အခန်း (၂၅၆) – ဆွေမျိုးတွေ လာရောက်လည်ပတ်ခြင်း
တတိယမောင်လေးလင်းတို့ လင်မယားသည် သူတို့ရဲ့ သမီးသုံးယောက်၊ သားနှစ်ယောက်တို့ကိုပါ ခေါ်ဆောင်လာခဲ့သည်။
နောက်ပိုင်းတွင် တတိယမောင်လေးလင်းတို့ လင်မယားဟာ နောက်ထပ် သားတစ်ယောက် ထွန်းကားခဲ့သည်။ သူတို့မှာ ကလေးငါးယောက် ရှိသည်။ တစ်မိသားစုလုံး အတူတူ ရောက်လာကြသည်။
ယခု လင်းချင်းဟယ်သည် တကယ်ရက်စက်ကြောင်း လင်းမိသားစုက လူတွေ နောက်ဆုံး၌ နားလည်သဘောပေါက်သွားကြသည်။ လင်းချင်းဟယ်သည် သူမရဲ့ပြောစကားများကို တည်ပြီး သူတို့ကို မိသားစုဝင်တွေအဖြစ် အသိအမှတ်မပြုပေ။
ဥပမာအားဖြင့်၊ ယခင် အဖေလင်းတစ်ယောက် ဖျားနာပြီး ဆေးရုံတက်ရစဥ်အခါက လင်းချင်းဟယ်မှလွဲ၍ အခြားသမီးနှစ်ယောက်က သူ့ကို လာကြည့်ကြသည်။ လင်းချင်းဟယ်သည် ထိုအကြောင်းကို သိသော်လည်း အစမှ အဆုံးအထိ လာလည်ခြင်း မရှိပေ။
လင်းချင်းဟယ်ရဲ့ ညီအစ်မနှစ်ယောက်သည် လင်းချင်းဟယ်ကို လာရှာခဲ့ပြီး ထိုမျှလောက် အလေးအနက် မလုပ်ဖို့ သူမအား အကြံပေးခဲ့သည်။
ဒါပေမယ့် လင်းချင်းဟယ်ကတော့ ဒီညီအစ်မနှစ်ယောက်အပေါ် လုံးဝ ခံစားချက်မရှိပေ။ မူလပိုင်ရှင်ဖြစ်စေ သူမဖြစ်စေ သူတို့ကို ကိုင်တွယ်ဖြေရှင်းချင်စိတ်တောင် မရှိဘူး။ အထူးသဖြင့် သူတို့ရဲ့ နှိမ့်ချတဲ့အသွင်အပြင်တွေကို မြင်တော့ သူမလည်း စိတ်အနှောင့်အယှက် အရမ်းဖြစ်တယ်လို့တောင် ခံစားရသည်။
အခြေခံအားဖြင့် သူတို့နဲ့ အဆက်အသွယ် မရှိဘူး။
အကြီးဆုံးအစ်ကိုလင်းနှင့် ဒုတိယအစ်ကိုလင်းတို့အတွက်တော့ ပြောစရာပင် မလိုပါဘူး။ လင်းချင်းဟယ်နဲ့ သူတို့ရဲ့ ဆက်ဆံရေးက လုံးဝ မကောင်းဘူး။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုလုပ်ပြီး ပြောဆိုဆက်ဆံနိုင်မှာလဲ။
လင်းချင်းဟယ်တစ်ယောက် မြို့တော်ရဲ့ အကောင်းဆုံးတက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့တဲ့အကြောင်း သူတို့ ကြားသိခဲ့ရသည်။
ဒါပေမယ့် ဒါက လင်းမိသားစုနဲ့ ဘာဆိုင်လို့လဲ။
သူမသည် ယခင် စာတက်မြောက်ရေး အတန်းကို အကြိမ်အနည်းငယ်သာ တက်ရောက်ခဲ့ဖူးသည်။ စာတက်မြောက်ရေး အတန်းတွေမှာ ဘာတွေ သင်ကြားနိုင်ခဲ့လို့လဲ။ အမျိုးသားနှင့် အမျိုးသမီးဆိုသည့် နာမည်စကားလုံးတွေရယ် အမျိုးသားနှင့် အမျိုးသမီး အိမ်သာတွေကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ခွဲခြားသိမြင်နိုင်စေရန် သင်ကြားပေးခဲ့သည်။ ကျန်တာတွေကတော့ တခြား ရိုးရိုးရှင်းရှင်း စကားလုံးတွေပဲ ဖြစ်သည်။
မူလပိုင်ရှင်က စာဆက်လက်လေ့လာလိုကြောင်း တောင်းဆိုခဲ့သော်လည်း ချက်ချင်း ပယ်ချခံခဲ့ရသည်။
ထို့ကြောင့် သူမ ရုတ်တရတ် အလယ်တန်းပြ ဆရာမတစ်ဦး ဖြစ်လာပြီး နောက်ပိုင်းတွင် တက္ကသိုလ်ဝင်ခွင့်ရရှိခြင်းသည် လင်းမိသားစုနှင့် ဘာမှ မဆိုင်ပါ။
အဆုံး၌ ဒီသတင်းဟာ အပြင်မှာ ပျံ့နှံ့သွားသည်။
ထိုအချိန်က ကျိုးချင်းပိုင်၏ ထောက်ပံ့ကြေးက သူမအား ထောက်ပံ့နိုင်သောကြောင့် သူမသည် ကျိုးမိသားစုထဲ လက်ထပ်ပြီး ဝင်ရောက်ခဲ့တယ်လို့ ဆိုကြသည်။ ထိုမှသာ သူမသည် စာပေကို ကိုယ်တိုင် လေ့လာသင်ယူနိုင်ခဲ့ပြီး အောင်မြင်လာခဲ့သည်။
လင်းမိသားစုသည် လင်းချင်းဟယ်ကို အမှန်တကယ် အားထုတ်ကြိုးပမ်း ပံ့ပိုးပေးခဲ့ခြင်း မရှိပေ။
အစပိုင်းမှာတော့ သူတို့က မျက်နှာထူထူနဲ့ လှည့်ပတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကျိုးကျားရွာဟူသည် အနိုင်ကျင့်ဖို့ရာ လွယ်ပါသလား။
ကျိုးကျားရွာလို့ ဘာကြောင့် အမည်တွင်ခဲ့တာလဲ။ အဘယ်ကြောင့်ဆိုသော် ရွာရှိ မျိုးရိုးအမည် အများစုမှာ ကျိုး ဖြစ်သည်။
ထို့အပြင် လင်းချင်းဟယ်သည် အိမ်ထောင်သည်သမီးတစ်ယောက် ဖြစ်သည်။ ဟိုးယခင်တုန်းက သူမသည် သူမ၏မိခင်မိသားစုအား ပံ့ပိုးကူညီမှုများစွာ ပြုလုပ်ခဲ့သည်။ နောက်ပိုင်း ဆက်ဆံရေး ပျက်ဆီးသွားခဲ့သော်လည်း ၎င်းက လင်းမိသားစုဟောင်းကြောင့် ဖြစ်သည် ဆိုတာကို မည်သူက မသိကြလို့လဲ။
ဒါကြောင့် သူတို့က လုံးဝ ဒုက္ခမပေးရဲကြပဲ လင်းချင်းဟယ်ကိုသာ တိတ်တိတ်လေး ကျိန်ဆဲနိုင်ကြသည်။ ဒါက သူမကို လုံးဝ မထိခိုက်စေတာမို့ လင်းချင်းဟယ်က ဘယ်လိုလုပ်ပြီး ဂရုစိုက်မှာတဲ့လဲ။
ဒါပေမယ့် တတိယမောင်လေးလင်းတို့မိသားစုက နှစ်စဥ်နှစ်တိုင်း ဒီနေ့ဆို လင်းချင်းဟယ်တို့အိမ်ကို အလည်ပတ်သွားကြောင်းကို သူတို့ သိကြသည်။
အမေလင်းသည် လင်းချင်းဟယ်တို့အိမ်အား အလည်အပတ်သွားရင် သူမရဲ့ မြေးတွေကို သူမအိမ်အား လာရောက်လည်ပတ်စေလိုကြောင်း တတိယမောင်လေးလင်းအား နားချပြောဆိုပေးဖို့ တောင်းဆိုခဲ့သည်။
အမှန်အတိုင်းပြောရရင်၊ တတိယယောင်းမလင်းသည် သူမယောက္ခမရဲ့ ပြောစကားကို ပြောပေးဖို့ လုံးဝ မကူညီချင်ဘူး။
သူမရဲ့ အရင်ဆုံး ကလေးမွေးစဥ်က သမီးမိန်းကလေး သုံးယောက် မွေးဖွားခဲ့သည်။ တတိယယောင်းမလင်းတစ်ယောက် မီးတွင်းကာလအချိန်အတွင်း၊ အထူးသဖြင့် ဒုတိယသမီးမိန်းကလေးနှင့် တတိယသမီးမိန်းကလေး မီးဖွားစဥ် ကြက်ဥ တစ်လုံးလေးတောင် မစားသောက်ခဲ့ရပါ။ သူမသည် ဒီအကြောင်းအား နည်းနည်းတောင် မမေ့နိုင်ပေ။
အဲဒီအချိန်တုန်းက အသားနဲ့ ဥတွေ ပေးခဲ့တဲ့ တတိယအစ်မကြောင့်သာ မဟုတ်ရင် သူမရဲ့ ခန္ဓာကိုယ်နှင့် အရိုးတွေဟာ မီးယပ်ရောဂါ အမြစ်တွယ်နေလိမ့်မည်။
ဒီတော့ တတိယယောင်းမလင်းသည် သူမရဲ့ ယောက္ခမကို မုန်းတီးစက်ဆုပ်သည်။ ဒါက အတိတ်တုန်းက တတိယမောင်လေးလင်းကို အိမ်ကနေ ခွဲထုတ်နိုင်ဖို့ သူမ အတင်းအကြပ် ပြောဆိုခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်သည်။
သူမ ဒီစကားတွေကို မပြောပေးချင်ပေမယ့်လည်း ပြောပေးရပေမည်။ ဒါကြောင့် သူမသည် မီးဖိုချောင်ထဲမှာ ကူညီလုပ်ကိုင်ပေးရန်း တတိယအစ်မအား ဒီအကြောင်းကို ပြောပြခဲ့သည်။
လင်းချင်းဟယ်က လှောင်ရယ် ရယ်လိုက်သည်၊ “သူ့မှာ မြေးတွေ မြေးမတွေ အများကြီး ရှိတယ်။ ငါ့ကလေးတွေကလည်း သူတို့နဲ့ မျိုးရိုးနာမည် မတူပေမယ့် သူ့မြေးတွေပါပဲ။ င့ါကလေးတွေ ငယ်ငယ်လေးကတည်းက သူ့ဆီက ထမင်းတစ်စေ့ ရေတစ်ခွက်တောင် တစ်ခါမှ မစားဖူးဘူး။ သူမအိမ်ကို သွားလည်စရာ မလိုဘူး။”
သူမဟာ ဒီခန္ဓာကိုယ်ရဲ့ မိခင် ဖြစ်နေရင်တောင် ဒါက သူမအတွက် အလုပ်မဖြစ်ဘူး။
ကျိုးခိုင်တို့ညီအစ်ကိုတွေက အမှန်ပင် သူမရဲ့မြေးတွေ ဖြစ်သော်ငြားလည်း အဲ့တာ ဘာဖြစ်လဲ။ သူမရဲ့ သားတွေကို ထိုအိမ်ကို မသွားစေချင်သလို လင်းမိသားစုဟောင်းနှင့်လည်း ပတ်သက်ဆက်နွယ်စေလိုခြင်း မရှိပေ။
မဟုတ်ရင်၊ သူတို့က တစ်ခါလောက် အလျှော့ပေးလိုက်တာနဲ့ သွေးစုပ်မျှော့တွေလို မလွှတ်တမ်း တွယ်ကပ်ထားကြလိမ့်မည်။
အထူးသဖြင့် အကြီးဆုံးယောင်းမလင်းသည် ပြုံးပြနေသည့် ကျားမတစ်ကောင်ပင် ဖြစ်သည်။
တတိယယောင်းမလင်းသည် ဒီစကားများကို ပြောပေးဖို့သာ တာဝန်ရှိသည်။ အဲဒီနောက်မှာတော့ သူမဟာ ချက်ချင်းဆိုသလိုပင် စကားလမ်းကြောင်းလွှဲခဲ့သည်၊ “အဲဖက်အိမ်မှာ မငြိမ်းချမ်းဘူး။ ဒုတိယအိမ်က အဲဒီမုဆိုးမနဲ့ ထပ်ပြီး ပတ်သက်ဆက်နွယ်နေတုန်းပဲ၊ အဲဒီမုဆိုးမမှာ အခု ကိုယ်ဝန်ဆောင်ထားရမယ်။”
“ဒုတိယအစ်ကိုလင်းရဲ့ ကလေးလား။” လင်းချင်းဟယ်က အံ့အားသင့်သွားသည်။
“မုဆိုးမကတော့ ဒုတိယခဲအိုရဲ့ ကလေးလို့ပြောတယ်။ ဒုတိယခဲအိုကိုကြည့်ရတာ ဒါကို သူ တာဝန်ယူချင်ပုံပဲ။ ဒါပေမယ့် သူ့မိန်းမက ဒါကို သဘောမတူဘူး။ မကြာသေးခင်က၊ သူတို့အိမ်မှာ ပြဿနာတွေ အများကြီး ဖြစ်ခဲ့တယ်။” တတိယယောင်းမလင်းက ပြောသည်။
“ကံကောင်းထောက်မစွာနဲ့၊ နင်တို့နှစ်ယောက် အဲဒီအချိန်တုန်းက အိမ်ခွဲပြီး နေနိုင်လိုက်လို့။ မဟုတ်ရင်၊ ဒီနှစ်သစ်ကူးကို သာသာယာယာ ကျင်းပဖို့ မစဥ်းစားနိုင်လောက်ဘူး။” လင်းချင်းဟယ်က ပြန်ပြောသည်။
“အဲဒီတုန်းက တော်တော်ကြပ်တည်းခဲ့တာ” တတိယယောင်းမလင်းက ပြုံးပြီးပြောသည်။
တကယ်တော့ အဲဒီအချိန်က တတိယအစ်မက ပိုက်ဆံချေးရုံတင်မကပဲ အုတ်နဲ့ အုတ်ကြွပ်တွေ၊ အိုးကိုပါ ရအောင် ကူညီပေးခဲ့တဲ့အတွက် သူမ ဒီလို ဆုံးဖြတ်ချက်မျိုးကို ချနိုင်ခဲ့တာ ဖြစ်သည်။
တကယ်တော့၊ ဒီလိုမျိုး အိမ်ခွဲနေနိုင်ဖို့ဆိုတာ မလွယ်ကူဘူး။
ဒါပေမယ့် အခုက ပိုကောင်းပါသည်။ ဒီနှစ်မှာတော့ မိသားစုက ဘေးခန်းတစ်ခန်း ဆောက်ထားခဲ့သည်။ သူမရဲ့ သမီးတွေက ထိုဘေးခန်းသို့ ပြောင်းရွှေ့နေထိုင်ရာ နေရာက ပိုကျယ်ဝန်းလာခဲ့သည်။
“ငါ မနေ့တုန်းက နင်တို့ကို လူချည်းပဲလာ ဘာမှ မသယ်လာနဲ့လို့ ငါ့မောင်ကို မှာလိုက်ပါတယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးတဲ့ ကြက်ဥတောင်းကိုပါ ယူလာရတာလဲ။ ဒါကို အချိန်အတော်ကြာ စုဆောင်းထားရမှာကို၊ နင် အကုန်လုံး ဒီကို ယူလာခဲ့တာ မဟုတ်လား။” လင်းချင်းဟယ်က ပြောသည်။
တတိယမောင်လေးလင်းတို့လင်မယားသည် ကလေးငါးယောက်နှင့်အတူ လာလည်တာ ဖြစ်သည့်အတွက် သူတို့ဟာ လက်ဗလာဖြင့် မလာချင်ကြပေ။ သူတို့သည် ကြက်ဥတောင်းကြီးနှင့် ရိက္ခာတွေကိုပါ ယူလာခဲ့ကြသည်။
“ဒီနှစ် အိမ်မှာ ကြက် ခုနစ်ကောင် ရှစ်ကောင်လောက် မွေးထားတယ်။ ကလေးတွေက သူတို့ကို တီကောင်တွေ အမြဲတူးကျွေးတော့ သူတို့က ဥ ခဏခဏ ဥလေ့ရှိတယ်။” တတိယယောင်းမလင်းက ပြုံးကာရယ်ကာ ပြောသည်။
ထိုအပြုံးသည် ဘဝမျှော်လင့်ချက်ရှိသော အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာမှာသာ ဒီလိုအပြုံးမျိုး ပေါ်လာနိုင်သည်။
အခု သူမမှာ သားနှစ်ယောက် ရှိသည်။ သူမရဲ့ အမျိုးသားက တာဝန်သိစိတ်ရှိပြီး မိသားစုကို ထောက်ပံ့နိုင်သည်။ သူမတို့မိသားစု အတူတူ ရှိနေနိုင်သည်။ မိသားစုက နည်းနည်းလေး ဆင်းရဲနေရင်တောင် အဆင်ပြေပြေ နေနိုင်ကြသည်။
“ဒီနှစ် လောင်စန်းက အတော်လေး ထွားလာတယ်။ ငါ အရင်က သူ့အတွက် ချုပ်ပေးထားတဲ့ အဝတ်တွေ မတော်တော့ဘူး။ အဲ့အင်္ကျီတွေအကုန်လုံး အသစ်တွေဖြစ်ပြီး တစ်ခါမှ မဝတ်ရသေးဘူး။ နင်တို့ပြန်ရင် ပေးလိုက်မယ်၊ နင့်ကလေးတွေ ဝတ်ဖို့ သိမ်းထားလိုက်။” လင်းချင်းဟယ်က ပြောသည်။
“ဒီမှာလည်း ကလေးတွေ အများကြီး ရှိတယ်လေ။” တတိယယောင်းမလင်းက တုံ့ဆိုင်းသွားသည်။
ယခုခေတ်အချိန်အခါတွင်၊ အစ်ကိုကြီးတွေ ဝတ်ဆင်ပြီးသည့် အထည်များကို အောက်က ညီငယ်တွေ ဝတ်ဆင်ရခြင်းဟာ ရှက်စရာ မဟုတ်ပေ။ ရှက်ဖို့နေနေသာသာ၊ သူတို့သည် လိုလိုလားလား လက်ခံလိုစိတ်ရှိသည်။
ထို့အပြင် ဒါဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလို့ပဲ ဖြစ်သည်။ မဟုတ်ရင် ဘယ်သူက ဒါတွေကို ပေးကြမှာလဲ။ အဆုံး၌ တတိယအစ်မရဲ့ အမျိုးသားတို့ဖက်တွင်လည်း အသက်တူအရွယ်တူ တူတွေ အများကြီး ရှိသည်။
“သူတို့အတွက် စိတ်ပူစရာ မလိုဘူး။ ဒါတွေကို ပြန်ယူသွားပြီး နင့်ကလေးတွေ ဝတ်ဖို့ သိမ်းထားချေ” လင်းချင်းဟယ်က ပြောသည်။
နေ့လည်စာ စားသောက်ပြီးနောက် တတိယမောင်လေးလင်းတို့မိသားစု အိမ်ပြန်သွားကြသည်။ လင်းချင်းဟယ်သည် အဝတ်အစားတွေကို အိတ်တစ်လုံးထဲ ထည့်ပေးလိုက်ကာ တတိယယောင်းမလင်းအား သကြားညိုတစ်ထုပ်နှင့် တရုတ်ဆီးသီးတစ်ထုပ်တို့ကိုပါ အိမ်ယူသွားရန် ပေးလိုက်သည်။
“အမေ၊ ဒီနှစ် မြို့ကို ဓာတ်ပုံရိုက်ဖို့ သားတို့ သွားကြဦးမှာလား။” ကျိုးခိုင်က မေးသည်။
“သွားမယ်၊ နင်တို့ရဲ့ အကြီးဆုံးအဒေါ်၊ ဒုတိယအဒေါ်နဲ့ တတိယအဒေါ်တို့ မနက်ဖြန်ကျ အိမ်လည်လာကြလိမ့်မယ်။ အဲ့တော့ မနက်ဖြန် မအားဘူး၊ သဘက်ခါကျ သွားကြမယ်။” လင်းချင်းဟယ်က ပြန်ဖြေသည်။
“ဟုတ်ကဲ့” ကျိုးခိုင်က သဘောတူသည်။
ဤအချိန်က ဆွေမျိုးများ အလည်အပတ် သွားလာကြသည့် တရုတ်နှစ်သစ်ကူး အချိန်အခါဖြစ်သည်။ တတိယမောင်လေးလင်းတို့လင်မယား ပြန်သွားပြီးနောက် ရွာမှ လူအချို့လည်း အိမ်ကို လာလည်ကြသည်။
လင်းချင်းဟယ်သည် သူတို့ကို ယဥ်ကျေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပြီး သူတို့အတွက် ကွာစေ့နဲ့ ရေနွေးကြမ်း ပြတ်လပ်မှု မရှိခဲ့ပေ။
ညနေစာ စားပြီးသည့်တိုင်အောင် ဧည့်လာမပြတ်ခဲ့ပေ။ ညနေစောင်းတွင် နှင်းကျလာပြန်သည်။
“ချင်းပိုင်၊ ကျွန်မကို နှိပ်ပေးပါဦး။” လင်းချင်းဟယ်က အနွေးကုတင်ပေါ်တွင် သက်တောင့်သက်သာ လှဲချလိုက်ပြီး သူမလူကို အမိန့်ပေးလိုက်သည်။
ကျိုးချင်းပိုင် လိုက်နာသည်။ သူက နှိပ်နယ်ပေးရင်း၊ စိတ်တွေ ပြောင်းလဲသွားသည်။
ထို့နောက် နှစ်ယောက်သား အစောကြီး အနားယူလိုက်ကြသည်။
အပြင်ဖက်တွင် ကျိုးခိုင်တို့ညီအစ်ကိုတွေကတော့ တခြားလူတွေနဲ့ ဆော့ကစားနေတုန်းပါပဲ။