အခန်း (၂၃၂) - စည်းကမ်းမဲ့လျှောက်သွား။
တစ်ဖက်အိမ်မှာတော့ အမေကျိုးက အိပ်မပျော်နိုင် ဖြစ်နေခဲ့သည်။ သူမက တစ်ညလုံး လူးလိမ့်နေခဲ့၏။ အဖေကျိုးက မနေနိုင်ဘဲ ထုတ်မေးလိုက်တော့သည်။ “မင်း ဘာဖြစ်နေတာလဲ”
“လူအိုကြီး... ရှင် အဲဒါကို မတွေးမိဘူးလား” အမေကျိုးက ပြောလိုက်သည်။
“ဘာကို တွေးမိရမှာလဲ” အဖေကျိုးက ပြန်မေးလိုက်သည်။
“တကယ်လို့များ... စတုတ္ထလေးရဲ့ဇနီးက ဝင်ခွင့်ရသွားရင် တစ်ခုခု ဖြစ်လာနိုင်မလား...” အမေကျိုးက စိတ်ပူပန်သည့်အသံဖြင့် ပြောသည်။
ပထမတော့ သူမက သူ့စတုတ္ထချွေးမ၏ ကောလိပ်ဝင်ခွင့်ကို ကြားပြီးနောက် ပျော်ရွှင်ခဲ့သည်။ သူမတွင်လည်း အဖေကျိုးနှင့် တူညီသော အတွေးရှိလေ၏။ သူတို့နှစ်ယောက်လုံးသာ ဝင်ခွင့်ရခဲ့ပါက မိသားစုတွင် ကောလိပ်ကျောင်းသားနှစ်ယောက် ရှိလာလိမ့်မည်။
ငါတို့ဘိုးဘေးမျိုးဆက်တွေ ဒီလို မတောက်ပဖူးတာ ဘယ်လောက်ရှိသွားပြီလဲ။
သို့သော်ငြား အမေကျိုးက နောက်ပိုင်းတွင် မသင့်တော်သလို ခံစားရလေသည်။ စတုတ္ထလေး၏ဇနီးက စာမေးပွဲအောင်မြင်ပါက ကောလိပ်တက်ဖို့သွားပြီးနောက် မိသားစုက ဘာလုပ်သင့်သနည်း။
စတုတ္ထသား၊ လောင်အာ့နှင့် လောင်စန်းတို့က အိမ်တွင် နေခဲ့ရပေလိမ့်မည်။
သူမက စာလေ့လာဖို့ သွားပါက သူမနားတွင် ကောလိပ်ကျောင်းသားများ ဝိုင်းနေလိမ့်မည်။ စတုတ္ထလေး၏ ဇနီးသည် လှပပြီး ဘယ်လို ဆက်ဆံရမည်ကို သိလေသည်။ သူမက လူဘယ်လောက်များများကို ဆွဲဆောင်နိုင်မလဲ မသိနိုင်ပေ။
အမေကျိုးက ဘယ်လိုလုပ်ပြီး စိတ်ချနိုင်ပါ့မလဲ။
အဖေကျိုးက ဤရှုထောင့်ကို လုံးဝမတွေးမိပေ။ သူက သူ့ဇနီးပြောသည့် အကြောင်းကို ကြားသောအခါ အဖေကျိုးက သူ့မျက်လုံးကို လိမ့်လိုက်သည်။ “ငါ့စိတ်ထင်တော့ မင်းဦးနှောက်ထဲမှာ အဆီတွေ ပိတ်တာများသွားတာပဲ ဖြစ်ရမယ်”
“ရှင် ဘာပြောတာလဲ” အမေကျိုးက မကျေမနပ် ပြန်ပြောသည်။
“ဒါမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက လောင်တနဲ့သူ့ညီတွေ ဘယ်လောက်တောင် ကြီးနေပြီဆိုတာ မေ့သွားတာလား။ စတုတ္ထလေးရဲ့မိန်းမက အရူးမဟုတ်ဘူး။ သူမက သားသုံးယောက်ကို ထားခဲ့ပြီးတော့ တခြားသူနဲ့ ကလေးထပ်မွေးပြီး ထပ်ပျိုးထောင်ဖို့ ဆန္ဒရှိမှာတဲ့လား” အဖေကျိုးက မျက်ဆန်လှန်လိုက်သည်။
စတုတ္ထလေးရဲ့မိန်းမက ဘယ်လိုဒေါသကြီးလိုက်လဲ။ သူမက ရှင်းလင်းပြတ်သားသော လူမျိုးဖြစ်ပြီး သူမက ထိုသို့သော အရူးလုပ်ရပ်ကို မည်ကဲ့သို့ လုပ်မည်နည်း။
သူမခင်ပွန်း ပြောသည်ကို ကြားပြီးနောက် အမေကျိုးက တချို့သော အကြောင်းပြချက်များ ရသွားသလို ခံစားလိုက်ရလေသည်။
သို့တိုင် အမေကျိုးက စိတ်မချနိုင်သေးပေ။
အမေကျိုးမှာ ရှေးရိုးစွဲသော စိတ်ထားနှင့် သူမသည် အမျိုးသမီးများက အိမ်ပြင်မထွက်ပဲ အိမ်ထဲတွင်သာ နေခြင်းက ပိုကောင်းသည်ဟု ယုံကြည်လေသည်။
တစ်ဖက်တွင် လင်းချင်းဟယ်က အိမ်၌ အလုပ်ရှိပြီး အလယ်တန်းကျောင်းတွင် ပညာသင်ကြားပေးရသည်။ ၎င်းသည် လစာအဖြစ် တစ်လလျှင် ၁၀ယွမ်ရ၏။ အလုပ်ရမှတ်လည်း ရသေးသည်။ ၎င်းင်းက မည်မျှ ကောင်းသနည်း။
တက္ကသိုလ်မှာ စာပေသင်ယူဖို့ လိုအပ်ပါသလော။
“စတုတ္ထလေးရဲ့မိန်းမရှေ့မှာ မပြောမိစေနဲ့” အဖေကျိုးက သတိပေးလိုက်သည်။ စတုတ္ထလေး၏ဇနီးသည် သူတို့ကို လေးစားမှု ပြသသော်လည်း သူမကိစ္စကို ကန့်ကွက်မည်ကို နှစ်သက်မည် မဟုတ်ပေ။ တစ်ဖက်တွင် လင်းချင်းဟယ်ရဲ့ အပြောက သူမမျက်နှာကို ဖြတ်ရိုက်မိသလို ဖြစ်သွားလိမ့်မည်။
အမေကျိုးက သူ့စကားများကို လက်ခံပေသည်။ ပြီးနောက် သူမက ယင်းအကြောင်း စကားပြောရန် သူ့သားထံသို့ သွားလိုက်၏။
“ချင်းပိုင်... ပြောကြည့်... မင်းဇနီးက ကောလိပ်ဝင်ခွင့် အောင်မြင်နိုင်လား” ယင်းက အမေကျိုး၏ ပထမစကားလုံး ဖြစ်လေသည်။
သူ့အမေ မေးလာတော့ ကျိုးချင်းပိုင်က မဖုံးကွယ်ထားပေ။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကျွန်တော့်မိန်းမက စာမေးပွဲအောင်မြင်လိမ့်မယ်” သူမက တော်ရုံတန်ရုံ အောင်မြင်ရုံမျှသာဟု သူက မခံစားရပေ။ သူမက စာမေးပွဲတွင် ထူးချွန်သောရလဒ်ကို ရရှိလိမ့်မည်။ အကြောင်းမှာ သူမက ပြန်လာကတည်းက အလွန်အမင်း စိတ်ခံစားချက် ကောင်းနေပေသည်။
သူမ၏ဦးနှောက်မရှိသောသား၏ ထိုသို့သော ပုံစံကို မြင်ပြီးနောက် အမေကျိုးက တီးတိုးမေးလိုက်သည်။
“မင်း ဘယ်လို တွေးထားလဲ”
“ဘာတွေးထားရမှာလဲ” ကျိုးချင်းပိုင်က သူ့အမေကို စိုက်ကြည့်လိုက်သည်။
“မင်းရဲ့ဇနီးက ကောလိပ်ကို ဝင်ခွင့်ရသွားရင် သူမက တက္ကသိုလ်တက်ဖို့ အဝေးကို သွားရလိမ့်မယ်။ ပြီးနောက် မင်းနဲ့ မင်းကလေးတွေ ဘယ်လိုလုပ်မလဲ” အမေကျိုးက မေးပြီးနောက် ဆက်ပြောသည်။
“တစ်ဖက်မှာလည်း မင်းရဲ့ဇနီးက လက်ရှိ ရွာမှာ ကောင်းကောင်း လုပ်နေတာပဲလေ။ သူမက လစာနဲ့ အလုပ်မှတ်လည်း ရတယ်။ သူမ ထွက်သွားတဲ့အခါ သူမကို ဘယ်သူက လေးစားမှာလဲ။ တက္ကသိုလ်ကို မဖြစ်မနေ သွားတက်မလို့လား”
ကျိုးချင်းပိုင်က နားလည်သည်။ သူ့အမေက သူကောင်းဖို့ လုပ်နေမှန်း သူသိပေသည်။ သူက အနာဂတ်တွင် ပညာရေးအရည်အချင်းက အလွန်အရေးကြီးကြောင်း သူ့ဇနီးပြောသည်ကို ကြားဖူးပေသည်။
ပြီးတော့ သူ့ဇနီးက ရွာမှ ထွက်သွားလိုကြောင်းကို သူက သိသေးပေသည်။ တက္ကသိုလ်သို့ တက်ပြီး အကောင်းဆုံး အသက်မွေးဝမ်းကြောင်းကို ရပေမည်။
“ဒါကို စိတ်မပူပါနဲ့ အမေ။ လောင်တက သူ့အမေနဲ့ ကျောင်းအတူတူ တက်လိမ့်မယ်” ကျိုးချင်းပိုင်က ပြောလိုက်သည်။
အမေကျိုးက အံ့အားသင့်ပြီး ဝမ်းသာသွား၏။ “တကယ်လား”
သူမမြေးဖြစ်သူသာ သူ့အမေနှင့် ကျောင်းအတူတူ တက်ပါက ပိုကောင်းသွားပေမည်။
မြေးအကြီးဆုံးက ကြီးနေပြီဖြစ်သည်။ သူက သူ့အမေကို ဂရုစိုက်ဖို့ လိုမှန်း သိပေလိမ့်မည်။ သူက တခြားကောလိပ်ကျောင်းသားများ သူ့အမေကို အခြားအတွေးမျိုး တွေးမည်ကို ခွင့်ပြုမည် မဟုတ်ပေ။
“ဒါပေမဲ့ နင့်ဇနီးက လောင်တထက် ပိုတော်ပါ့မလား။” ဟု အမေကျိုးက မနေနိုင်ဘဲ ပြောလိုက်သည်။
သူ့မြေးများသည် လေ့လာသင်ယူမှု အလွန်အားကောင်းကြောင်း လူအိုကြီးက ပြောဖူးသည်။ သူက ယခုလက်ရှိအချိန်ကာလမှာ မွေးဖွားလာခဲ့သော်လည်း ယခင်အချိန်တုန်းကဆိုရင် ထိပ်တန်းစာသင်သားများ ဖြစ်လာနိုင်ပေသည်။
ကျိုးချင်းပိုင်က ပြုံးရယ်လိုက်ပြီး။ “လောင်တက သူ့အမေကို အနိုင်မယူနိုင်ဘူးလို့ သားကို ပြောတယ်။”
အမေကျိုးက မှင်တက်သွားပြီး ထုတ်ပြောလိုက်သည်။ “လောင်တက မင်းရဲ့မိန်းမကို အနိုင်မယူနိုင်ဘူးတဲ့လား။”
“ရလဒ်ထွက်လာမှ ပြောကြရအောင်... ဘာပဲဖြစ်ဖြစ် အမေစိတ်မပူပါနဲ့။ ဒီကိစ္စကို ချင်းဟယ်နဲ့ အစောတည်းက ဆွေးနွေးထားပြီးသား” ကျိုးချင်းပိုင်က ပြောသည်။
သူ့အမေ၏ပူပန်မှုသည် အစောတည်းက သူ ပူပန်ခဲ့ပြီးသား ဖြစ်သည်။ ဆိုရလျှင် သူ့ဇနီးက အလွန်ကောင်းသည်။ အပြင်ထွက်သွားပြီးနောက် သူ့ထက်သာသော လူတစ်ယောက်ကို သူမက တွေ့သွားမည်လော။
အရင်ညက... အဟွတ် အဟွတ်... သူမက သူ့အပေါ်တွင် ရှိနေစဉ် သူမခင်ပွန်းသည်နှင့် သားများကို မစွန့်ပစ်ပါဟု ကတိပေးခဲ့သည်။ သူမက သူမပြုစုစောင့်ရှောက်ခဲ့သော သန်မာပြီး တော်သည့် သားများကို ခွဲခွာရန် တွန့်ဆုတ်နေလေသည်။
တက္ကသိုလ်တက်မည်မှာ နှစ်အနည်းငယ်သာ ဖြစ်ပေသည်။ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပေမည်။ နှစ်အနည်းငယ် ကုန်ဆုံးပြီးနောက် အနာဂတ်တွင် သူက စိတ်သက်သာရာရပေမည်။ ထိုအချိန်တွင် သူက သူမဆီ မကြာမကြာ သွားလည်မည်။
တကယ် သူ လုပ်နိုင်ပါက သူက လုပ်ငန်းတစ်ခု ရှာလုပ်မည်ဖြစ်ပြီး သူ၏အိမ်ထောင်စုစာရင်းကို ရွေ့ကာ ကလေးများကို ခေါ်ပြီး ပြန်လည်ပေါင်းစည်းနိုင်ပေမည်။
သို့သော် ယခုတွင်မူ သူတို့က ခဏမျှ ခွဲနေရန် လိုပေသည်။
အမေကျိုးက အနည်းငယ်မျှသာ စိတ်ပူပန်ခဲ့ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်သွားပေပြီ။
လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို တိုးတိုးလေး ကပ်မေးခဲ့သည်။ “အမေက ကျွန်မ တခြားသူနဲ့ ထွက်ပြေးသွားမယ်လို့ တွေးနေတာလား”
သို့မဟုတ်ပါက သူမက သူမအပေါ် ရုတ်တရက် ဘာလို့ ကောင်းလာမှာလဲ။ ထိုမျှသာမကပေ။ သူမက ချင်းပိုင်က ကောင်းမွန်သော အမျိုးသားဖြစ်ကြောင်းနှင့် ကလေးများက လိမ္မာရေးခြားရှိကြောင်းကို အရိပ်အမြွက်ပြသေးသည်။ သူမသာ ယင်းကို ထိန်းသိမ်းထားပါက သူမက အနာဂတ်တွင် ထိုင်ပြီး ကျေနပ်နေရမည်ဟု ဆိုလိုသေး၏။
ကျိုးချင်းပိုင်က ပြုံးလိုက်သည်။ “အမေက ရှေးရိုးစွဲတယ်။ သူမက ရွာမှာ မင်းက အံ့ဩဖို့ ကောင်းတာ လုပ်နိုင်တယ်လို့ ခံစားမိနေတာ။ စိတ်မပူပါနဲ့ မင်းကို သူမက မတားပါဘူး”
လင်းချင်းဟယ်က ခေါင်းညိတ်ပြီး မေးလိုက်သည်။ “လောင်တက ဘာလုပ်နေတာလဲ။ တစ်ရက်လုံး သူ့ကို ကျွန်မ မတွေ့ရသေးဘူး”
“သူက မနက်စောစောကတင် မြို့ကို စက်ဘီးစီးသွားတယ်။ သူက သူ့အဒေါ်အိမ်မှာ ခဏနေပြီးတော့ သူ့အတန်းဖော်တွေဆီ သွားလည်မယ်လို့ ပြောသွားတယ်” ကျိုးချင်းပိုင်က ပြောသည်။
လင်းချင်းဟယ်က ယင်းကို သိသည်။ လောင်တက ဟန်ရှုကျယ်ကို သွားရှာခြင်း ဖြစ်ပေမည်။
ပြောရလျှင် အမျိုးသားဇာတ်လိုက်၏ ပင်ကိုစရိုက်နှင့် နှစ်လိုမှုက သန်မာလွန်း၏။ သူမသားက သူနှင့် ရင်းနှီးဖို့ ဆန္ဒရှိနေသည်။ ယခုတွင်မူ နှစ်ယောက်က သူငယ်ချင်းကောင်းများ ဖြစ်ကြ၏။ ထို့ကြောင့် လင်းချင်းဟယ်ကလည်း အလွန်အကျွံ ကြားဝင်စွက်ဖက်မည် မဟုတ်ပေ။
လောင်တက မြို့တွင် သုံးရက် နေခဲ့၏။ သူ ပြန်လာပြီးနောက် သူနှင့်အတူ ဟန်ရှုကျယ်ပါ လိုက်ပါလာသည်။
ဟန်ရှုကျယ်က အဝတ်အစားများနှင့် ရိက္ခာများလည်း ယူလာသည်။ သူက ရက်အနည်းငယ် နေလို၏။
လင်းချင်းဟယ် “..”
ဒီမာဖီရဲ့ဥပဒေကတော့ အမှန်ပင် ကြောက်ဖို့ ကောင်းလွန်း၏။ သူမက တစ်ခုခု မလုပ်ခဲ့သော်လည်း တစ်ခုခု ဖြစ်လိမ့်မည်။ လင်းချင်းဟယ်က ဟန်ဆောင်ပန်ဆောင် ကြိုဆိုသည့် အမူအရာ ပြလိုက်သည်။ ကျိုးချင်းပိုင်ပင်လျှင် သူမ အမျိုးသားဇာတ်လိုက်ကို မကြိုဆိုကြောင်း မသိပေ။
ဟန်ရှုကျယ်က သုံးရက်မျှ နေထိုင်လေသည်။ သူက ကျိုးမိသားစုကို အလွန်နှစ်သက်လေသည်။ သူက လောင်အာ့၊ လောင်စန်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိလေသည်။ သူ ပြန်သွားသောအခါ သူက မခွဲမခွာရက် ဖြစ်သွားသေးသည်။ သို့တိုင် သူက အိမ်ပြန်သွားရလေသည်။
လင်းချင်းဟယ်က ခေါင်းခါလိုက်မိသည်။ သူက အမျိုးသားဇာတ်လိုက် ဖြစ်သော်လည်း သူက ကောင်ငယ်လေးသာ ဖြစ်သေးသည်။ ဒီရက်ပိုင်းတွင် သူက အဆော့သန်သော သူမသားသုံးယောက်နှင့် အတူတူ စည်းမဲ့ကမ်းမဲ့ လျှောက်သွားနေခဲ့လေသည်။