အခန်း၂၅၂
Viewers 43k

အခန်း (၂၅၂) - လက်မှုပညာကို သင်ယူခြင်း


လင်းချင်းဟယ်က အသားယူဖို့ လာတဲ့အခါ အစ်မမိန်က ရှက်ရွံ့စွာ ပြောလာသည်၊ “အစ်မ ဒီနေ့ အလုပ်သွားတုန်းက ဝတ်သွားခဲ့တာ။ အစ်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီပဝါကို မြင်ပြီး လိုချင်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူတို့က အစ်မကို ညီမ ရှန်ဟိုင်းကို သွားဖို့ အခါအခွင့်ကြုံရင် ဝယ်လာပေးလို့ ရမလားလို့ ညီမကို မေးကြည့်ပေးဖို့ တောင်းဆိုခဲ့တယ်။”


“ညီမ အဲ့ကို သွားဖြစ်ရင်တော့၊ ညီမ ဝယ်လာပေးလို့ ရပါတယ်။ ဒါပေမယ့်၊ အများကြီးတော့ မဝယ်လာနိုင်ဘူး။” လင်းချင်းဟယ်က ပြောသည်။


များများ ဝယ်လာလျှင် ချင့်ချိန်ရန် အလွန်အန္တရာယ်များကြောင်း အစ်မမိန်က နားလည်သည်။ 


အစ်မမိန်က လင်းချင်းဟယ် တောင်းဆိုထားသည့် အသားအားလုံးကို ပေးခဲ့သည်။ အသားအားလုံး ဆယ်ကျင်းနီးပါး ရှိသည်။ ငွေရှင်းပြီးနောက် လင်းချင်းဟယ် အိမ်ပြန်လာခဲ့သည်။


ထို့နောက် သူမသည် ဝက်အစာအိမ်ကြက်သားဟင်းကို ချက်ပြုတ်ဖို့ စတင်ပြင်ဆင်ခဲ့သည်။ 


ဒါက ကျိုးချင်းပိုင်ရဲ့ အစာအိမ်ကို အာဟာရ ဖြစ်စေလိမ့်မည်။


အမေကျိုး အိမ်သို့ ရောက်လာသောအခါ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ အလုပ်များနေမှန်း တွေ့လိုက်ရသည်။ အခုအချိန်မှာတော့ အမေကျိုးသည် ဒီချွေးမကို မြင်တွေ့ရတာ အရမ်းစိတ်ကျေနပ်သည်။


အကျင့်စရိုက် ကောင်းမွန်ပြီး သူမရဲ့ လင်ယောကျာ်းအပေါ် ပြုမူဆက်ဆံပုံက ပြောစရာ မရှိသလို သူမရဲ့ မြေးသုံးယောက်ကိုလည်း ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခဲ့သည်။


သူမ အရင်က ဘယ်လိုမျိုး ပြုမူခဲ့လဲ ဆိုတာကို ပြန်ကြည့်စရာ မလိုဘူး။ အခုအချိန်မှာတော့ သူမ ဘယ်လိုပဲကြည့်ကြည့် ဒီချွေးမက မျက်စိထဲ အရမ်းစိတ်ကြည်နူးဖို့ကောင်းသည်။


သူမနှင့် နှိုင်းစာလျှင် အမေကျိုးနှင့် ငြိမ်းချမ်းစွာ သဟဇာတဖြစ်ခဲ့သော အခြားချွေးမများက နောက်ကျကျန်နေခဲ့ပြီ။


အေးအေးချမ်းချမ်း နေထိုင်တယ် ဆိုတာ ဘာမှ မမှားပေမယ့် သူတို့တွေက စတုတ္ထလေးရဲ့ ဇနီးသည်လောက် ဥာဏ်မကောင်းဘူး။ စတုတ္ထလေးရဲ့ ဇနီးသည်က အရာအားလုံးကို အစီအစဥ်ဆွဲပြီးသားဖြစ်ကာ ကလေးတွေကို တက္ကသိုလ်တက်စေချင်တဲ့အတွက် အားလုံးကို လေ့ကျင့်သင်ကြားပေးခဲ့သည်။

 

အခု ကောလိပ်ဝင်ခွင့် စာ‌မေးပွဲတွေ ပြန်စပြီ ဆိုတာနဲ့ ချက်ချင်း အမီလိုက်နိုင်ခဲ့သည်။


လောင်အာ့နဲ့ လောင်စန်းတို့၏ ရလဒ်တွေကို ကြည့်လိုက်လျှင် မတော်တဆမှုသာ မရှိရင် သူတို့နှစ်ယောက်စလုံး တက္ကသိုလ်ဝင်ခွင့် ရနိုင်လိမ့်မည်။


အရင်က စတုတ္ထလေးရဲ့ ဇနီးသည် ပြောထားသလိုပါပဲ။ သူ့သားတွေက အနာဂတ်မှာ တက္ကသိုလ် တက်ရောက်နိုင်မှာဖြစ်ပြီး သူတို့ကိုယ်ပိုင် အလုပ်တာဝန်တွေကို ထမ်းဆောင်နိုင်လိမ့်မည်။ သူတို့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိတ်ပူဖို့ ဘယ်လိုအပ်ပါ့မလဲ။


ကြည့်ပါလား။ သူမရဲ့ ပြောစကားတွေကို သူမ တည်နေတာပဲ မဟုတ်ပါလား။


“စတုတ္ထလေးရဲ့ဇနီး နင် ဘာလုပ်နေတာလဲ။” အမေကျိုးက အရမ်းစိတ်ကောင်းဝင်နေတဲ့ အပြုံးနဲ့ မေးလာသည်။


“ဝက်အစာအိမ်ကြက်သားဟင်း ချက်နေတာ။ ဒီဟင်းလျာက အစာအိမ်ကို အာဟာရဖြစ်စေတယ်။ တစ်မိသားစုလုံး အာဟာရပြည့်ဖို့ လိုအပ်တယ်လေ။” လင်းချင်းဟယ်က ပြန်ဖြေသည်။


အဓိက ကတော့ ကိုယ့်ယောကျာ်းကို ဂရုစိုက်ဖို့ ဆိုပေမယ့် တခြားသူတွေကိုပါ တစ်ခါတည်း ဂရုစိုက်ပေးရမည်။

 

“နင် အိမ်ပြန်ရောက်မှပဲ၊ အိမ်မှာ အရသာရှိတဲ့ ဟင်းလျာ များများ စားရတော့မယ်။” အမေကျိုးက လာကြည့်ရင်း ပြောသည်။


စတုတ္ထလေးရဲ့ ဇနီးသည် အိမ်ပြန်ရောက်ကတည်းက အိမ်မှာ အရသာရှိတဲ့ ဟင်းလျာတွေ မပြတ် စားလေရသည်။ တစ်နပ်က ဝက်သားဟင်းဆို နောက်တစ်နပ်က ဝက်သားလုံးကြော်၊ ဒါမှမဟုတ် ဝက်သားဟင်းပဲ ဖြစ်ကာ အသားဟင်း မပြတ်ပေ။

 

ဖြန့်ဖြူးရရှိခဲ့သော အသားတွေက သုံးရက်အတွင်း အကုန် ကုန်သွားသည်။ အခု မီးဖိုချောင်ထဲမှာ အများကြီး ရှိနေတာကို မြင်တော့ သူမ မမေးပဲ သိလိုက်ရသည်။ သူမရဲ့ အဆက်အသွယ်တွေကနေ တဆင့် ဝယ်ခဲ့တာပဲ ဖြစ်မည်။


ဒါပေမယ့် အခုအချိန်မှာတော့ အမေကျိုးဟာ အဲဒီအကြောင်းကို မပြောချင်တော့ဘူး၊ ဘာကြောင့်လဲ ဆိုတော့ စတုတ္ထလေးရဲ့ ဇနီးသည်က ဒီကိစ္စကို နိုင်နင်းသည့်အတွက် စိတ်ပူနေဖို့ မလိုတော့ဘူး။


“ကျွန်မလည်း အားနေတာ ဆိုတော့၊ ကျွန်မ သူတို့ကို ကောင်းကောင်းကျွေးမွေးရမယ်။ ဒါ့အပြင်၊ ချင်းပိုင်နဲ့ အဖေက ဒီနှစ် အရမ်းပင်ပန်းခဲ့ရတာ။ ဆောင်းဦးနဲ့ ဆောင်းရာသီက သူတို့ကို အားဖြည့်ကျွေးမွေးဖို့အတွက် အကောင်းဆုံးအချိန်ပဲ။” လင်းချင်းဟယ်က ပြောပြီး ခံစားချက်အပြည့်နဲ့ သက်ပြင်းချလိုက်မိသည်၊ “ဝမ်းနည်းဖို့ကောင်းတာက၊ ဒီမှာ ဘဲအိုတစ်ကောင်မှ မရှိတာပဲ။”


“ဘဲအိုတွေလား။ အမျိုးသမီးချိုင်တို့အိမ်မှာ အကောင်ရေ နည်းနည်းရှိတယ်။ ဒီနှစ် နှစ်သစ်ကူးအတွက် သူတို့ အကောင်ရေ နည်းနည်း သတ်လိမ့်မယ်လို့ ထင်တယ်။ အမေ တစ်ချက် သွားမေးကြည့်ပေးရမလား။” အမေကျိုးက မေးသည်။


“အမျိုးသမီးချိုင်တို့အိမ်လား။” လင်းချင်းဟယ်က ပြောသည်။


“အင်း၊ သူတို့အိမ်မှာ လေးကောင်လောက် ရှိတယ်။ အကုန်လုံး အရွယ်ရောက်ပြီးသား ဘဲတွေချည်းပဲ။” အမေကျိုးက ပြန်ဖြေသည်။


“ကောင်းပြီ၊ အမေ သွားမေးကြည့်လိုက်လေ။” လင်းချင်းဟယ်က ပြောသည်။


ဘဲအကြီးတစ်ကောင်လောက် ရှိလျှင် သူမသည် အလွန်အာဟာရရှိပြီး အားဖြည့်ပေးနိုင်သည့် ဘဲဟင်းလျာကောင်းတစ်ခွက်ကို ချက်ပြုတ်ပေးနိုင်မည် ဖြစ်သည်။


အမေကျိုးက သွားမေးခဲ့သည်။ သူမက သူမရဲ့ စတုတ္ထချွေးမအကြောင်းနဲ့ ပတ်သက်ပြီး ဘာအဓိပ္ပါယ်မရှိတာကိုမှ မပြောခဲ့ဘူး။


လင်းချင်းဟယ်က လုပ်နိုင်စွမ်းရှိသည်။ သူမသည် ဝက်အစာအိမ်ကြက်သားဟင်းလျာကို ချက်ပြုတ်နေစဥ် နောက်ထပ် ချက်ပြုတ်မည့် ဟင်းလျာပွဲကြီးအတွက်ကိုလည်း စဥ်းစားတွေးတောနေခဲ့သည်။ သူမ အိမ်မှာ အချိန်ခဏလေးပဲ နေရတာကိုတော့ မတတ်နိုင်ဘူး။


ကျိုးချင်းပိုင်ကို ကျွေးမွေးဖို့အတွက် နေ့တိုင်း ဟင်းကောင်းကောင်း ချက်ပြုတ်ဖို့ မလိုအပ်ဘူးလား။


အမေကျိုး သွားမေးပြီး သိပ်မကြာခင်မှာပဲ ပြန်ရောက်လာသည်။ သူမသည် မကြာသေးမီက သတ်ထားသော ဘဲတစ်ကောင်ကို ပြန်ယူလာခဲ့သည်။


“ငါသွားတဲ့အချိန်မှာ ချိုင်အိမ်က သားအကြီးက ဘဲတွေကို သတ်နေတာ။ ငါက တစ်ကောင်လိုချင်တယ်လို့ ကြားတာနဲ့ သူက အထဲဝင်သွားပြီး သူ့အမေကို သွားအကြောင်းကြားပေးခဲ့တယ်။ သူက ငါ့ကို တစ်ကောင်ပေးလိုက်တယ်။” အမေကျိုးက ပြုံးပြီး ပြောပြသည်။


လင်းချင်းဟယ်သည် ကျိုးတုန်းနှင့် ကျိုးရှီတို့မောင်နှမကို အလွန်ဂရုစိုက်ပေးခဲ့သည်။ အခု ထိုမောင်နှမဟာ ချိုင်မိသားစုနဲ့ ဆွေမျိုးတော်စပ်လာခဲ့ကြပြီး သူတို့တွေရဲ့ ဆက်ဆံရေးက အရမ်းကောင်းသည်။


ဒါပေါ့၊ သူတို့က လင်းချင်းဟယ်ကို မျက်နှာသာပေးချင်တာလည်း ဖြစ်ပေသည်။


လင်းချင်းဟယ်က ပြုံးပြီး ပြောသည်၊ “ဒါဆိုရင် ကျွန်မ အဒေါ်ချိုင်ကို ကျေးဇူးတင်ရမှာပဲ။ မနက်ဖြန် သွားလည်ပြီးတော့ စကားနည်းနည်း ပြောတာပေါ့။”


အမျိုးသမီးချိုင်က သူမရဲ့ မြေးမလေးကို သူမ သားအကြီးဆုံးနှင့် မိတ်ဆက်ပေးချင်ပေမယ့်လည်း ဒီကိစ္စရပ်က မိသားစုနှစ်ခုကြားက ဆက်ဆံရေးကို မထိခိုက်သွားစေပါဘူး။


ရာသီဥတုကြောင့် ဘဲသား ပျက်စီးသွားမှာကို စိုးရိမ်စရာ မလိုဘူး။ ဒီနေ့မှာ ဝက်အစာအိမ်ကြက်သားဟင်းအပြင် နောက်ထပ် ဝက်သားဟင်းပါ ရှိသေးသည်။ သူတို့ ဘဲသားကို မစားနိုင်သေးဘူး။


မနက်ဖြန်အတွက် ဘဲသားစွပ်ပြုတ် ပြုလုပ်ရန် ချန်ထားလိုက်မည်။ ထို့နောက် ခေါက်ဆွဲပေါ် စွပ်ပြုတ်ရည် ဆမ်းလိုက်ရင် လုံးဝ ပြီးပြည့်စုံသွားလိမ့်မည်။

 

ဒီနေ့ ချက်ပြုတ်ထားသည့် ဝက်အစာအိမ်ကြက်သားဟင်းက အရမ်းအရသာရှိသည်။ တစ်မိသားစုလုံး ကြိုက်နှစ်သက်စွာ စားသုံးခဲ့ကြပြီး အဖေကျိုးသည်လည်း စားသောက်ရတာ အရမ်းစိတ်လှုပ်ရှားသွားသည်။


စတုတ္ထလေးရဲ့ ဇနီးသည် အိမ်ပြန်ရောက်မှပဲ အိမ်က စားစရာတွေက အရမ်းအရသာရှိသွားသည်။


“ကျိုးရှားက နောက်နှစ်ကျရင် ကျောင်းတက်ဖို့ အစီအစဥ် မရှိဘူး။ သူက သူ့အဖေနောက်လိုက်ပြီး အလုပ်မှတ်တွေ ရှာချင်နေတယ်။” အမေကျိုးက စကားဆိုလာသည်။


လင်းချင်းဟယ်က အံ့အားသင့်စွာ မေးလိုက်မိသည်၊ “ကျိုးရှားက ဘယ်အရွယ် ရှိသေးလို့လဲ။ လယ်ထဲဆင်း အလုပ်လုပ်ရင်တောင် သူက အလုပ်မှတ် ဘယ်လောက် ရမှာမို့လဲ။”


“သူက တကယ် စာမသင်ချင်ဘူး။” အမေကျိုးက ပြောသည်။


ပြောရမယ်ဆိုရင် အကြီးဆုံးမြေးတို့ ညီအစ်ကိုတွေက သူတို့အမေလိုပဲ စာကို ကောင်းကောင်း လေ့လာသင်ယူသည်။ မဟုတ်ရင် ကျိုးမိသားစုက မျိုးရိုးဗီဇတစ်ခုတည်းကိုပဲ အားကိုးနေလျှင် သူတို့မှာ အဲဒီအရည်အချင်းတွေ တကယ်မရှိဘူးလို့ ပြောရမည်။


ဒုတိယလေးတို့မိသားစုက ကျိုးရှား သာမက အကြီးဆုံးသားတို့မိသားစုက ကျိုးယန်သည်လည်း ပျမ်းမျှအဆင့်သာ ရှိသည်။ သူတို့ စာပေ ဆက်လက် လေ့လာသင်ကြားလိုသော်လည်း ဝင်ခွင့်ရရှိရန် အလွန်နည်းပါးသည်။

  

သူတို့က စတုတ္ထလေးရဲ့ ကလေးတွေလောက် မတော်ကြဘူး။


“တကယ်လို့ သူ စာမသင်ချင်ဘူးဆိုရင်၊ သူ့ကို လက်မှုပညာ တစ်ခုခုကို လေ့လာသင်ယူခိုင်းလိုက်ပါ။ လယ်ထဲ ဆင်းရုံနဲ့ တစ်နှစ်မှာ ငွေဘယ်လောက်ရှာနိုင်မှာလဲ။” လင်းချင်းဟယ်က လယ်ထဲဆင်းမယ့် အကြံကို သဘောမတူပေ။


“ဘယ်လက်မှုပညာကို သင်ယူခိုင်းရမှန်း မသိဘူးလေ။” အမေကျိုးက စတုတ္ထချွေးမကို အလွန်ယုံကြည်သည်။


ကျိုးရှားသည်လည်း သူမရဲ့ မြေး ဖြစ်သည်မို့ သူမ မြေးလေးကို အောင်မြင်စေချင်တာ သဘာဝပါပဲ။


“လက်သမားအတတ်ဆို ဖြစ်နိုင်ချေရှိတယ်။” လင်းချင်းဟယ်က ပြောသည်။


၁၉၈၀ ခုနှစ် အစောပိုင်းကာလများတွင် လက်သမား အလုပ်အကိုင်ဟာ ခေတ်စားလာခဲ့သည်။ အဆုံး၌ သူတို့သည် လက်သမားတွေ ဖြစ်ခဲ့ကြသည်။ အထူးသဖြင့် ထိုအချိန်တွင် ရပ်ဆိုင်းထားသော လုပ်ငန်းများစွာကို ပြန်လည်စတင်ရန် အစပျိုးနေချိန် ဖြစ်သည်။ သူတို့သည်လည်း ကျောင်းတွေလိုပင် ဖြစ်သည်။ သူတို့အားလုံး ပြန်လည်စတင်လာခဲ့ကြသည်။ အဲဒီအခါမှာ လက်သမားတွေရဲ့ လုပ်ဆောင်ချက်ကို ဘယ်မေ့ထားလို့ ရနိုင်ပါ့မလဲ။


အမေကျိုးသည် နောက်နေ့တွင် ဒီအကြောင်းအား ဒုတိယမရီးအား လက်ဆင့်ကမ်း ပြောပေးခဲ့သည်။


လင်းချင်းဟယ်က ဘဲသားစွပ်ပြုတ်ကို ချက်ပြုတ်နေပါသည်။ အရင်ဆုံး အိုးတစ်လုံးထဲတွင် ကျက်အောင် ပြုတ်ပြီးနောက် မီးအေးအေးဖြင့် မီးဖိုပေါ်တွင် ဆက်နှပ်ထားခဲ့သည်။ ဒီည စားသောက်ဖို့ အဆင်သင့်ပါပဲ။ အနံ့အရသာ အလွန်အရသာရှိပြီး လူအများအား လျှာကိုပင် မျိုချလုမတတ် ဖြစ်စေလိမ့်မည်။


“ဒုတိယမရီး ရောက်နေတာလား။” လင်းချင်းဟယ်က နှုတ်ဆက်သည်။


အရင်က သူတို့နှစ်ယောက်ကြား ကတောက်ကဆဖြစ်တာလေးတွေ ရှိခဲ့ပေမယ့် နှစ်တွေ ကြာလာတဲ့အခါမှာတော့ စိတ်ထဲ ဘာမှ မရှိတော့ပါဘူး။ အဆုံးမှာတော့၊ နောက်အနာဂတ်တွင် အပြန်အလှန် ဆက်ဆံဖို့ အချိန်သိပ်မရှိဘူး။


“လောင်တအမေ၊ ငါ မနေ့က အမေ့ဆီက ကြားခဲ့တယ်။ နင် ရှားရှားကို လက်မှုပညာ သင်ယူသင့်တယ်လို့ အကြံပေးခဲ့တယ်ဆို၊ ဟုတ်လား။” ဒုတိယမရီးက မေးလာသည်။


“ဟုတ်တယ်၊ ကျွန်မ အဲ့လို ပြောလိုက်တာ။ တကယ်လို့ ဒုတိယမရီးမှာ တခြားအစီအစဥ်တွေ ရှိတယ် ဆိုရင်လည်း ကျွန်မ စကားကို နားထောင်ဖို့ မလိုပါဘူး။” လင်းချင်းဟယ်က အပြုံးဖြင့် စကားဆိုလိုက်သည်။


“မဟုတ်ဘူး၊ ငါနဲ့ နင့်ရဲ့ ဒုတိယအစ်ကိုရော တစ်ညလုံး အဲ့အကြောင်း တွေးကြည့်ခဲ့ကြတယ်။ အဲ့တာက တော်တော်လေး ကောင်းတယ်လို့ ငါတို့ ထင်တယ်။ ဒါပေမယ့် နောင်အနာဂတ်မှာ အဲ့တာက အလုပ်ဖြစ် မဖြစ်ကို ငါတို့ မသိဘူး။” ဒုတိယမရီးက ပြောသည်။


“အနာဂတ်အတွက်ကျ ညီမ ဘာပြောရမလဲ။ ရှားရှားမှာ လိုက်လျောညီထွေ လုပ်နိုင်စွမ်းရှိတဲ့ ဦးနှောက်ရှိဖို့ပဲ လိုအပ်တယ်။ သူ ဘယ်အချိန်မှာ ဘာလုပ်သင့်တယ် ဆိုတာကို သူ သိရမယ်။ ပြီးတော့ တူညီတဲ့ စည်းမျဥ်းတွေကိုပဲ စွဲစွဲမြဲမြဲ မလိုက်နာနဲ့။ ခေတ်က တိုးတက်ပြောင်းလဲနေတယ်။ ခေတ်ခေတ်နဲ့အတူ တိုးတက်ပြောင်းလဲလဲအောင် လုပ်နိုင်စွမ်း ရှိရမယ်။ သူ ဘာပဲလုပ်လုပ် ခေတ်နဲ့ လိုက်လျောညီထွေမှုရှိရမယ်။” လင်းချင်းဟယ်က ပြောသည်။