲ့ပေ။


ကျိုးချင်းပိုင်သည် မှားယွင်းတယ်ဟု မထင်ခဲ့ပေ။ သူ့ကို လူယုတ်မာလို့ ခေါ်နိုင်သည်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် သူနဲ့ ကလေးတွေက ကလေးတွေရဲ့ မိခင်အစစ်ကို ချစ်ခင်မှု သိပ်မရှိခဲ့ကြပါဘူး။


ဒီနှစ်တွေအတွင်း သူပြန်လာသည့် အကြိမ်အရေအတွက်ကို လက်ချိုး ရေတွက်နိုင်သည်။


သို့သော် သူ့ရဲ့ လက်ရှိဇနီးသည်အပေါ် ဤသူဟာ သူချစ်မြတ်နိုးတဲ့သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။ သူမသာ မရှိရင် ဒီမိသားစုက ဘယ်လိုဖြစ်မလဲဆိုတာ သူ တွေးကြည့်လို့ မရဘူး။


ပြီးတော့ ကလေးတွေ။ ဘယ်လိုမျိုး ဖြစ်ပျက်သွားမလဲ။


ကျိုးချင်းပိုင်သည် သူ့ဇနီးသည်ကို ငြိမ်းချမ်းစွာ အိပ်မောကျအောင် ပွေ့ဖက်ထားရင်း ထိုအရာများကို တွေးနေမိသည်။ အိပ်မက်ထဲမှာတောင် သူ့ပါးစပ်ထောင့်စွန်းက ပြုံးနေခဲ့သည်။


လင်းချင်းဟယ်ကတော့ သူ့ယောက်ျား အတွေးများနေသည်ကို သူမ မသိခဲ့ပေ။ ကျိုးချင်းပိုင်က ထုတ်မပြောပေမယ့် လင်းချင်းဟယ်ကို အရမ်းကျေးဇူးတင်နေမိသည်။


လင်းချင်းဟယ်ကတော့ အတွေးများတတ်သောသူမျိုး မဟုတ်ပေ။ သူမက ကျိုးချင်းပိုင်ရင်ခွင်ထဲတွင် အလွန်သက်တောင့်သက်သာရှိစွာ အိပ်မောကျနေသည်။ ဒီလူက အပူပေးစက်ကြီးနဲ့ တူတယ်။ အနွေးကုတင်သည် ညသန်းခေါင်တွင် အေးစက်နေသော်လည်း သူနှင့်အတူ အိပ်စက်နေရသဖြင့် လုံးဝ အေးခဲခြင်းမရှိပေ။


နောက်နေ့မနက်စောစော အိပ်ရာထပြီး လင်းချင်းဟယ်က ဝက်နံရိုးနဲ့ နှမ်းယာဂု ချက်ပြုတ်လိုက်သည်။


နှမ်းသည် ကျောက်ကပ်ကို အာဟာရဖြစ်စေသည်။ သူ့ခင်ပွန်းက မနေ့ညနေက လယ်ထွန်တာ အတော်ကြာတယ်ဆိုတော့ အာဟာရကောင်းကောင်း ကျွေးမွေးရမည်။


ဂျင်းလေး နည်းနည်းထည့်လိုက်ရုံဖြင့် ဝက်နံရိုးနှမ်းယာဂုသည် အလွန်အရသာရှိသွားသည်။


တစ်မိသားစုလုံး ယာဂုသောက်ကြပြီး သူတို့ လုပ်စရာရှိတာကို လုပ်ကိုင်ခဲ့ကြသည်။


တတိယမောင်လေးလင်းနှင့် တတိယယောင်းမလင်းတို့က သမီးသုံးယောက်နှင့် သားတစ်ယောက်ကို ခေါ်ဆောင်ပြီး အိမ်လည်ရောက်လာခဲ့သည်။ လက်ရှိတွင် တတိယယောင်းမလင်းဟာ နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရပြီ ဖြစ်သည်။


လင်းချင်းဟယ်တစ်ယောက် အရမ်းအံ့အားသင့်သွားခဲ့သည်။ တကယ့်ကို မြေသြဇာကောင်းမွန်လွန်းသည်။


သူမမှာ သီးသန့်မှတ်ချက်တစ်ခု ရရှိခဲ့သည်။ သူမသည် တတိယယောင်းမလင်းကို ကိုယ်ဝန်မရှိချိန် လုံးဝ မတွေ့ဖူးဘူး။ တတိယမောင်လေးလင်းတို့ဇနီးမောင်နှံနှင့် သားသမီးတစ်သိုက်ဟာ ဧည့်သည်များအဖြစ် ရောက်ရှိလာကြသည်။ ဒါတင်မကဘူး၊ သူတို့က အစားအသောက်တွေပါ ယူလာခဲ့ကြသည်။


ဒီခေတ်အချိန်ခါမှာ လူတိုင်းက ဒီလိုပါပဲ။ နောက်ဆုံးတော့ ဘယ်သူမှ လွယ်လွယ်နဲ့ မစားသောက်နိုင်ဘူး။ လင်းချင်ဟယ်က ဘာမှ မပြောပေမယ့် နေ့လည်စာကို စိတ်ပါလက်ပါ ကောင်းမွန်စွာ ချက်ပြုတ်ခဲ့ပြီး သူတို့ စားသောက်ရန် ချန်ထားပေးခဲ့သည်။


တူ၊ တူမတွေက ထမင်းစားသောက်ဖို့ ရှက်နေခဲ့ကြသည်။ လင်းချင်းဟယ်က သူတို့လက်ထဲ ထမင်းစားတူတွေ ထည့်ပေးပြီး စားသောက်ခိုင်းသည်။


သူတို့ အိမ်ပြန်တဲ့အခါ လင်းချင်းဟယ်က တတိယယောင်းမလင်းလက်ထဲကို နို့သကြားလုံး အိတ်တစ်ဝက်စာ ထည့်ပေးပြီး ဝေမျှလိုက်ပါသည်။


"လောင်စန်းနဲ့ ကျန်တဲ့သူတွေအတွက် ထားလိုက်ပါ။ ဒါတွေကို ပေးဖို့ မလိုပါဘူး" ဟု တတိယ ယောင်းမလင်းက ဖျောင်းဖျသည်။


"နင်တို့ ယူသွားပြီး စားလို့ရတယ်။ ဒါက သကြားလုံး အိတ်တစ်ဝက်ပဲ၊ ယူသွားချေ။" လင်းချင်းဟယ်က ပြန်ပြောသည်။


တတိယယောင်းမလင်းရဲ့ သားသမီးတွေအားလုံးက သူတို့၏ တတိယအဒေါ်က တကယ်ကို သဘောကောင်းမှန်း သိသွားကြသည်။ နောင်အခါတွင်လည်း သူတို့က လင်းချင်းဟယ်တို့အိမ်ကို ဧည့်သည်များအဖြစ် လာချင်ကြသည်။ လင်းချင်းဟယ်က သူတို့ကို အချိန်မရွေး ကြိုဆိုသည်။


တတိယမောင်လေးလင်းသည် သူ့ယောက်ဖနှင့် တောလိုက်ထွက်ရန် တစ်ရက်လောက် စီစဉ်ထားသည်။ ၇ ရက်နေ့ မှာ ရစ်ငှက်တွေကို အမဲလိုက်ဖို့ သွားရောက်ကြမည် ဖြစ်သည်။


တတိယမောင်လေးလင်းတို့မိသားစုတွေ ပျော်ပျော်ကြီး ပြန်သွားကြသည်။


လင်းချင်းဟယ်က ကျိုးချင်းပိုင်ဘက်လှည့်ပြီး "ကျွန်မ‌မောင်လေးက ဒီလိုချည်းပဲ။ သူ့အတွက် ပျော်ရွှင်ပေးသင့်လား မပေးသင့်ဘူးလား ဆိုတာ ကျွန်မ မသိတော့ဘူး။"


"ဒါက ပျော်စရာပဲ။" ကျိုးချင်းပိုင်က ဖြေသည်။


ကျိုးချင်းပိုင်သည် သူ့ဇနီးသည်က နောင်မျိုးဆက်တွေမှာ သားဆက်ခြားပြီး မွေးဖွားနိုင်သည်ဟု ဆိုသည်။ မွေးဖွားမှုနည်းပြီး မိသားစုကို ပိုအဆင်ပြေစေသည်ဟု ဆိုသည်။ ဒီခေတ်အချိန်ခါမှာ ကလေးများစွာ မွေးဖွားရတာကို သဘောကျနှစ်ခြိုက်သည့် ဤလူ့အဖွဲ့အစည်းနှင့် လူတွေ၏ စိတ်နှလုံးသားကို သူမ နားမလည်နိုင်မှာကို စိုးရိမ်မိသည်။


သို့သော် ကျိုးချင်းပိုင်ကတော့ နားလည်ပေးနိုင်ပါသည်။


ယခုအချိန်ခါတွင် သားဆက်ခြားခြင်းဆိုင်ရာ အယူအဆ မရှိပါ။ ထို့အပြင် မိသားစုတွင် သားသမီးများရှိပြီး အိမ်လည်း ရှိသည်။


ဘာကျန်သေးလို့လဲ။


မိသားစုကို ထောက်ပံ့ဖို့အတွက် လယ်ကွင်းထဲ ဆင်းရုံနဲ့ အလုပ်ရမှတ်တွေ ရယူနိုင်ပြီး မိသားစုကို ထောက်ပံ့ပေးနိုင်ရင် ပျော်ရွှင်မှုလို့ သတ်မှတ်ကြသည်။


"ကောင်းပါတယ်" လို့သာ လင်းချင်းဟယ်က စိတ်ထဲမှာ ပြောလိုက်သည် ။


သူမ မောင်လေးကို ကြည့်ရတာ ကျိုးချင်းပိုင်ထက် ပိုမိုပိန်ပါးပြီး ကျိုးချင်းပိုင်ထက် အသက်ပိုကြီးပုံပေါ်သည်။