အခန်း (၂၈၆) - အရေပြားကို ခွာချ
သူမက သေလမ်းရှာနေပေ၏။ ယနေ့တွင် လင်းချင်းဟယ်က တခြားဆရာမနှင့် အတန်းလဲပေးခဲ့သည်။ ထိုဆရာမက နေ့ခင်းတွင် အတန်းရှိပြီး သူမက လဲပေးခဲ့သည်။
ထို့ကြောင့် လင်းချင်းဟယ် ဆိုင်သို့ ရောက်လာသောအခါ ထိုစကားများကို ကြားလိုက်ရ၏။
လင်းချင်းဟယ်က သံသယမရှိချေ။ သူမက လမ်းလျှောက်ဝင်လာချိန်တွင် ခွေးခြေခုံပေါ်တွင် ထိုင်နေသော ကျန်းမေ့ဟယ်နှင့် မျက်မှောင်တင်းတင်းကြုတ်ထားသော ကျိုးချင်းပိုင်ကို တွေ့လိုက်ရသည်။
သူမ ရောက်လာသည်ကို တွေ့သောအခါ ကျိုးချင်းပိုင်၏ မျက်မှောင်ကုတ်ထားသော မျက်ခုံးများက အနည်းငယ် ပြေလျော့သွား၏။
တစ်ဖက်တွင်မူ ကျန်းမေ့ဟယ်က အဖမ်းခံလိုက်ရသဖြင့် ရုတ်တရက် ထိတ်လန့်သွား၏။ သူမက လင်းချင်းဟယ်ကို ကြည့်လိုက်သည်။
လင်းချင်းဟယ်ကလည်း သူမကို ကြည့်လိုက်သည်။
“ကျန်းမိသားစုရဲ့သမီးကြီးက လက်ထပ်ပြီးသားယောက်ျားနဲ့ ကိုယ်ဝန်ရခဲ့တယ်။ အဲဒီတုန်းကသာ မြန်မြန် မထွက်သွားဘူးဆိုရင် နင် သေချာပေါက် အပြစ်တင်ဝေဖန်ခံခဲ့ရမှာပဲ။ နင် ကျေးလက်ကို ရောက်တော့ နင့်ကို ကူညီဖို့ တစ်ယောက်ယောက်ကို လက်ထပ်ခဲ့တယ်။ ကလေးမရတာ နှစ်တွေ ဒီလောက်ကြာမှတော့ အဲဒီတုန်းက ကိုယ်ဝန်ပျက်ကျပြီးတော့ နင့်ခန္ဓာကိုယ် ထိခိုက်ခဲ့သလားဆိုတာ မသိနိုင်ဘူး။ အခု နင်က ငါ့ယောက်ျားကို ပစ်မှတ်ထားမယ်လို့ မထင်ထားမိဘူး။”
ကျန်းမေ့ဟယ်သည် လင်းချင်းဟယ်က သူမအကြောင်းကို ရှင်းလင်းစွာ သိထားမည်ဟု မမျှော်လင့်ထားချေ။ သူမက အံတင်းတင်းကြိတ်လိုက်ပြီးနောက် ပြောသည်။
“ရှင်က ပညာသင်ကြားနေတဲ့ ဆရာမတစ်ယောက်။ ဒါတောင်မှ ရှင့်ပါးစပ်ကို ဖွင့်လိုက်တာနဲ့ တခြားသူကို ဆဲဆိုပြောဆိုတယ်။ ဝဋ်လည်မှာကို မကြောက်ဘူးလား”
“နင်တောင်မှ ဝဋ်လည်မှာကို မကြောက်သေးတာ။ ဒီတော့ ဖြောင့်ဖြောင့်မတ်မတ် နေထိုင်တဲ့ ငါက ဘာလို့ ကြောက်ရမှာလဲ။ ငါက မဟုတ်တာ ပြောတတ်လား မပြောတတ်လား ငါတို့ အသိုင်းအဝိုင်းမှာ သွားမေးကြည့်ကြည့်၊ ကျန်းမေ့ဟယ် နင်က ဘယ်လိုလူစားမျိုးလဲဆိုတာ ဘယ်သူ မသိရှိလို့လဲ။ နင့်အကြောင်း နေရာတိုင်းကို ပျံ့နှံ့ပြီးသား။ နင်က အရှက်မရှိတဲ့ အမှိုက်ဆိုတာ လူတိုင်း သိကြပြီးသားပဲလေ” လင်းချင်းဟယ်က မထုံတက်သေး ပြောလိုက်သည်။
“ရှင်... ရှင်... ကျေးလက်...” (ဖြစ်နိုင်တာက ကျေးလက်က လာပြီးတော့များ...၊ ကျေးတောသူကများ... ဘာညာ ပြောချင်တာ နေပါလိမ့်မယ်။ သူက ဆက်မပြောလိုက်ရရှာဘူး)
သူမ စကားမဆုံးမီတွင် လင်းချင်းဟယ်က ဖြတ်ပြောလိုက်သည်။
“အရင်ကတော့ ငါက နင့်ရဲ့အပြုအမူအသေးလေးတွေကို ငါ စိတ်မဝင်စားခဲ့ဘူး။ တကယ်တမ်းကျတော့ နင်က ပညာမတတ်ဘဲ ပုံပျက်နေတဲ့ ဖရဲသီးလိုမျိုး ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ယောက်ပဲလေ။ နင်က ငါ့ပြိုင်ဘက် ဖြစ်ဖို့ ထိုက်တန်လို့လား။ နင့်ကို ငါ့မျက်စိထဲ ဘယ်တော့မှ မထည့်ထားခဲ့ဖူးဘူး။ နင့်ရဲ့ခန္ဓာကိုယ်က ဘယ်အရာကများ ငါနဲ့ နှိုင်းယှဉ်နိုင်လို့လဲ။ မျက်နှာလည်းမရှိ၊ ရုပ်ရည်လည်းမရှိ၊ ဘွဲ့လည်းမရဘူးလေ။ ပြီးတော့ နင်က မြို့တော်မှာ နေထိုင်နိုင်ရုံလေးတင်ပါ။ ကလေးတစ်ယောက်တောင်မှ မမွေးနိုင်ဘူး။ နင်က ဥမဥနိုင်တဲ့ ကြက်မပဲ။ ငါ့ချင်းပိုင်မှာ သားသုံးယောက်ရှိတာကို နင် တွေ့သွားတော့ မိထွေးဖြစ်ချင်နေတယ်ပေါ့။ နင် ဆီးသွားပြီးတော့ ဆီးထဲမှာ နင့်ရဲ့ကိုယ်ကျင့်တရားကို နင် ဘာဖြစ်လို့ ပြန်မစစ်ကြည့်ရတာလဲ။ နင်က ထိုက်တန်လို့လား”
အဆုံးတွင် ကျန်းမေ့ဟယ်က သူမမျက်နှာကို အုပ်ကိုင်ကာ ငိုကြွေးရင်း ထွက်ပြေးသွားတော့သည်။
လင်းချင်းဟယ်က ဤတစ်ကြိမ်တွင် သူမ၏ဒဏ်ရာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ ကြင်နာမှု လုံးဝ မပြပေ။
မတိုင်မီက သူမသည် လုပ်ရပ်ငယ်လေးများကို လျစ်လျူရှုထားခဲ့သည်။ သူမချင်းပိုင်၏ ဆိုင်သို့ ရောက်လာပြီး အနှောင့်အယှက်ပေးမည်ဟု မမျှော်လင့်ထားခဲ့မိပေ။ လင်းချင်းဟယ်က မည်သို့ သည်းခံနိုင်မည်နည်း။
လင်းချင်းဟယ်က ထိုသို့သော လူစားမျိုးကို ဘယ်တော့မှ မသနားတတ်ပေ။ လွန်ခဲ့သော နှစ်များစွာက မူလကိုယ်၏ မိဘများနှင့် ဆက်ဆံသည့်အတိုင်းပင်။ သံသယရှိရန် မလိုပေ။
သူမသည် မလုပ်လျှင် မလုပ်၊ လုပ်ပြီဆိုပါက ကြင်နာမှုထားမည် မဟုတ်ချေ။
လင်းချင်းဟယ်က လှည့်ကြည့်လိုက်သည်တွင် ကျိုးချင်းပိုင်က သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ လင်းချင်းဟယ်သည် သူက သူမကို မကြောက်ရွံ့မှန်း သတိပြုလိုက်မိသည်။ ဆန့်ကျင်ဘက်အားဖြင့် သူ့အမူအရာသည် သူမကြောင့် ညှို့ယူဆွဲဆောင်ခံလိုက်ရသကဲ့သို့ အလိုလိုက်ဟန် နူးညံ့သိမ်မွေ့နေလေသည်။
“အဟမ်း အဟမ်း” လင်းချင်းဟယ်က ချောင်းခြောက်ဆိုးလိုက်သည်။ သူမ၏ပုံရိပ်ကို ပြန်လည်ထိန်းသိမ်းလိုက်ပြီး သူမက ပြောလိုက်သည်။
“ကျွန်မက အခု သူမကို ဒေါသထွက်သွားလို့ပါ။ ဒီလိုလူမျိုးတွေက ပညာပေးသင့်တယ်”
“အင်း၊ ဆူပူကြိမ်းမောင်းလိုက်တာ ကောင်းတယ်” ကျိုးချင်းပိုင်၏ မျက်လုံးထဲတွင် ပျော်မြူးနေလေသည်။
လင်းချင်းဟယ်က ကျန်းမေ့ဟယ်သည် သူ့ကို အတော်လေး စိတ်အနှောင့်အယှက်ပေးပြီးကြောင်း သိပေသည်။ မဟုတ်ပါက သူ၏အကျင့်အရ ထိုသို့ ပြောမည် မဟုတ်ပေ။
ကျန်းမေ့ဟယ်အပေါ် သူ၏သဘောထားအရ သူ၏အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လင်းချင်းဟယ် ကောင်းကောင်း သိလိုက်သည်။
အမှန်တော့ ထို့သို့သော ကြောင်တောင်တောင်လူတစ်ယောက်နှင့် ကြုံတွေ့ရခြင်းက အလွန်ပင် ခက်ခဲပေသည်။ စကားကို မထိန်းသိမ်းထားပါက သူမ(ကျန်းမေ့ဟယ်)ကို ကျော်လွှားနိုင်မည် မဟုတ်ပေ။
လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ကူညီရန် ရှိနေခဲ့သည်။ မကြာမီ အခြားစားသုံးသူက ဖက်ထုပ်စားရန် ရောက်လာသည်။
အဒေါ်များက စားသောက်ကုန်များ ဝယ်ရန် ထွက်လာသည်။ ဖြတ်သွားရင်းဖြင့် သူမက တစ်ချက်ကြည့်လိုက်သည်။ လင်းချင်းဟယ်ကို မြင်တော့ သူမက ပြောသည်။ “ဆရာမလင်း ကျောင်းမသွားဘူးလား”
“ကျွန်မက ကောလိပ်မှာ အတန်းလဲခဲ့တာ” လင်းချင်းဟယ်က ပြုံးလိုက်သည်။ “ကျွန်မအားနေတာနဲ့ ကူညီဖို့ ရောက်လာတာ”
“လုပ်ငန်းက ဘယ်လိုလဲ” ဒေါ်လေးမာက မေးသည်။
“အဆင်ပြေပါတယ်” လင်းချင်းဟယ်က ပြော၏။ ထိုစဉ်တွင် နောက်ထပ် စားသုံးသူ နှစ်ယောက် ရောက်လာသည်။ အလုပ်က အတော်လေး မကောင်းပုံပေါ်နေသည်။ တကယ်တမ်းတွင် လူများစွာအတွက် စားပွဲပေါင်း တစ်ဒါဇင်ကျော်ခန့် ရှိသည်။ စားသုံးသူနှစ်ဦးသာ ရှိခြင်းက အလွန် လူသူကင်းမဲ့နေပုံပေါ်၏။
ဒေါ်လေးမာက ဘာမှ မပြောပေ။ ယင်းက ကျိုးခိုင်၏အဖေကို အိမ်တွင်နေစေသည်ထက်တော့ ပိုကောင်းသေးသည်။
လင်းချင်းဟယ်က ဒေါ်လေးမာ ကုန်စုံဝယ်ပြီးသွားသည်ကို သတိပြုမိပြီးနောက် သူမက လက်ဖက်ရည်ထည့်ပေးပြီးနောက် ပြောသည်။ “အဒေါ်.. ဈေးဝယ်သွားရင်း ဆိုင်ကို ဖြတ်သွားရင် တစ်ချက် ဝင်ကြည့်ပေးပါအုံး။ ကျွန်မရဲ့ချင်းပိုင်မှာ ကိစ္စတစ်ခုခု ဖြစ်ခဲ့ရင် အဒေါ်က ကူညီပြီးတော့ စကားနည်းနည်းလောက် ပြောပေးပါဦး။”
“ဘာဖြစ်နေလို့လဲ။” အဒေါ်မာက တုံ့ပြန်လာသည်။ ထိုစကားများအရ တစ်ခုခု ဖြစ်သွားသည်ကို သတိပြုမိနိုင်သည်။
“အဒေါ်မသိလို့နော်။ ဒီနေ့ ကျွန်မဒီကို လာတော့ အရမ်း ဒေါသထွက်လိုက်ရတယ်။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
သူမသည် အရှက်မဲ့သော ကျန်းမေ့ဟယ်ရဲ့အကြောင်းကို ဖုံးကွယ်ရန် မကူညီပေးဘဲ ကျန်းမေ့ဟယ်ကို ပြောခဲ့သော စကားများကို ဒေါ်လေးမာအား ပြန်ပြောပြလိုက်သည်။
“ဒီနေ့ ကျွန်မသာ အတန်းမလဲခဲ့ရင် ဒီမိန်းမက ဘယ်အထိ ခြေလှမ်းလှမ်းမယ်ဆိုတာ တွေးတောင် မတွေးရဲဘူး” လင်းချင်းဟယ်က ထုတ်ပြောလိုက်သည်။
“လုံးဝ အရှက်မဲ့တာပဲ” အဒေါ်များကလည်း ထုတ်ပြောသည်။
“ကျွန်မချင်းပိုင်က ဒီကို လာကတည်းက အပြုအမူကောင်းရှိတယ်။ အဒေါ် ကျွန်မတို့ အိမ်နီးချင်းတွေဖြစ်နေတာမို့ သူက တစ်နေကုန်အိမ်တောင် မပြန်ဘူး။ တစ်ဖက်မှာလည်း ကျွန်မတို့မှာ ကလေးသုံးယောက် ရှိပြီးတော့ ကြီးတောင် ကြီးနေပြီ။ ကျန်းမေ့ဟယ် ဒီလိုအတွေးမျိုး ဘာလို့တွေးတာလဲဆိုတာ ကျွန်မဖြင့် နားတောင် နားမလည်နိုင်ဘူး” လင်းချင်းဟယ်က ပြောလိုက်သည်။
“သူမက ကောင်းတဲ့မိန်းမ မဟုတ်ဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ သူမက အကြောက်အလန့်မရှိ ကျိုးခိုင်ရဲ့အဖေကို လာရှာရဲမယ်လို့ ငါ လုံးဝ မတွေးမိဘူး” ဒေါ်လေးမာကလည်း ပြန်ပြော၏။
“ဒါက ကျွန်မကို သိပ်ဒေါသထွက်စေတာပဲ။ ပုံမှန်ဆိုရင် ကျွန်မက ကျောင်းမှာ အလုပ်များတယ်။ အဒေါ်၊ ဈေးဝယ်ထွက်လို့ ဖြတ်သွားရင် အဒေါ်က ကျွန်မကို ကူညီပြီးတော့ တစ်ချက် ဝင်ကြည့်ပေးပါဦးနော်။”
လင်းချင်းဟယ်က တောင်းဆိုလိုက်သည်။
“ကိစ္စမရှိဘူး။ အဒေါ်က နောင်မှာ နေ့တိုင်း အားလပ်ချိန်တိုင်း လမ်းလျှောက်လာခဲ့ပေးမယ်” ဒေါ်လေးမာက ကတိပြုလိုက်သည်။
လင်းချင်းဟယ်က သူမကို ဖက်ထုပ်အချို့ ပေးလိုက်သည်။ ဒေါ်လေးမာက မငြင်းဘဲ ပြန်ယူသွား၏။
ထို့နောက် သူမက သူမ၏သူငယ်ချင်းဟောင်းတချို့ကို ထိုအကြောင်း ပြောပြလိုက်သည်။
“ငါ ဒီလောက်အရှက်မဲ့တဲ့လူစားကို တစ်ခါမှ မတွေ့ဖူးဘူး” ဒေါ်လေးမာက ပြောသည်။
“အဲလိုကိစ္စ ရှိခဲ့တာလား” သူမသူငယ်ချင်းဟောင်းများက အံ့ဩသွားကြသည်။
“ငါ လုံးဝ မထင်ထားဘူး။ ကောင်လေးက ကလေးသုံးယောက်ရှိပြီးတော့ လူကောင်းလေးရယ်။ သူ့မိန်းမကလည်း ပေကျင်းတက္ကသိုလ်မှာ အင်္ဂလိပ်စာဆရာမလေ။ ဒါက ဘယ်လောက်လေးစားဖို့ ကောင်းလိုက်သလဲ။ သူမက ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ။ သူမက အသိတရားမရှိတာပဲ” ဒေါ်လေးမာက ပြစ်တင်ဆူပူလိုက်သည်။
“သူမက ကလေးပျက်ကျပြီးတော့ ကလေးမရနိုင်တော့လို့လားမှ မသိတာ။ ဒီတော့ ကလေးသုံးယောက်ရှိတာကို မြင်တော့ သူမနှလုံးသားက ထိရှသွားတာများလား”
သူမ၏သူငယ်ချင်းဟောင်းများက ခန့်မှန်းကြသည်။
“ဒါက သိပ်ကို အရှက်မဲ့တာလေ။ ခင်ပွန်းနဲ့ဇနီးကြားက ဆက်ဆံရေးက ခိုင်မာပြီးတော့ ကလေးတွေကလည်း အသိတရားနဲ့ ဂရုစိုက်တတ်ကြတာကို။ သူက ကြက်ဥမဥနိုင်တာကြောင့် သူများမိသားစုကို ဖြိုခွဲချင်နေတာ။ ဒါက ကိုယ်ကျင့်တရားမဲ့တာပဲ” ဒေါ်လေးမာက ပြော၏။
သတင်းက လျင်မြန်စွာပြန့်နှံ့သွား၏။
အမျိုးသမီးကြီးက ပြောသည်။
“သူမက ဘာလို့ ငိုယိုပြီး ပြန်လာတာလဲလို့ ငါ ပြောနေသေးတာ။ သူမက တခြားသူနဲ့မိသားစုကို ဖျက်ဆီးချင်လို့ ဆရာမလင်းဆီက အဆူခံလိုက်ရတာ မဟုတ်လား”
“ဒါကို မင်းမျက်စိနဲ့ တွေ့လိုက်တာလား” တစ်ယောက်ယောက်က ချက်ချင်း မေးမြန်းလာသည်။
“ဟုတ်တယ်။ သူမက မှားယွင်းခံရသလိုနဲ့” အမျိုးသမီးကြီးက နှာခေါင်းရှုံ့လိုက်သည်။
“ဘယ်လောက်တောင် အရှက်မဲ့မိန်းမလဲ။ သူများမိသားစုကို ဖျက်ဆီးချင်နေတာ” ပတ်ဝန်းကျင်ရှိ လူတိုင်းက ကျန်းမေ့ဟယ်ကို စတင်ပြစ်တင်ဝေဖန်ကြတော့သည်။
လင်းချင်းဟယ်က ထိုအကြောင်းကို သိတော့ အပြစ်ရှိသလို မခံစားရပေ။ သူမက ဘယ်တော့မှ နှလုံးသား မပျော့ပျောင်းချေ။ သူမအမျိုးသားကို ကြံစည်ရဲကတည်းက သူမ မမေ့သွားအောင် သူမရဲ့အရေပြားတစ်လွှာကို ဘာလို့ မချွတ်ပေးရမှာလဲ။