အခန်း (၂၉၂) - လွန်လွန်ကဲကဲ ချစ်ခဲ့။
ညနေခင်း အိမ်ပြန်လာသောအခါ ကျိုးချင်းပိုင်က လင်းချင်းဟယ်ကို ထိုကိစ္စအား ပြန်ပြောပြ၏။
၎င်းကို ကြားပြီးနောက် လင်းချင်းဟယ်က ဒေါ်လေးမာကို သွားရှာသည်။ သူမက ဒေါ်လေးမာကို ပြုံးလျက် အမြန်ပြောလိုက်သည်။ “ဦးလေးဝမ်ကသာ ဆန္ဒရှိရင် ဒါက ကျွန်မတို့အတွက် ပြဿနာ မဟုတ်ဘူး။ သင့်တော်တဲ့နေ့တစ်ခု ရွေးဖို့ ဒေါ်လေးမာကိုပဲ ဒုက္ခပေးရတော့မယ်။ လူတိုင်းက ဖက်ထုပ်ဆိုင်မှာ တစ်နပ်သွားစားကြတာပေါ့”
“ကောင်းပြီ အဘိုးကြီးဝမ် လာတာနဲ့ ငါ သူ့ကို တိကျတဲ့စကား ပြောပြလိုက်မယ်” ဒေါ်လေးမာက ပျော်ရွှင်သွားသည်။
ယခင်ကတည်းက သူတို့၏ မားမိသားစုက ဝမ်မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး သူတို့က သူတို၏အိမ်နီးချင်းကောင်း အဘိုးကြီးဝမ်အား သူ အသက်ကြီးလာသောအခါ သူ့ကို စောင့်ရှောက်ရန် တစ်ယောက်ယောက် ရှိလာဖို့ ထုတ်မပြောသော်ငြား မျှော်လင့်ခဲ့ကြသည်။
သူမ၏စကားအရ ဆိုလျှင် ငွေအများကြီး ရှိတာက ဘာလုပ်ရမည်နည်း။ သူက ရေနွေးပူပူလေး လိုချင်ပါက မည်သူမှ မရှိချေ။ တစ်ယောက်တည်း ရှိနေခြင်းက အလွန်မလွယ်ကူချေ။
မေလအဆုံးတွင် မွေးစားမိဘ၊ မွေးစားကလေး ဆက်ဆံရေးက စတင်ခဲ့ချေသည်။
ကျိုးခိုင်၊ ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့က သူတို့၏ ခေါ်ဝေါ်မှုကို ပြောင်းလဲလိုက်ပြီး အဘိုးဝမ် ဖြစ်လာသည်။
ကျိုးချင်းပိုင်ကမူ ဦးလေးဟုသာ ခေါ်ဝေါ်၏။ လင်းချင်းဟယ်ကလည်း ထို့နည်းတူပင်။ ဦးလေးဝမ်က အဖေကျိုးထက် နှစ်အနည်းငယ် ငယ်သော်လည်း သူ့ကျန်းမာရေးက အဖေကျိုးလောက် မကောင်းပေ။
တတ်နိုင်တာ မရှိချေ။ သူက အစောပိုင်း နှစ်တွေကတည်းက ခါးသီးခဲ့ရသည်။
သူတို့၏ ဆက်ဆံရေးကို တရားဝင်အသိပေးပြီးသည်နှင့် အဘိုးဝမ်က ကျောင်းကဖေးမှာ စားတာကို ရပ်လိုက်သည်။ ကျိုးခိုင်က သူ့ကို ခေါ်လာပြီး ဖက်ထုပ်ဆိုင်တွင်သာ စားကြသည်။
ဤညနေခင်းတွင် မိသားစုက အတူတကွ ဝိုင်းထိုင်လိုက်ကြပြီး သိုးသားနှင့် မုန်လာဥစွပ်ပြုတ်ကို စားကြသည်။ ကျိုးချင်းပိုင်၏ ဘန်းမုန့်များကိုလည်း တည်ခင်းခဲ့ကြသည်။
ဖက်ထုပ်ဆိုင်ဖွင့်ကတည်းက ကျိုးချင်းပိုင်က ‘ချက်ပြုတ်ခြင်းအနုပညာ’ ဆိုသော စကားနှစ်လုံးကို ကျွမ်းကျင်လာသည်။ ယခု မနက်ခင်းစာကိုပင် လင်းချင်းဟယ်က ကျိုးခိုင်ကို မနက်ခင်းတွင် ဆိုင်မှ ထုပ်ပိုးပြီး အိမ်သို့ ပို့စေသည်။ မိသားစုက မီးဖိုကို လုံးဝ မသုံးတော့ပေ။
တစ်ရက် သုံးနပ်အတွက် ကျိုးချင်းပိုင်က ကျွေးမွေးသည်။
ဥပမာအားဖြင့် ယနေ့ သိုးသားမုန်လာဥစွပ်ပြုတ်၊ အသီးအရွက်ဘန်းမုန့်များက ကျိုးချင်းပိုင်၏ လက်ရာများ ဖြစ်သည်။
လင်းချင်းဟယ်က သူမ၏ယောက်ျားသည် ရတနာဟုပင် ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် သူချင်းပိုင်၏ သူမ ရှာမတွေ့သေးသော အရည်အချင်းများကို တွေးမိခဲ့သည်။
“ဒီနေ့ သိုးသား ဘယ်လို ရလာတာလဲ” လင်းချင်းဟယ်က စားသောက်ပြီးနောက် စိတ်ကျေနပ်စွာ မေးလိုက်သည်။
အသီးအရွက်ဘန်းမုန့်နှင့် သိုးသားမုန်လာဥစွပ်ပြုတ်က အတော်လေး အရသာရှိသည်။
“ဖြတ်သွားလိုက်တာကို တွေ့လို့ တချို့ ၀ယ်လိုက်တာ” ကျိုးချင်းပိုင်က ပြောသည်။
သူ မျက်မြင်တွေ့ခဲ့သည်ဟု မှတ်ယူနိုင်သည်။ မြို့တော်၏ တိုးတက်မှုက နေ့ရက်တိုင်း ပြောင်းလဲနေ၏။ ဈေးသည်များ အများအပြား ပေါ်ထွက်လာသည်။ ဘာမဆိုရောင်းသည်။
သိုးသားက အတော်လေး နည်းသော်လည်း ယင်းက ရနိုင်ပေသည်။
လင်းချင်းဟယ်က စိတ်ကျေနပ်ရုံသာမက ကောင်လေးများနှင့် အဘိုးဝမ်ကလည်း စိတ်ကျေနပ်ကြသည်။
“ကျွန်တော့်အဖေရဲ့ ဟင်းချက်စွမ်းရည်က ကောင်းတယ်။ ဒါကို အရင်က သတိမထားမိခဲ့ဘူး။ ဒါက အမေက လွန်လွန်ကဲကဲ အချစ်ပိုခဲ့လို့ပဲ။” ကျိုးကွေ့က ဆို၏။
“ငါက လွန်လွန်ကဲကဲ အချစ်ပိုခဲ့တာလား။ အရင်က ကျေးလက်မှာ မင်းအဖေက မနက်စောစော လယ်ထဲဆင်းသွားရပြီးတော့ ညမှ ပြန်လာရတာ။ သူ အလုပ်ပြီးလို့ အိမ်ပြန်လာချိန်မှာ သူ့ကို ဘယ်လိုလုပ်ပြီး ချက်ခိုင်းရက်မှာလဲ” လင်းချင်းဟယ်က ပြန်ချေပလိုက်သည်။
“ဒါက ဒီလိုပေါ့။ အဖေသာ အလုပ်အားနေတဲ့အချိန်မှာဆိုရင်လည်း သူ့လက်ချောင်းတွေမှာ ဖုန်နဲ့ အညစ်အကြေးတွေ ရှိတာ မဟုတ်ပါဘူး။” ကျိုးကွေ့က ဆိုသည်။
“မင်းနဲ့ မပြောနိုင်တော့ဘူး။ ဒါက ငါ့ဉာဏ်ရည်ကို နိမ့်ကျစေတယ်” လင်းချင်းဟယ်က အထင်တသေး ဆိုလိုက်သည်။
အဘိုးဝမ်က ပြုံးလျက် ပြောသည်။ “ငါ ပြန်သွားတော့မယ်”
“မင်းတို့ အဘိုးကို လိုက်ပို့ပေးလိုက်ဦး။” လင်းချင်းဟယ်က ပြောလိုက်၏။
သားငယ်နှစ်ယောက်က သူ့ကို ကျောင်းသို့ လိုက်ပို့လိုက်ကြသည်။ ကျိုးခိုင်ကမူ ပန်းကန်ဆေးပြီး ဆိုင်စောင့်ရန် ကျန်ခဲ့၏။ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ဇာတ်ကားကြည့်ရန် ခေါ်လာခဲ့သည်။
လင်မယားနှစ်ယောက်က နှစ်ယောက်တည်းကမ္ဘာကို ခံစားဖို့ ရှားရှားပါးပါး အခွင့်အရေး ရခဲ့သည်။
ညနေခင်း သူတို့ ပြန်လာသောအခါ ကောင်လေးသုံးယောက်၏ ရှုတ်ချမှုကို ခံကြရလေသည်။
“စကားမစပ် ဒီနွေရာသီမှာ မင်းတို့အဖေနဲ့ ငါ ခရီးထွက်ဖို့ စီစဉ်ထားတယ်။ ဆိုင်လည်ပတ်ဖို့ကတော့ မင်းတို့ကို ချန်ထားခဲ့မယ်” လင်းချင်းဟယ်က သူတို့ကို ပြောလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ဇွန်လလယ်သို့ ရောက်သွား၏။ အားလပ်ရက်က လဝက်သာ လိုတော့သည်။ လင်းချင်းဟယ်က ကျိုးချင်းပိုင်နှင့် တောင်ပိုင်းသို့ သွားရန် စီစဉ်ထားသည်။
ဆိုင်ကို ပိတ်ခဲ့မည် မဟုတ်ချေ။ ကောင်စုတ်လေး သုံးယောက်ကိုသာ ချန်ထားခဲ့မည်။
“ကျွန်တော်တို့ကို ထားခဲ့မှာလား။ ကျွန်တော်တို့က လင်ပါကလေးတွေလား။ ကျွန်တော်တို့ မပါဘဲ နှစ်ယောက်တည်းကမ္ဘာဆောက်ကြမလို့လား” ကျိုးရွှမ်းက ရောထွေးနေသော ခံစားချက်များဖြင့် ထုတ်ပြောလိုက်သည်။
“မင်းတို့က အခု ကြီးနေပြီ။ မင်းတို့ အဖေအိုနဲ့ အမေအိုက ကမ္ဘာလောကကို လျှောက်ပတ်ကြည့်လို့တောင် မရဘူးလား။ မင်းတို့ အသက်ကြီးလာတဲ့အခါ ငါတို့က မင်းတို့ကို ကူညီပြီးတော့ မြေးလေးတွေကို ထိန်းပေးရဦးမယ်။ ငါတို့ ဘယ်မှာ အချိန်ရတော့မှာလဲ။ အခုအချိန် ငါ အခွင့်ကောင်းယူမှ ရမှာ” လင်းချင်းဟယ်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“မင်းတို့ကလေးတွေကို မင်းတို့ပဲ ဂရုစိုက်” ကျိုးချင်းပိုင်က ထပ်ပေါင်းပြောလိုက်သည်။
နောင်တွင် သူ့ဇနီးနှင့်အတူ ခရီးထွက်ရန် စီစဉ်ထားပြီးဖြစ်သည်။ သူ့မြေးလေးများက အနှောင့်အယှက် ပေးမည်ကို မလိုချင်ပေ။ သူတို့က မွေးထားပါက သူတို့က ပြုစုစောင့်ရှောက်ရမည်။
“ကျွန်တော်တို့က ကလေးတွေပဲ ရှိသေးတာ။ အဝေးကြီး လိုသေးတာကို ကျွန်တော်တို့နဲ့ မဆွေးနွေးလို့ ရနိုင်မလား” ကျိုးကွေ့က ပြောသည်။
“ကောင်းပြီ။ စာသွားကြည့်တော့၊ ပြီးရင် သွားတိုက် မီးပိတ်ပြီးတော့ အိပ်ရာဝင်” လင်းချင်းဟယ်က သူတို့ကို လျစ်လျူရှုလိုက်ပြီး ခေါင်းထဲမှ ဖယ်ထုတ်လိုက်သည်။
သူမက ကျိုးချင်းပိုင်နှင့်အတူ အခန်းထဲသို့ ပြန်လာ၏။
ရာသီဥတုက အတော်လေး ပူသည်။ လင်းချင်းဟယ်က သူမ၏နေရာလွတ်ထဲမှ လျှပ်စစ်ပန်ကာကို ထုတ်လိုက်ပြီး ကျေနပ်သွားသည်။
ယခုက ဇနီးမောင်နှံအတွက် အချိန်ဖြစ်သည်။
“လျှပ်စစ်ပန်ကာက အတော်အေးပေမဲ့ လေအေးပေးစက်လောက်တော့ မကောင်းသေးဘူး” ဟု လင်းချင်းဟယ်က မှတ်ချက်ချသည်။
“ပန်ကာက အတော်လေး ကောင်းပါတယ်” ကျိုးချင်းပိုင်က ပြောသည်။
ဤကဲ့သို့သော အဆင့်မြင့်ထုတ်ကုန်က သူ့အမြင်တွင် အတော်လေး ကောင်းမွန်သည်။
“ကျွန်မရဲ့နေရာလွတ်ထဲမှာ နှစ်ခုရှိတယ်။ ကျွန်မတို့ ဒါကို ဘယ်အချိန် ထုတ်ရမလဲ” လင်းချင်းဟယ်က မေးလိုက်သည်။
တစ်ခုက လောင်အာ့အတွက် ဖြစ်သည်။ သူသည် ယခင်က ကျိုးရှောင်မိန့်နှင့်အတူ နေခဲ့ပြီး သူက သူမကို ပေးချင်သည်။
နောက်တစ်ခုက နံဘေးခန်းမှ လောင်တာ့အတွက် ဖြစ်သည်။ ယခုတွင် တစ်လုံးက ညီအစ်ကိုသုံးယောက်အတွက် လုံလောက်ပြီဖြစ်သည်။ ကျန်သည့်တစ်ခုက အဘိုးဝမ်အတွက် ဖြစ်မည်။
အဘိုးဝမ်က ကျောင်း၏ အဆောင်ခန်းတွင် နေထိုင်နေဆဲ ဖြစ်၏။ ၎င်းက တစ်ယောက်ခန်းဖြစ်ပြီး အတော်ကျဉ်းသည်။
လျှပ်စစ်ပန်ကာတစ်လုံး လိုအပ်သည်။
“ကိုယ်တို့ တောင်ပိုင်းက ပြန်လာမှ ဆုံးဖြတ်ကြမယ်” ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။
ပူသော်လည်း လူတိုင်းက နေမြဲအတိုင်း နေနေကြသည်။ လောဖို့ မလိုပေ။
လင်းချင်းဟယ်က ကျိုးချင်းပိုင်ပြောတာကို နားထောင်လိုက်သည်။
“အိပ်တော့၊ ရှင်က မနက်စောစော ထရဦးမှ,” လင်းချင်းဟယ်က ပြောလိုက်သည်။
သို့သော်ငြား သိုးသားစွပ်ပြုတ် အများအပြား စားထားသော ကျိုးချင်းပိုင်က သိသိသာသာ ငြိမ်နေသည်။
“ရှင် အရမ်းပင်ပန်းနေတယ်လို့ မထင်ဘူးလား။” လင်းချင်းဟယ်က ပြောလိုက်သည်။
“ကိုယ် သက်သောင့်သက်သာ ရှိပါတယ်။ မပင်ပန်းဘူး။” ကျိုးချင်းပိုင်က ရယ်မောလိုက်သည်။
လင်မယားနှစ်ယောက်က အချင်းချင်း တစ်ခဏကြာ သိမ်းပိုက်လိုက်ကြပြီးနောက် ဖက်အိပ်လိုက်ကြသည်။ ပူသောနေ့တွင်ပင် သူတို့၏ဆက်ဆံရေးက အထူးကောင်းမွန်၏။
မျက်စိတစ်မှိတ်အတွင်း နွေရာသီအားလပ်ရက်သို့ ရောက်ရှိသွားသည်။
သူတို့ နေကောင်းကြောင်းနှင့် နွေရာသီအားလပ်ရက်မှာ ပြန်မလာဖို့ လူအိုကြီးကျိုးက သူတို့ကို သတင်းပေးပို့လာသည်။ ထို့နောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်က တောင်ပိုင်းသို့ သွားလိုက်ကြသည်။
“သူတို့ခံစားချက်က အနာအဆာကို မရှိဘူး” ဒေါ်လေးမာက စိတ်ခံစားချက်ဖြင့် မှတ်ချက်ချသည်။
“အဖေတို့က ကျွန်တော့်ကို ဘာဖြစ်လို့ မခေါ်သွားရတာလဲ။ ကျွန်တော်က အသက်ကြီးနေပါပြီ။ သူတို့ကို မနှောင့်ယှက်ပါဘူး” ကျိုးကွေ့လိုင်က အတွန့်တက်သည်။
သူက နောက်မှ လိုက်သွားလိုသည်။
“အစ်ကိုကြီးနဲ့ ကျွန်တော်ကလည်း မနှောင့်ယှက်ပါဘူး။ အဖေတို့ကိုက နှစ်ယောက်တည်း ရှိချင်တာ။ သူတို့က ဘယ်သူ့ကိုမှ မခေါ်သွားချင်ဘူး။ ကိုယ့်ကံတရားကိုယ် လက်ခံလိုက်” ကျိုးရွှမ်က ပြောသည်။
“နှစ်တွေ ကြာပြီးတာတောင်မှ ငါတို့က အသုံးမဝင်သေးဘူး” ကျိုးခိုင်က လူပျိုတစ်ယောက်၏ မှတ်ချက်ကို ပေးသည်။
“အရင်ကရော ဒီလိုပဲလား” အဘိုးဝမ်က မေး၏။
“အမြဲတမ်း အဲလိုပဲ။ သူတို့နှစ်ယောက်က အချစ်စစ်တွေ ကျွန်တော်တို့က မတော်တဆတွေ” ကျိုးခိုင်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
ထိုစကားများကို ကြားပြီးနောက် ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်က သက်ပြင်းချကြသည်။
အဘိုးဝမ်နှင့် ဒေါ်လေးမာက မရယ်ဘဲ မနေနိုင်ကြတော့ချေ။ ထို့နောက် သူတို့က ကလေးများကို သူတို့မိဘများအကြောင်း ပိုမေးခဲ့သည်။
ကောင်စုတ်လေး ကျိုးကွေ့က ပြောသည်။ “အမေက အဖေ့ကို ဖျက်ဆီးခဲ့တယ်။ အမေက အဖေ့အတွက် နို့မှုန့်တစ်ထုပ်ကိုတောင်မှ သိမ်းထားပြီးတော့ ညလယ်ကျရင် အဖေ့ကို ဖျော်တိုက်တယ်။ ကျွန်တော်တို့ မသိဘူးလို့ အမေက ထင်ခဲ့ပေမယ့် ကျွန်တော်တို့က အားလုံး သိနေခဲ့တယ်။”