အခန်း (၂၆၆) – ပြန်လည်ကုစားခြင်းသင်ခန်းစာများ
လောင်အာ့နှင့် လောင်စန်းတို့ အိမ်ပြန်ရောက်သည်နှင့် မိခင်ဖြစ်သူကို တွေ့လိုက်ရသောကြောင့် ညီအစ်ကိုနှစ်ယောက်စလုံး လုံးဝ အံ့အားသင့်သွားကြသည်။
“အမေ၊ အမေ ဘယ်လိုဖြစ်ပြီး ပြန်ရောက်နေတာလဲ။” ဟု လောင်အာ့က ပျော်ရွှင်စွာ မေးလိုက်သည်။
“သားက အမေ နောက်ကျမှ ပြန်ရောက်မယ်လို့ ထင်နေတာ။” လောင်စန်းသည်လည်း ပြောလိုက်သည်။
လင်းချင်းဟယ်သည် သူမရဲ့ ကောင်စုတ်လေး နှစ်ကောင်ကို မတွေ့ရတာ တစ်နှစ်ခွဲနီးပါးရှိပြီဖြစ်ပြီး သူတို့နှစ်ဦး ကြီးပြင်းလာတာကို တွေ့ရတော့ သူမသည် သဘာဝအတိုင်း ပျော်ရွှင်နေမိသည်။
“အခု နွေရာသီ အားလပ်ရက်ရလို့ အမေ အိမ်ပြန်လာတာ။ နွေစပါးရိတ်သိမ်းချိန်မှာ အရမ်းအလုပ်များတယ်၊ ဒါကြောင့် ငါ နင်တို့အတွက် ထမင်းချက်ပေးဖို့ အိမ်ပြန်လာခဲ့တာ။ ငါ နင်တို့ကို ကျန်းမာဝဖြိုးနေအောင် ပြုစုစောင့်ရှောက်ထားခဲ့ရတာ၊ နင်တို့ပိန်သွားရင် ငါ့ကြိုးစားအားထုတ်မှုတွေ အကုန်အလကား ဖြစ်ကုန်လိမ့်မယ်၊ ဒါမျိုးကို ငါ လုံးဝ ခွင့်မပြုနိုင်ဘူး။” ဟု လင်းချင်းဟယ်က ပြုံးပြုံးလေး ပြောလိုက်သည်။
လောင်အာ့နှင့် လောင်စန်းတို့ တခစ်ခစ် ရယ်မောလိုက်ကြသည်။
“နင်တို့တွေ ဗိုက်ဆာနေကြပြီမလား၊ နင်တို့ဗိုက်တွေကို ဖြည့်တင်းဖို့ မုန့်နှစ်ထုပ် ယူသွားချေ။” ဟု လင်းချင်းဟယ်က ပြောသည်။
လင်းချင်းဟယ်သည် သူမမှာ နေရာလွတ်တစ်ခု ရှိသောကြောင့် သူမ ပြန်လာသည့်အခါမှာ ပစ္စည်းအချို့ ပြန်ယူဆောင်လာခဲ့သည်။ မြို့တော်မှ ဒေသထွက် အထူးအစားအစာအချို့ ပါရှိသော်လည်း ရာသီဥတုမှာ အလွန်ပူပြင်းသောကြောင့် ပီကင်းဘဲကင်များကို မထုတ်ယူဝံ့ပေ။ သူမရဲ့ နေရာလွတ်မှာ အနည်းငယ် ရှိသည်။ ထိုဘဲကင်တွေကို သူမ ကျိုးချင်းပိုင်အတွက် ညစာအဖြစ် သိမ်းထားလိုက်သည်။
လင်းချင်းဟယ်သည် သူမရဲ့ အမျိုးသားကို အလွန်အမင်း အလိုလိုက် အကြိုက်ဆောင်နေမိမှန်းကိုပင် သတိမပြုပဲ ဟင်းရွက်ချဥ်နှင့် ငါးရှဥ့်တို့ကို စတင်ချက်ပြုတ်ခဲ့သည်။
အမေကျိုးက စောစောပြန်ရောက်လာသည်။ သူမသည် စတုတ္ထလေးရဲ့ ဇနီးသည်ကို အိမ်ပြန်ရောက်နေတာကို မြင်တော့ ဝမ်းသာသွားသည်၊ “မနေ့ညကတင် စတုတ္ထလေးက နင် မကြာခင် ပြန်လာလိမ့်မယ်လို့ အမေ့ကို ပြောခဲ့တယ်။ ငါ နင့်ကို ဒီနေ့ ပြန်ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။”
ထို့နောက် သူမသည် စက်ဘီး မရှိတာကို သတိပြုမိသောကြောင့် မေးလိုက်သည်၊ “နင် ဘာဖြစ်လို့ ရှောင်မိန့်ဆီက စက်ဘီးငှားပြီး မပြန်လာတာလဲ။ အိမ်ပြန်လာဖို့ ဝေးတယ်လေ။”
“အနီးအနားရွာက ရွာကိုပြန်မယ့် လယ်ထွန်စက်တစ်စီးကို သမီး တွေ့ခဲ့တယ်လေ။ ဒါနဲ့ သမီးလည်း တားပြီး လိုက်လာခဲ့တာ၊ ဒါကြောင့် သမီး ရှောင်မိန်ဆီ မသွားခဲ့ဘူး။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။
အမေကျိုးက ခေါင်းညိတ်သည်။ လင်းချင်းဟယ်က သူမရဲ့ သားနှစ်ယောက်ဖက်သို့လှည့်ပြီး “နင်တို့အဖွားကိုလည်း မုန့်တွေ ပေးလိုက်ဦးလေ။” ဟု သတိပေးလိုက်သည်။
လောင်စန်းက တဖဲ့ယူသွားပေးပြီး “အဖွား၊ ဒါကို မြည်းစမ်းကြည့်ပါဦး။ ဒါက အရမ်းအရသာရှိတယ်။” ဟု ပြောလိုက်သည်။
အမေကျိုးက ပြုံးပြီး “အဖွား ဒါကို မစားသေးဘူး။ ထမင်းစားချိန်နီးနေပြီ။” ဟု ပြောလိုက်သည်။
သို့တိုင်၊ သူမ လက်ခံလိုက်သည်။ စတုတ္ထ၏ ဇနီးသည်သာ ထိုကဲ့သို့သော မုန့်များနှင့် အဆာပြေမုန့်များကို ဝယ်ပေးတတ်သည်။ တခါတရံမှာ သူမကိုယ်တိုင် လုပ်ကျွေးသည်။ အမေကျိုးက ဒါတွေကို ဘယ်လို လုပ်ရမှန်းကိုပင် မသိပါဘူး။
သူတို့မျိုးဆက်တွင် အချက်အပြုတ်လက်ရာကို တစ်မိသားစုလုံး ဆာလောင်မွတ်သိမ်မှု မရှိသည့် အဆင့်တွင်သာ ထိန်းသိမ်းထားနိုင်သည်။
“အမေက ဖရဲသီးအကြီးကြီး တစ်လုံးကိုလည်း ပြန်ပါလာခဲ့တယ်။ ညစာစားပြီးရင်၊ အဖိုးနဲ့ အဖွားတို့ အိမ်ပြန်ဖို့ မလောနဲ့။” ဟု လောင်စန်းက ထပ်ပြောသည်။
“နင်တို့အမေ ပြန်ရောက်နေတယ်ဆိုတော့၊ နင် ပျော်နေတာမလား။” ဟု အမေကျိုးက ကိတ်မုန့်ကို စားနေရင်း ရယ်ကာမောကာ ပြောလိုက်သည်။
“ဒါပေါ့၊ အရမ်းပျော်တယ်။” ဟု လောင်စန်းက ဂုဏ်ယူဝင့်ကြွားစွာ တုံ့ပြန်ခဲ့သည်။
ထို့နောက် သူ့မိခင် ခိုင်းစေထားသည့် အိမ်နောက်ဖေးက ကြက်၊ ဘဲတွေကို အစာကျွေးဖို့ သွားခဲ့သည်။
လင်းချင်းဟယ်က ချက်ပြုတ်နေရင်း၊ “အမေ၊ ဒီနှစ် ဘာဖြစ်လို့ အိမ်မွေးတိရိစ္ဆာန်တွေ အများကြီး မွေးမြူနေတာလဲ။” ဟု မေးလိုက်သည်။
သူမ အိမ်ပြန်ရောက်တော့ ဘဲများစွာနှင့် ကြက်ဆယ်ကောင်ကို တွေ့လိုက်ရပြီး ဒါက အတော်လေး များသည်။
“ဒီနှစ်မူဝါဒတွေ ပြောင်းသွားပြီ။ ဒါကို သူတို့က ဂရုမစိုက်ကြတော့ဘူး။” အမေကျိုးက ရှင်းပြသည်၊ “ပြီးခဲ့တဲ့နှစ်၊ နင် ချက်ကျွေးခဲ့တဲ့ ဘဲသားစွပ်ပြုတ်ကို နင်တို့အဖေက အရမ်းကြိုက်တာကြောင့် ငါ များများ မွေးလိုက်တာ။ အစကတော့၊ ငါ ဒီလောက် အများကြီး မမွေးချင်ပါဘူး။”
လင်းချင်းဟယ်က ပြုံးပြီး “ဒါဆို ဒီနှစ်ကုန်မှာ သမီးက ကိုယ့်ဖာသာကိုယ်ချက်စားဖို့ သိမ်းထားလို့ရတယ်။ သမီး ပြန်ရောက်တဲ့အခါကျ ချက်ပေးမယ်။” ဟု ပြောလိုက်သည်။
“ကောင်းပြီ။” အမေကျိုးက ဝမ်းသာအားရ သဘောတူလိုက်သည်။
စတုတ္ထလေးရဲ့ ဇနီးသည်ကို အခုကြည့်ရင်းကြည့်ရင်း သူမက ဘက်ပေါင်းစုံမှာ တကယ်ကျွမ်းကျင်လိမ္မာတာကို သိရသည်။ သူမမှာ မျက်လုံးကောင်းကောင်းရှိခဲ့လို့ စတုတ္ထလေးအတွက် ဒီလို ကောင်းမွန်တဲ့ ဇနီးသည်ကို ရှာဖွေနိုင်ခဲ့တာ မဟုတ်ပါလား။
အမေကျိုးသည် အမှန်တကယ်တော့ သူမ ရှာတွေ့ခဲ့သည့်သူက မျိုးဆက်သုံးဆက်ကို ဖျက်ဆီးပစ်ခဲ့တဲ့ မိန်းမမျိုး ဖြစ်နေတယ် ဆိုတာကို မသိခဲ့ပါဘူး။
အဖေကျိုးနှင့် ကျိုးချင်းပိုင်တို့က ညနေခြောက်နာရီခွဲလောက်အထိ ပြန်မရောက်လာသေးဘူး။
ကျိုးချင်းပိုင် အိမ်ပြန်ရောက်တာနဲ့ သူ့ဇနီးသည်ကို တွေ့လိုက်ရတော့ ခဏလောက် အေးခဲသွားပြီး မကြာခင်မှာပဲ လင်းချင်းဟယ်က အဲဒီအမျိုးသားရဲ့ မျက်ဝန်းထဲမှာ ထင်ရှားတဲ့ ပျော်ရွှင်မှုကို မြင်လိုက်ရသည်။
“ရှင် ပြန်လာပြီလား။ ဆေးကြောသန့်စင်ဖို့ လုပ်ချေ၊ ကျွန်မ ညစာ အဆင်သင့် ပြင်ထားလိုက်မယ်။” ဟု လင်းချင်းဟယ်က အပြုံးဖြင့် ပြောလိုက်သည်။
“ကောင်းပြီ” ကျိုးချင်းပိုင်က ပြန်ပြောပြီး သူ့မျက်နှာနှင့် လက်တွေကို ဦးစွာ ဆေးကြောပြီးနောက် ညစာစားဖို့ ပြင်ဆင်ခဲ့သည်။
ဟင်းလျာတွေက အတူတူပါပဲ၊ ဒါပေမယ့် လင်းချင်းဟယ်ရဲ့ ဟင်းချက်လက်ရာကြောင့် တမူထူးခြားနေသလိုပါပင်။ လင်းချင်းဟယ်ရဲ့ ဟင်းချက်လက်ရာက ကျိုးချင်းပိုင်ရဲ့ အကြိုက်နဲ့ အမြဲ လိုက်ဖက်ညီသည်။
ဒါ့အပြင်၊ ဒီအမျိုးသားက တကယ် ဗိုက်ဆာနေတာပဲ ဖြစ်သည်။
မနက်အရုဏ်မတက်ခင် မနက်စာစားပြီးတာနဲ့ မွန်းတည့်ချိန်အထိ လယ်ထဲဆင်း အလုပ်လုပ်ရသည်၊ မွန်းတည့်ချိန် နေ့လည်စာ စားသောက်ပြီး ခဏတဖြုတ် အနားယူပြီးနောက် ဆက်လက်ပြီး လယ်ထဲဆင်း အလုပ်လုပ်ရပြန်သည်၊ ဒါက မပင်ပန်းပဲ ဘယ်နေပါ့မလဲ။ သံတောင်မှ ရိုက်ပါများရင် ကွေးသွားတာပဲ မဟုတ်ပါလား။
“များများစား။ ဒီနေ့ အိမ်မှာ အသားမရှိတော့ဘူး။ နောက်ကျ ကျွန်မ အစ်မမိန်ဆီကို အလည်သွားရင်း မှာထားလိုက်ဦးမယ်။” ဟု လင်းချင်းဟယ်က စိတ်မသက်မသာနဲ့ ပြောပြီး သူ့အတွက် ငါးရှဥ့် နည်းနည်း ထပ်ထည့်ပေးလိုက်သည်။
“အမေ၊ အဖေ့အတွက်ပဲ စိတ်မကောင်း ဖြစ်မနေပါနဲ့ဦး။ သားနဲ့ ဒုတိယအစ်ကိုလည်း မလွယ်ကူပါဘူး။ သားတို့လည်း အိမ်မှာ ချက်ပြုတ်ဖို့သာမက နွေစပါးရိတ်သိမ်းတဲ့နေရာမှာလည်း ပါဝင်ကူညီခဲ့သေးတယ်။ ရွာထဲက လူငယ်လူရွယ်တွေတောင် ကျွန်တော်တို့လောက် မလုပ်နိုင်ဘူး။” ဟု လောင်စန်းက ပြောသည်။
“အင်း၊ နင်လည်း များများစား” ဟု လင်းချင်းဟယ်က ပြောလိုက်ပြီး သူမအမျိုးသားရဲ့ ပန်းကန်ထဲသို့ ထပ်ထည့်ပေးလိုက်ပြန်သည်။
အဖေကျိုးနှင့် အမေကျိုးတို့သည် အခြေခံအားဖြင့် သူတို့စားစရာ ရှိတာကိုပဲ သူတို့ အေးအေးဆေးဆေး စားနေကြတာ ဖြစ်ပေမယ့် သူတို့လူအိုဇနီးမောင်နှံနှစ်ယောက်ရဲ့ မျက်လုံးထဲတွင် ဒီအပြုအမူကို မြင်ပြီးနောက် အရမ်းစိတ်သက်သာရာ ရသွားခဲ့သည်။
စတုတ္ထလေးတို့ ဇနီးမောင်နှံရဲ့ ဆက်ဆံရေးက တကယ့်ကို ကောင်းမွန်လှသည်။ နည်းနည်းတော့ တစ်မျိုးဖြစ်တယ်ဟု ဆိုရပေမည်။ ကလေးတွေက အရွယ်ရောက်နေကြပြီ ဆိုပေမယ့် သူတို့နှစ်ယောက်ကို ကြည့်ရတာ ငယ်ငယ်ရွယ်ရွယ် လင်မယားနှစ်ယောက်လို ဖြစ်နေသေးတာ အံ့သြစရာပါပဲ။
“အဖေနဲ့ အမေတို့လည်း များများစားသင့်တယ်။ ဒီလိုရာသီဥတုမျိုးမှာ အဖေတို့နှစ်ယောက် အပြင်မှာ ကူညီလုပ်ကိုင်ပေးဖို့ သွားတဲ့အခါ အပူမရှပ်ဖို့ ဂရုစိုက်ရမယ်။” ဟု လင်းချင်းဟယ်က လူကြီးနှစ်ယောက်ကို ပြောပါသည်။
“ပူပေမယ့် အပူဒဏ်ကို ခံနိုင်ရည် ရှိပါသေးတယ်။” ဟု အဖေကျိုးက ခေါင်းညိတ်လိုက်သည်။
“အခြောက်လှန်းတဲ့ ခြံဝင်းထဲမှာ အနားယူဖို့ နေရာလည်း ရှိတယ်။ စိတ်မပူပါနဲ့။” ဟု အမေကျိုးက ဆက်ပြောသည်။
အမေကျိုးသည် အခြောက်လှန်းတဲ့ ခြံဝင်းထဲမှာ ကူညီလုပ်ကိုင်ပေးသည်။
အမေကျိုးသည် ပုံမှန်အလုပ် မလုပ်သော်လည်း နွေစပါးရိတ်သိမ်းချိန်နဲ့ ဆောင်းဦးရာသီ အစရှိတဲ့ နေ့ရက်တွေမှာ အားလုံး တက်ညီလက်ညီ ကူညီလုပ်ကိုင်ပေးခဲ့ကြသည်။ အလုပ်ဘယ်လောက်ပြီးခဲ့လဲ ဆိုတာ အရေးမကြီးပါဘူး။ ပါဝင်လုပ်ကိုင်ပေးရုံနဲ့ လုံလောက်လေသည်။
ဒီလိုမှမဟုတ်ရင်၊ ရာသီဥတုက ကြိုတင်မခန့်မှန်းနိုင်သလိုမျိုး၊ တစ်ရွာလုံးရဲ့ တံတွေးခွက်ထဲ ပက်လက်မျောလိမ့်မည်။
အရင်တုန်းကတော့ လင်းချင်းဟယ်က ဘာအလုပ်မှ မကူညီသောကြောင့် မကြာခဏ အာရုံစိုက်ခံခဲ့ရပေမယ့် သူမမှာ အမြဲတမ်း ကြမ်းတမ်းပြီး ထူထဲသော အရေပြား ရှိသောကြောင့် ဒါကို အလေးအနက်မထားခဲ့ပေ။
နောက်ပိုင်းတွင် သူမသည် အလယ်တန်းပြဆရာမဖြစ်လာသောကြောင့် ကောင်းကင်သို့ ဆန်တက်ကာ သူမရဲ့ နာမည်ဂုဏ်သတင်းကို အောင်မြင်စွာ ဆေးကြောသန့်စင်နိုင်ခဲ့သည်။
မိသားစုတွေ စားသောက်ပြီးချိန်တွင် မရီးသုံးယောက် အလည်ရောက်ရှိလာခဲ့သည်။
အခုဆို သမီးယောင်းမကြားက ဆက်ဆံရေးက အတော်လေး အဆင်ပြေသွားခဲ့ပြီ။
ယမန်နှစ်က ကျိုးယန်နဲ့ ဝူနီတို့အတွက် သင်ခန်းစာတွေ သင်ကြားပေးခဲ့သည့် လင်းချင်းဟယ်အား ကျေးဇူးတင်ရှိသည့်အနေဖြင့် အကြီးဆုံးမရီးနှင့် တတိယမရီးတို့က ကြက်ဥများကိုပင် ယူလာပေးသည်။
ကျိုးယန်တို့မောင်နှမနှစ်ဦး၏ စွမ်းဆောင်ရည်သည် သာမန်အဆင့်မှ အလယ်လတ်အဆင့်အထိ တိုးတက်လာပြီး တိုးတက်မှုမှာ သိသာထင်ရှားသည်။ ၎င်းတို့အနက် လင်းချင်းဟယ်မှ သင်ကြားပေးခဲ့သည့် အသိပညာများသည် သူတို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချထားပေးနိုင်ခဲ့သည်။
အနည်းဆုံးတော့ လင်းချင်းဟယ်ရဲ့ သင်ကြားပေးမှုကြောင့် ကျိုးယန်နှင့် ဝူနီတို့သည် အတော်လေး တိုးတက်လာခဲ့တာပဲ ဖြစ်လေသည်။
ဒါကြောင့်၊ သူတို့နှစ်ဦးက လင်းချင်းဟယ်ကို ကျေးဇူးတင်ဖို့ ရောက်ရှိလာကြတာပဲ ဖြစ်သည်။
ဒုတိယမရီးကမူ၊ သူမသည် နှမ်းနက် နှစ်ကျင်း ယူလာပေးခဲ့သည်။ သူမသည်လည်း ကျေးဇူးတင်တဲ့အနေနဲ့ ဒီကို လာခဲ့တာ ဖြစ်သည်။ ယခုနှစ်တွင် ကျိုးရှားသည် လက်သမားအလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုနေရာရာထူးကို ကျိုးချင်းပိုင်မှ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။
စတုတ္ထလေးတို့အိမ်ထောင်စုသည် သူတို့၏ အလားအလာ ကောင်းမွန်လာသောကြောင့် ကျိုးမိသားစုဟောင်းကို မပြစ်ပယ်ပဲ အခြားအိမ်ထောင်စုသုံးစုကို ကူညီပေးခဲ့သည်။
လင်းချင်းဟယ်သည် ဒုတိယမရီးထံမှ နှမ်းမှလွဲ၍ အကြီးဆုံးမရီးနှင့် တတိယမရီးအား ကျန်အရာများကို ပြန်ယူသွားရန် တောင်းဆိုခဲ့သည်၊ “နှမ်းတို့၊ ပဲပုတ်တို့ကို စားရတာ ကြိုက်တယ်။ ကြက်ဥတွေကိုတော့ ပြန်ယူသွားပါ။ တကယ်လို့ မရီးတို့ တစ်ခုခု ပေးချင်တယ်ဆိုရင်၊ နှမ်းနည်းနည်း ဒါမှမဟုတ် ပဲပုတ်နည်းနည်းပဲ ပေးကြပါ။”
သူမ မပြန်ခင်၊ ခရိုင်မြို့မှောင်ခိုစျေးကွက်မှ ကြက်ဥ တင်းအနည်းငယ် ဝယ်သွားလို့ရသည်။ ယခုနှစ်တွင် လူတိုင်း ကြက်တွေ ထပ်တိုးမွေးမြူကြသောကြောင့် ဥတွေ ပေါများနေလိမ့်မည်။
ထို့ကြောင့် လင်းချင်းဟယ်သည် အကြီးဆုံးမရီးနှင့် တတိယမရီးတို့ထံမှ ကြက်ဥတွေကို လက်မခံပဲ သူတို့အတွက် သိမ်းထားရန်သာ တိုက်တွန်းခဲ့သည်။
အကြီးဆုံးမရီးသည် ဒီနှစ် နွေရာသီမှာ ကလေးနှစ်ယောက်ကို စာသင်ပေးလို့ ရမလားလို့ မေးရမှာကိုပင် ရှက်သွားသည်။
တတိယမရီးသည်လည်း ထို့အတူပါပဲ။