အခန်း (၂၉၀) - ငွေမပြတ်လပ်ဘူး
“ဝင်ငွေနည်းတာက အဆင်ပြေပါတယ်။ လူတိုင်းကိုတော့ အပြည့်ပေးရမယ်” ကျိုးချင်းပိုင်က အစားအသောက်များကို ဆက်လုပ်ပြုလုပ်နေရင်း ဂရုမထားဘဲ ပြောလိုက်သည်။
ဒေါ်လေးမာက သူ့ကို ပိုသဘောကျသွား၏။ သူမက ညနေခင်း အိမ်ပြန်ရောက်တော့ ဦးလေးမာကို ပြောပြသည်။
“ကျိုးခိုင်တို့ ညီအစ်ကိုတွေလို သားလိမ္မာတွေကို မွေးထုတ်ထားနိုင်တာ အံ့ဩဖို့ မရှိတော့ဘူး။ ဒီလင်မယားက စိတ်ကောင်းရှိတယ်”
အမြတ်ကြီးစားတဲ့လူစားမျိုး မဟုတ်ပေ။
လူတိုင်းက အိမ်မှာ အစာအပြည့်နှင့် ဖက်ထုပ်များကို သာမန်အားဖြင့် မစားနိုင်ကြပေ။ သို့သော်လည်း ဂျုံနှင့် အစာသွပ်ပမာဏရှိသော ဖက်ထုပ်များက အမှန်ပင် ငွေအများအပြားကို မရနိုင်ချေ။
ထို့ကြောင့် သူမသူငယ်ချင်းဟောင်းလာသောအခါ ဒေါ်လေးမာက ပြောပြသည်။ “ရှောင်ခိုင်ရဲ့အဖေက သိပ်ရိုးသားတာ။ ဖက်ထုပ်တစ်ခုကို အစာသွပ်အများကြီးနဲ့ ထုပ်တယ်။ ငွေက ဘယ်လောက်ရမှာမို့လဲ။ သူတို့က အခု ငါ့ကို ယွမ်၂၀နဲ့ ငှားထားသေးတယ်။ ဆိုင်ခန်းငှားခကို နုတ်လိုက်ရင် သူတို့ ဘယ်လောက်မှ မရတော့ဘူး”
“သူတို့က ဝင်ငွေများများ မရရင် သူတို့ နင့်ကို ဘယ်လို ငှားနိုင်မှာလဲ” သူမသူငယ်ချင်းဟောင်းက မယုံချေ။
“ကောင်းပြီ သူ အလုပ်များတယ်လေ။ သူက ဆိုင်လုပ်ငန်းကို မထိန်းသိမ်းနိုင်ဘူးလား။ နင် မယုံဘူးဆိုရင် မနက်ဖြန် ပန်းကန်တစ်လုံး သွားစားချေ။ ချီးကျူးရမယ်လို့ ငါ အာမခံတယ်” ဒေါ်လေးမာက ထုတ်ပြောလိုက်၏။
သူမသူငယ်ချင်းဟောင်းက နောက်နေ့တွင် ရောက်လာသည်။
ကျိုးချင်းပိုင်က အထူးတလည် ဆက်ဆံမနေဘဲ ပန်းကန်တစ်လုံးဖြင့် ဧည့်ခံလိုက်၏။ သူမသူငယ်ချင်းဟောင်းက အစားအစာအတွက် စိတ်ကျေနပ်သွားပြီးနောက် ပြောသည်။ “ဖက်ထုပ်ပမာဏက တော်တော်များတယ်နော်”
“မှန်တယ် မဟုတ်လား” ဒေါ်လေးမာက ခေါင်းညိတ်ပြ၏။
ဒေါ်လေးမာ၏သူငယ်ချင်းက ကျိုးချင်းပိုင်ကို မေးသည်။ “ဖက်ထုပ်တစ်ပန်းကန်အတွက် ငွေရှာလို့ ရပါ့မလား”
“အများကြီးတော့ မရဘူးပေါ့” ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်ပြီး ပြန်ပြော၏။
“ဒါဆို ဘာလို့ လုပ်နေတာလဲ” အမျိုးသမီးကြီးက မေးသည်။
“ဒီလိုမှ မလုပ်ရင် ဘာလုပ်ရမလဲ။ တခြားအလုပ်မရှိဘူး” ကျိုးချင်းပိုင်က ပြန်ဖြေလိုက်သည်။
“ဖက်ထုပ်အစာလျှော့ထည့်ရင်ရော...” အမျိုးသမီးကြီးက အကြံပေးသည်။
“ဖက်ထုပ်အစာလျှော့လိုက်ရင် စားသုံးသူတွေက အပြည့်မရတော့ဘူးလေ။ စီးပွားရေး လုပ်ဖို့ ဆိုင်ဖွင့်ထားတာ ဆိုတော့ ရိုးသားဖို့ လိုတယ်။ အများကြီး မရလည်း ကျွန်တော်က အဆင်ပြေပါတယ်” ကျိုးချင်းပိုင်က ဂရုတစိုက် ပြန်ပြောလိုက်သည်။
ငွေမည်မျှ ရမည်နည်း ဆိုသောအကြောင်းဖြင့် သူ ဆက်လုပ်ခြင်း မဟုတ်ပေ။ သို့သော် လူသိများလာပြီး ဝင်ငွေရလာခြင်းက ကောင်းပေသည်။
သူ့ဇနီးသည် ပြောသည်ကို သူ ကြားဖူး၏။
အမြတ်နည်းသော်လည်း မြန်မြန် လည်ပတ်နိုင်လိမ့်မည်။ များများ ရောင်းရပါက အမြတ်များများ ရလာပေမည်။
ထို့နောက် ပါးစပ်ပြောနှင့် လူသိများလာပေမည်။ တခြားလူများက စီးပွားရေးကောင်းသည်ကို မြင်ပြီးနောက် လာစားကြပေမည်။ သူ့ဇနီးသည်က ဗဟုသုတနှင့် ပြည့်စုံ၏။ သူမက ယင်းကို အုပ်စုလိုက်ပြုမူခြင်းဟု ခေါ်လေသည်။
အရသာပိုကောင်းလေလေ လူများများ လာလေလေ ဖြစ်မည်။
ထိုအရာများကို အပြင်လူကို ရှင်းပြရန် မလိုပေ။
ဒေါ်လေးမာ၏သူငယ်ချင်းတွင် ကိုယ်ပိုင်အလုပ်လုပ်လိုသော သားတစ်ယောက် ရှိသည်။ သို့မဟုတ်ပါက သူမက လာစားပြီး မေးမြန်းမည် မဟုတ်ပေ။
ကျိုးချင်းပိုင်အား ဆိုင်ခန်းငှားခကို မေးမြန်းခဲ့သည်။
ကျိုးချင်းပိုင်က ထိုနေရာ၏ ပုံမှန်ပမာဏကို ပြောပြလိုက်သည်။
စာကြည့်တိုက်မှုး ဦးလေးဝမ်မှလွဲ့၍ ထိုဆိုင်ကို သူတို့မိသားစုပိုင်ဆိုင်မှန်း မည်သူမျှ မသိကြပေ။
အမျိုးသမီးကြီး ထွက်သွားပြီးနောက် ဒေါ်လေးမာက အံ့အားသင့်နေသည်။
“သူ့သားက သူ့ဘာသာသူ ဆိုင်ဖွင့်ချင်နေတာ မဟုတ်လား။ သူမက ဘာလို့ ဒီလောက်အများကြီး မေးရတာလဲ”
ကျိုးချင်းပိုင်က ပြောလိုက်သည်။ “ကြည့်ရတာ သူက ကိုယ်ပိုင်အလုပ်လုပ်ချင်တာ ထင်တယ်”
ဖက်ထုပ်ရောင်းဖို့တော့ ဆန္ဒရှိမည် မဟုတ်ချေ။ တကယ်တမ်းတွင် သူ့ဖက်ထုပ်ကို သူမက စားပြီးဖြစ်၏။ ယင်းက အတော်လေး ဖိအားများလိမ့်မည်။ အခြေခံအားဖြင့် တူညီသောဈေးကွက်မှ လူများသည် သူ့ဆိုင်မှ လုပ်ငန်းကို လုယူနိုင်မည် မဟုတ်ချေ။
ကျိုးချင်းပိုင်က အများကြီး ဂရုမစိုက်ချေ။ သူက ဝင်ငွေပိုရဖို့ ဖက်ထုပ်များကို ချက်ပြုတ်ရန် သွားလိုက်သည်။
ကျိုးချင်းပိုင်၏ဖက်ထုပ်ဆိုင်က ဆက်လက်လုပ်ကိုင်နေချိန်တွင် လင်းချင်းဟယ်ကလည်း ကျောင်းတွင် တိုးတက်နေသည်။
ယင်းက သူမ၏သင်ကြားမှု စွမ်းရည်နှင့် ပျော်ရွှင်ဖွယ်အတန်းကြောင့် ဖြစ်ပေသည်။ ကျောင်းတွင် ဟောပြောပွဲရှိတိုင်း သူမကို တက်ခွင့်ပြုထားသည်။
တကယ်တမ်းတွင် သူမက အသွင်အပြင်ကောင်းရှိပြီး ဗဟုသုတကြွယ်ဝသည်။ ထို့ကြောင့် သူမက အာရုံမများရဘဲ ပေကျင်းတက္ကသိုလ်၏ ပြောဆိုခွင့်ရှိသူ ဖြစ်လာ၏။
ကျေးလက်မှ ယောက်ျားကို ကွာရှင်းခဲ့ပြီး ကျောင်းနေဘက်အမျိုးသား၏ကိုယ်ဝန်ကို ပျက်ကျခဲ့သော ချန်ရွှယ်ကလည်း ဒီအတွက် အမြဲတမ်း တိုက်ပွဲဝင်ဖို့ ကြိုးစားခဲ့သည်။
သို့သော် ပေကျင်းတက္ကသိုလ်က သူမအား ပြောဆိုခွင့်ဆိုသောပုံရိပ်ကို မည်သို့ ခွင့်ပြုမည်နည်း။
လင်းချင်းဟယ် အတန်းပြီးဆုံးသော ထိုနေ့တွင် ချန်ရွှယ်က သူမကို လာရှာသည်။
လင်းချင်းဟယ်က ချန်ရွှယ် သူမကို လာရှာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခင် ကျောင်းတက်စက ခွန်အားပြည့်ဝသော ချန်ရွှယ်နှင့် ယှဉ်လျှင် ယခုတွင် သိသိသာသာ ညှိုးနွမ်းနေ၏။
သို့တိုင် သူမ၏ကျောက မတ်ထားဆဲ ဖြစ်သည်။
“နင် ငါနဲ့ စကားပြောချင်လား” ချန်ရွှယ်က သူမကို ကြည့်ပြီးနောက် မေးသည်။
လင်းချင်းဟယ်က သူမနှင့် ပြောစရာ မရှိသော်လည်း ပြောလိုက်သည်။
“စာအကြောင်းဆိုရင်တော့ ရပေမဲ့ တခြားဟာဆို မလိုအပ်ဘူး”
သူမက ချန်ရွှယ်၏ တခြားအကြောင်းအရာများကို နားထောင်ရန် စိတ်မဝင်စားချေ။
ချန်ရွှယ်က သူမနှုတ်ခမ်းကို စေ့ထားလိုက်ပြီးနောက် သူမကို ကြည့်လာသည်။ “နင် ကျောင်းကနေ စောစောဘွဲ့ရအောင် ဘယ်လို သိမ်းသွင်းလိုက်တာလဲ”
“နင် ကျောင်းဒါရိုက်တာကို မေးလို့ရတယ်” လင်းချင်းဟယ်က ပြုံးပြပြီးနောက် ထွက်သွားတော့သည်။
ဝမ်လီက အတန်းထဲမှ ထွက်လာလာချင်း ယင်းကို တွေ့လိုက်ရသည်။ သူမက လင်းချင်းဟယ်နောက်သို့ ပြေးလိုက်လာပြီး မေးသည်။ “ဘာဖြစ်တာလဲ။ သူမ နင့်ကို စကားလာပြောတာ ငါတွေ့လိုက်သလိုပဲ”
“သူမက ငါ ကျောင်းကနေ ဘွဲ့စောစောရအောင် ဘယ်လို စည်းရုံးလိုက်တာလဲလို့ မေးတယ်” ဟု လင်းချင်းဟယ်က ပြန်ဖြေ၏။
ဝမ်လီက အံ့ဩသွားသော အမူအရာ ဖြစ်သွားသည်။ လင်းချင်းဟယ်က ထုတ်ပြောလိုက်သည်။
“ဘာမှားလို့လဲ။ အခု ဘာဖြစ်တာလဲ”
“သူမက အဲဒီကောင်နဲ့ ပြတ်စဲ သွားပြီလေ” ဝမ်လီက နှုတ်ခမ်းကို တွန့်လိမ်လိုက်ပြီးနောက် ပြန်ပြောသည်။
“လမ်းခွဲလိုက်တာလား။ အရင်တုန်းကတော့ သူတို့က အရမ်းကို ခိုင်မြဲနေတာ မဟုတ်ဘူးလား” လင်းချင်းဟယ်က လှောင်ရယ်လိုက်သည်။
ဝမ်လီက ပြောသည်။ “အဲ့ကောင်က တခြားမိန်းမနဲ့ အတူတူ နေနေပြီလေ။ သူမက သူ့ကို အဲအချိန်မှာ ဖမ်းမိပြီးတော့ ရန်ဖြစ်ကြပြီး ပြတ်သွားပုံရတယ်”
လင်းချင်းဟယ်က ခေါင်းယမ်းလိုက်၏။ “သူ့ကို ထားလိုက်ပါတော့.. ငါ ဆိုင်ကို အရင် သွားလိုက်ဦးမယ်။”
“သွားလေ၊ ဒါပေမဲ့ ညနေပိုင်းမှာ ရေချိုးရုံကို သွားချင်ဘူးလား။” ဝမ်လီက မေးမြန်းလိုက်သည်။
“အင်း၊ သွားမယ်လေ။” လင်းချင်းဟယ်က ပြန်ဖြေ၏။
ယခုတွင် သူမက ရေချိုးရုံတွင် ရေချိုးရတာကို ကျင့်သားရနေပြီဖြစ်ကာ တခြားသူနှင့် ရေချိုးရသည်ကို သက်သောင့်သက်သာ ရှိလာပြီဟု ဆိုနိုင်ပေသည်။
လင်းချင်းဟယ်က ဆိုင်သို့ ရောက်လာ၏။ ကျိုးခိုင်၊ ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင် တို့က ရောက်နှင့်ပြီးဖြစ်သည်။ မိသားစုတစ်ခုလုံးက ဒေါ်လေးမာနှင့် ထမင်းစားနေကြ၏။
“ဦးလေးဝမ်က ကျွန်တော်စားပြီးရင် ဖက်ထုပ်တစ်ပွဲ ယူလာပေးဖို့ ပြောထားတယ်။” ကျိုးခိုင်က ထမင်းစားပြီးနောက် ပြောလိုက်သည်။
“ကောင်စုတ်လေး၊ မင်း ဘာလို့ စောစော မပြောတာလဲ။ အဲဒါကို အရင်သွားပို့ပြီးမှ ထားခဲ့လို့ မရဘူးလား။” လင်းချင်းဟယ်က သင်ကြားပေးသည်။
သူမကို အများအပြား လုပ်ပေးခဲ့ဖူး၏။ သူမက တူကို ချလိုက်ပြီး ဖက်ထုပ်တစ်ပွဲ သွားလုပ်ပေးကာ ကျိုးခိုင်ကို ပို့ခိုင်းလိုက်သည်။ “မင်း ဦးလေးဝမ်ဆီကနေ အခကြေးငွေ ယူလို့ မရဘူးနော်”
“ကျွန်တော် အဲဒါကို လက်မခံရင် ဦးလေးဝမ်က စားမှာ မဟုတ်ဘူး။ အမေ စိတ်မပူနဲ့၊ ဦးလေးဝမ်က ငွေနည်းနည်းလေးကြောင့် ငွေ မပြတ်လပ်ပါဘူး” ကျိုးခိုင်က သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး စားစရာဘူးကို ဦးလေးဝမ်ဆီသို့ သယ်သွားလိုက်သည်။
“ဒီကောင်စုတ်လေးကို ဘယ်လို သင်ရမလဲဆိုတာ ကျွန်မတော့ မသိတော့ပါဘူး။” လင်းချင်းဟယ်က ဒေါ်လေးမာဘက်ကလို လှည့်ပြောလိုက်သည်။
ဒေါ်လေးမာက ပြုံးလျက် ပြော၏။ “ရှောင်ခိုင်က ကောင်းပါတယ်။ အဘိုးကြီးဝမ်က ငွေမလိုအပ်ဘူး ဆိုမှတော့ စိတ်ထဲအများကြီး တွေးမနေပါနဲ့။”
လူအိုကြီးဝမ်က သူ ပြန်လာချိန်တွင် ငွေအများအပြား ထောက်ပံ့ခံထားရကြောင်း အိမ်နီးချင်းများက သိကြသည်။ ယခင်က သိမ်းဆည်းထားသော ပစ္စည်းများလည်း ရှိသေးသည်။ ပျက်စီးမှုများအတွက်ကြောင့်လည်း အလျော်ပေးပြီးဖြစ်၏။ လူအိုကြီးဝမ်က ငွေနည်းနည်းမှ မပြတ်လပ်နေပေ။
“ဒီအိမ်နဲ့ ဒီဆိုင်ကိုလည်း ဦးလေးဝမ်ရဲ့အကူအညီကြောင့်ပဲရတာ။ မဟုတ်ရင် ကျွန်မတို့ မိသားစု ဘယ်လိုလုပ် ရွေ့ပြောင်းနိုင်မှာလဲ။ ကျွန်မဖက်ထုပ်တွေအတွက် ငွေကို ဘယ်လို ယူနိုင်မလဲ”
လင်းချင်းဟယ်က ကူကယ်ရာမဲ့စွာ ရှင်းပြသည်။
ဒေါ်လေးမာက ပြုံးလျက်ဖြင့် ပြော၏။ “ငါ့စိတ်ထင် အဘိုးကြီးဝမ်က မင်းရဲ့မိသားစုလိုပဲ။ သူ့ကို ဘာလို့ မွေးစားအဖေလို့ မသတ်မှတ်တာလဲ”
“ဟင်...” လင်းချင်းဟယ်က အေးခဲသွား၏။ သူမက ထိုအချက်ကို လုံးဝ မတွေးမိချေ။
“အဲလို မလုပ်နိုင်ဘူး။ လူတွေက ဦးလေးဝမ်ရဲ့ ငွေတွေကို ကျွန်မတို့မိသားစုက မျက်စိကျနေတယ်လို့ တခြားသူတွေက ထင်ကြလိမ့်မယ်”
လင်းချင်းဟယ်က သူ့တွေဝေနေပြီးနောက် ခေါင်းယမ်းလိုက်သည်။
ပေကျင်းတက္ကသိုလ်၏ စာကြည့်တိုက်မှ ဦးလေးဝမ်က ပုန်းကွယ်နေသော သူဌေး ဖြစ်သည်။
သူ ငွေမည်မျှ ပိုင်ဆိုင်ထားမှန်း မသိနိုင်သော်လည်း လင်းချင်းဟယ်က ဦးလေးဝမ်သည် အနောက်ခြံဝန်းလေး ပါသော ခြံဝန်းတစ်ခု ပိုင်ဆိုင်ထားမှန်း သိသည်။
ထိုခြံဝန်းတစ်ခုတည်းဖြင့် သူ မည်မျှ ကြွယ်ဝမှန်း ညွှန်ပြနိုင်သည် မဟုတ်ပါလော။ လက်ရှိတွင် ထိုနေရာကို အငှားထားပြီး လတိုင်း ငှားရမ်းခအများအပြား ရရှိပေသည်။
ဦးလေးဝမ်က ငွေမလိုအပ်ဆိုသည်မှာ အတိအကျ မှန်ကန်ပေ၏။