အခန်း (၂၉၁) - မွေးစားမိဘအဖြစ် သတ်မှတ်
ငွေမလိုအပ်သော ဦးလေးဝမ်က စာကြည့်တိုက်ထဲတွင် ဖက်ထုပ်များ စားနေသည်။
“မင်းအဖေကက ဒီလောက်ကြီးတဲ့ ဖက်ထုပ်ကို လုပ်ပြီးတော့ ငွေရှာနိုင်သေးရဲ့လား” ဦးလေးဝမ်က ပြောသည်။
“ကျွန်တော့်အဖေက သူ့စားသုံးသူတွေက အပြည့်အဝ စားရမယ်လို့ ပြောတယ်။ ပြီးတော့ သူက ငွေအများကြီး မရလည်း အဆင်ပြေတယ်တဲ့” ကျိုးခိုင်က ပြန်ဖြေလိုက်၏။
“ဆိုင်က မင်းတို့အပိုင်ဆိုတော့ အဆင်ပြေမှာပါ” ဦးလေးဝမ်က ခေါင်းညိတ်လိုက်သည်။
ယင်းက သူတို့အပိုင် ဖြစ်သောကြောင့် သူတို့က ငှားရမ်းခ ပေးရန် မလိုတော့ချေ။ သူတို့ ဝင်ငွေများများ နည်းနည်း ကိစ္စမရှိချေ။ တစ်ခုခု လုပ်စရာ ရှိနေခြင်းက ပျင်းဖို့ကောင်းမည် မဟုတ်ပေ။
ဦးလေးဝမ်ကိုယ်တိုင်က ထိုသို့ ဖြစ်သည်။
သူက ငွေမလိုအပ်သော်ငြား သူက ပေကျင်းတက္ကသိုလ်တွင် စာကြည့်တိုက်မှုး လာလုပ်နေသည်။ ထို့ကြောင့် သူက သိပ်မပျင်းရတော့ချေ။
“အဘိုး၊ ဆက်စားနော်။ ကျွန်တော် ဘတ်စကတ်ဘော သွားဆော့လိုက်ဦးမယ်။ ပန်းကန်ကို အဘိုး မဆေးထားနဲ့။ ကျွန်တော် နောက်မှ ပြန်လာယူမယ်။ ဆီတွေကို မဆေးထားနဲ့” ကျိုးခိုင်က သတိပေးလိုက်သည်။
“သွားလေ” ဦးလေးဝမ်က ခေါင်းညိတ်လိုက်၏။
ကျိုးခိုင်က ဘတ်စကက်ဘော သွားကစားသည်။ ဦးလေးဝမ်က သူ့စားစရာဘူးထဲမှ ဖက်ထုပ်များကို စားရင်း ထိုကလေး ဘတ်စကက်ဘောဆော့နေသည်ကို ကြည့်နေ၏။
သူက ငယ်ရွယ်သောသူ ဖြစ်သည်။ ခွန်အားအပြည့်ရှိ၏။ ကျိုးခိုင်က သိပ်မကြာခင် ပြန်လာပြီး စားစရာဘူးကို သိမ်းလိုက်သည်။ သူက ပြော၏။ “အဘိုး.. ကျွန်တော် အရင်သွားနှင့်မယ်”
“ငွေမပေးရသေးဘူးလေ” ဦးလေးဝမ်က အော်လိုက်သည်။
“ကျွန်တော့်ကို ငွေမပေးနဲ့တော့၊ နောက်တစ်ခါ အဘိုး အပြင်သွားလို့ စာအုပ်ကောင်းတွေ တွေ့ရင် ကျွန်တော့်အတွက်ဝယ်လာပေး” ဦးလေးဝမ်က သူ၏အကြံပြုချက်ကို သဘောတူလိုက်၏။
ဒေါ်လေးမာ၏ မွေးစားမိဘအဖြစ် သတ်မှတ်ရန် အကြံပေးချက်ကြောင့် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်က ညတွင် ဆွေးနွေးကြသည်။
“ဦးလေးဝမ်က လောင်တာ့ကို သိပ်ကြင်နာတာ။ သူက အပြင်သွားတိုင်း သူ့အတွက် စာအုပ်ကောင်းတွေ ယူလာပေးတယ်” လင်းချင်းဟယ်က ပြောလိုက်သည်။
သူက သူ့အား မြေးအရင်းကဲ့သို့ ဆက်ဆံသည်။
သူက မိသားစုအတွက် လွယ်ကူစေရန် အများအပြား လုပ်ပေးခဲ့သည်။ ဤနေရာသို့ ကျောင်းပြောင်းရသည့် အကြောင်းအရင်းမှာ သူမမိသားစု ဤနေရာတွင် နေထိုင်နိုင်ရန် ဖြစ်သည်။
ပြီးလျှင် ဖက်ထုပ်ဆိုင်ဖြစ်၏။ ဦးလေးဝမ်က ယင်းကို ရွေးပေးခဲ့သည်။
“သူက သိပ်ကို ချမ်းသာတယ်။ အဲလိုလုပ်ရင် ကျွန်မတို့က သူ့ဆီက အကျိုးအမြတ်ရချင်တယ်လို့ လူတွေက တွေးကြမှာ” လင်းချင်းဟယ်က ပြောလိုက်၏။
အိမ်၏အဝေးတွင် နေထိုင်ပြီး မြို့တော်တွင် ဆွေမျိုးရှိခြင်းက အလွန်ကောင်းမွန်သည်။
“ကိုယ်တို့ ကြည့်ကြတာပေါ့” ကျိုးချင်းပိုင်က ဘာမှမပြောပေ။
သူက ဦးလေးဝမ်နှင့် တွေ့ဆုံဖူး၏။ သူ ပထမဆုံး ဆိုင်ဖွင့်ချိန်တွင် ဦးလေးဝမ်က မကြာမကြာ ရောက်လာတတ်သည်။
မွေးစားမိဘအဖြစ် အသိအမှတ်ပြုခြင်းကိုမူ ဘေးဖယ်ထားရပေမည်။
နေ့ရက်များက ပုံမှန်အတိုင်း ကုန်လွန်သွားသည်။ သို့သော် မိသားစု၏ကျေးဇူးကြွေးတင်နေသော ဦးလေးဝမ်နှင့် ပတ်သက်၍ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်က သူ့ကို တစ်ခုခု လုပ်ပေးချင်သည်ကမူ မရပ်တန့်သွားချေ။
ဒေါ်လေးမာက ယင်းကို သတိပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူမက တွေးလေတွေးလေ ထိုကိစ္စက ပြီးပြည့်စုံလေဟု သူမခံစားမိသည်။
ထိုသို့ ဖြစ်ခဲ့ပါက လူအိုကြီးဝမ်ကို နောင်တွင် ကာကွယ်ပေး၍ ရမည် ဖြစ်သည်။
လင်းချင်းဟယ်က စိုးရိမ်နေသည်။ မည်သည်ကို စိတ်ပူနေသနည်း။ သူတို့က လူအိုကြီးဝမ်ကို သူ့ဘဝတစ်လျှောက်လုံး အထောက်အပံ့ပေးသွားမည်။ လူအိုကြီးဝမ်၏ ပစ္စည်းများ သူမအတွက် ချန်ထားခဲ့ခြင်းက သဘာဝအတိုင်း မျှတပေ၏။
ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ။
သို့သော်ငြား သူမက အလုပ်တွင် အာရုံစိုက်နေရ၏။ သူမက လူအိုကြီးဝမ်ကို ထွက်ရှာရန် အချိန်မရှိပေ။
ပြီးတော့ ဦးလေးဝမ်က ဆိုင်သို့ လာခဲသည်။ သူက အမြဲတမ်းနီးပါး စာကြည့်တိုက်တွင်သာ ရှိသည်။ လတစ်ဝက် ကုန်ဆုံးသွားပြီးနောက် ဒေါ်လေးမာက ဦးလေးဝမ် အေးအေးလူလူ လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
“အိုး... အဘိုးကြီးဝမ်” ဒေါ်လေးမာက ဦးလေးဝမ်ကို တွေ့လိုက်သည်နှင့် ပြုံးပြလိုက်သည်။
“မင်းက ဒီမှာ အရံဟင်းတွေ လုပ်နေတာလား” ဦးလေးဝမ်က မရောက်တာ အတော်ကြာပြီဖြစ်သည်။ သူက ဒေါ်လေးမာ တစ်လပြည့်လစာ ရပြီးသည်ကို မသိပေ။
“ဒီမှာ အလုပ်လုပ်တာ တစ်လရှိပြီ” အဒေါ်မာသည် အလုပ်ရပြီးကတည်းက နေ့တိုင်း အသက်ဝင်နေသည်။
အလုပ်ချိန်က အတော်လေး ကြာရှည်သော်လည်း အလုပ်လုပ်ရသည်က သုံးနာရီထက် မပိုပေ။
သူတို့က လုပ်ပြီးသောအခါ သူမက ခွေးခြေခုံတွင် ထိုင်ရုံသာ ရှိသည်။ ပန်းကန်များ ဆေးကြောခြင်းက အလွန်ရိုးရှင်း၏။
မနေ့က တစ်လစာ လခယွမ်၂၀ကို ပေးထားပြီဖြစ်သည်။ ဒေါ်လေးမာက အလွန်ပျော်ရွှင်နေ၏။
“ဒီဆိုင်က အစာသွပ်များများနဲ့ မင်းက လူငှားဖို့ တတ်နိုင်သေးတယ်ပေါ့” ဦးလေးဝမ်က ကျိုးချင်းပိုင်ကို ကျီစယ်လိုက်သည်။
ကျိုးချင်းပိုင်က ပြုံးလျက် ပြောသည်။ “ဦးလေး သခွားသီးလား ခရမ်းချဉ်သီးလား”
“ခရမ်းချဉ်သီးပေးပါ” ဦးလေးဝမ်က မချုပ်တည်းထားပေ။
ကျိုးချင်းပိုင်က ရေဆေးထားပြီး ခြင်းတောင်းထဲ ထည့်ထားသော ခရမ်းချဉ်သီးကို သူ့အား ပေးလိုက်၏။
ဦးလေးဝမ်က ထိုင်လိုက်ပြီး ဒေါ်လေးမာနှင့် စကားစမြည်ပြောသည်။ ဦးလေးဝမ် မထွက်သွားခင်တွင် ဒေါ်လေးမာက သူ့ကို ခေါ်ပြီး ထွက်သွား၏။ “အဘိုးကြီးဝမ် ကျွန်မကို စောင့်ပါဦး။”
“ဘာကိစ္စရှိတာလဲ” ဦးလေးဝမ်က အံ့ဩသွား၏။
“အဘိုးကြီးဝမ်၊ ရှင် ရှောင်ခိုင်ရဲ့အဖေကို မွေးစားသားအဖြစ် သတ်မှတ်ဖို့ မတွေးမိဘူးလား။”
ဒေါ်လေးမာက အဓိကအချက်ကို တန်းပြောလိုက်သည်။
“ဘယ်သူက ဒါကို အကြံပေးတာလဲ” ဦးလေးဝမ်က အံ့ဩသွားပြီး ဒေါ်လေးမာကို စိုက်ကြည့်လိုက်သည်။
“ကျွန်မပေးတာ” ဒေါ်လေးမာက ပြန်ပြောသည်။ “ဒါက ပြီးပြည့်စုံတယ်လို့ ကျွန်မထင်တယ်။ ရှင်က ရှောင်ခိုင်ရဲ့အဖေနဲ့ ဆွေမျိုးဖြစ်လာတယ်။ ဒါဆို ရှောင်ခိုင်နဲ့ သူ့ညီတွေက ရှင့်မြေးတွေ ဖြစ်လာမှာ”
ထိုမတိုင်မီက ဦးလေးဝမ်က မတွေးခဲ့ဖူးပေ။ သို့သော် ဒေါ်လေးမာ ပြောလာသောအခါ လူအိုကြီ၏နှလုံးသားက ထိရှသွား၏။
သူက ကျိုးခိုင်ကို မြေးတစ်ယောက်လို အမှန်ပင် ဆက်ဆံခဲ့သည်။ သူ့သားနှင့် သူ့ချွေးမသာ ထိုအချိန်က နိုင်ငံခြားသို့ ထွက်မပြေးခဲ့ပါက သူ့မြေးက ဤအရွယ်လောက် ရှိနေမှာပဲ ဖြစ်သည်။
သို့သော် အလွန်ကြာသည်အထိ သတင်းပင် ပြန်မရခဲ့ပေ။
သင်္ဘောက နစ်သွားပုံရကြောင်း သူ ကြားခဲ့ရသည်။
ဦးလေးဝမ်က သူ့သားနှင့်ချွေးမက ကံဆိုးမှုနှင့် ကြုံတွေ့ခဲ့ပြီမှန်း သိခဲ့ရသည်။ မဟုတ်လျှင် နှစ်များစွာ ကြာပြီးနောက် စာတစ်စောင်တောင် ဘယ်လိုလုပ်ပြီး မပို့ဘဲ နေပါ့မည်နည်း။
“ရှင် ဘယ်လို ထင်လဲ။ ကျွန်မစိတ်ထင် ဒါက ပြည့်စုံတယ်။ ဒါပေမဲ့ ဆရာမလင်းက မလိုလားပုံရတယ်။ သူမက လူတွေက ရှင့်ငွေတွေကို သူမ လိုချင်တယ်လို့ ပြောမှာကို စိုးရိမ်နေတာ” ဒေါ်လေးမာက ရှင်းပြ၏။
“ငါ့ငွေတွေကို အငမ်းမရဖြစ်တယ်လား။ သူမက အကန့်အသတ်မရှိတဲ့ အနာဂတ်နဲ့ အင်္ဂလိပ်ဆရာမပါ။ သူမရဲ့ကလေးသုံးယောက်လုံးက သိတတ်ပြီးတော့ အမျိုးသားကလည်း တာဝန်ယူနိုင်စွမ်းရှိတယ်” ဟု ဦးလေးဝမ်က ပြော၏။
ဒေါ်လေးမာက ထောက်ခံသည်။ “အဲဒါ မဟုတ်ဘူးလား။ တကယ်လို့ သူတို့လင်မယားက သဘောတူရင် အနာဂတ်မှာ ရှင့်ကို ဂရုစိုက်ဖို့တစ်ယောက်ယောက် ရှိလိမ့်မယ်။ ဒါက ကျွန်မအပြော မဟုတ်ဘူး။ ပိုင်ဆိုင်မှုတွေကို သူတို့အတွက် ချန်ထားတာက ဘာမှမမှားဘူး။ ရှင့်ကို လက်ကျန်တစ်ဘဝလုံး ဂရုစိုက်တဲ့သူတွေကို မပေးရင် ရှင် ဘယ်သူ့ကို ပေးမလဲ”
ဦးလေးဝမ်က ခေါင်းညိတ်လိုက်သည်။
အမှန်တွင် သူ့၌ ငွေအများအပြား မရှိပေ။ ယွမ်တစ်သောင်းကျော်သာ ရှိသည်။ သူက စာကြည့်တိုက်တွင် အလုပ်ရှိပြီး ခြံဝန်းတစ်လုံးရှိသည်။
“ဒါက အဆင်ပြေတယ်လို့ တွေးရင် ရှင်နဲ့ကျွန်မ ဆွေးနွေးကြမယ်။ ကလေးမွေးစားဖို့က အသေးအဖွဲ့ မဟုတ်ဘူး။ ရှင် တွေးပြီးရင် ကျွန်မဆီလာပြီး အသိပေး” ဒေါ်လေးမာက ဆက်ပြော၏။
“ကောင်းပြီ” ဦးလေးဝမ်က ခေါင်းညိတ်ပြီး ပြန်သွားသည်။
ဒေါ်လေးမာက အထဲသို့ ပြန်ဝင်သွားပြီး ကျိုးချင်းပိုင်ကို ပြောသည်။ “ရှောင်ခိုင်ရဲ့အဖေ... မွေးစားမိဘကိစ္စက ကောင်းတယ်လို့ ငါထင်တယ်။ ဆရာမလင်းက အနာဂတ်မှာ ရှောင်ခိုင်ကို စစ်ထပ်ထဲ ဝင်စေချင်တယ်လို့ ငါ ကြားတယ်။ အဘိုးကြီးဝမ်က အဆက်အသွယ်ရှိတယ်။ ပြီးတော့ အဘိုးကြီးဝမ်က ပေကျင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးနဲ့က အသိအကျွမ်းဟောင်းတွေ။ ဆရာမလင်းရဲ့ အနာဂတ်တိုးတက်ဖို့က အကန့်အသတ်မဲ့လိမ့်မယ်”
“ကျွန်တော်တို့ ဒါတွေကို မလိုအပ်ဘူး” ကျိုးချင်းပိုင်က ခေါင်းယမ်းလိုက်သည်။
“ငါ သိတယ်၊ ဒါက ငါ ပြောပြရုံပဲ။ ဆရာမလင်းက တအားစိတ်ပူနေတာ။ တခြားသူတွေ ပြောမှာကို စိုးရိမ်ဖို့ မလိုဘူး မဟုတ်လား။ ငါသာ အဘိုးကြီးဝမ်ဆိုရင် နောင်မှာ တစ်ယောက်တည်း ကျန်နေခဲ့မှာ။ အသက်ကြီးလာပြီး ငါ့ကို ကျွေးမွေးစောင့်ရှောက်တဲ့သူက ငါ့ပစ္စည်းကို ရသင့်တာပေါ့။ ဒါက အငြင်းပွားဖို့ မလိုဘူး” ဒေါ်လေးမာက ဖျောင်းဖျသည်။
ကျိုးချင်းပိုင်က ပြုံးလျက် ပြော၏။ “အနာဂတ်က ဝေးပါသေးတယ်။ ဦးလေးဝမ်က ကျန်းမာရေးကောင်းတယ်။ နောက်နှစ်သုံးဆယ်လောက် နေထိုင်ဖို့က ပြဿနာ မဟုတ်ဘူး”
“သူက အစောပိုင်းနှစ်တွေတုန်းက ခါးသီးမှုကို ခံစားခဲ့ရတာ။ သူက ဆယ်နှစ်လောက် ထပ်နေရရင် ကောင်းနေပြီ” ဒေါ်လေးမာက ခေါင်းယမ်းလိုက်သည်။
“ဦးလေးဝမ်က ဘာပြောလို့လဲ” ကျိုးချင်းပိုင်က မေးသည်။
“အဘိုးကြီးဝမ်က ဘာလို့ ကန့်ကွက်နိုင်မှာလဲ။ သူက ဝမ်းသာသွားတာ။ ငါက သူ့ကို အိမ်ပြန်ပြီး တွေးခိုင်းလိုက်တယ်” ဒေါ်လေးမာက ပြန်ပြော၏။