အခန်း (၂၅၃) - ကျုရှင်သင်ပေးခြင်း
ဒုတိယမရီးသည် လင်းချင်းဟယ် ပြောလာသည့် စကားတွေကို နားထောင်ပြီး တဖြည်းဖြည်း စိတ်ထဲမှာ ပဟေဠိ ဖြစ်လာမိသော်လည်း သူမစိတ်ထဲတွင် လင်းချင်းဟယ်ကို အလွန်လေးစားနေမိသည်။ စတုတ္ထရဲ့ ဇနီးသည်က နိုင်ငံ၏ အကောင်းဆုံးတက္ကသိုလ်သို့ ဝင်ခွင့် ရရှိခဲ့သည်မှာ အံ့သြစရာ မဟုတ်ဘူးလို့ သူမ ခံစားမိသည်။
သူမ နားမလည်ပေမယ့် “ဒါဆို၊ နင်က ဒါကို တကယ်ကောင်းတယ်လို့ ထင်သလား” လို့ မေးလိုက်မိသေးသည်။
“လက်သမားအတတ်ကို လေ့လာသင်ယူတာ တကယ်ကောင်းတယ်။ အနည်းဆုံးတော့ စားနပ်ရိက္ခာအတွက် လယ်အလုပ်တစ်ခုတည်းကိုပဲ အားကိုးနေရတာထက်တော့ ပိုကောင်းတယ်။ ဒါပေါ့၊ လက်သမားအတတ် သင်ယူဖို့ အလုပ်သင် လုပ်ရတာ သိပ်မလွယ်ဘူး။ ခက်ခဲပင်ပန်းမှု မရှိပဲ လက်မှုပညာကို သင်ယူတတ်မြောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ကြိုးစားရင် ကောင်းကင်က ကိုယ့်ကို ပစ်ထားမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား ဒုတိယမရီး” လင်းချင်းဟယ်က ပြောသည်။
လင်းချင်းဟယ်သည် မိသားစုအတွင်း ညီအစ်ကို မောင်နှမအားလုံးကို ဖွံ့ဖြိုးတိုးတက်နိုင်ပြီး အားလုံး အတူတကွ ချမ်းသာလာဖို့ကို မျှော်လင့်ပါသည်။ ထိုမှသာ အားလုံး ကောင်းမွန်ပြီး မိသားစုသည်လည်း ခိုင်မာလာမည် ဖြစ်သည်။
“အဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလက်မှုအတတ်ကို ဘယ်မှာ သင်ယူရမလဲဆိုတာ ငါ မသိဘူး။” ဒုတိယမရီးက တုံ့ဆိုင်းသွားသည်။
“ဒုတိယအစ်ကိုကို ချင်းပိုင်ကို လာရှာပြီး ပြောခိုင်းလိုက်ချေ” လင်းချင်းဟယ်က ပြောသည်။ လင်းချင်းဟယ်က ဒီအကြောင်းကို သိပ်မသိတာမို့ ဤသို့သာ အကြုံပြုလိုက်ပါသည်။
ဒုတိယမရီးသည် စတုတ္ထဦးလေး ကျိုးချင်းပိုင်မှာ အဆက်အသွယ်ရှိနေတယ်လို့ ထင်ပြီး “ကောင်းပြီ၊ ငါ နင့်ဒုတိယအစ်ကိုကို စတုတ္ထမတ်လေးနဲ့ စကားပြောခိုင်းလိုက်မယ်” ဟု အသေအချာ ပြန်ဖြေခဲ့သည်။
နောက်တော့၊ ဒုတိယအစ်ကိုက ကျိုးချင်းပိုင်အား လာရှာခဲ့သည်။
ကျိုးချင်းပိုင်က ထိုစကားကို ကြားသောအခါ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပေမယ့် “မြို့ထဲမှာ လက်သမားတစ်ယောက်တော့ ရှိတယ်။ မြို့ထဲမှာ သစ်အချောထည်စက်ရုံ ရှိတယ်လို့ ကြားတယ်။ တကယ်လို့ ရှားရှားသာ သွားချင်ရင်၊ ကျွန်တော့်ရဲဘော်တွေကို မေးပေးလို့ ရတယ်။”
“ရတယ်၊ ရတယ်။” ဒုတိယအစ်ကိုက ထပ်ခါတလဲလဲ ပြောလိုက်မိသည်။
“ဒါပေမယ့် အစ်ကိုက ရှားရှားကို လက်သမားလုပ်ဖို့ ဘာဖြစ်လို့ ပို့ချင်တာလဲ။” ကျိုးချင်းပိုင်က မေးခွန်းထုတ်လာသည်။
“စတုတ္ထခယ်မလေးက ဒါကို အကြံပြုတာလေ။” ဒုတိယအစ်ကိုက ပြောသည်။
ကျိုးချင်းပိုင်က အံ့အားသင့်သွားပြီး အိမ်ပြန်ရောက်တော့ ဒီအကြောင်းအား သူ့ဇနီးသည်ကို မေးမြန်းခဲ့သည်။
လင်းချင်းဟယ်က အမှန်အတိုင်း ပြောလိုက်သည်၊ “လက်သမားလုပ်တာက အတော်လေး ရေပန်းစားတယ်။”
ဒီနှစ်ကုန်ရင် ၁၉၇၉ ခုနှစ်သို့ ရောက်ရှိပြီ။ အလုပ်သင်ဖြစ်ဖို့ အချိန်တစ်ခု ကြာမြင့်ပေမည်။ ဒါ့အပြင်၊ ကျိုးရှားသည် ဒီနှစ်မှ အသက် ဘယ်လောက်ရှိသေးလို့လဲ။
ပညာရှင်တစ်ဦးဖြစ်ဖို့နှင့် လက်မှုအတတ်ကို သင်ယူလေ့လာနိုင်ဖို့ သူ့ကို သစ်အချောထည်စက်ရုံကို စေလွှတ်လိုက်တာ ပိုကောင်းသည်။
အနာဂတ်နဲ့ ပတ်သက်ပြီးတော့ နောက်မှ ပြောကြတာပေါ့။ သူ့ကို အခမဲ့အလုပ်လုပ်ခွင့်မပြုပဲနဲ့ သူ့ကို ဝင်ငွေရတဲ့ အလုပ်မှတ်တွေ ပေးအပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ တစ်နှစ်မှာ ဝင်ငွေ ဘယ်လောက်ရနိုင်မှာမို့လဲ။ မကြာခင်မှာ စာချုပ်စနစ်တစ်ခု ပေါ်ထွန်းလာလိမ့်မည်။
လင်းချင်းဟယ်သည် ၁၉၉၀ ခုနှစ်များမတိုင်မီအထိ လက်သမားဆရာများကို မည်သည့်နေရာတွင်မှ ဖယ်ရှားပစ်မည် မဟုတ်ကြောင်း ခံစားခဲ့ရသည်။ ဟုတ်ပါတယ်၊ ၎င်းကို သူတို့ကိုယ်တိုင် လုပ်ဆောင်နိုင်ရမည်။
သူမသည် လမ်းညွှန်ပေးရုံသာ တတ်နိုင်ပြီး ကျန်တာတွေကတော့ ကျိုးရှားက သူ့ဦးနှောက်ကို အသုံးပြုဖို့ လိုအပ်တာ ပုံမှန်ပါပဲ။
သို့မဟုတ် အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကို ပြောင်းလုပ်ပါ သို့မဟုတ် တစ်ဦးတည်းပိုင်လုပ်ငန်းကို စတင်လုပ်ကိုင်ပါ။
ဒီကိစ္စကြောင့် ကျိုးချင်းပိုင်သည် ထိုအကြောင်းကို မေးမြန်းရန် မြို့တွင်းရှိ လုံခြုံရေးဗျူရိုသို့ အထူးသွားရောက်ခဲ့သည်။ သူ့ရဲဘော်တွေက သစ်အချောထည်စက်ရုံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်မေးမြန်းပေးခဲ့သည်။ သစ်အချောထည်စက်ရုံက အမှန်တကယ်ကိုပင် အလုပ်သင်များကို ခေါ်ယူစုဆောင်းနေခဲ့သည်။
ကျိုးချင်းပိုင်က ပြန်ရောက်တာနဲ့ ဒီအကြောင်းကို ပြောပြခဲ့သည်။ ဒါက ပြီးပြည့်စုံသော အချိန်အခါ ဖြစ်သည်။ တကယ်လို့ သူ သွားချင်တယ်ဆိုရင်တော့၊ နောက်နှစ် ဇူလိုင် ၁ ရက်နေ့ ရောက်တာနဲ့ သွားရပေမည်။
သစ်အချောထည်စက်ရုံတွင် အစားအသောက်နှင့် နေစရာ ပေးသည်။ အလုပ်သင်တစ်ဦးဖြစ်လို့ ပထမနှစ်တွင် အထွေထွေအလုပ်တွေကို လုပ်ကိုင်ပေးရမည်။ ဒုတိယနှစ်တွင် လက်ဆင့်ကမ်း အခြေခံအတတ်တွေကို သင်ယူနိုင်ကြမည်။ တတိယနှစ်တွင် ကျွမ်းကျင်မှု အစစ်အမှန်များကို သင်ယူနိုင်လိမ့်မည်။ လက်ရှိတွင် ကျိုးရှားက အတော်လေး ငယ်သေးသည်။
သုံးနှစ်ကြာပြီးနောက် သူ့အသက်က ဘယ်လောက်ရှိမှာမို့လဲ။
သို့ပေမယ့် ဒါ ကိစ္စမရှိပါဘူး။ ဟိုကိုရောက်တာနဲ့ သူ့အတွက် လမ်းမှန်သို့ ရောက်သွားပြီ ဖြစ်သည်။
လစာ မရသော်လည်း အစားအသောက်နှင့် နေစရာ ရရှိသည်။ မိသားစုဝင်ငွေ တိုးပွားစေမည့် အလုပ်မှတ်များ မရရှိသော်လည်း မိသားစု စားဝတ်နေရေးကိုတော့ သက်သာစေသေးသည်။
ဒုတိယအစ်ကိုနှင့် ဒုတိယမရီးတို့ လင်မယားဟာ လင်းချင်းဟယ်ရဲ့ ပြောစကားကို နားထောင်တာ မှန်ကန်တယ်လို့ ခံစားခဲ့ရသည်။
လင်းချင်းဟယ်က ကျိုးရှားကို ပြောသည်၊ “ကျွန်မ ရှားရှားကို ထောက်ခံတယ်။ ဒါပေမယ့် ရှားရှား၊ နင် အဲဒီကို ရောက်ရင် လေ့လာသင်ယူပြီးရင်း လေ့လာသင်ယူရမယ်။ ဆရာသခင်တွေဆီက လက်မှုအတတ်ပညာကို သင်ယူရုံသာမက ဆရာသခင်တွေက လူတွေနဲ့ ပြောဆိုဆက်ဆံပုံကိုလည်း လေ့လာသင်ယူရမယ်။ အတိတ်တုန်းက ခေတ်စားခဲ့တဲ့ ပရိဘောဂဒီဇိုင်းတွေကိုလည်း သိရမယ်။ နောင်အနာဂတ်မှာ ပုံစံသစ်တွေနဲ့ ဒီဇိုင်းတွေ ပြောင်းလဲသွားနိုင်တယ်။ ဒါတွေအားလုံးကို သေသေချာချာ လေ့လာပြီး ထီထွင်ဆန်းသစ်နိုင်ဖို့ လိုအပ်တယ်။ သင်ယူခြင်းဆိုတာ အဆုံးသတ် မရှိဘူး။ နင် မာနဝင့်ကြွားပြီး တင်းတိမ်မရောင့်ရဲသင့်ဘူး။ ဆရာသခင်ကို လေးစားရမယ်။ သူတို့က နင့်ကို သူတို့ရဲ့ အတတ်ပညာတွေအားလုံး သင်ကြားပေးခဲ့သူတွေပဲ ဖြစ်တယ်။”
“ကျွန်တော် နားထောင်ပါမယ်။” ကျိုးရှားက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
“အနာဂတ်မှာ နင်ကြီးပြင်းလာပြီး ကိုယ်ပိုင်လုပ်ငန်း စတင်ချင်တဲ့အခါ မင်းရဲ့ ဆရာသခင်ကို ကြိုတင်ပြောထားရမယ်။ စတုတ္ထအဒေါ်က နင် လက်မှုပညာကို သင်ယူတတ်မြောက်ပြီးတာနဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ချင်တယ်ဆိုရင် နင့်ကို ကူညီပံ့ပိုးပေးမယ်။၊” လင်းချင်းဟယ်က ပြောသည်။
ကျိုးရှားက ရယ်သည်၊ “ကျွန်တော် ဒါကိုတောင် လေ့လာမသင်ယူရသေးဘူး။ ကျွန်တော် လေ့လာသင်ယူပြီးတဲ့ အချိန်အထိ စောင့်ပါ။ ကျွန်တော် လေ့လာသင်ယူနိုင်မှ ဒါကို စဥ်းစားဆုံးဖြတ်ကြတာပေါ့။”
လင်းချင်းဟယ်က ခေါင်းညိတ်သည်။ “နင့်ကိုယ်နင် အရမ်းဖိအားပေးစရာ မလိုဘူး။ တကယ်လို့ နင် လေ့လာမသင်ယူနိုင်ဘူးဆိုရင် နင် မွေးရပ်မြေကိုပဲ ပြန်လာခဲ့ပါ။ ငွေရှာဖို့ အခွင့်အလမ်းတွေအများကြီး ရှိပါတယ်။”
“ငွေရှာဖို့ နည်းလမ်းရှိလား” ကျိုးရှားက မေးသည်။
“အဲဒီအချိန်ရောက်မှ စကားပြောကြတာပေါ့။” လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
ကျိုးရှားက သဘောတူပြီးနောက် အိမ်ပြန်သွားသည်။
သူက စာမကျက်ချင်တော့မယ့် ရိုးရိုးသားသား ပြောရမယ်ဆိုရင် သူ လယ်ကွင်းထဲဆင်း အလုပ်မလုပ်ချင်ဘူး။ အခုတော့ လက်မှုအတတ်ကို လေ့လာသင်ယူနိုင်မှာ ဖြစ်လို့ သူ အရမ်းပျော်သည်။
အကြီးဆုံးမရီးနှင့် တတိယမရီးတို့သည်လည်း ဒီအကြောင်းကို သိပေမယ့် သိပ်တုံ့ပြန်မှု မရှိဘူး။
နှစ်ယောက်စလုံးက သူတို့သားတွေကို စာလေ့လာသင်ယူခိုင်းဖို့ စီစဥ်ထားကြသည်။ သူတို့က နားမလည်ဘူးဆိုရင်တောင် ဆက်လေ့လာရမည်။
သူတို့နှစ်ယောက်သည် နှမ်းတစ်ထုပ်၊ မြေပဲတစ်ထုပ်နှင့် ရောက်လာကြသည်။ သူတို့သည် သူတို့ကလေးတွေအတွက် လင်းချင်းဟယ်အား စာသင်ကြားပေးဖို့ တောင်းဆိုရန် အနည်းငယ် ရှက်ရွံ့နေခဲ့ကြသည်။
လင်းချင်းဟယ်က ပစ္စည်းတွေကို လက်ခံလိုက်ပြီး “သူတို့မောင်နှမတွေကို မနက် ၈ နာရီခွဲလောက်ဆို လာခိုင်းလိုက်၊ ညီမ သူတို့ကို တစ်နာရီခွဲလောက် သင်ကြားပေးလို့ရတယ်။ မနက် ၁၀နာရီဆို ညီမ ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်ရမယ်။”
အကြီးဆုံးမရီးနှင့် တတိယမရီးတို့သည် လင်းချင်းဟယ်က လက်ခံလိုက်တော့ သဘာဝအတိုင်း အလွန်ပျော်ရွှင်သွားကြသည်။
အကြီးဆုံးမရီးက သူမ သားဖြစ်သူ ကျိုးယန်ကို စေလွှတ်ခဲ့ပြီး တတိယမရီးကတော့ သူမရဲ့ သမီးအကြီးဆုံး ဝူနီကို စေလွှတ်ခဲ့သည်။
ကျန်တဲ့ကလေးတွေကတော့ ငယ်သေးတာမို့ ကျူရှင်တက်စရာ မလိုသေးပါဘူး။ အကြီးတွေက သေသေချာချာ တတ်မြောက်သွားတာနဲ့ အငယ်တွေကို ပြန်သင်ပေးနိုင်သည်။
နိုင်ငံအကောင်းဆုံး တက္ကသိုလ်တွင် တက်ရောက်ခွင့် ရရှိခဲ့သော စတုတ္ထခယ်မလေးထံမှ သင်ခန်းစာများကို လေ့လာသင်ယူနိုင်လျှင် သူတို့၏ အဆင့်တွေလည်း တိုးတက်လာလိမ့်မည် ဖြစ်သည်။
ထို့နောက် လင်းချင်းဟယ်သည် သူမရဲ့ တူနှင့် တူမတို့၏ အိမ်စာများကို ကြည့်ကာ အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။
သူတို့ရဲ့ အခြေခံတွေဟာ အရမ်းကို သာမန်ဖြစ်လွန်းသည်။
သို့ပေမယ့် သူတို့နှစ်ယောက်စလုံးက စိတ်အားထက်သန်စွာ လေ့လာသင်ယူချင်တဲ့အတွက် လင်းချင်းဟယ်က သူတို့ကို သင်ပေးချင်စိတ်ရှိတုန်းပါပဲ။
သူမသည် ဘာသာရပ်နှစ်ခုကို သင်ကြားပေးခဲ့သည်။ တစ်ခုမှာ သင်္ချာဘာသာရပ်ဖြစ်ပြီး နောက်တစ်ခု အင်္ဂလိပ်စာ ဖြစ်သည်။ သူမသည် နှစ်ခုစလုံးကို အခြေခံမှ စတင်သင်ကြားပေးခဲ့သည်။ ဒီအခြေခံများကို အထင်မသေးပါနှင့်။ ဒါတွေက သူတို့နှစ်ယောက်စလုံးကို အဆင့်ကောင်းကောင်း ရရှိစေဖို့ အာမခံနိုင်ပါသည်။
ကျိုးချင်းပိုင်က ကျိုးရှားက လက်သမား အလုပ်သင်နေရာကို ကူညီပေးရသည့်အတွက် ဘာမှ မခံစားရသော်လည်း ဤတူနှင့် တူမလေးက နေ့တိုင်း တစ်နာရီခွဲကြာ သူ့ဇနီးသည်ကို သိမ်းပိုက်ရန် ရောက်ရောက်လာတတ်သောကြောင့် ကျိုးချင်းပိုင်သည် အသက်မရှင်နိုင်သလို ခံစားခဲ့ရသည်။
သူ့ဇနီးသည်က အိမ်ပြန်လည်ဖို့ ရှားရှားပါးပါး အခွင့်အရေးလေးတစ်ခု ရရှိခဲ့သည်။ ဒီတစ်ခေါက်ပြန်လာတာ သူမ အိမ်မှာ ဘယ်နှရက်ပဲ နေနိုင်မှာမို့လဲ။
အချိန်အလုံအလောက်မရှိဘူးဟု သူ ခံစားခဲ့ရပြီး ထိုကလေးတွေ တစ်ယောက်ချင်းစီတိုင်းက သူ့ကို အနှောင့်အယှက်ပေးနေခဲ့သည်။
ကျိုးချင်းပိုင်သည် ဘာအသံမှ မထွက်ခဲ့ပေ။ နေ့တိုင်း လင်းချင်းဟယ်သည် သူတို့အတွက် အိမ်စာများ ပေးခဲ့ပြီး အိမ်စာပြီးအောင် လုပ်ဖို့ သတိပေးသည်။ သူမ သားအကြီးဆုံးကိုလည်း သူတို့အတွက် ကျက်မှတ်ဖို့ အခြား အရေးကြီးသော အချက်များကို အမှတ်အသားပြုခိုင်းခဲ့ပြီး သူတို့ကို ကျက်မှတ်လေ့လာစေခဲ့သည်။ ထို့နောက် သူမသည် ကိုယ်တိုင်ကိုယ်ကျ ပြန်စစ်ဆေးမည် ဖြစ်သည်။
ထို့ကြောင့် ဤဆောင်းရာသီ အားလပ်ရက် အပန်းဖြေခရီးသည် ကျိုးယန်နှင့် ဝူနီတို့အတွက် လုံးဝ မလွယ်ကူပေ။
လင်းချင်းဟယ်သည် အကြီးဆုံးမရီးက သူမရဲ့ သမီးတွေ မည်သူ့ကိုမျှ ကျောင်းကို ဆက်လက် တက်ရောက်ခွင့်မပြုသောကြောင့် တတိယမရီးသည် သူမရဲ့ သမီးအကြီးဆုံးကို ကျောင်းဆက်တက်ခွင့်ပြုလိုက်သည့်အတွက် များစွာ အံ့အားသင့်ခဲ့ရသည်။ လက်ရှိတွင် ကျိုးမိသားစုမှာ ဆက်လက် ပညာသင်ကြားခွင့်ရရှိသည့် တစ်ဦးတည်းသော သမီးမိန်းကလေးမှာ ဝူနီ ဖြစ်သည်။ သူမရဲ့ အရည်အချင်းက သာမန်ဖြစ်ပြီး အဆင့်ကလည်း ပျမ်းမျှအဆင့်ပဲ ရှိသည်။ သူမသည် ပဥ္စမတန်းတွင် တစ်နှစ်နေခဲ့ပြီး လောင်အာ့နှင့် အတူတူ သင်ကြားပြီးနောက် စာမေးပွဲအောင်မြင်ခဲ့သည်။ နောက်နှစ်တွင်မူ အလယ်တန်း ပထမနှစ်၏ ဒုတိယနှစ်ဝက်အတန်းသို့ တက်ရောက်ရမည် ဖြစ်သည်။
ဒါပေမယ့် သူမရဲ့ အခြေခံက တော်တော်လေးကို အားနည်သည်...
ဆောင်းရာသီအားလပ်ရက် ပြီးဆုံးဖို့ ရက်အနည်းငယ်သာ ရှိတော့တာမို့ တတ်နိုင်သမျှ သူမ သင်ကြားပေးခဲ့သည်။
“ချင်းပိုင်၊ နေ့လည်ကျရင် ကျွန်မတို့ တောင်ပေါ် လမ်းလျှောက်ထွက်ကြမလား။” လင်းချင်းဟယ်သည် ထိုနေ့ နေ့လည်စာ စားသောက်ပြီးနောက် တစ်ရေးတစ်မော အိပ်စက်အနားယူရန် အခန်းထဲသို့ ပြန်သွားသည့်အချိန်တွင် သူမအမျိုးသားကို ဤသို့ ပြောလိုက်သည်။