အခန်း (၂၉၃) - အင်မတန်ကြီးမားသော အမြတ်
နို့မှုန့်ကိစ္စသည် များစွာသော ကိစ္စများအနက် တစ်ခုသာ ဖြစ်သည်။
ထိုသို့သော ကိစ္စများစွာ ရှိသေးပြီး ဥပမာ အဝတ်အစားဖြစ်သည်။
သူတို့အမေသည် သူမအတွက် အဝတ်အစားများစွာ မလုပ်ခဲ့ချေ။ သို့သော်ငြား သူတို့အဖေအတွက်မူ အဝတ်အစားများစွာ ရှိသည်။ ကောင်းမွန်သော အင်္ကျီများစွာနှင့် ကျန်သည်က အချို့သော ဝတ်စုံများဖြစ်သည်။
ကျေးလက်က အတော်လေး ဆင်းရဲသော်ငြား သူတို့အဖေမှာမူ နှစ်တိုင်း အဝတ်အထည်အသစ်တစ်စုံ ရနိုင်သည်။ အဝတ်အထည်အစုံလိုက်ဖြင့် မည်မျှ ဇိမ်ခံလိုက်သနည်း။
တစ်ဖက်တွင်မူ သူတို့အဖေက သူတို့အမေထက် ပို၍ ရိုးရှင်း၏။
ယင်းက စာတစ်ကြောင်းတည်းဖြင့် ဆိုနိုင်သည်။
သူ့ဇနီးသည်က နောက်ဆုံးပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။
အပေါ်ယံတွင် အမျိုးသားက အပြင်ပန်းလုပ်ကိုင်သူဖြစ်ပြီး အမျိုးသမီးက အတွင်းမှ ညွှန်ကြားသူ ဖြစ်သည်။ သို့သော် တကယ်တမ်းတွင် သူ့ဇနီးသည်၏စကားကို သူက ဘယ်တော့မှ မငြင်းပယ်ခဲ့ချေ။
ကောင်းကင်တမျှ မြတ်နိုးခြင်းဆိုသည်မှာ ထိုသို့မှန်း မသိခဲ့ချေ။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်ကမူ သူတို့သားသုံးယောက်က သူတို့၏ဆက်ဆံရေးကို အဒေါ်များနှင့် မွေးစားအဘိုးထံ ဖောက်သည်ချနေသည်ကို မသိလိုက်ပေ။
သူတို့က ရထားပေါ်သို့ ရောက်ပြီးဖြစ်သည်။
သူတို့လင်မယားက ဖုံးကွယ်ဖို့အတွက် အိတ်ကြီးတစ်အိတ်ကို သယ်ဆောင်လာသည်။ ပြီးနောက် သူတို့က အိတ်ထဲမှ အမျိုးမျိုးသော စားစရာများကို ထုတ်ယူကြသည်။ သူတို့က အချိန်ကုန်စေရန်လည်း စာအုပ်ဖတ်နိုင်သည်။
လင်းချင်းဟယ်က လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးကို ကိုက်ဝါးလိုက်ပြီးနောက် သူမ၏အင်္ဂလိပ်စာအုပ်ကို ဖတ်နေလိုက်သည်။ ထိုစဉ်တွင် ကျိုးချင်းပိုင်ကလည်း သတင်းစာဖတ်နေသည်။ သူက တိုင်းပြည်၏ ဒေသများစွာအတွင်းမှ အကြောင်းများကို မကြိုက်ဟူ၍ မရှိပေ။ သူက အာရုံစိုက်မိလေသည်။
ကျိုးချင်းပိုင်သည် မည်သည့်အချိန်မှ စတင်ပြောင်းလဲသွားခဲ့သည်ကို မသိချေ။
ကျိုးချင်းပိုင်က ငွေများစွာ ရှာလိုသည်။ သူသည် ငွေကို အလွန်တန်ဖိုးမထားသော်ငြား နောင်တွင် သူ့ဇနီးကို ကောင်းကောင်း ထားလိုပါက ငွေများစွာ ရှာရမည်ကို ကောင်းကောင်း သိသည်။
ထို့ကြောင့် သူသည် နိုင်ငံအဝှမ်းမှ အခြေအနေများကို ကိုးကား၍ ကြည့်ရှုရပေမည်။
“ဇနီးလေး.. ကိုယ်တို့ မိသားစုက ယွမ်၁၀၀၀၀ ရအောင် ကြိုးစားရမယ်” ကျိုးချင်းပိုင်က သတင်းစာကို ပိတ်လိုက်ပြီးနောက် သူ့ဇနီးကို ပြောသည်။
လင်းချင်းဟယ်က ထိုစကားများကို ကြားသောအခါ မှင်တက်သွားသည်။ ပြီးနောက် ရယ်တော့သည်။ သူ့ကို ကြည့်လိုက်ပြီးနောက် သူမက ပြောလိုက်၏။ “ဒီတော့.. ဒီအချိန်ကစလို့ ရှင် အလုပ်ကြိုးစားရမယ်။ ကျွန်မရဲ့လစာနည်းနည်းလေးက ရှင့်ဖက်ထုပ်ဆိုင်ကို မီမှာ မဟုတ်ဘူးလေ”
ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်လုပ်ငန်းက အလွန်ကောင်းမွန်လာသည်။
ဇွန်လတွင် ကျိုးချင်းပိုင်၏ဖက်ထုပ်ဆိုင်မှ ၁၅၀ယွမ်အမြတ်ငွေကို ရရှိခဲ့သည်။
သူမလစာ၏ နှစ်ဆကျော် ဖြစ်သည်။
ထိုမျှ သေးငယ်သော အနားသတ်လိုင်းလေးက ထိုမျှ အများအပြား ရမည်ဟု မည်သူ ထင်မည်နည်း။ အချိန်တိုအတွင်း အလုပ်လုပ်ခြင်းမှ အကျိုးရလဒ်က ကြီးမားလာခဲ့သည်။
ကျိုးချင်းပိုင်က ပြုံး၏။ “အခုကစလို့ ကိုယ် အလုပ်ပိုကြိုးစားမယ်”
ရထားတစ်တွဲလုံး လင်မယားနှစ်ယောက်သာ ရှိသည်။ သူတို့အသံက တိုး၏။ ထို့ကြောင့် သူတို့က သဘာဝအားဖြင့် နားစွန်နားဖျားကြားမည်ကို စိုးရိမ်ရန် မလိုချေ။
ရထားတစ်တွဲလုံး နေရာလွတ်များစွာ ရှိသော်လည်း ရထားက သက်သောင့်သက်သာ မရှိချေ။
သူတို့က ရထားစီးပြီး ရန်ချန်ကို ရောက်လာသောအခါမှ လင်းချင်းဟယ်က သက်သောင့်သက်သာ အသက်ရှုနိုင်တော့သည်။
“အရင်ဆုံး အနားယူဖို့ နေရာရှာရအောင်” လင်းချင်းဟယ်က ပြောလိုက်သည်။
သူမက အခု ဘာမှမလုပ်ချင်တော့ပေ။
ကျိုးချင်းပိုင်က ရန်ချန်ကို ရောက်လာပြီးနောက် သူက ထိုနေရာမှ ကန်တုံးလေယူလေသိမ်းကို နားမလည်သဖြင့် အနည်းငယ် အခက်အခဲ ဖြစ်သည်။ လင်းချင်းဟယ်ကမူ ကန်တုံးစကားကို ဒေသခံအတိုင်း ကျွမ်းကျင်စွာ ပြောနိုင်သည်။ အင်္ဂလိပ်လို အနည်းငယ် ညှပ်ပြောလျှင် ဟောင်ကောင်ကျွန်းမှဟု သူမကို မည်သူမဆို ယုံကြပေမည်။
ကျိုးချင်းပိုင်က အရာရာ စွမ်းဆောင်နိုင်သော ဇနီးကို ယူခဲ့ခြင်း ဖြစ်သည်။ သူ့ဇနီးက အရာရာတိုင်း သိသည်ဟု ခံစားမိသည်။
“ဒါက ရှင့်ရဲ့ပထမဆုံးအကြိမ်မို့ နားမလည်လည်း စိတ်မပူပါနဲ့။ မကြာခဏ လာလည်ရင်းနဲ့ နားလည်သွားလိမ့်မယ်။ တကယ်တမ်းတော့ ကန်တုံးလေသံက မန်းဒရင်းစကားနဲ့ သိပ်မကွာဘူး”
လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်၏။ သူ့ဇနီးနောက်ကို လိုက်ခြင်းက ကောင်းပေသည်။
တစ်ညတာ အနားယူပြီးနောက် လင်းချင်းဟယ်က နောက်နေ့နံနက်စောစောတွင် အားအင်များ ပြန်ပြည့်ဝသွားပြီဖြစ်သည်။
ပြီးနောက် သူမက ကျိုးချင်းပိုင်နှင့်အတူ လည်ပတ်တော့သည်။
ဆိုရလျှင် ထိုအချိန် တောင်ပိုင်း၌ အတော်လေး တိုးတက်နေပြီဖြစ်၏။ ကြည့်လိုက်သည့် အရာရာတိုင်းက မျက်စိဖမ်းစားနိုင်သည်။
လင်းချင်းဟယ်က သိပ်မအံ့ဩသွားသော်လည်း ကျိုးချင်းပိုင်ကမူ သိသိသာသာ မှင်တက်သွားရသည်။
“တောင်ပိုင်းမှာ ဒီလောက်အထိ တိုးတက်တာ မြန်မယ်လို့ မတွေးထားမိဘူး” လင်းချင်းဟယ်က ပြုံးလျက် ပြောသည်။
“အင်း” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်၏။
သတင်းစာတွင် သူ မည်မျှပင် ဖတ်ရှုထားစေကာမူ ကိုယ်တိုင် မြင်တွေ့ရသောအခါ မတုန်လှုပ်ဘဲ မနေနိုင်ချေ။
ရန်ချန်က အတော်လေး တိုးတက်နေပြီ ဖြစ်သည်။ သူ၏ဇာတိမြို့တွင်ရှိသော ရေဒီယိုအသေးစား၊ အသံဖမ်းတိပ်ခွေများ၊ အဖြူအမည်းတီဗွီများက ဤနေရာတွင် အတော်လေး ရှားပါးသော အရာများ ဖြစ်သည်။
အကြောင်းမှာ ရောင်စုံတီဗွီပင် ရှိနေပြီဖြစ်၏။
ကျိုးချင်းပိုင်က ယင်းတို့အားလုံးကို သိပြီးနောက် တိတ်ဆိတ်သွားတော့သည်။
လင်းချင်းဟယ်က သူ့ကို မနှောင့်ယှက်ပေ။
အနာဂတ်တွင် အုပ်စုလိုက် တောင်ပိုင်းသို့ ရွေ့သွားကြမည် ဖြစ်သည်။ တောင်ပိုင်းရှိ စက်ရုံများတွင် အလုပ်လုပ်ရန် လာသောသူများသည် လတိုင်း လခများများ ရသည်ဟု ဆိုကြသည်။ သူတို့က အပိုင်းလိုက်တွက်ချက်ပေးသည်။ အချို့မှာ ယွမ်၂၀၀ ၃၀၀ အထက်ထိ ရရှိကြ၏။ မြောက်ပိုင်းမှ နေရာအများအပြားအတွက်မူ ထိုအချိန်တွင် တောင်ပိုင်းသည် ရွှေအပြည့်ဖြစ်နေခဲ့သည်။
တကယ်တမ်းတွင် ထိုခေတ်၏ရှေ့ပြေးခြင်းက သဘာဝအားဖြင့် အတိုးတက်ဆုံး ဖြစ်သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ရန်ချန်တွင် ကုန်ပစ္စည်းများ စတင်မဝယ်မီ သုံးရက်တာ သွားလာလည်ပတ်ခဲ့ကြသည်။
သူတို့ထံတွင် နေရာလွတ်ရှိခြင်းကြောင့် အလွန်အဆင်ပြေသည်ဟု ဆိုနိုင်သည်။ အဓိကအချက်မှာ သူတို့က စက်ဘီးတစ်စီးဝယ်ပြီး စက်ဘီးကို သုံး၍ ကုန်ပစ္စည်းများကို သယ်ဆောင်နိုင်သည်။
တစ်ကြိမ်တွင် သူတို့က တီဗွီတစ်လုံး သို့မဟုတ် အချို့သော လျှပ်စစ်အထောက်အပံ့ပစ္စည်းများကိုသာ သယ်ဆောင်နိုင်သည်။ သို့သော်လည်း ကိစ္စမရှိပေ။
နေရာလွတ်အတွင်း ကုန်ပစ္စည်းများအပြည့် ဖြည့်ပြီးနောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်က မြူနီစီပယ်မြို့သို့ တိုက်ရိုက် ပြန်သွားလိုက်သည်။ ယခုအခေါက် ပစ္စည်းများကို မြို့အတွင်း ဖြန့်ဝေလိုက်ကြသည်။
ဤတစ်ကြိမ်တွင် လင်မယားနှစ်ယောက်က ယွမ် ၁၇၀၀၀နှင့်အထက် ရရှိလိုက်ကြသည်။
“နောက်တစ်ခါ ခရီးထပ်သွားကြစို့...” လင်မယားနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး တောင်ပိုင်းသို့ တစ်ဖန် ဦးတည်လိုက်ကြသည်။
ပေတံနှယ် ဖြောင့်မတ်သော ကျိုးချင်းပိုင်လို လူပင် ထိုအချိန်တွင် တက်ကြွထက်သန်လာသည်။
တစ်ကြိမ်သွားလျှင် ယွမ် ၁၇၈၀၀ အထက်ရသည်။ ထိုအမြတ်က အလွန်ကြီးမားသော ပမာဏဖြစ်၏။
ယင်းသည် ယနေ့ခေတ်တွင် အတော်လေး တရားမဝင်ပေ။ ကျိုးချင်းပိုင်က စစ်တပ်၏အသိပညာကို ဆန့်ကျင်လိုက်သည်။ သို့သော်ငြား ယင်းက မည်သူ့ကိုမျှ မနစ်နာစေ၍ ဖြစ်သည်။
လူများကို မထိခိုက်သရွေ့ သူက လွန်ကဲသည်ဟု သူ မခံစားရပေ။
အကြောင်းမှာ သူက ဝယ်ဖို့ဈေးနှင့် ပို့ခကိုသာ ယူထား၍ ဖြစ်သည်။ ပို့ခငွေက မောလ်တွင် ရောင်းသည်နှင့် တူသည်။ ဈေးနှုန်းအများကြီး မတင်ထားချေ။
ရန်ချန်ကို ထပ်ရောက်လာပြီးနောက် လင်မယားနှစ်ယောက်က စတင်ရန် မစောင့်နိုင်ကြတော့ပေ။ များစွာသော ဇိမ်ခံပစ္စည်းများကို နေရာလွတ်ထဲသို့ ပစ်ထည့်လိုက်ကြသည်။
ထိုတစ်ကြိမ်တွင်တော့ နှစ်ယောက်သားက မြူနီစီပယ်မြို့သို့ ထပ်မသွားတော့ပေ။ သူတို့က မြို့နယ်များသို့သာ ဦးတည်ခဲ့ကြသည်။ နေရာလွတ်ထဲမှ ဇိမ်ခံပစ္စည်းများကို ရောင်းရန် အချိန်သုံးရက် ယူခဲ့ရသည်။ ဤတစ်ကြိမ်က နောက်ဆုံးတစ်ကြိမ်ထက် ပိုများသည်။ သူတို့က ယွမ်၂၀၀၀၀ နီးပါး ရရှိသွား၏။
“တစ်ခဏတာ အကျိုးအမြတ်အတွက် ရာဇဝတ်ကြီးကြီး လုပ်တာက အံ့ဩဖို့ မရှိတော့ဘူး”
လင်းချင်းဟယ်က စိတ်ခံစားချက်ကြီးကြီးဖြင့် မှတ်ချက်ချသည်။
အမြတ်က ကြီးမားလွန်း၏။ နှစ်ကြိမ်လည်ပတ်ပြီးနောက် သူတို့က ယွမ်၄၀၀၀၀ နီးပါး ရရှိလာသည်။ တခြားသူများက သူမကဲ့သို့ ထိုမျှ ပမာဏ မရနိုင်သည့်တိုင် သူတို့က အချို့ကို ပြန်ယူလာနိုင်ပါက ငွေရာကျော်တော့ ရနိုင်သေးသည်။
“အချိန်ကျတော့မယ်။ ပြန်သင့်ပြီ” ကျိုးချင်းပိုင်က အကြံပြုသည်။
ဇနီးမောင်နှံက နှစ်ကြိမ်သာ ဝယ်ပြီး ရောင်းလိုက်ရသော်လည်း နွေရာသီအားလပ်ရက်က ကုန်သွားပြီဖြစ်သည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်၏ လက်မောင်းကို မှီနွဲ့လိုက်ပြီး။ “ကျွန်မပင်ပန်းတယ်”
သူမက မည်ကဲ့သို့ မပင်ပန်းဘဲ နေမည်နည်း။ သူမသည် အတော်ကြာ ပြေးလွှားခဲ့ရသည်။ ငွေရှာခြင်းက ငွေရှာခြင်း ဖြစ်သော်လည်း ယင်းက အတော်လေး ခြေကုန်လက်ပန်းကျလေသည်။
လင်မယားနှစ်ယောက်က သူတို့ကိုယ်ပိုင် နာရီများ၊ ပန်ကာနှင့် တီဗွီတို့ကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်ပြီး ခရီးမှ ပြန်လာခဲ့ကြသည်။
သူတို့နှစ်ယောက်သား မြို့တော်ကို ပြန်လာသောအခါ အရင်ဆုံး အိမ်ပြန်ကြသည်။
လျှပ်စစ်ပန်ကာနှင့် တီဗွီများကို သူတို့ နေရာသို့ ရွေ့ပြောင်းလိုက်သည်နှင့် ယင်းတို့က အလွန်အာရုံစိုက်မှု ရသွားကြသည်။
တကယ်တမ်းတော့ အားလုံးက အိမ်သုံးပစ္စည်းများသာ ဖြစ်ကြသည်။ တီဗွီတစ်လုံးနှင့် လျှပ်စစ်ပန်ကာသုံးလုံး ဖြစ်သည်။