အခန်း ၂၅
Viewers 7k

အခန်း (၂၅) ဝန်ခံရဲလားကြည့်ဦးမယ်


အရင်တစ်ခါက အမျိုးသမီးဝမ်က ရှစ်ချင်းလျို့ရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။


သူမရဲ့ အေးစက်သည့်အမူအရာက တွေ့တော့ သူမ လန့်သွားခဲ့သည်။


အမျိုးသမီးဝူက ရှစ်ချင်းလျို့ကို မနိုင်မှန်းသိတော့ သူမက ကိုယ့်ဘာသာကိုယ် ခက်ခဲအောင် မလုပ်တော့ပေ။


ထို့ကြောင့် သူမက ဦးနှောက်ကို အလုပ်ပေးကာ ရှစ်ချင်းလျို့ကို ကြည့်လိုက်သည်၊ "ဘာပြောလိုက်တယ်၊ ငါက နင့်တတိယအဒေါ်နဲ့ သူက နင့်အဒေါ်ကြီးပါ၊ ငါတို့က ဘာလို့ နင်နဲ့ ဘာမှမတော်စပ်ရမှာလဲ။"


ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်၊ "ကျွန်မ မှတ်မိသလောက်ဆိုရင် ကျွန်မ ယောက်ျားက မကြာခင်က ရှင်တို့နဲ့ အဆက်ဖြတ်ခဲ့ပြီးပြီ၊ ဒါဆို ဘယ်လို ပတ်သက်မှာလဲ၊ ဒီမှာ လူရွှင်တော်ကြီး ဖြစ်နေမှာကို မကြောက်ဘူးလား။"


အမျိုးသမီးဝူက ဆို့နင်သွားလေသည်၊ "မိသားစုနဲ့ အဆက်ဖြတ်ခဲ့ရင်တောင် နင်က ရှောင်မိသားစုရဲ့ အစိတ်အပိုင်းဖြစ်နေတုန်းပဲ၊ နင်ငါတို့ကို အသိအမှတ်မပြုရင်တောင် အဖိုးအဖွားကိုတော့ အသိအမှတ် ပြုရမယ် မဟုတ်လား၊ အသိဉာဏ်မဲ့ပြီး လူကြီးသူမတွေကို အသိအမှတ်မပြုလို့မရဘူး။"


သူမက အဓိပ္ပာယ်ပါပါပြောခဲ့သည်၊ "ရှောင်ဟန်ကျန့်က အနာဂတ်မှာ တော်ဝင်စာမေးပွဲ ဆက်ဖြေမှာမလား။"


အမျိုးသမီးဝူက အမျိုးသမီးဝမ်ထက် ပိုကိုင်တွယ်ရခက်ကြောင်း ရှစ်ချင်းလျို့သိသည်။


သို့ပေမယ့် ရှစ်ချင်းလျို့ကို ကျင့်ဝတ်ထုံးတမ်းတွေနှင့် ချည်နှောင်ပြနေလို့ မထူးပေ။


သူမက ခနဲ့ကာ ပြောခဲ့သည်၊ "ပထမအနေနဲ့ ကျွန်မတို့က ရှောင်မိသားစုက ခွဲထွက် အဆက်အသွယ်ဖြတ်ပြီး အိမ်ခွဲနေတာပါ၊ အဖေတောင်မှ အဖေ မဟုတ်တော့တာကို အဖိုးအဖွားက အဖိုးအဖွားဖြစ်ပါဦးမလား၊ ဟိုတုန်းက ရေးထားတဲ့စာရွက်စာတမ်းက ရှိနေတုန်းပဲ၊ ရှောင်မိသားစုနဲ့ အဆက်ဖြတ်ပြီးရင် ကျွန်မတို့ မိသားစုလေးက ရှောင်မိသားစုနဲ့ ဘာမှမပတ်သက်တော့ဘူး၊ ဒါ့အပြင် ကျွန်မယောက်ျားရဲ့အဖေကလည်း ပိုပျော်ရွှင်ပြီး ဇိမ်ကျတဲ့ဘဝရဖို့ မြို့တော်ကိုထွက်သွားပြီး သူ့မိဘတွေကိုတောင် ဂရုမစိုက်ဘူးလေ၊ အိမ်ကနေ နှင်ထုတ်ခံရတဲ့ ကျွန်မယောက်ျားက သူတို့ရဲ့ မြေးတစ်ယောက်ပါ၊ သူသာဝင်ပြီး အဖိုးအဖွားကို ဂရုစိုက်လိုက်ရင် သူ့အဖေကို သားသမီးမပီသတဲ့လူဖြစ်သွားစေမှာ မဟုတ်ဘူးလား၊ အဲတာတော့ သိပ်မကောင်းဘူးနော်၊ ဒီလို မိဘကိုစွန့်ပစ်တဲ့သားသမီးအနေနဲ့ ကျွန်မယောက်ျားရဲ့အဖေ နန်းတွင်းဆင့်ခေါ်ခံရရင် သူ့ရဲ့ဗိုလ်ချုပ်ရာထူးကို ဆက်ထိန်းထားနိုင်ပါဦးမလား၊ အိမ်ကနေ ကန်ထုတ်ခံရတဲ့သားက သူ့အဖေ လစ်ဟင်းတဲ့ သားသမီးကျင့်ဝတ်ကို လိုက်လုပ်ကူပေးနေရတယ်လို့ တာ့လျန်မင်းဆက်မှာ တစ်ခါမှ မကြားဖူးပါဘူးနော်၊ ဗိုလ်ချုပ်ကြီးရှောင်သာ အဲလိုလုပ်ခဲ့ရင် သူက တိရိစ္ဆာန်နဲ့ ဘာခြားတော့မှာလဲ၊ သူဘယ်လိုထင်လဲ မေးကြည့်ပါလား၊ သူ လစ်ဟင်းခဲ့တဲ့ သားသမီးကျင့်ဝတ်ကို သူနဲ့ ဘာမှမတော်စပ်တော့တဲ့သားကို သူ့အစား လုပ်ပေးစေချင်တယ်ဆိုရင်တော့ တရားဝင်ဝင် မဝင်ဝင် ကျွန်မတို့က လက်ခံပါ့မယ်။"


ဒါဟာ သားဖြစ်သူကို ရှောင်အိမ်ကနှင်ထုတ်ပြီး သားသမီးကျင့်ဝတ်တွေကို ဖြည့်ဆည်းခိုင်းစေချင်လို့ လှောင်ပြောင်ခြင်း ဖြစ်သည်။


အရှက်မရှိတဲ့လူတွေ။


အမျိုးသမီးဝူက ဆွံ့အသွားခဲ့သည်။ ဟန်ကျန့်မိန်းမက ဘယ်လိုလုပ် အဲလောက်တောင် စကားပြောကောင်းရတာလဲ။


သူတို့က တော်တော်လေး မလျော်ကန်ဘဲ ဟန်ကျန့်ကို သားသမီးကျင့်ဝတ် ဖြည့်ဆည်းပေးစေချင်ခဲ့သည်။


သို့ပေမယ့် အယုတ်တမာမက သူမရဲ့ အရင်ယောက္ခထီးကို သားသမီးကျင့်ဝတ် မသိတတ်သည့်လူဖြစ်အောင်လုပ်လိမ့်မည်ဟု မထင်မိခဲ့ပေ။


သူတို့လည်း ရှောင်မိသားစု ဒုတိယသားကို မကြည်ပေ။


ဗိုလ်ချုပ်ကြီးဖြစ်ပြီးနောက် မိန်းမကို ဆွေပြမျိုးပြ ခေါ်လာခဲ့ပြီး ပိုက်ဆံအနည်းငယ်ပေးကာ မြို့တော်ကို ထပ်ပြန်သွားခဲ့သည်။


သူတို့က မကျေနပ်ပေမယ့် မထုတ်ပြခဲ့ပေ။


ဘာပဲဖြစ်ဖြစ် ရှင်သန်ဖို့အတွက် သူတို့က သူ့ဂုဏ်သိက္ခာအပေါ် မှီခိုနေရခြင်း ဖြစ်သည်။


သူ ဗိုလ်ချုပ်ကြီးဖြစ်လာကတည်းက ရွာသားတွေက သူတို့ကို ပိုယဥ်ကျေးစွာ ဆက်ဆံခဲ့သည်။


ဟန်ကျန့်ရဲ့မိန်းမက တကယ်ပဲ ရဲတင်းသည်ဟု အမျိုးသမီးဝမ် ခံစားမိခဲ့သည်၊ "နင်ကများ ဗိုလ်ချုပ်ကြီးကို တိရိစ္ဆာန်လို့ ခေါ်ရဲတယ်ပေါ့၊ သူက နင့်ရဲ့ယောက္ခထီးပါ။"


ရှစ်ချင်းလျို့က သူမကို လှောင်ပြောင်သလို စိုက်ကြည့်ခဲ့သည်၊ "ကျွန်မနဲ့ဟန်ကျန့် လက်ထပ်တုန်းက သူနဲ့ကျွန်မ ယောက်ျားရဲ့ဆက်ဆံရေးက ဖြတ်တောက်ပြီးသား၊ သူက ကျွန်မ ယောက္ခထီးမဟုတ်လို့ ကျေးဇူးပြုပြီး အမျိုးလာစပ်ပေးမနေပါနဲ့၊ ကျွန်မက မိဘအပေါ် သားသမီးကျင့်ဝတ် မကျေပွန်တဲ့လူတွေကို တိရိစ္ဆာန်လို့ပြောတာပါ၊ ရှင်က ဗိုလ်ချုပ်ကြီးကို အဲ့လို မြင်နေတာလား၊ သူ့ကို သားသမီးကျင့်ဝတ် မကျေပွန်တဲ့ တိရိစ္ဆာန်လို့ ထင်နေတာလား၊ အောင်မြင်လာတော့ မယားငယ်ယူပြီး ပထမဇနီးကို စွန့်ပစ်ခဲ့တာလည်း မဆန်းပါဘူး၊ သူ့ဇနီးကြီးကို မယားငယ်ရာထူးချပြီး ကွာရှင်းခဲ့တယ်၊ မိန်းမနဲ့ သားသမီးတွေကို စွန့်ပစ်ခဲ့တယ်၊ အခု ကြည့်ရတာ သူက သူ့မိဘတွေကိုတောင် မလိုချင်တော့ဘူးထင်တယ်။"


"ဟားဟား ဗိုလ်ချုပ်ကြီးရှောင်က တကယ်လုပ်ရဲတာပဲ၊ ဘုရင်ကြီးရဲ့ ကမ္ဘာကို ဘာသာတရား ရိုသေကိုင်းရှိုင်းမှုနဲ့ အုပ်ချုပ်တဲ့ စည်းမျဥ်းကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ရဲတယ်၊ ဒါက တစ်မိသားစုလုံး ရှင်းထုတ်ခံရနိုင်တယ်၊ ကျွန်မတို့ကတော့ ဆက်ဆံရေး ဖြတ်တောက်ထားတာဆိုတော့ မဆိုင်ပေမယ့် ရှင်တို့ကတော့ မလွတ်ဘူးနော်။"


ရှစ်ချင်းလျို့ရှေ့မှာ ဘောင်မကျော်သင့်မှန်း သူတို့ သိသင့်သည်။


သူတို့တွေ အလွန်ထိတ်လန့်သွားခဲ့သည်။ သူတို့တွေ တကယ်ပဲ ရှင်းထုတ်ခံရမှာလား။


တကယ်လို့ ရှစ်ချင်းလျို့ပြောတာတွေသာ အမှန်ဆိုရင် သူတို့တွေ ပြဿနာတက်မယ်မဟုတ်လား။


အမျိုးသမီးဝမ်က အော်ဟစ်ခဲ့သည်၊ "စောက်အဓိပ္ပာယ်မရှိတာ၊ ဒုတိယအစ်ကိုက သားသမီးကျင့်ဝတ်ကို ဖြည့်ဆည်းပေးတယ်၊ နင်အဓိပ္ပာယ်မရှိတာတွေပြောနေတာ"


ရှစ်ချင်းလျို့က ခနဲ့ခဲ့သည်၊ "သူသာ သိတတ်ရင် သူ့သားကို သူ့ကိုယ်စား စောင့်ရှောက်ခိုင်းစရာ မလိုဘူး၊ မဟုတ်ရင် သူ့တာဝန်တွေကိုခေါင်းရှောင်ရင် သူက သားသမီးကျင့်ဝတ် မဖြည့်ဆည်းပေးတဲ့လူပဲ၊ သူက ဘုရင်ကြီးရဲ့ စည်းမျဥ်းကို မလိုက်နာတာဖြစ်မယ်၊ ပြီးတော့ ရှင်တို့ယောက်ျားတွေ အသက်ရှင်နေသေးတာပဲ၊ သားတစ်ယောက်မှ သားသမီးကျင့်ဝတ် မဖြည့်ဆည်းဘဲ ဆွေမျိုးဖြတ်တောက်ထားတဲ့ မြေးကို ဖြည့်ဆည်းခိုင်းနေတာကျတော့ ဘယ်လိုရှင်းပြမှာလဲ၊ အဲလိုဥပဒေမရှိဘူးဆိုပြီး အပြင်လူဖြစ်တဲ့ ကျွန်မယောက်ျားကို သားသမီးကျင့်ဝတ် အတင်း ဖြည့်ဆည်းပေးစေချင်ရင် အောက်တရားသူကြီးရုံးကို တင်လျှောက်ပြီး သူဘယ်လိုဆုံးဖြတ်မလဲ ကြည့်ကြတာပေါ့။"


လူ့ကျင့်ဝတ်ဂိမ်းကို သူတို့ဆက်ကစားချင်ပါက ပေးကစားလိုက်မည်။ သူတို့က ဘာကြောက်ရမှာလဲ။


ရှောင်မိသားစုက ဆန်ကုန်မြေလေးအဖေရဲ့ ဂုဏ်သိက္ခာကို မှီခိုနေရတာမလို့ သူ့ဂုဏ်သိက္ခာ ပျက်ဆီးအောင် လုပ်မည်မဟုတ်ပေ။


အပြင်က ပွဲကြည့်သည့် လူအုပ်ကြီးကလည်း အကျိုးအကြောင်း ဆီလျော်ကြောင်း တွေးမိခဲ့သည်။


ရှောင်မိသားစု ဒုတိယသားက ဗိုလ်ချုပ်ကြီးဖြစ်လာပြီး သူနဲ့ အမျိုးတော်စပ်မှု ဖြတ်တောက်ထားသည့်သားကို သူ့ကိုယ်စား သားသမီးကျင့်ဝတ်ကို မဖြည့်ဆည်းခိုင်းသင့်ပေ။


ဆွေမျိုးဖြတ်တောက်ပြီးပါက ဘာမှမတော်စပ်သည့် မိသားစု နှစ်ခုဖြစ်သွားပြီဖြစ်သည်။


ဒါ့အပြင် ရှောင်အိမ်ရဲ့ အကြီးဆုံးသားနှင့် တတိယသားက မသေသေးတာကြောင့် သူတို့က သားသမီးကျင့်ဝတ်ဖြည့်ဆည်းပေးလို့ရသည်။


"နင်" အမျိုးသမီးဝမ်က ဆို့နင်သွားကာ ဘာပြောရမှန်း မသိတော့ပေ။


ဒီအယုတ်တမာမက အာစောင်းလျှာစောင်းထက်သည်။


ရှစ်ချင်းလျို့က ခနဲ့ခဲ့သည်၊ "ကျွန်မတို့တွေက ရှောင်မိသားစုနဲ့ဆွေမျိုးဖြတ်တောက်ပြီးတာတောင် မိသားစုတော်စပ်နေတုန်းပဲလို့ ရှင်တို့ပြောပြီး ဘာလို့ နည်းနည်းမှ မကူညီခဲ့တာလဲ၊ ဆွေမျိုးဖြတ်ပြီးတာတောင် ကျွန်မ ယောက်ျား သတိလစ်နေတုန်း အခွင့်ကောင်းယူပြီး အိမ်က စားစရာတွေ ခိုးယူခဲ့တယ်၊ အမေ့ကို နှိပ်စက်အနိုင်ကျင့်ခဲ့တယ်၊ မြို့ထဲက ဝူမိသားစုဆီ ကျွန်မ ညီမကိုတောင် မီးထည့်သင်္ဂြိုလ်ဖို့ထိ လုပ်ခဲ့တယ်၊ အဲအချိန်တုန်းက အကူအညီပေးဖို့ အဖိုးအဖွား ဦးလေးတွေကို မခေါ်ခဲ့တာလဲ၊ ကျွန်မယောက်ျားကို ကုသပေးဖို့ အဲဒီအဖိုးအဖွားလို့ခေါ်တဲ့လူဆီကို ကျွန်မအမေ သွားတောင်းပန်ပြီး ပိုက်ဆံချေးခဲ့ပေမယ့် ဆွေမျိုးဖြတ်တောက်ထားလို့ ကျွန်မ ယောက်ျား သေတာရှင်တာ သူတို့ဂရုမစိုက်ဘူးလို့ ပြန်ပြောခဲ့တယ်လေ။"


ဒါတွေကို လွန်ခဲ့သည့် ၂ရက်က ရှောင်အာ့လန်ပြောပြလို့ သိခဲ့ခြင်းဖြစ်သည်။


"အခု ကျွန်မတို့မိသားစု တို့ဟူးလုပ်နည်းသိတော့ ရှင်တို့က အမျိုးဆိုတဲ့ခေါင်းစဥ်အောက်က အမြတ်ထုတ်ဖို့ လုပ်နေတယ်၊ ဘာလို့ အဲလောက်အရှက်မဲ့ရတာလဲ။"


သူမက အေးစက်စွာ ခနဲ့ခဲ့သည်၊ "ဒါကြောင့် ဒီတို့ဟူးကို လဲလှယ်လို့မရဘူး၊ ကျွန်မက ဒါတွေကို လွှင့်ပစ်ရင်တောင် ရှင်တို့ယူခွင့်မရှိဘူး၊ ပိုက်ဆံနဲ့ဝယ်လို့မရသလို ပစ္စည်းနဲ့လည်း လဲလှယ်လို့ မရဘူး၊ ကျွန်မ မိသားစုက ဒီရှောင်မိသားစုကို ဘယ်တော့မှ တို့ဟူးမရောင်းဘူးလို့ အတိအလင်း ကြေငြာတယ်၊ ကျွန်မ မိသားစုဆီက တို့ဟူးယူရောင်းတဲ့လူက သူတို့ကို တို့ဟူးရောင်းခဲ့ရင် ရောင်းတဲ့လူကို ဘယ်တော့မှ ကျွန်မတို့ဖက်က တို့ဟူးပေးရောင်းမှာ မဟုတ်တော့ဘူး။"


ဟိုးအဝေးမှာရှိသည့် မြို့တော်က ဗိုလ်ချုပ်ကြီးဆိုသည့်ရာထူးက အသုံးမဝင်ပေ။


ရှစ်ချင်းလျို့က နှုတ်ရေးကောင်းပြီး မယှဥ်ပြိုင်နိုင်တဲ့ ခွန်အားရှိတာကြောင့် ရွာသားတွေက အနည်းငယ် အံ့သြနေခဲ့သည်။


သူမကို အမေရှောင်လို အားနည်းသည့် အမျိုးသမီးလို့ထင်ခဲ့ပြီး ယခုလို သန်မာပြီး အထက်စီးဆန်မည်ဟု မထင်မိခဲ့ကြပေ။


ရှစ်ချင်းလျို့ကို နားချမည့်လူတွေပါ စိတ်ပြောင်းသွားခဲ့ကြသည်။


တို့ဟူးလုပ်ငန်းက အောင်မြင်မလားဆိုတာ သူတို့ မသိနိုင်ပေ။


တကယ်လို့ လုပ်ငန်းက အောင်မြင်ပါက သူမကို ဆန့်ကျင်မိပြီး သူတို့ကို တို့ဟူးပေးမရောင်းရင် အရှုံးကြီးရှုံးမည်ဖြစ်သည်။


ဒါကြောင့် လူတိုင်း သူမကို သဘောတူခဲ့သည်။


ဒါ့အပြင် ထိုရှောင်မိသားစုဝင်တွေက ရွာထဲမှာ အာကျယ်လှသည်။ အခု ရှောင်မိသားစုရဲ့ ဒုတိယသားက ဗိုလ်ချုပ်ကြီးဖြစ်လာတော့ သူတို့က ရွာထဲကလူတွေကို မတူသလို မတန်သလို ဆက်ဆံခဲ့သည်။


ရွာကလူတိုင်းနီးပါးက သူတို့ကို ရွံရှာနေသည်။


အခုထိုအယုတ်တမာနှစ်ယောက်ကို ရှစ်ချင်းလျို့ အပီဖြဲနေတာတွေ့တော့ လူတိုင်းက ပျော်ရွှင်စွာ ပွဲကြီးပွဲကောင်းကြည့်နေခဲ့သည်။


တစ်ချိန်လုံး စကားများရန်ဖြစ်သည့် မိန်းမကြမ်း အမျိုးသမီးဝမ်က ဒီတစ်ခါတော့ အရှုံးကြီး ရှုံးသွားခဲ့သည်။


သူမက ရှေ့တိုးလာပြီး ရှစ်ချင်းလျို့ကို လက်ညိုးထိုးကာ ဆဲခဲ့သည်၊ "မိန်းမပျက် နင်စောင့်နေလိုက်"


ရှစ်ချင်းလျို့က စိတ်မတိုဘဲ ထိုအစား ရယ်မောခဲ့သည်။


အမျိုးသမီးဝမ်က ပိုကောင်းသည်။ သူမက လိုလိုလားလား ရှစ်ချင်းလျို့ဆီ ထပ်ရောက်လာခဲ့သည်။


ရှစ်ချင်းလျို့က ချက်ချင်းပင် အမျိုးသမီးဝမ်ရဲ့ လက်ကို ဖယ်ပစ်လိုက်သည်။


ထို့နောက် လက်မြှောက်ကာ ပါးရိုက်ပစ်လိုက်လေသည်။