အခန်း၂၅၁
Viewers 38k

အခန်း (၂၅၁) - မိတ်ဆွေသူငယ်ချင်းဆက်ဆံရေး


“အဖေ၊ မီးဖိုချောင်က သေးသေးလေးရယ်၊ အဖေ အထဲမှာ ဘာဝင်လုပ်နေတာလဲ။” သူ့ညီအစ်ကိုတွေနဲ့ အပြင်ကနေ ပြန်လာသည့် လောင်အာ့က မီးဖိုချောင်ထဲမှာ သူတို့မိဘနှစ်ပါးကို မြင်တော့ ထိုသို့ လှမ်းမေးလာသည်။ 


“နင် တော်တော်လေး ပျင်းရိနေတယ်လို့ ငါထင်တယ်၊ နင် နင့်အဖေနဲ့ လေ့ကျင့်ခန်း အတူလုပ်ချင်နေတာလား။” လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး လှမ်းပြောသည်။


“အမေ၊ သားက အမေ့သားအရင်းပါ။ အမေက ဘာဖြစ်လို့ သားဖက်က မပါရတာလဲ။” လောင်အာ့က ချက်ချင်း ကန့်ကွက်လိုက်သည်။


“ငါက နင့်အဖေရဲ့ ဇနီးသည်လည်း ဖြစ်နေသေးတယ်လေ။ နင့်အဖေနဲ့ ငါက အရင်းနှီးဆုံးပဲ။ နင်က ငယ်သေးတော့ ဒီအကြောင်းတွေကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးတာ လက်ခံနိုင်ပါတယ်။ အခု နင်လည်း အရွယ်ရောက်လာပြီ ဆိုတော့ ငါနဲ့ နင်တို့အဖေကြားက အချစ်စစ်ကို နင်တို့တွေ တမင်သက်သက် မမြင်ချင်ယောင်ဆောင်နေတာလား။” လင်းချင်းဟယ်က ပြောသည်။

 

“အရမ်းချွဲလွန်းတယ်။ နားမထောင်နိုင်တော့ဘူး။” လောင်စန်းသည် သူ့ခန္ဓာကိုယ်ရှိ ကြက်သီးလေးများအား လက်ဖြင့် ဖိပွတ်ရင်း ကြီးကြီးကျယ်ကျယ် ပြောဆိုလိုက်သည်။


“ဟုတ်တယ်၊ အမေက အဖေ့ကို ဝန်ခံချစ်စကား ပြောနေတာလား။” လောင်အာ့က မေးသည်။


“ဒါကို ပြောစရာလိုသေးလို့လား။ သူတို့က အမြဲတမ်း ချစ်ကြင်နာနေကြတာပဲ။” လောင်စန်းက ပြောသည်။


“ချစ်ခင်ကြင်နာတာ ကောင်းတာပေ့ါ။ အဖေ၊ အခု အမေက အိမ်ကို ပြန်ရောက်နေပြီဆိုတော့၊ သား အမေ့ကို အဖေ့လက်ထဲ ပြန်အပ်လိုက်မယ်။ ‌ကျောင်းတတ်တုန်းကဆို သားက ကျောင်းမှာ အကာအကွယ်ပေးလွန်းလို့ ကျောင်းက အပြစ်ပေးတာ ခံရလုနီးပါးပဲ။ သား တော်တော် ပင်ပန်းခဲ့တာ။” ကျိုးလောင်တ (ခ) ကျိုးခိုင်က ပြောသည်။


“ဘာဖြစ်ခဲ့လို့လဲ။” ကျိုးချင်းပိုင်က သူ့ကို လှည့်ကြည့်သည်။


“အဟမ်း၊ ပြီးပြီးသားကိစ္စတွေကို ဒီအတိုင်းပဲ ထားလိုက်ပါတော့။ ဘာဖြစ်လို့ ပြန်ပြောနေမှာလဲ။” လင်းချင်းဟယ်က သူမသားအကြီးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။


ကျိုးခိုင်က ဒီအဖြစ်အပျက်တွေကို လုံးဝ ဖုံးကွယ်ဖို့ စိတ်ကူးမရှိတာကြောင့် ရှင်းပြပြောဆိုခဲ့သည်၊ “တက္ကသိုလ်မှာ အမေက ဘယ်လောက် ရေပန်းစားလဲ ဆိုတာကို အဖေတို့ မသိကြပါဘူး။ အင်္ဂလိပ်စာဌာနတစ်ခုလုံးက ရှန်ဟိုင်းမှာ နှီးနှောဖလှယ်ပွဲ တက်ရောက်ဖို့ အမေ့ကို အဖွဲ့ကို ဦးဆောင်စေပြီး စေလွှတ်ခဲ့တယ်။ နှီးနှောဖလှယ်ပွဲက ပြီးပြည့်စုံစွာနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့တယ်။ အမေက ‌ကျောင်းအတွက် ဂုဏ်ကျက်သရေတွေ ဆွတ်ခူးပေးခဲ့တယ်။ မျက်နှာပျက်စရာ အဖြစ်တွေ လုံးဝ မရှိခဲ့ဘူး။ ဒါက နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာပါ။ ဒီနှစ် နွေရာသီ အားလပ်ရက်မှာ အခြားကောလိပ်‌ကျောင်းသားအုပ်စုကို ဝင်ခွင့် လက်ခံခဲ့တယ်။”


ထို့နောက် လောင်တသည် အဲဒီအုပ်စုထဲမှာပါတဲ့ ကောင်စုတ်လေးတွေ အားလုံး အလွန် ဂနာမငြိမ် ဖြစ်နေကြောင်းကို ပြောပြခဲ့သည်။ အဲဒီအထဲမှာ မြို့တော်က လာတဲ့ အသက် ၁၈ နှစ် အရွယ် ကောင်လေးတစ်ယောက်ဆို သူ့အမေထံ တစ်နေ့ကို မေတ္တာစာနှစ်စောင် ရေးသား ပေးပို့ခဲ့သည်။


သူ့ရဲ့ အိမ်ထောင်စုစာရင်းသည် မြို့တော်မှာ စာရင်းသွင်းထားသည့် ဒေသခံတစ်ဦး ဖြစ်ပြီး စစ်တပ်မိသားစုမှ ဖြစ်သည်ဟု ဆိုသည်။ လင်းချင်းဟယ်သည် သူ့ထက် အသက်တော်တော်ကြီးကြောင်းကို သူ သိသော်လည်း ထိုကောင်လေးက လက်မလျှော့ပဲ ပိုးပမ်းနေတုန်းပင်။


ဒီဆက်ဆံရေးက အစ်မကြီးနှင့် မောင်ငယ်လေးတို့ရဲ့ အချစ်ရေး ဖြစ်နေလိမ့်မယ် ဆိုသည့် အကြောင်းကို သူက စိတ်ထဲမထားခဲ့ဘူး။


ကျိုးခိုင်က ကြေငြာချက်ထုတ်ပြီးမှသာ သူ့နှလုံးသားကို စွန့်လွှတ်လိုက်တာ ဖြစ်သည်။ ရက်အတော်ကြာသည့်အထိ သူ့မှာ အသည်းကွဲနေခဲ့တယ်လို့ ကြားခဲ့ရသည်။ ထို့အပြင်၊ သူသည် ကျိုးခိုင်၏ အတန်းသို့ပင် လာရှာခဲ့ပြီး ကျိုးခိုင်ပြောတာ သေချာလား မသေချာဘူးလား ဆိုတာကိုပင် လာရောက်စစ်ဆေးခဲ့သေးသည်။


ဒါက အမှန်ပါပဲ။ သူသည် ကျိုးခိုင်ကို မြင်တွေ့ခဲ့ပြီး ဒီလောက်အရွယ်ရှိသော သားဖြစ်သူကို ကိုယ်တိုင်မြင်ပြီးမှသာ သူ့အတွေးတွေကို လုံးဝ မြေမြှုပ်ပစ်ခဲ့တာ ဖြစ်သည်။


သို့တိုင်၊ ဒါကိုကြည့်လျှင် လင်းချင်းဟယ်တစ်ယောက် တက္ကသိုလ်တွင် မည်မျှ နာမည်ကြီးမှန်း သိရှိနိုင်သည်။


လောင်အာ့နှင့် လောင်စန်းတို့က ကြက်သေ သေသွားခဲ့ကြသည်။ ထို့နောက် ချီးကျူးစကားဆိုခဲ့ကြသည်၊ “အမေ၊ အမေက အရမ်းအံ့သြဖို့ ကောင်းတာပဲ။ အသက်အရွယ်မရွေး ဆွဲဆောင်နိုင်တယ်။”


ကျိုးချင်းပိုင်ရဲ့ အမူအရာဟာ ရုပ်ဆိုးသွားသည်။ သူက သူ့ဇနီးသည်ကို ကြည့်လိုက်သည်။


လင်းချင်းဟယ်က ချောင်းခြောက်ဆိုးပြီး “အဲ့တာ ငါ့အမှား မဟုတ်ဘူး။ ငါ သူတို့ကို ဆွဲဆောင်ခဲ့တာ မဟုတ်ဘူး။ သူတို့ဖာသာ စာတွေ ရေးပြီး ပေးကြတာလေ။”


“စာတွေ အများကြီးပဲ။ တစ်နေ့ တစ်နေ့ကို တစ်ပုံတစ်ပင် ရတယ်လို့တောင် ပြောရမယ်။” ကျိုးခိုင်က ဖြည့်ပြောသည်။


“နင် ဒီည ညစာ စားချင်သေးရဲ့လား။” လင်းချင်းဟယ်က သည်းမခံနိုင်တော့ပဲ အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။


“ဟီးဟီး၊ သေချာပေါက် စားချင်တာပေါ့။” ကျိုးခိုင်က တခစ်ခစ် ရယ်လိုက်သည်။ ထို့နောက် သူ့ညီနှစ်ယောက်ကို သူတို့အခန်းထဲ ပြန်ခေါ်သွားခဲ့သည်။


သီးသန့်အချိန်တွင် လောင်အာ့နှင့် လောင်စန်းတို့က ဟာသ မလုပ်တော့ပေ။ သူတို့က ချက်ချင်းပင် သူတို့အစ်ကိုကြီးအား ဆွဲခေါ်ပြီး သတိပေးခဲ့သည်။ နှစ်တိုင်း ကျောင်းသားသစ်တွေ ရောက်ရှိလာမှာပဲ ဖြစ်သည်။ သူတို့အမေကို စောင့်ရှောက်ရမယ်။ သူတို့ မိဘမဲ့ကလေးတွေ မဖြစ်ချင်ဘူး။


ဒီနှစ်ရွာမှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်တွေ များပြားသည်။ ညီအစ်ကိုနှစ်ယောက်စလုံး အရွယ်ရောက်လာပြီမို့ တော်တော်များများ သိနားလည်သည်။


ကျိုးချင်းပိုင်ကမူ ထိုညမှာ ဘာစကားမှ မပြောခဲ့ဘူး။


လင်းချင်းဟယ်က သူ စိတ်ဆိုးဒေါသထွက်နေမှန်းကို သိသည်။ သူမမိသားစုချင်းပိုင် စိတ်ဆိုးဒေါသထွက်တာကို မြင်ရတာ ရှားပါးပါသည်။ သူ စိတ်ကောက်နေချိန်မှာ အရမ်းချစ်ဖို့ကောင်းသည်။ ဒါကြောင့် သူမ ချော့မြူလိုက်သည်။


ညခင်းအချိန်ခါတွင် သူမ သူ့ကို ကောင်းကောင်းမွန်မွန် စားသောက်ခွင့်ပြုလိုက်သည်။


ထပ်ကာ ထပ်ကာ ဟိုလှည့် ဒီလှည့်လုပ်ရင်း၊ သူမ သူ့ကို အရိုင်းဆန်ခွင့်ပြုထားသည်။ ထို့မှပဲ သူမ သူ့ကို ချော့လိုက်နိုင်သည်။


“နောက်နှစ်ကျရင်၊ ကိုယ် မင်းတို့နှစ်ယောက်ကို လိုက်ပို့ပေးမယ်။” ကျိုးချင်းပိုင်က ပြောသည်။


“ဒီမှာ ရှင့်အလုပ်တွေ မရှိဘူးလား။” လင်းချင်းဟယ်က မေးသည်။


သူမနဲ့ လောင်တတို့ရဲ့ အတန်းချိန်ဟာ ၁၀ ရက်နေ့တွင် စတင်တော့မှာ ဖြစ်လို့ ၆ ရက်နေ့တွင် အိမ်ကနေ စတင်ထွက်ခွာရမှာ ဖြစ်သည်။ နှစ်သစ်ကူးပြီး ၆ရက်နေ့တွင် သူတို့ ကျောင်းကို ပြန်ရမည်။ ဒါက ကူကယ်ရာမဲ့လှသည်။


ကျိုးချင်းပိုင်က သူတို့သားအမိကို တကူးတက လိုက်ပို့ပေးစရာ မလိုဘူး။


“နွေရာသီကို စောင့်လိုက်ဦး။ အဲ့အချိန် ရှင့်မှာ အားလပ်ရက်ရှိမယ်ဆိုရင် ရှင် ကျောင်းကို လိုက်လာခဲ့။” လင်းချင်းဟယ်က သူ့ကို ပြောသည်။


ကျိုးချင်းပိုင်က သူမစကားကို နားထောင်ပြီး သူမကို ပွေ့ဖက်ရင်း အိပ်စက်ဖို့ ပြင်ဆင်လိုက်သည်။


“ရှင်က လူကြမ်းကြီးပဲ။ ဘယ်လို နူးညံ့သိမ်မွေ့ရမယ်မှန်းကို ရှင် မသိဘူးလား။” လင်းချင်းဟယ်က မြည်တွန်တောက်တီးသည်။


“တကယ်လို့ မင်း ဆက်ပြောနေဦးမယ်ဆိုရင်၊ ကိုယ် မင်းကို ထပ်ယူရလိမ့်မယ်။” ကျိုးချင်းပိုင်က ခြိမ်းခြောက်လိုက်သည်။


လင်းချင်းဟယ်က သူ့ရင်ဘတ်ကို အသာထုပြီး “လူကဖြင့် ထွန်ယက်စိုက်ပျိုးလို့ မရတဲ့မြေမှာ ထွန်ယက်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ နွားတွေလို ဖြစ်နေပြီ၊ ဒါကို ရှင်က အသံကျယ်နေသေးတယ်။ ကျိုးချင်းပိုင်၊ ရှင့်အသက်က ငယ်တော့တာ မဟုတ်ဘူး။”


“ကိစ္စမရှိပါဘူး။” ကျိုးချင်းပိုင်က အသာခပ်ဖွဖွ ရယ်မောလိုက်သည်။


သူက သူ့ခန္ဓာကိုယ်အကြောင်းကို ကောင်းကောင်းသိသည်။ ဒါက လုံးဝ ပြဿနာ မရှိဘူး။


“မြန်မြန်အိပ်တော့။” လင်းချင်းဟယ်က ဆူပူလိုက်သည်။


လင်မယားနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်း အိပ်စက်လိုက်ကြသည်။


ဒီနှစ် အသား တော်တော်ပေါတာကြောင့် လင်းချင်းဟယ်သည် ထုံးစံအတိုင်း အစ်မမိန်ထံမှာ သွားယူခဲ့သည်။


လင်းချင်းဟယ်က အထူးသဖြင့် အစ်မမိန်အတွက် ပဝါတစ်ထည် ဖယ်ထားပေးခဲ့သည်၊ “ဒီပဝါက ညီမ ကျောင်းကိုယ်စားပြု ရှန်ဟိုင်းကို နှီးနှောဖလှယ်ပွဲ သွားတက်တဲ့ နောက်ဆုံးအခေါက်တုန်းက ဝယ်လာခဲ့တာ။ ညီမလဲ ရောက်တုန်းရောက်ခိုက် အလကား အဖြစ်မခံနိုင်လို့ စျေးပတ်ကြည့်ခဲ့တယ်လေ။ ဒါကိုမြင်တော့ အစ်မကို သတိရပြီး ဝယ်လာခဲ့တာ။” 


“ငါတို့ဆီမှာ ဒီပုံစံမျိုး မရှိဘူး။” အစ်မမိန်က ပြောလာသည်။ သူမ အလွန်အမင်း ဝမ်းသာသွားခဲ့သည်။


“ဒါက ရှန်ဟိုင်းမှာ နောက်ဆုံးပေါ်အဆင်လေ။” လင်းချင်းဟယ်က ခေါင်းညိတ်သည်။


“ဘယ်လောက်လဲ။ အစ်မ နင့်ကို ဘယ်လောက်ပေးရမလဲ။” အစ်မမိန်းက အပြုံးဖြင့် မေးလာခဲ့သည်။


“ပိုက်ဆံအကြောင်းပြောတာက မရင်းနှီးလွန်းရာကျတယ်။ ညီမတို့ ခင်မင်ရင်းနှီးလာတာဖြင့် ဒီလောက် နှစ်တွေ အများကြီး ရှိနေပြီ။ ဒီအကြောင်း မပြောနဲ့။ ညီမက ဒီပဝါကို မြင်တာနဲ့ အစ်မနဲ့ လိုက်မယ်ထင်လို့ အစ်မအတွက် သက်သက် ဝယ်လာခဲ့တာ။” လင်းချင်းဟယ်က ပြောသည်။


နှစ်ယောက်သား အချိန်အတော်ကြာ စကားတွေပြောဖြစ်ကြပြီး လင်းချင်းဟယ်က ဝယ်သားလိုချင်တယ်လို့ ပြောခဲ့သည်၊ “ရွာမှာလည်း အသားဖြန့်ဖြူးပေမယ့် သိပ်အများကြီး မရဘူး။ ညီမ မြို့တော်မှာ ကျောင်းတက်သွားတုန်း ညီမယောက္ခမက အရမ်းချွေတာလွန်းတယ်။ ညီမရဲ့ မိသားစုဝင်တွေ အကုန်လုံးလိုလို ပိန်သွားကြတယ်။ ညီမ ပြန်ရောက်တုန်းလေး သူတို့အတွက် အာဟာရရှိတာလေးတွေ များများ ချက်ပြုတ်ကျွေးမွေးချင်လို့်လေ။”

 

“ညီမလိုချင်ရင် ရရမှာပေါ့။” အစ်မမိန်က ပြောသည်။ ထို့နောက် သူမသည် လင်းချင်းဟယ်အား အသားဘယ်လောက် လိုချင်လဲလို့ မေးလာခဲ့သည်။


ဝက်ဗိုက်သား၊ ဝက်နံရိုး၊ ဝက်ရိုးတွေနှင့် ဝက်ဝမ်းတွင်းကလီစာများ သူမ ရသလောက် အကုန်ယူခဲ့သည်။


အစ်မမိန်က အကုန်လုံးလိုလို ရရှိဖို့ သဘောတူခဲ့သည်။ လင်းချင်းဟယ် အိမ်ပြန်ခါနီးမှာ အစ်မမိန်က သူတို့အိမ်နောက်ဖေးမှာ မွေးမြူထားတဲ့ ကြက်တစ်ကောင်ကို ဖမ်းပြီး လက်ဆောင် အတင်းပေးခဲ့သည်။ 


“ညီမယောက္ခမလည်း ဒီနှစ် အိမ်မှာ များများမွေးထားတယ်။ အစ်မမိန်၊ အစ်မ ညီမကို ပေးစရာ မလိုပါဘူး။ မြန်မြန်ပြန်သိမ်းသွားပြီး ခဲအိုနဲ့ တူလေးတွေကိုပဲ ချက်ကျွေးလိုက်ပါ။” လင်းချင်းဟယ်က ပြန်ပြောသည်။


“သူတို့အတွက် ဘယ်လိုလုပ်ပြီး မကျန်ပဲ နေပါ့မလဲ။ ငါ ဒီအကောင်ကို နင့်အတွက် အထူးစပါယ်ရှယ် ဖမ်းထားတာ၊ ဒါကြောင့် ဒါကိုသာ မြန်မြန်ယူသွားလိုက်။ နင် ငါ့ကို ယဥ်ကျေးမနေနဲ့။” အစ်မမိန်က ပြောသည်။


ခဏလောက် ငြင်းပယ်ပြီးနောက် လင်းချင်းဟယ်သည် နောက်ဆုံး၌ လက်ခံယူသွားခဲ့သည်။


အစ်မမိန်က သူမကို လိုက်ပို့ရင်း ပြုံးရယ်နေခဲ့သည်။


သူမ အမျိုးသားက သူမကို ကျီစယ်ခဲ့သည်၊ “ပဝါလေးတစ်ထည်နဲ့တင်၊ မင်းက အရမ်းပျော်နေတာပဲ။”


“ရှင် ဘာသိလို့လဲ။ ဒါက ချင်းဟယ်က ကျွန်မကို သတိရနေလို့၊ ကျွန်မအတွက် ရှန်ဟိုင်းက နောက်ဆုံးပေါ်အဆင်ကို ဝယ်လာခဲ့တာလေ။ ရှင် ဒါကို ဝယ်ဖို့ ယွမ် တစ်ဒါဇင်ကျော်လောက်က အနည်းဆုံး ကုန်ကျမယ်လို့ ခန့်မှန်းရတယ်။” အစ်မမိန်က ပြောသည်။

 

“ပဝါတစ်ထည်က ဘယ်လိုလုပ်ပြီး ဒီလောက် စျေးကြီးရတာလဲ။” သူမအမျိုးသား ဒါကို ကြားပြီးနောက် ဤသို့ ပြောလာသည်။


အစ်မမိန်က သူမလက်ကို ဝှေ့ယမ်းရင်း သူ့ကို စကားပြန်မပြောတော့ဘူး။ ဘာပဲဖြစ်ဖြစ်၊ သူမက လင်းချင်းဟယ်ကို ကြက်တစ်ကောင် လက်ဆောင်ပေးခဲ့သည့်အတွက် အရှုံးမရှိပါဘူး။


ထို့နောက် သူမ နောက်နေ့ အလုပ်သွားတော့ ထိုပဝါလေးကို ဝတ်ဆင်သွားခဲ့သည်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီပဝါဟာ အထူးသဖြင့် ရှန်ဟိုင်းမြို့မှ နောက်ဆုံးပေါ်အဆင် ဆိုတာကို သိလိုက်ရသည့်အခါမှာ လုံးဝကို မနာလိုဖြစ်သွားကြသည်။