အခန်း (၂၅၅) - ၁၉၇၉ ခုနှစ်၏ နှစ်သစ်ကူးပွဲတော်
နှစ်သစ်ကူးအကြိုနေ့တွင် သူတို့အိမ်မှာ ရစ်ငှက်တွေ အများအပြားရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တတိယမောင်လေးလင်းထံမှ ရစ်ငှက်နှစ်ကောင်အပြင် ကလေးတွေ အပြင်သို့ အမဲလိုက်ထွက်ပြီး ညနေပိုင်း အိမ်ပြန်လာချိန်တွင် ရစ်ငှက် အမြောက်အများ ရရှိလာခဲ့သည်။
ဒါကြောင့် အစားအသောက် ပေါကြွယ်ဝတဲ့ပွဲတော်တစ်ခု ဖြစ်လာခဲ့သည်။
နှစ်သစ်ကူးအကြိုညစာအတွက် မိသားစုတွေစုပြီး စားသောက်ကြတာ အရမ်းစိတ်ကျေနပ်ဖို့ကောင်းသည်။
အဖေကျိုးနှင့် အမေကျိုးတို့လည်း အရမ်းပျော်နေကြသည်။ အခုအချိန်မှာတော့ မိသားစုထဲမှာ အရာအားလုံးဟာ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီမို့ ဘာတွေများ ပူပန်စရာ ရှိတော့မှာလဲ။
“နင်တို့ တစ်ယောက်ချင်းစီတိုင်း စားနိုင်သမျှ စားပြီး ဘာမှ မချန်ထားခဲ့နဲ့။ နောက်နှစ်ကျရင် နင်တို့တွေ စာကို ကြိုးစားပမ်းစား လေ့လာရမယ်။ နောင်အနာဂတ်မှာ နင်တို့ ကိုယ့်ဘာသာကိုယ် မထောက်ပံ့နိုင်ရင် နင်တို့အဖေနဲ့ ငါက ဂရုစိုက်မှာ မဟုတ်ဘူး။” လင်းချင်းဟယ်က ညီအစ်ကိုသုံးယောက်ကို ပြောလိုက်သည်။
အခြေအနေတွေ ပိုကောင်းမွန်လာတာကို သူမ တကယ်ကို ဝမ်းသာမိပါသည်။
ဒီလိုမှမဟုတ်ရင်၊ မိသားစုမှာ ကောင်လေး သုံးယောက်ရှိပြီး လယ်ကရတဲ့ ဝင်ငွေနည်းနည်းလေးကိုပဲ အားကိုးနေရရင် မိသားစုက အနောက်မြေလေကို သောက်နေရလိမ့်မည်။
သူတို့က တကယ် စားနိုင်သည်။ အစားအသောက်တိုင်း အကုန်အပြောင်ရှင်းနိုင်ကာ သူတို့ရဲ့ အစာစားချင်စိတ်က တကယ်ကို ကြီးမားသည်။
“အမေ၊ အမေရဲ့သားအရင်းတွေကို ဒီလိုတော့ မဆက်ဆံသင့်ပါဘူး။” ကျိုးခိုင်က ပြန်ဖြေသည်။
သူက အများဆုံးစားသည်။ ဒါကို သူလည်း မတတ်နိုင်ဘူး။ သူက အရပ်ရှည်နေသည့် အရွယ်ဖြစ်၍ ဗိုက်ဆာလွယ်သည်။
အိမ်တွင် ဆီနဲ့ ရေ အလုံအလောက် ရှိပေမယ့် ဒီကလေးရဲ့ အမြန်စားသုံးမှုကို ခံနိုင်ရည် မရှိဘူး။
“အမေက အဖေကလွဲရင် ဘယ်သူ့ကိုမှ မျက်နှာသာမပေးဘူး။ ကျွန်တော်တို့သုံးယောက်လည်း အပါအဝင်ပဲ။ အမေရဲ့ အချက်အပြုတ်လက်ရာက အရမ်းကောင်းပြီး ကျွန်တော်တို့ ကောင်းကောင်းစားရတယ်။ အစ်ကိုကြီး၊ ဒါနဲ့ စိတ်ကျေနပ်လိုက်ပါ။” လောင်အာ့ (ခ) ကျိုးရွှမ်းက ခေါင်းယမ်းပြီး ပြောသည်။
“လေထဲမှာ လွင့်မျောနေတဲ့ ဂေါ်ဖီထုပ်သုံးကောင်ပါ” လောင်စန်း (ခ) ကျိုးကွေ့လိုင်က သူ့လက်တွေကို ကျောဖက်ပို့ ယှက်တင်ကာ စိတ်ဓာတ်ကျနေသည့် မျက်နှာလေးဖြင်း ကောင်းကင်ကြီးကို လေးဆယ့်ငါးဒီဂရီ မော့ကြည့်လိုက်သည်။
လင်းချင်းဟယ်က သူတို့ကိုကြောင့် ရယ်မောပျော်ရွှင်ခဲ့ရပြီး သူတို့ကို သပ်ရပ်အောင် ပြင်ဆင်ပေးကာ အပြင်လွှတ်လိုက်သည်။ ထို့နောက် သူမသည် ကျိုးချင်းပိုင်နဲ့အတူ အိမ်လည်ထွက်ခဲ့ကြသည်။
နှစ်သစ်ကူးအကြိုနေ့တွင် အိမ်မှာ တစ်နေကုန် မနေသင့်ဘူးဆိုတာ ပြောစရာ မလိုတဲ့ စည်းမျဥ်းတစ်ခုပါ။ ညစာစားပြီးနောက် လင်းချင်းဟယ်သည် ကွာစေ့တွေနှင့် အဆာပြေမုန့်တွေကို ယူပြီး အမျိုးသမီးချိုင်တို့အိမ်ကို အလည်သွားခဲ့သည်။
တစ်နာရီကျော်လောက်ထိုင်ပြီး သူမသည် ကျိုးအိမ်ဟောင်းဖက်သို့ သွားခဲ့သည်။
အကြီးဆုံးမရီးနဲ့ တခြားသူတွေက သူမကို စောင့်ဆိုင်းနှင့်နေခဲ့ပြီ။
သမီးယောင်းမတွေက သူတို့ရဲ့ ဆက်ဆံရေးကို အတိတ်မှာပဲ ထားခဲ့ကြသည်။ ယခုလက်ရှိမှာတော့၊ သူတို့တွေရဲ့ ဆက်ဆံရေးက အတော်လေးကို အဆင်ပြေနေကြပြီး နှစ်သစ်ကူးတိုင်း အတူတူ ဆုံစည်းခဲ့ကြသည်။
ပထမဦးစွာ ဒီနှစ် ရွာရဲ့ အပြောင်းအလဲတွေကို ပြောကြသည်။ တက္ကသိုလ်တက်ရောက်ခွင့်ရတဲ့ ပညာတတ်လူငယ်တွေ အားလုံး ပြန်သွားကြပြီး အများစုက နှစ်သစ်ကူး အိမ်ကို ပြန်မလာကြတော့ဘူး။
လင်းချင်းဟယ်က ယခု ထွက်ခွာသွားသူများအားလုံးကို တက္ကသိုလ်ဝင်ခွင့် ပေးထားခဲ့သော်လည်း နောင်အနာဂတ်အတွက်မူ သေချာရေရာ မသိနိုင်ဟု ဆိုသည်။
သူမက ဒီစကားကို သိပ်ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး၊ နောက်ပိုင်းတွင်၊ ပညာတတ်လူငယ်တွေ အများအပြား မြို့ထဲသို့ ပြန်ဝင်လာကြပြီး နောက်နှစ် ဇူလိုင်လ ဒါမှမဟုတ် စက်တင်ဘာလ ဖြစ်မယ်လို့ ထင်ရသည်။
၁၉၇၉ ခုနှစ်မှ ၁၉၈၀ ခုနှစ်များ အစောပိုင်းအထိ၊ အခြေခံအားဖြင့်တော့ သိပ်အများကြီး မကျန်တော့ပါဘူး။
သူမ ပြောတာကို ကြားပြီးနောက် အကြီးဆုံးမရီးနှင့် တခြားသူတွေက သတင်း တစ်ခုခု ကြားခဲ့လို့လားဟု မေးခဲ့သော်လည်း လင်းချင်းဟယ်က မဟုတ်ပါဘူးလို့သာ ပြောခဲ့သည်။ ဒါက သူမ မှန်းဆပြီး ပြောတာ ဖြစ်သည့်အတွက် ဒီစကားကို အပြင်မှာ ပြန်မပြောဖို့ မှာကြားခဲ့သည်။
“ချင်းဟယ်၊ နင် ဘွဲ့ရပြီးရင် ဒီကို ပြန်လာဖို့ အစီအစဥ်ရှိလား။” အကြီးဆုံးမရီးက မေးသည်။
“ဘွဲ့ရပြီးရင် အလုပ်အကိုင်ကောင်းကောင်းရမယ် ဆိုတာ သေချာပေါက်ပဲ။ လောင်တရဲ့အမေလို အရည်အချင်းရှိတဲ့လူမျိုးကို တိုင်းပြည်က လိုအပ်နေတယ်။ သူမ အိမ်ပြန်လာပြီး ဘာလုပ်ရမှာလဲ။” ဒုတိယမရီးက ပြောသည်။
“တကယ်လို့ နင် အိမ်မပြန်လာဘူးဆိုရင် စတုတ္ထမတ်လေးနဲ့ ကျန်တဲ့သူတွေကို ဘယ်လိုလုပ်မှာလဲ။” တတိယမရီးက မေးသည်။
သမီးယောင်းမသုံးယောက်လုံး လင်းချင်းဟယ်ကို ကြည့်လိုက်သည်။ လင်းချင်းဟယ်က ပြန်ဖြေသည်၊ “ငါလည်း မသိသေးဘူး။ ငါ ဘွဲ့ရဖို့ အချိန်လိုပါသေးတယ်။”
အစကတော့ လင်းချင်းဟယ်သည် စောစောစီးစီး ဘွဲ့ယူဖို့ စီစဥ်ထားသည်။ ဒါပေမယ့် သူမ သိပ်ပြီး ရှေ့တိုးလို့ မဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ အနည်းဆုံးတော့ တစ်နှစ်စောပြီး ဘွဲ့ယူလို့ ရသည်။ ထို့ကြောင့် သူမသည် တမင်တကာ အရှိန်လျှော့ချလိုက်သည်။
“ဒါပေမယ့် အချိန်တန်ရင် ငါ ပေကျင်းမှာပဲ ဆက်နေဖို့ စိတ်ကူးထားတယ်။ ကျောင်းက ငါ့ကို နည်းပြအဖြစ် ထားချင်နေကြတယ်။” လင်းချင်းဟယ်က ပြောသည်။
တက္ကသိုလ်က ထိုအကြောင်းကို သူမရဲ့ နည်းပြမှတဆင့် ပြောပြခဲ့သည်။
လင်းချင်းဟယ်သည် နောက်ပိုင်းတွင် ဘွဲ့လွန် ဆက်တက်ဖို့ မလိုလားခဲ့ပေ။ တက္ကသိုလ်ဘွဲ့ရတစ်ယောက် ဖြစ်သွားပြီဆို သူမ ဒီခေတ်ကို ဖြတ်သန်းဖို့ လုံလောက်ပါသည်။ ကျန်တဲ့သူတွေက ခေတ်ပြောင်းလဲချိန်မှာ မိသားစုတိုးတက်မှုအတွက် စိတ်ပူကြရသည်။ သို့ပေမယ့် အရင်ဆုံး လက်ဦးရရှိဖို့က အရေးကြီးပါသည်။
အကြီးဆုံးမရီးနှင့် အခြားသူများက ဒါကို ကြားသောအခါ အလွန်မနာလို ဖြစ်သွားကြသည်။
“ဒါပေမယ့် နင် မြို့တော်မှာ နေမယ်ဆိုရင် စတုတ္ထမတ်လေးနဲ့ ကလေးတွေကော ဘယ်လိုလုပ်မှာလဲ။” သူတို့က အလျင်စလို မေးကြသည်။
ဒီစတုတ္ထခယ်မ လင်းချင်းဟယ်သာ မြို့တော်တွင် ဆက်နေနိုင်လျှင် တက္ကသိုလ်က သူမရဲ့ အလုပ်အကိုင်ကြောင့် သူမအတွက် အိမ်ထောင်စုစာရင်းကို ဖြေရှင်းပေးလိမ့်မည် ဖြစ်သောကြောင့် ပြဿနာ ကြီးကြီးမားမားရှိမည် မဟုတ်ပေ။ သို့ပေမယ့် သူတို့၏ စတုတ္ထမတ်လေးတွင် ထမ်းဆောင်ရန် အလုပ်တာဝန် မရှိပေ။
“အဲဒီအချိန်ရောက်ရင်၊ ငါ့မိသားစုရဲ့ အိမ်ထောင်စုစာရင်းကို ဟိုကို ပြောင်းရွှေ့နိုင်ဖို့ ရအောင် တောင်းဆိုမှာပေါ့။” လင်းချင်းဟယ်က ပြောသည်။
သူမ ဒါကို တက္ကသိုလ်နဲ့ ညှိနှိုင်းရင် တက္ကသိုလ်က သူမကို ကူညီဖို့ ဆန္ဒရှိလိမ့်မယ်လို့ ခံစားရသည်။ အဆုံး၌ သူတို့က သူမကို နည်းပြအဖြစ် လိုချင်ကြသည်။ သူမက အိမ်ထောင်ကျပြီးသားဖြစ်လို့ လင်မယားနှစ်ယောက်ကိုတော့ ခွဲခွာခွင့်ပေးလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။
အိမ်ထောင်ကျပြီး တက္ကသိုလ်မှာ အလုပ်လုပ်ရင် အိမ်ရာကို ခွဲဝေယူနိုင်သည်...
လင်းချင်းဟယ်က ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုလို့ ခံစားခဲ့ရသည်။
သမီးယောင်းမတွေရဲ့ စိတ်က အေးချမ်းသွားသည်။
သူတို့ ညဖက်အိပ်ရာဝင်တဲ့အခါ သူတို့ခင်ပွန်းသည်တွေကို ဒီအကြောင်း ပြောပြခဲ့သည်။
“ကျွန်မအမြင်တော့၊ စတုတ္ထရဲ့ ဇနီးသည်က အိမ်ထောင်စုစာရင်းကို အနာဂတ်မှာ မြို့တော်ကို ပြောင်းဖို့ ရည်ရွယ်ထားတယ်။” အကြီးဆုံးမရီးက အနည်းငယ် တွန့်ဆုတ်စွာ မှတ်ချက်ချသည်။
ဒီစတုတ္ထရဲ့ ဇနီးသည်ဟာ ယခင်က ပေါင်းရသင်းရ မလွယ်ကူသော်လည်း စတုတ္ထမတ်လေး ပြန်ရောက်လာကတည်းက သူမ ပြောင်းလဲသွားခဲ့ကာ နောက်ပိုင်းတွင် ဘာမှ အပြစ်ဆိုစရာ မရှိတော့ဘူး။
နှစ်များစွာကုန်လွန်လာခဲ့ပြီးနောက် မေတ္တာတရားတွေသာ တိုးပွားလာခဲ့ရသည်။ အကြီးဆုံးမရီးသည် စတုတ္ထရဲ့ဇနီးသည်တို့ တစ်မိသားစုလုံး ပြောင်းရွှေ့သွားမှာကို အမှန်တကယ် မလိုလားခဲ့ပေ။
“ပြောင်းရွှေ့တာက သတင်းကောင်းပဲ။ ငါတို့ကျိုးမိသားစုမှာ ဘယ်သူမှ မြို့သူမြို့သား မဖြစ်ဖူးသေးဘူး။ ဒါ့အပြင်၊ သူတို့ ပေကျင်းကို အိမ်ထောင်စုစာရင်း ပြောင်းရွှေ့နိုင်ရင် အရမ်းကောင်းတာပေါ့။” အကြီးဆုံးအစ်ကိုကတော့ သိပ်ဂရုမစိုက်ဘူး။
“အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဖို့က သိပ်မလွယ်ဘူး။” အကြီးဆုံးမရီးက ထောက်ပြသည်။
“အဲဒီဖက်က လက်ခံတာနဲ့ အိမ်ထောင်စုစာရင်း လွှဲပြောင်းဖို့ သိပ်မခက်ဘူး။ စတုတ္ထလေးရဲ့ ဇနီးသည်က ဒီလိုပြောရဲတယ်ဆိုရင် သူ့ဖက်က သေချာနေလို့ပဲလို့ ငါတော့ ထင်တယ်။” အကြီးဆုံးအစ်ကိုက ပြန်ဖြေသည်။
အကြီးဆုံးမရီးက ပြောသည်၊ “သူမက ကျွန်မတို့မွေးရပ်မြေကို ပြန်လာပြီး သူ့ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်နိုင်ရင် အရမ်းကောင်းမှာပဲ။”
“ငါတို့မွေးရပ်မြေမှာ ဘယ်လို ဖွံ့ဖြိုးတိုးတက်နိုင်မှာလဲ။ မြို့ကြီးတွေကို သွားရရင် ပိုကောင်းလိမ့်မယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ အခု ပြန်စနေပြီ။ နေရာဌာနတိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိနေတယ်လို့ ကြားတယ်။ သူတို့လို တက္ကသိုလ်ကျောင်းသားတွေ လိုအပ်တယ်။” အကြီးဆုံးအစ်ကိုက ရှင်းပြသည်။
အကြီးဆုံးမရီးကတော့ ဘာမှ ထပ်မပြောတော့ဘူး။
ဒုတိယမရီးနှင့် တတိယမရီးတို့သည်လည်း သူတို့ခင်ပွန်းသည်တွေကို ဒီအကြောင်း ပြောပြသည်။
ဒါပေမယ့် အမျိုးသားတွေရဲ့ သဘောထားတွေက တူညီကြပြီး ရွှေ့ပြောင်းအခြေချမှုကို ထောက်ခံကြပါသည်။
ရှေးဆိုရိုးစကားအတိုင်း၊ သစ်ပင်ရွှေ့ရင် သေတတ်သလို လူတွေက ရွှေ့ပြောင်းရင် ရှင်သန်နိုင်ကြသည်။ စတုတ္ထရဲ့ ဇနီးသည်က စွမ်းဆောင်ရည် ကောင်းသည်။ ပေကျင်းတက္ကသိုလ်လို နေရာမျိုးမှာ အေးအေးဆေးဆေး ရှင်သန်နေထိုင်နေတာမို့ ဘာဖြစ်လို့ မရွှေ့ပြောင်းရမှာလဲ။
“အဲဒီမှာ ကောင်းကောင်းတိုးတက်ရင်၊ နောင်မှာ ငါတို့ဝူနီလည်း စာမေးပွဲ ဖြေဆိုအောင်မြင်နိုင်မလား ဆိုတာကို စောင့်ကြည့်ရအောင်။ တကယ်လို့ သူမသာ စာမေးပွဲ အောင်မြင်ခဲ့ရင် သူမရဲ့ စတုတ္ထဦးလေးတို့အိမ်ကို တိုက်ရိုက်သွားပြီး နေထိုင်လို့ရတယ်။ အဆောင်မှာ နေစရာ မလိုတော့ဘူး။” တတိယအစ်ကိုက ပြောသည်။
“ဒါဆို ဝူနီတစ်ယောက် အဆင့်တက်ဖို့ လိုအပ်တယ်။ ဝူနီရဲ့ အဆင့်တွေက သိပ်မကောင်းဘူး” တတိယမရီးလည်း ထိုသို့ အတွေးတူပေမယ့် သူမသည် စိတ်ဆင်းရဲစွာနဲ့ ပြောလိုက်သည်။
“စတုတ္ထရဲ့ ဇနီးသည် အိမ်ပြန်လာတုန်းလေး သူမကို သွားပြီး လေ့လာသင်ယူခိုင်းလိုက်ပါ။” တတိယအစ်ကိုက ပြန်ပြောသည်။
ကလေးတွေကို ပညာသင်ပေးတဲ့နေရာမှာ စတုတ္ထလေးရဲ့ ဇနီးသည်ကို မည်သူမျှ အမီမလိုက်နိုင်ဘူးလို့ တတိယအစ်ကိုက ထင်သည်။ ဒါကို သူ လုံးဝ ယုံကြည်သည်။
ဒါက ရိုးသားတဲ့ အမှန်တရားပါ။ သူမ စတင်သင်ကြားပေးပြီး သိပ်မကြာခင်မှာပဲ ကျိုးယန်နဲ့ ဝူနီတို့ဟာ နေ့စဥ် ကျူရှင်သင်ကြားပြီးနောက် သူတို့ရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာခဲ့ပါသည်။
နှစ်သစ်ရဲ့ ပထမနေ့မှာတော့ အလုပ်အရမ်းရှုပ်နေလို့ သူတို့ကို သင်ပေးနိုင်မှာ မဟုတ်ဘူး။ လင်းချင်းဟယ်သည် သူမ သားကြီးအား အရေးကြီးသော အချက်အလက်တွေကို သငပေးခိုင်းခဲ့ပြီးနောက် သုံးရက်ကြာ အားလပ်ရက် ပေးခဲ့သည်။ နှစ်သစ်ရဲ့ ပထမနေ့ကနေ သုံးရက်မြောက်နေ့အထိ သူတို့ဘာသာ ကြိုးကြိုးစားစား လေ့လာကြဖို့ လုံလောက်သည်။
၁၉၇၉ ခုနှစ် နှစ်သစ်ကူး ပထမနေ့တွင် လင်းချင်းဟယ်ဟာ အိပ်ရာစောစောထသည်။ ကျိးချင်းပိုင်သည် သူမ အိပ်ရာစောစောနိုးနေတာကို မြင်တော့ သူလည်း ဆက်မအိပ်တော့ဘူး။ အိပ်ရာက သက်တောင့်သက်သာ ရှိပေမယ့် သူ့ဇနီးသည်နဲ့အတူ ရှိနေရတာက ပိုသက်တောင့်သက်သာရှိသည်။
သူမ အိပ်ရာထတော့ သူလည်း အိပ်ရာလိုက်ထသည်။ တတိယမောင်လေးလင်းတို့မိသားစု ဒီနေ့ လာလည်ကြမည်။