အခန်း (၂၃၉) - ဇနီးသည်ရှိသော အမျိုးသားတစ်ယောက်
ရိုးရိုးသားသား ဆိုရလျှင် အမေကျိုးသည် ပညာတတ်လူငယ်များ ကောလိပ်ဝင်ခွင့်စာမေးပွဲကြောင့် ကွာရှင်းကြခြင်း အခြေအနေကို ရွာမှာ တွေ့ကြုံဖြတ်သန်းရပြီးနောက် ကျေးဇူးတင်ရှိမှုကို ခံစားနေရသည်။
ကံကောင်းစွာဖြင့် စတုတ္ထလေး၏ဇနီးသည် ပညာတတ်လူငယ် မဟုတ်သလို သူမမိခင်ဘက်မှ မိသားစုသည်လည်း မြို့မှ မဟုတ်ပေ။
အတိတ်တွင် အမေကျိုးက ကျိုးချင်းပိုင်အတွက် ပညာတတ်လူငယ်တစ်ယောက် ရှာရန် စီစဉ်ခဲ့သည်။ ကျေးလက်ကို ရောက်လာခဲ့သော ပညာပြည့်ဝသည့် ပညာတတ်လူငယ်တစ်ယောက်။ သို့သော် ထိုအချိန်က သူမက သင့်တော်သည့်တစ်ယောက်ကို ရှာမတွေ့ခဲ့ပေ။
နောက်ဆုံးတွင် သူတို့က လင်းချင်းဟယ်ကို ဆုံတွေ့ခဲ့ရသည်။
ကျေးရွာထဲရှိ လက်ရှိအခြေအနေကြောင့် အမေကျိုး၏ စိတ်ခံစားချက်မှာ အလွန်ဆိုးဝါးနေလေသည်။
မြို့တစ်ခုမှ ပညာတတ်လူငယ်သာ သူမ၏ချင်းပိုင်ကို လက်ထပ်ခဲ့ပါက အခုဆို မည်သို့သော အခြေအနေဖြစ်မည်နည်း။
သို့တိုင် တချို့သောလူများ၏ တီးတိုးစကားများကို သူမ ကြားနေရသေးသည်။
သူတို့သည် စတုတ္ထလေး၏ဇနီးက ယခုတွင် ကောင်းမွန်နေပြီး သူမက ဒုတိယနှလုံးသားကို စတင်ချင်မည်ပါက မည်သူ သိမည်နည်း။ အစပိုင်းတွင် အမေကျိုးက စိတ်ပူပန်မိသည်။ သို့သော် သူမ၏မြေးကြီးနှင့် သူ့အမေက ကျောင်းအတူတူ ဖြစ်သောကြောင့် တခြားသော မတော်တဆ မဖြစ်နိုင်ပေ။
သို့သော်လည်း နက်နက်ရှိုင်းရှိုင်းတွေးပြီးနောက် အမေကျိုးက တချို့သော စိတ်ပူပန်မှုများ ရှိသေးပေသည်။
တကယ်တမ်းတွင် စတုတ္ထလေး၏ဇနီးက ယခုတွင် ထင်ရှားပေသည်။
တကယ်၍ သူမ၏အငယ်ဆုံးသားနှင့် တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း သူမ၏သားအငယ်ဆုံးနှင့် သူ့ဇနီးအကြားတွင် ကွာဟချက် ကြီးကြီးမားမား ရှိသည်ကို သူမ သိပေသည်။
ယင်းက အမှန်တကယ် တိုးတက်လာသော လူမှုဝန်းကျင် ဖြစ်ပေ၏။
လင်းချင်းဟယ်က သူယောက္ခမ၏ ကြင်နာမှုက အမှန်တကယ်ပင် လုံလောက်နေပြီဟု သဘောပေါက်ပေသည်။
သကြားထည့်ထားပြီး နှစ်သက်ဖို့ကောင်းသော ကြက်ဥစွပ်ပြုတ်ကို ပြုလုပ်နေသော သူမယောက္ခမကို မြင်တော့ လင်းချင်းဟယ်က အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သို့တိုင် သူမက လက်ခံလိုက်ပြီးနောက် ပြောလိုက်သည်။ “အမေ ဒုက္ခမရှာပါနဲ့။ မနေ့က ခရိုင်မြို့ကို ရောက်တာ မလာခင်မှာ ရှောင်မိန့်ဆီ ဝင်နေခဲ့သေးတယ်။ ဒီမနက်က မနက်စာစားခဲ့ပြီးပြီ”
“နင် ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး ပင်ပန်းလာမှာပဲ။ အာဟာရပြည့်အောင် စားသောက်ရမယ်။ အမေ မင်းအတွက် ကြက်တစ်ကောင် သတ်ပေးမယ်” အမေကျိုးက တုံ့ပြန်လိုက်သည်။
ထို့နောက် အမေကျိုးသည် ကြက်တစ်ကောင်ဖမ်းရန် အနောက်ခြံဝန်းထဲသို့ သွားလိုက်သည်။ လင်းချင်းဟယ်က သူမကို မတားပေ။ သူမက အနောက်ခြံဝန်းထဲမှ ကြက်မတစ်အုပ်ကို မြင်ပြီးသား ဖြစ်ကာ သူမက မေးလိုက်သည်။ “အခုက မကန့်သတ်ထားတော့ဘူးလား”
“ဟုတ်တယ်။ မင်း သွားမပြောသရွေ့ ဘယ်သူကမှ ဘယ်လောက်မွေးမြူထားတာလဲ ဆိုတာကို ဂရုမစိုက်ဘူး”
အမေကျိုးက ပြန်ပြောသည်။ ပြီးနောက် သူမက မြေးအကြီးဆုံးကို သတိရလိုက်သည်။ “အင်း၊ လောင်တရော ဘယ်မှာလဲ”
“အဲ့ကလေးက မြို့တော်မှာ အခန်းဖော်ရနေပြီလေ။ သူတို့နှစ်ယောက်က ငယ်ရွယ်ပြီးတော့ အသက်ကလည်း အတူတူလောက်ပဲဆိုတော့ သူတို့က ပေါင်းသင်းလို့ အဆင်ပြေတယ်။ သူက ဒီနှစ်တော့ မပြန်လာတော့ဘူးလို့ ပြောတယ်လေ။ ကျွန်မက သူ့ကို ငွေပေးပြီးတော့ သူ့ဖာသာသူ လွှတ်ထားလိုက်တယ်” လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
လောင်တ၏ အသက်၁၄နှစ်ကိုပဲ မကြည့်လေနှင့်။ သူ့အရပ်အမောင်း၊ စွမ်းရည်၊ ထက်မြက်မှုတို့ဖြင့် ပုံမှန် အရွယ်ရောက်သူ နှစ်ယောက် သုံးယောက်သည် သူ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။
လင်းချင်းဟယ်က ယင်းအတွက် စိတ်မပူပေ။
“ဒီကောင်လေး၊ သူ့အဖိုးအဖွားတွေကို ပြန်လာတွေ့ဖို့ မသိဘူးလား” အမေကျိုးက ပြောသည်။
“ကျွန်မ အဖေနဲ့ အမေ့အတွက် ပစ္စည်းတချို့ ယူလာတယ်။ အဖေ့အတွက် ယူသွားလိုက်လေ။ အဖေက ကျွန်မကို ဘာတစ်ခုမှ မပေးဖို့ အထူးတလည် ပြောခဲ့တယ်။ ဒီတော့ အမေ့လက်ကိုပဲ ထည့်မှရမယ်” လင်းချင်းဟယ်က ပြုံးလျက် ပြောလိုက်သည်။
ယင်းက မြို့တော်၏ ပီကင်းဘဲကင်တစ်ကောင်နှင့် အထူးထုတ်ကုန် ၈မျိုး ဖြစ်သည်။
လင်းချင်းဟယ်က ယင်းကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်သည်။ အကယ်၍ သူမသာ နေရာလွတ်မရှိပါက ယင်းကို ယူလာရန် အမှန်ပင် ခက်ခဲပေမည်။
ဒါက တစ်ကောင်ပဲ ပါသည်။ တစ်ယောက်ကိုပေးလျှင် အားလုံးကိုပါ ပေးရလိမ့်မည်။ ထို့ကြောင့် လင်းချင်းဟယ်က အဲ့တာကို ယောက္ခမတွေအတွက်သာ ဝယ်လာခဲ့လိုက်သည်။
အမေကျိုးက အားပါးတရ ပြုံးလျက် ဤနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို လင်းချင်းဟယ်နှင့် ပြောတော့သည်။
လင်းချင်းဟယ်က နားထောင်ရုံသာ ဖြစ်သည်။ စာချုပ်ဖြင့် တာဝန်ယူသော နည်းစနစ်ကို ဤနှစ်တွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သူမက စကားတစ်လုံးမျှပင် ထုတ်မပြောခဲ့ပေ။ ထုတ်ပြန်ကြေညာလိုက်သည်နှင့် သူတို့ သိသွားကြလိမ့်မည်။
သို့သော်လည်း သူမက ယင်းကို ကျိုးချင်းပိုင်နှင့် ဆွေးနွေးပြီးဖြစ်သည်။ နှစ်နှစ် သုံးနှစ်လောက်သာ ကြာမည် ဖြစ်သောကြောင့် အများအပြား မယူလာခြင်းက ပိုကောင်းပေမည်။ နှစ်နှစ် သုံးနှစ်ပြီးနောက် သူမက သူမမိသားစုကို တိုက်ရိုက် မြို့တော်သို့ ပြောင်းရွေ့လိုက်ပေမည်။
ကျိုးချင်းပိုင်တစ်ယောက် လယ်ကွင်းထဲတွင် ရှိနေစဥ် သူ့ဇနီး ပြန်လာကြောင်း ကြားလိုက်ရသည်။ သူက ပေါက်တူးကို ပစ်ချပြီး ချက်ချင်း ပြန်သွားချင်သည့် ပြင်းပြသောဆန္ဒရှိပေသည်။
သို့သော်လည်း သူက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ကာ ဘာမှမဖြစ်သည့်အတိုင်း ထင်စေလိုက်သည်။
လူတိုင်းက ယင်းသို့ ဆိုကြသည်။ လင်နှင့်မယား၏ စစ်မှန်သော ခံစားချက်က ရွှေထက် အဖိုးတန်သည် မဟုတ်လော။ သူက ဘာလို့များ စိတ်မထိခိုက်ရမည်နည်း။
အတိတ်တွင် ရွာမှလူများက လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကဲ့သို့သော ကောင်းမွန်သည့်လူမျိုးကို ရခဲ့ပြီး ကံကောင်းသည်ဟု ဆိုကြသည်။
လင်းချင်းဟယ်က ရပ်ရွာ၏ဆရာမ ဖြစ်လာသည်တွင် လူတိုင်းက ကျိုးချင်းပိုင်က ကံကောင်းပြီး ဤသို့သော ဇနီးမျိုးကို လက်ထပ်ထားနိုင်သည်ဟု စတင်ပြောဆိုကြတော့သည်။
ထို့နောက် သူ့ကို လူတိုင်း မနာလိုအားကျ ဖြစ်ကြတော့သည်။
ကျိုးချင်းပိုင်က အိမ်ပြန်ချိန် မရောက်ခင်အထိ သည်းခံထားရသည်။ သူတို့ ပြန်သောအခါ မည်သူ့မျှ သူ့အရှိန်ကို မထိန်းနိုင်တော့ပေ။
သူက အဖေကျိုးကိုပင် မစောင့်တော့ချေ။
သူ အိမ်ပြန်ရောက်ပြီးနောက် သူ့ဇနီးသည်က မီးဖိုချောင်ထဲတွင် အလုပ်များနေသည်ကို တွေ့လိုက်ရသည်။
လင်းချင်းဟယ်ကလည်း သူ့ကို တွေ့လိုက်သည်။ သူက မည်းပြီး ပိန်သွား၏။ အမေကျိုး၏ အချက်အပြုတ်လက်ရာသည် သူမနှင့် မနှိုင်းယှဉ်နိုင်ပေ။ သူမက စာသင်နှစ်ဝက်မျှသာ အဝေးတွင် ရှိနေသော်လည်း သူက ၁၀ကျင်းမျှ ပိန်ကျသွားသည်။
လင်းချင်းဟယ်က အမေကျိုးကို မပြောဘဲ မနေနိုင်တော့ပေ။ “အမေ၊ ကျွန်မတို့အိမ်မှာ ငွေမရှိတာ မဟုတ်ဘူးလေ။ အမေ အသားငါးတွေကို မကြာခဏ ချက်ပြုတ်ပေးသင့်တယ်။”
အမေကျိုး၊ “…”
လင်းချင်းဟယ်က အတွန့်တက်လိုက်ပြီးနောက် ကျိုးချင်းပိုင်ကို တွေ့ရန် သွားလိုက်တော့သည်။ ပထမတွင် သူမက ရေယူပေးလိုက်ပြီး ကျိုးချင်းပိုင်လက်ထဲကို မျက်နှာသုတ်ပုဝါတစ်ထည် ထည့်ပေးလိုက်သည်။ ပြီးနောက် သူ့ကို နှစ်သိမ့်ပေးလိုက်၏။
ထိုဖြစ်စဉ်တစ်ခုလုံးတွင် ကျိုးချင်းပိုင်က တိတ်တဆိတ် နားထောင်လိုက်သည်။ သူက မျက်နှာ သစ်လိုက်ပြီးနောက် ပိုလန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူက ရေထပ်ချိုးလိုက်ကာ အဝတ်အစားလဲပြီးနောက် ပြန်ထွက်လာသည်။
“ကျွန်မက နှစ်ဝက်လောက်ပဲ အဝေးမှာ ရှိတာ၊ ရှင်က ဘယ်လိုတောင် ပိန်သွားတာလဲ” လင်းချင်းဟယ်က ဆက်ပြောလိုက်သည်။
“ဒါက အဆင်ပြေပါတယ်” ကျိုးချင်းပိုင်က သူ့ဇနီးကို ကြည့်လိုက်သည်။
“အမေက ဒီနေ့ ကျွန်မအတွက် ကြက်တစ်ကောင် ချက်ပေးတယ်။ ခဏနေကျရင် ရှင် များများစား” လင်းချင်းဟယ်က အမိန့်ပေးလိုက်သည်။
ယနေ့တွင် ကြက်ကို သူမက စွပ်ပြုတ်ချက်ရန် စီမံလိုက်သည်။ သူမက ကြက်သားခေါက်ဆွဲချက်ရန် ဆုံးဖြတ်လိုက်သည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်နှင့် စကားပြောနေပြီး အမေကျိုးက ဝင်ပြောရန် အခွင့်အရေးပင် ရှာမတွေ့ခဲ့ချေ။ သို့သော် အမေကျိုးက သူမချွေးမက သူမကို အပြစ်ရှာသည့်ကိုပင် စိတ်မရှိပေ။
အကြောင်းမှာ လူအိုကြီးက မတိုင်မီက သူမကို ပြောထားပြီးဖြစ်သည်။ ယင်းမှာ သူမက ခြိုးခြံချွေတာပြီး စတုတ္ထလေး၏ဇနီးကဲ့သို့ မချက်ပြုတ်တတ်သူ ဖြစ်သည်။
မကြာမီတွင် လောင်အာ့နှင့် လောင်စန်းက ကျောင်းမှ ပြန်လာသည်။
သူတို့အမေ ပြန်ရောက်နေတာကို တွေ့တော့ ညီအစ်ကိုနှစ်ယောက်သား ပျံတက်တော့မတတ် အလွန်ပျော်ရွှင်သွားသည်။
ပြဿနာကောင်လေး နှစ်ကောင် သူ့ဇနီးသည်အနား လျင်မြန်စွာ ဝိုင်းရံသွားသည်ကို ကြည့်ပြီး ကျိုးချင်းပိုင်က သူတို့ကို ခပ်တည်တည် စိုက်ကြည့်လိုက်သည်။
သို့သော်လည်း သူ့သားနှစ်ယောက် သူ့ကို လျစ်လျူရှုထားလိုက်သည်။ သူတို့နှစ်ယောက်က သူတို့အမေကို မရပ်မနား အနှောင့်အယှက် ပေးနေသည်။
ပြန်လည်ဆုံတွေ့မှုပြီးနောက် လင်းချင်းဟယ်က ခေါက်ဆွဲချက်ရန် မီးဖိုချောင်ထဲ ပြန်ဝင်သွားခဲ့သည်။
မိသားစုတစ်ခုလုံးက စားသောက်ပြီးနောက် ယခင်က ပြောလက်စကို ဆက်ပြောကြသည်။
တစ်နာရီကျော် စကားပြောကြပြီးနောက် လင်းချင်းဟယ်က ကျိုးချင်းပိုင်နှင့်အတူ အခန်းထဲသို့ ဝင်သွားချင်နေသည်။ ထိုစုံတွဲ မဝင်သွားနိုင်မီ အကြီးဆုံးမရီးနှင့် တခြားသူများ ရောက်ရှိလာ၏။
တခြားသော စကားဝိုင်းက စတင်ပြန်သည်။ အဆုံးတွင် ကျိုးချင်းပိုင်က သူ့ဇနီးနှင့် သီးသန့်ဆုံတွေ့ရန် အချိန် မရလိုက်ပေ။ ပြီးနောက် သူက အလုပ်သို့ ပြန်သွားလိုက်ရ၏။
“နေ့လည်မှာ အနားယူဖို့ အခွင့်အရေးတောင် မရလိုက်ဘူး” လင်းချင်းဟယ်က သူ အလုပ်ကို ထပ်သွားလိုက်တာကို မြင်ပြီးနောက် မှတ်ချက်ချလိုက်သည်။
“ကိုယ့်ကို အိမ်မှာစောင့်နေ” ကျိုးချင်းပိုင်က သူမကို ကြည့်လိုက်ပြီးနောက် ထုတ်ပြောလိုက်သည်။
လင်းချင်းဟယ်က ခရမ်းချဉ်သီးနှစ်လုံးကို သူ့အတွက် ယူပေးပြီးနောက် ပြောသည်။ “လမ်းမှာ စားလိုက်”
ကျိုးချင်းပိုင်က ယူသွားခဲ့ပြီး အဖေကျိုးနှင့် အလုပ်ဆင်းခဲ့သည်။
ညနေ ၃နာရီ ထိုးပြီးနောက် လင်းချင်းဟယ်က စက်ဘီးစီးပြီး မတ်ပဲစွပ်ပြုတ်ကို သွားပို့ပေးလိုက်သည်။
ယင်းက ဇူလိုင်လလယ် ဖြစ်သည်။ နွေရာသီရိတ်သိမ်းမှုက ပြီးဆုံးသွားပြီဖြစ်၏။ လက်ရှိတွင် နွေစပါးစိုက်ပျိုးနေတာ ဖြစ်သည်။ သို့တိုင် အတော် အလုပ်များသေးသည်။
လင်းချင်းဟယ်က မတ်ပဲစွပ်ပြုတ်ကို ယူသွားပြီးနောက် အဖေကျိုးနှင့် ကျိုးချင်းပိုင် နှစ်ယောက်စလုံး တစ်ယောက် နှစ်ပန်းကန်ရသည်။
“မကြာခင်က စတုတ္တမရီး ပြန်လာလို့ ကျိုးချင်းပိုင်ရဲ့ ဂရုစိုက်ခံရမှုက ပိုမြင့်တဲ့အဆင့်ကို ရောက်သွားပြီ” တတိယအစ်ကိုနှင့် တခြားသူတွေက အားကျနေကြသည်။
သူတို့၏အမေနှင့် စတုတ္ထလေးက ယင်းဂရုစိုက်ခံရမှုကို လက်မခံခဲ့ရပေ။ ယခုတွင် စတုတ္ထလေး၏ဇနီးက ပြန်ရောက်လာကာ စတုတ္ထလေး၏ဂရုစိုက်ခံရမှုက မည်မျှ ကြီးမားလာမည်ကို ပြောရန် မလိုတော့ပေ။
သူ့အမေ၏ ကြင်နာမှုက သူ့ဇနီးသည်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
သဘာဝကျကျပင် ကျိုးချင်းပိုင်၏နှလုံးသားက ယင်းကြောင့် ကျေနပ်နေပေသည်။ သို့သော်လည်း သူက လှပသော စကားတစ်လုံးမှ မဆိုခဲ့ပေ။ သူက သူ့ဇနီးကို မျက်လုံးများဖြင့်သာ ကြည့်နေလေသည်။
“ကျွန်မ အရင်ဆုံး ပြန်နှင့်မယ်။ ဒီဒေသမှာ အခုဆို ဖရဲသီးတွေ ပေါ်နေပြီ။ ညနေကျရင် ဖရဲသီးစားဖို့ အိမ်စောစော ပြန်လာခဲ့” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။