အခန်း ၂၄၉
Viewers 43k

အခန်း (၂၄၉) - လုံလောက်စွာ အနားယူရဲ့လား 


ဒီအချိန်မှာ အဖေကျိုးနှင့် အမေကျိုးက အနားယူနေပြီ ဖြစ်သည်။


သူတို့က မိသားစုဝင်များဖြစ်ကာ ဘာမှပြောဖို့ မလိုပေ။ 


လင်းချင်းဟယ်က ပစ္စည်းများကို သိမ်းဆည်းရန် အင်အားမရှိတော့တာကြောင့် ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သူမသားတွေထံ အပ်ခဲ့သည်။


သူမက ကျိုးချင်းပိုင်နှင့် အခန်းထဲကို ချက်ချင်း တန်းဝင်လိုက်သည်။ အခန်းထဲတွင် အနွေးခုတင်က တောက်လောင်နေပြီဖြစ်သည်။ အလွန်နွေးပြီး သက်သောင့်သက်သာ ရှိသည်။ 


လင်းချင်းဟယ်က အဝတ်အစားများကို ချွတ်လိုက်ပြီးနောက် အနွေးခုတင်ပေါ်သို့ တက်ကာ လဲလျောင်းလိုက်တော့သည်။ 


ကျိုးချင်းပိုင်က သူမကို စတင်နှိပ်ပေးလာသည်။ လင်းချင်းဟယ်က သက်သောင့်သက်သာရှိစွာ ညည်းညူလိုက်ပြီး ပြောသည်။ 


“ကျွန်မ တစ်လျှောက်လုံး ပြန်လာခဲ့တာ အလကားတော့ မဟုတ်ဘူးပဲ။ အနည်းဆုံးတော့ ရှင် ထောက်ထားညှာတာသေးတယ်”


ကျိုးချင်းပိုင်က ခပ်ဖွဖွ ရယ်ပြီး ပြောသည်။ “ခဏနေရင် ရေချိုးပြီး စောစောအိပ်”


“အမ်း” လင်းချင်းဟယ်က အမှန်ပင် မောပန်းနေပြီဖြစ်သည်။ သူမက ရထားအိပ်ခန်းတွဲကို ဝယ်ခဲ့သည့်တိုင် သူမသည် ရက်အနည်းငယ်လောက် သက်သောင့်သက်သာ မရှိခဲ့ပေ။ 


လောင်အာ့က ရေကို မြန်မြန် ကျိုလိုက်သည်။ အိမ်တွင် ရေပုံးကြီးနှစ်ပုံးရှိ၏။ တစ်ပုံးမှာ ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်အတွက်ဖြစ်ကာ ကျန်တစ်ခုက ကလေးများအတွက်ဖြစ်သည်။ 


ယင်းတို့ကို မရောထွေးပေ။ 


လင်းချင်းဟယ်က မတုံ့ဆိုင်းနေတော့ဘဲ သက်သောင့်သက်သာ ရေချိုးလိုက်သည်။ ကျိုးချင်းပိုင်က သူမကို ကျောတိုက်ပေးသည်။ 


လင်မယားစုံတွဲက အချင်းချင်း မတွေ့ရတာ ကြာနေသည့်တိုင် လင်းချင်းဟယ်က ဘာခံစားချက်မှ မရှိနေပေ။ ကျိုးချင်းပိုင်က သူ့ဇနီးအတွက် ရင်နာနေပြီး ဘာမှမတွေးနိုင်ချေ။ 


လင်မယားနှစ်ယောက်က ထွက်လာပြီးနောက် သားသုံးယောက်က ပြုံးဖြဲဖြဲ ကြည့်လာသည်။ 


“ငါ နင်တို့ကို ဂရုစိုက်ဖို့ မအားဘူး။” လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ သူမက အမှန်ပင် မောပန်းနေပြီဖြစ်သည်။ 


ထို့နောက် သူမ ကလေးတွေနဲ့ စနောက်ကျီစယ်ဖို့ပင် အားမရှိသောကြောင့် သူမသည် ချင်းပိုင်နှင့်အတူ အိပ်စက်ရန် အခန်းထဲသို့ ပြန်သွားတော့သည်။ 


ရေချိုးပြီး အိပ်စက်ခြင်းက အလွန်သက်သောင့်သက်သာ ရှိသည်။ လင်းချင်းဟယ်က အချိန်တိုအတွင်း အိပ်ပျော်သွားတော့သည်။ 


ကျိုးချင်းပိုင်အတွက်မူ သည်ည သူ့ဇနီး ပြန်လာခြင်းကပင် ကြီးမားသော အံ့ဖွယ် ဖြစ်ပေသည်။ ထို့ကြောင့် ပွက်လောရိုက်တာ ဒါမှမဟုတ် စကားပြောတာ မရှိဘဲ အိပ်ရန် သူ့ဇနီးကို ဖက်လိုက်တော့သည်။ 


လင်းချင်းဟယ်က တစ်ညလုံး အေးအေးချမ်းချမ်း အိပ်စက်ခဲ့သည်။ မနေ့ည ၉နာရီမှ မနက် ၉နာရီအထိ ဖြစ်သည်။ ပြီးမှ သူမက နိုးလာသည်။ 


သူမ နိုးလာသောအခါ အမေကျိုး၏အသံကို အပြင်ဘက်တွင် ကြားလိုက်ရသည်။ 


နာရီကို တစ်ချက် ကြည့်လိုက်ပြီးနောက် အချိန်ရောက်နေပြီမှန်း သိလိုက်သည်။ သို့သော် အိပ်ရာက အလွန်သက်သောင့်သက်သာ ရှိပြီး လင်းချင်းဟယ်က ဆက်လက် အပျင်းတစ်နေသေးလျက် မထချင်သေးပေ။ 


ထိုစဉ် ကျိုးချင်းပိုင်က ဝင်လာပြီး သူ့ဇနီးသည်နိုးနေတာကို တွေ့လိုက်သည်။ 


“ဇနီးလေး” ကျိုးချင်းပိုင်က စိတ်လှုပ်ရှားပြီး ရောက်လာသည်။ 


လင်းချင်းဟယ်က မနေ့ညက အလွန်ပင်ပန်းခဲ့ပြီး သူနှင့် စကားပြောရန် အချိန်မရှိခဲ့ချေ။ သဘာဝကျကျပင် လင်မယားစုံတွဲက စကားကောင်းကောင်း ပြောရပေမည်။ 


လင်မယားနှစ်ယောက်သား ခဏတာ ပွေ့ဖက်လိုက်ကြပြီးနောက် ကျိုးချင်းပိုင်က ထွက်သွားပြီး သူ့မိန်းမစားရန် ယာဂုယူလာသည်။ 


အဆီနည်းသောအသားနှင့် ယာဂုက အလွန်မွှေးသည်။ လင်းချင်းဟယ်က ပြောလိုက်သည်။ 

“ကျွန်မ သွားအရင်တိုက်လိုက်ဦးမယ်”


သူမက ထလိုက်ပြီး သွားတိုက်လိုကက်သည်။ ပြီးနောက် သူမက မနက်စာစစားတော့၏။ အမေကျိုးက ပြန်ရောက်လာသည်။ 


“ကျွန်မ ဒီတစ်ခါ ဘဲကင်တချို့ ယူလာတယ်။ နှစ်ခုက ကျွန်မတို့မိသားစုအတွက်။ တခြားဟာတွေကို ဝေမျှပေးလိုက်ရအောင်” လင်းချင်းဟယ်က ပြောသည်။ 


တစ်ခုလုံးလား။ မဖြစ်နိုင်ပေ။ မိသားစုတစ်ခုကို တစ်ဝက်တော့ ရနိုင်သည်။ ကျိုးညီအစ်ကိုမိသားစု၊ ပထမအစ်မနှင့် ဒုတိယအစ်မတို့ကိုသာ ပေးရမည်။ သူမက လောင်တာ့ကို စက်ဘီးဖြင့် သွားပို့ခိုင်းလိုက်သည်။ 


ယင်းက တစ်ဝက်ပဲ ဖြစ်သည့်တိုင် အတွေးရှိသေးပေသည်။ ယင်းက သူမသည် ကျောင်းသွားတက်သည့်တိုင် ကျိုးမိသားစုဟောင်းကို မမေ့သွားကြောင်း ပြသပေသည်။ 


ထိုကိစ္စကို လောင်တာ့ဖြင့် အပြည့်အဝ လွဲထားလိုက်သည်။ သူမက ထိုမျှ ကြီးနေပြီဖြစ်ပြီး တာဝန်ယူမှုများကို ပခုံးပြောင်းပေးရပေမည်။ လင်းချင်းဟယ်က သူမအနားတွင် ရှိနေသော သားများကို ခိုင်းစေလိုက်တော့သည်။


ယခုတွင် သူမ ပြန်လာသဖြင့် အိမ်နီးချင်းများကလည်း ရောက်လာသည်။ 


လင်းချင်းဟယ်က သူတို့ကို ပျူငှာစွာ ဆက်ဆံလိုက်သည်။ အထင်အမြင်သေးကြသော တချို့ကိုမူ အာရုံမထားတော့ပေ။ ယခင်က စာမသင်ပေးခဲ့၍ အပြစ်တင်ခဲ့ဖူးသည့် သူများကိုမူ လင်းချင်းဟယ်က စိတ်အားထက်သန်မှုကို မဖော်ပြချေ။ 


သူမက ကျေးဇူးကန်းသူကို ကြင်နာပြရန် ဘယ်တော့မှ မလိုခဲ့ပေ။ 


အလုပ်များသောနေ့က ပြီးဆုံးသွားသည်။ 


လင်းချင်းဟယ်က စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်လိုက်မိသည်။ ညတွင် ထုံးစံအတိုင်း သူမသည် အမေကျိုး အဖေကျိုးတို့နှင့်အတူ ထမင်းစားခဲ့သည်။ 


“မင်းအဘိုးအတွက် ဘဲလည်ချောင်းကို ချန်ထားလိုက်” လင်းချင်းဟယ်က လောင်စန်းကို ပြောလိုက်သည်။ 


အဖေကျိုးက ဘဲလည်ချောင်းရိုး ဝါးရသည်ကို နှစ်သက်သောကြောင့် သက်ကြီးရွယ်အို စားရန် ယင်းကို ချန်ထားရမည်။ 


လောင်စန်းက ဆင်ခြေနှင့်အတူ ထရပ်လိုက်သည်။ “ကျွန်တော်သိပါတယ်။ ကျွန်‌တော် အဘိုးအတွက် ဒါကို ဘေးဖယ်ထားပြီးသားပါ”


အဖေကျိုးက ပြုံးလျက် ပြောသည်။ “မင်းကြိုက်ရင် စားပါ”


“ဒါက အဘိုးအတွက်ပါ အဘိုးရဲ့၊ ဘဲသားကလည်း ကျွန်တော့်အတွက် အတူတူပါပဲ။ မွှေးနေတာပဲ” လောင်စန်းက ခေါင်းယမ်းလိုက်သည်။ 


“အဘွားရေ များများစား၊ ကြည့်ပြီးတော့ ပြုံးမနေနဲ့” ကျိုးခိုင်က အမေကျိုးအတွက် အသားတစ်ပိုင်းကို ရွေးယူလိုက်သည်။ 


“အဘွားက တအားပျော်နေတာလေ” အမေကျိုးက အပြုံးကြီးကြီးဖြင့် ပြောသည်။ မိသားစုက ထမင်းတစ်နပ်အတွက် စုစည်းမိသည်။ အရပ်ရှည်ရှည် မြေးသုံးယောက်ကို ကြည့်ပြီး အမေကျိုးက ရေသောက်လျှင်ပင် ရောင့်ရဲနိုင်သည်ဟု ခံစားမိသည်။ 


“မြန်မြန်စား အဘွား၊ ပြုံးပဲ ပြုံးမနေနဲ့” လောင်အာ့က တိုက်တွန်းလိုက်သည်။ 


လင်းချင်းဟယ်က ကျိုးချင်းပိုင်အတွက် အသီးအရွက်တွေ ရွေးပေးဖို့ တာဝန်ယူထားသည်။ “ကျွန်မ နွေရာသီပိတ်ရက် ပြန်လာတုန်းက ရှင့်ကို ကောင်းကောင်း ကျွေးမွေးခဲ့တာ။ အခု လနည်းနည်းပဲ ရှိသေးတာကို ဘာလို့ နဂိုအတိုင်း ပြန်ဖြစ်သွားရတာလဲ”


“အမေ ဒီနှစ် ဒုတိယအစ်ကိုနဲ့ ကျွန်တော်က အဓိကချက်တာ။ အဖေက ဒါကို ကျင့်သားမရဘူး” လောင်စန်းက ရှင်းပြသည်။ 


“မင်းတို့နှစ်ယောက် ချက်နိုင်လို့လား” လင်းချင်းဟယ်က ညီအစ်ကိုနှစ်ယောက်ကို အံ့ဩစွာ ကြည့်လိုက်သည်။ 


“အမေက လူတွေကို နှိမ်နေတာပဲ” လောင်အာ့က ပြန်ပြောသည်။ “ကျွန်တော်တို့ ကောင်းကောင်း ချက်နိုင်တယ်”


“အဘိုးနဲ့အဘွားက တော်တယ်လို့ ပြောတယ်။ အဖေကတော့ လက်ခံနိုင်စရာ မဟုတ်သေးဘူးလို့ ပြောတယ်” လောင်စန်းက နောက်က လိုက်ပြောသည်။ 


သည်နှစ်တွင် ညီအစ်ကိုနှစ်ယောက်သည် ဘာဖြစ်မှန်းမသိပေ။ သူတို့က ရုတ်တရက် ချက်ပြုတ်ခြင်းကို စိတ်ဝင်စားလာပြီး သူတို့အဘွားဆီမှ သင်ယူခဲ့သည်။ 


အမေကျိုးက အနာဂတ်တွင် စွမ်းရည်ပိုရှိတာက ဇနီးသည်ကောင်းတစ်ယောက်ကို ရနိုင်ခြေ ပိုများသည်ဟူသော စတုတ္ထလေးဇနီး၏စကားကို မှတ်မိနေသည်။ ချန်ချန်၏အဖေကဲ့သို့ ဖြစ်သည်။ 


ထို့ကြောင့် အမေကျိုးက သူ့မြေးနှစ်ယောက်ကို သင်ပေးခဲ့သည်။ သူတို့က အတော်လေး သင်ယူနိုင်ခဲ့သည်။ 


အဖေကျိုးနှင့် အမေကျိုးက အတော်လေးကောင်းသည်ဟု တွေးမိသည်။ ကျိုးချင်းပိုင်ကမူ စားချင်စဖွယ်မရှိဟု ထုတ်ဖော်ခဲ့သည်။ သူ့သားများ၏ ယုံကြည်မှုကို ဟန့်တားမိမည်ကို လုံးဝပင် မစိုးရိမ်ချေ။ 


သို့သော်လည်း လောင်အာ့နှင့် လောင်စန်းက တစ်ယောက်မှ လက်မလျှော့ကြပေ။ အတော်လေး ဆိုးနေရင် ဆီများများ ထည့်ကြသည်။ 


ညနေခင်းတွင် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောသည်။ “ရှင်က ဘယ်လိုလုပ် အစားအသောက်ဇီဇာကြောင်တဲ့သူ ဖြစ်သွားတာလဲဆိုတာ ကျွန်မမသိဘူး”


ကျိုးချင်းပိုင်က သူ့ဇနီးကို ကြည့်လိုက်သည်။ 


“ရှင် မစားဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တယ်ဆိုတာ ကျွန်မရှာတွေ့ခဲ့ရင် ရှင့်ရှေ့မှာ ကျွန်မကို ခံစားရဖို့ တမင်သက်သက် လုပ်ရဲရင်.. ကျွန်မ နောက်နှစ်ကျရင် တစ်ရက်လေးတောင် ပြန်လာမှာမဟုတ်ဘူးလို့ ကတိပေးတယ်” လင်းချင်းဟယ်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ 


ကျိုးချင်းပိုင်က ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး ပြောသည်။ “ဇနီးလေး၊ နောက်ကျနေပြီ။ အိပ်ရာ ဝင်ဖို့ အချိန်ရောက်ပြီ”


“ရှင် အန္တရာယ်ဖြစ်တဲ့အထိ အငတ်နေရဲရင် ကျွန်မက ကောင်လေးသုံးယောက်ကို ခေါ်သွားပြီး နောက်အိမ်ထောင်ပြုလိုက်မယ်” လင်းချင်းဟယ်က ခြိမ်းခြောက်လိုက်သည်။ 


“နောက်အိမ်ထောင်ပြုဖို့က မဖြစ်နိုင်ဘူး။ မင်းရဲ့အမျိုးသားက နှစ်တစ်ရာလောက် ရှင်သန်နိုင်သေးတယ်” 

ကျိုးချင်းပိုင်က ထုတ်ဖော်ပြောလိုက်ပြီး သူ့ဇနီးကို အနွေးခုတင်ပေါ်သို့ ဆွဲတင်လိုက်သည်။ 


“ရှင် အလေးအနက် ထားလို့မရဘူးလား” လင်းချင်းဟယ်က ဒေါသထွက်ထွက်ဖြင့် ထုတ်ပြောလိုက်သည်။ 

သို့သော်လည်း သူမက သူ့ကို အလွန်လွမ်းနေသည်။ ထို့ကြောင့် သူမက တစ်ခါတရံ ရိုးစင်းလွန်းသော ထိုအမျိုးသားကို သွားနမ်းလိုက်သည်။ 


ကျိုးချင်းပိုင်က သူ့ဇနီးသည် နမ်းရှိုက်တာ ခံရပြီးနောက် ပေါက်ကွဲတော့မလို ခံစားလိုက်ရသည်။ 


သဘာဝကျကျဖြင့် ယင်းက တချို့သော ပြောင်းလဲမှုဖြစ်လာစေသည်။ 


“ဒီနှစ်မှာ စာချုပ်စနစ် မရှိသေးဘူး” နောက်တော့ လင်းချင်းဟယ်က သတိရပြီး ပြောလိုက်သည်။ 


“မင်း အချိန်မှားပြီးတော့ မှတ်ထားမိတာလား” ကျိုးချင်းပိုင်က ယင်းကို ကြားပြီးနောက် ပြောသည်။ 


လင်းချင်းဟယ်က ပြုံးလိုက်၏။ “ကျွန်မ အမှားကြီး မှတ်ထားမိတာ။ ၁၉၈၀ခုနှစ်မှာမှ လူသိများထင်ရှား လာမယ့်ပုံပဲ”


ကျိုးချင်းပိုင်က မသိသဖြင့် ဘာမှပြောစရာ မရှိပေ။ ထိုအစား သူက မေးသည်။ “အနားယူတာ လုံလောက်ပြီလား”


လင်းချင်းဟယ်က အနည်းငယ် ရှက်ရွံ့သွားပြီး သူ့ကို ထုရိုက်တော့သည်။ ပြီးနောက် သူမက သူ့ကို ရူးသွပ်ခွင့် ပြုလိုက်သည်။ 


နောက်ရက်တွင် ရွာထဲ၌ ဝက်ပေါ်သည်။ လက်ရှိတွင် ဝက်များသည် အများပိုင်ဖြစ်သောကြောင့် ဝက်ပေါ်ခြင်းများ ရှိနေဆဲ ဖြစ်သည်။ သို့သော်ငြား နောက်နှစ်တွင်မူ တူညီသော အကြောင်းအရာ ဖြစ်လာလိမ့်မည်။ 


လင်းချင်းဟယ် ရွာတွင် ရှိစဉ်ကထက် ဝက်သားပမာဏက နည်းပါးသွားသည်။ တကယ်တမ်းတော့ အိမ်မှ လုပ်အားပမာဏကလည်း နည်းပါးသွား၏။ ယင်းက ကိစ္စမရှိပေ။


သုံးဖို့ငွေ အလုံအလောက် ရှိလေသည်။

 

“မနက်ဖြန် ကျွန်မနဲ့ မြို့ကို လိုက်ခဲ့” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောသည်။ 


နှစ်ကုန်တော့မည်။ သူမလက်ထဲရှိ ပစ္စည်းများကို ရောင်းရန် အချိန်ကိုက်ဖြစ်သည်။