အခန်း ၂၆
Viewers 7k

အခန်း (၂၆) ပါးရိုက်ခြင်း


ရှစ်ချင်းလျို့က အမျိုးသမီးဝမ်ကို ခပ်ပြင်းပြင်း ရိုက်ခဲ့သည်။


အမျိုးသမီးဝမ်ကြက်သေသေသွားရုံတင်မကဘဲ လူအုပ်ကြီးလည်း ကြက်သေ သေသွားခဲ့သည်။


ပါးရိုက်ပြီးနောက် ရှစ်ချင်းလျို့က မကျေမနပ် ပြောခဲ့သည်၊ "ကျွန်မက ရှောင်မိသားစုထဲ သန့်သန့်လေး လက်ထပ်ခဲ့တာ၊ အပျော်မယား မဟုတ်ဘူး၊ ဒီလိုစော်ကားမှုကို သည်းခံမှာ မဟုတ်ဘူး။"


ထို့နောက် စဥ့်နီတုံးပေါ်က ဓားကိုယူပြီး တခြားလက်တစ်ဖက်ထောက်ကာ စားပွဲကို ခုန်ကျော်ခဲ့သည်။


သူမက အမျိုးသမီးဝမ်ရဲ့ အနားကို ကပ်သွားခဲ့သည်။


ထို့နောက် အမျိုးသမီးဝမ်ရဲ့ လည်ပင်းကို ဓားဖြင့် တေ့လိုက်သည်၊ "ကျွန်မဂုဏ်သိက္ခာကို ဆက်စော်ကားရင် ရှင့်ကိုသတ်ပစ်မယ်၊ ရှင်လည်းသေပြီး ကျွန်မလည်း ရှင်နဲ့အမြှုပ်ခံပစ်မယ်။"


အမျိုးသမီးဝမ်က ကြောက်လန့်သွားခဲ့သည်။


နင့်ကို ငါနဲ့ ဘယ်သူက မြှုပ်စေချင်လို့လဲ။ ငါ မသေချင်သေးဘူး။


စောနလေးတင်မှ လူတွေရှေ့မှာ ပါးရိုက်ခံထားရပြီး အခုတော့ လည်ပင်းကို ထိတွေ့နေသည့် ဓားရဲ့ အေးစက်မှုကို ခံစားနေရသည်။


ရှစ်ချင်းလျို့ရဲ့ အေးစက်သည့်အသံကို ထပ်ကြားလိုက်တော့ သူမရဲ့ ခြေထောက်တွေ ပျော့ခွေသွားခဲ့သည်။


ထိုမိန်းမယုတ်က သူမကို ဆဲဆိုရုံတင်မကဘဲ ပါးလည်းရိုက်ခဲ့တာကို အံ့သြနေပြီး သူမရဲ့ မကျေမနပ်မှုကိုတောင် ဖော်ပြလို့မရပေ။


လူတိုင်းက အသိပြန်ကပ်လာခဲ့သည်။


ရှစ်ချင်းလျို့က အမျိုးသမီးဝမ်ကို ပါးရိုက်ခဲ့ပြီး လည်ပင်းကို ဓားထောက်ထားသည်။


ဒါက သူမရဲ့ ရိုးသားအပြစ်ကင်းမှုကို ထိန်းသိမ်းဖို့ သူမ လုပ်ခြင်းဖြစ်သည်။


အစကတော့ ရှစ်ချင်းလျို့က အမျိုးသမီးဝမ်ကို ရိုက်တာ အနည်းငယ် လွန်သည်ဟု တွေးခဲ့ကြသည်။


ဘာပဲဖြစ်ဖြစ် အမျိုးသမီးဝမ်က လူကြီး ဖြစ်သည်။ 


ရှေးခေတ်တုန်းက အသက်ကြီးသူကို ရိုသေလေးစားရမည်ဟူသော စိတ်ထဲ လူတွေရဲ့ နှလုံးသားထဲမှာ နက်နဲစွာ အမြစ်တွယ်နေပြီ ဖြစ်သည်။


ဒါကြောင့်ပဲ လူတွေက အဲလိုတွေးမိခြင်းဖြစ်သည်။


ရှစ်ချင်းလျို့က သူမရဲ့ ဂုဏ်သိက္ခာအတွက် အသက်ကို စတေးဖို့တောင် လုပ်နေတာတွေ့တော့ အမျိုးသမီးဝမ်လွန်သည်ဟု လူတွေက တွေးမိခဲ့သည်။


အမျိုးသမီးဝမ်က ရှစ်ချင်းလျို့ကို မိန်းမပျက်ဟု တမင်ပြောတာ မဟုတ်မှန်း သူတို့သိသည်။


ဒါက သူမ သူများကိုဆဲရင် သုံးနေကြစကား ဖြစ်သည်။


သို့ပေမယ့်လည်း အပြစ်ကင်းစင်ရိုးသားသည့် မိန်းကလေးကတော့ ဒါကိုမသိဘဲ သူမ၏ ဂုဏ်သိက္ခာအတွက် အသက်ကိုတောင် စတေးဖို့ လုပ်ခဲ့သည်။


"အမျိုးသမီးဝမ် ရှင်လွန်တယ်နော်၊ တာ့လန်ရဲ့မိန်းမကို ဘာလို့ အဲလိုပြောတာလဲ။"


"ဟုတ်တယ်၊ ရှင့်တူရဲ့မိန်းမကိုလည်း ပြည့်တန်ဆာမလေးလို့ခေါ်တာ တကယ်လွန်တယ်။"


ရှစ်ချင်းလျို့ကို နားမချခင် လူတိုင်းက အမျိုးသမီးဝမ်ကို အပြစ်တင်ခဲ့သည်။ 


"တာ့လန်မိန်းမ နင်က အပြစ်ကင်းစင်တဲ့ မိန်းမကောင်းလေးမှန်း ငါတို့အကုန်သိပါတယ်၊ အမျိုးသမီးဝမ်က အဓိပ္ပာယ်မရှိတာတွေပြောနေတာ၊ ဓားကို ချထားလိုက်ပါ၊ အေးအေးဆေးဆေး ပြောကြတာပေါ့။"


"ငါတို့က အမျိုးသမီးဝမ်ရဲ့ စကားကို နားမထောင်ပါဘူး၊ နင့်ဂုဏ်သိက္ခာလည်း မပျက်စီးပါဘူး။"


"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့တွေ နင့်ကို သက်သေခံပေးလို့ရပါတယ်။"


အမျိုးသမီးဝမ်က ကြောက်ရွံ့နေကာ ဘောင်းဘီထဲမှာ သေးပင်ထွက်ကျတော့မည်ဖြစ်သည်။


သူမက ဒီအယုတ်တမာမလေးဆီကနေ နှစ်ကြိမ်တောင် အရိုက်ခံခဲ့ရသည်။


အခုတော့ အချိန်မရွေးဖြတ်နိုင်သည့်ဓားက သူမလည်ပင်းထက်ရောက်နေပြီး သူမ တကယ်ကြောက်နေသည်။


"ဟုတ်ပါတယ်၊ ဒါက ငါဆဲရင်ပြောနေကြမလို့ပါ၊ နင့်ကိုစော်ကားတာမဟုတ်ပါဘူး၊ အတည်မယူပါနဲ့။"


ရှစ်ချင်းလျို့က သူမကို အပြစ်ကင်းစွာ ကြည့်ခဲ့သည်၊ "တကယ်လား ဒါဆိုရင် ကျွန်မကို တောင်းပန်လေ။"


အမျိုးသမီးဝမ်က ဒေါသထွက်နေပေမယ့် ကြောက်လန့်နေပြီး အသက်ရှင်ဖို့အတွက် သူမက ပြောခဲ့သည်၊ "ငါတောင်းပန်ပါတယ်၊ ငါနင့်ကို ပေါက်တတ်ကရ မဆဲလိုက်သင့်ဘူး၊ နင်က အပြစ်ကင်းရိုးသားပါတယ်။"


ထိုအခါမှ ရှစ်ချင်းလျို့က သူမ လည်ပင်းက ဓားကို ဖယ်ပေးခဲ့သည်၊ "ပါးစပ်ကို စားဖို့သောက်ဖို့ပဲဟ သူများကို မဆဲနဲ့၊ အမျိုးသမီးဝမ် ရှေ့လျှောက် ပါးစပ် ဆင်ခြင်ရင် ပိုကောင်းမယ်၊ မဟုတ်ရင် သူများတွေက ကျွန်မလို ရှင့်ကို ကောင်းကောင်းပြောနေမှာ မဟုတ်ဘူး။"


အမျိုးသမီးဝမ်က ထိတ်လန့်သွားခဲ့သည်။ ဒါက နင်ငါ့ကို ကောင်းကောင်း ပြောနေတာလား။ လာနောက်နေတာလား။


ဒီတစ်ခါတော့ ရှစ်ချင်းလျို့က စားပွဲကို မခုန်ကျော်တော့ပေ။


သူမက လမ်းပတ်လျှောက်သွားပြီး ဓားကို စဥ့်နီတုံးပေါ် ပြန်တင်ခဲ့သည်။


သူမက အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူကို ဝေ့ကြည့်လိုက်သည်၊ "ရှင်တို့ ဘာကိစ္စရှိသေးလို့လဲ၊ မရှိရင် အဲမှာရပ်ပြီး ကျွန်မအလုပ်တွေ နောက်ကျအောင် ပိတ်ရပ်မနေနဲ့။"


အမျိုးသမီးဝမ်ရဲ့ ခြေထောက်တွေက ပျော့ခွေနေပြီး အမျိုးသမီးဝူရဲ့ လက်မောင်းကို ဆွဲလိုက်သည်၊ "မရှိပါဘူး"


ဒီအယုတ်မမာမက တကယ့် အကျင့်မကောင်းတဲ့ မကောင်းဆိုးဝါးပဲ။


သူ့ကို ဆဲလို့မရသလို ရိုက်လို့လည်းမရဘူး။


စောက်ရေးမပါတဲ့ ရိုးသားအပြစ်ကင်းစင်မှုကြောင့် လည်ပင်းပြတ်တော့မလိုတောင် ဖြစ်ခဲ့တာ။ သူမကို ပိုကြောက်သွားခဲ့သည်။


အမျိုးသမီးဝူကလည်း ထိတ်လန့်နေခဲ့သည်။


စောနလေးတင် ရှစ်ချင်းလျို့က အသေရေဖျက်ခံရမှုကြောင့် အမျိုးသမီးဝမ်ကို သတ်ပစ်တော့မလို လုပ်ခဲ့သည်။


ဒီမိန်းမယုတ်က တကယ့် အစွန်းရောက်ပဲ။ ဉာဏ်ကောင်းပြီး လျှာထက်တဲ့အစွန်းရောက်တဲ့လူ။ သူက ရှင်းထုတ်ဖို့ မလွယ်ဘူး။


သူမက ကသိကအောက် ပြုံးပြခဲ့သည်၊ "ဒါပါပဲ အခုသွားရအောင်"


ထို့နောက် သူမက အမျိုးသမီးဝမ်ကို တွဲပြန်သွားခဲ့သည်။ သူမ ကိုယ်တိုင် မလုပ်နိုင်မှတော့ အဖွားအိုကိုပဲ ကိုယ်တိုင်ရှင်းခိုင်းမည်။


အဖွားအိုရှောင်ကိုတော့ ရှစ်ချင်းလျို့ မရိုက်ရဲဘူးဟု သူမ ထင်သည်။


ဆွေမျိုးဖြတ်သည်ဖြစ်စေ မဖြတ်သည်ဖြစ်သေ လူကြီးသူမကို ရိုက်နက်တာက ပြစ်မှု ဖြစ်သည်။


သူတို့နှစ်ယောက် ထွက်သွားသည်နှင့် ရှစ်ချင်းလျို့ရဲ့ အေးစက်သည့််မျက်နှာက အပြုံးတွေ အစားထိုး ဝင်ရောက်ခဲ့သည်၊ "ဆက်လဲလှယ်ရအောင်၊ အခု ဘယ်သူ့အလှည့်လဲ"


တို့ဟူး လဲရမည့်လူက တုံ့ပြန်ခဲ့သည်။ သူက ရှေ့တိုးလာကာ ပြောခဲ့သည်၊ "ကျုပ်အလှည့်ပါ"


ခဏနေတော့ ကျန်ရှိနေသည့် တို့ဟူးတွေကို လဲလှယ်လို့ ပြီးသွားခဲ့သည်။


ရှစ်ချင်းလျို့က လူတိုင်းကို ပြုံးပြခဲ့သည်၊ "ဒီနေ့အတွက် တို့ဟူးက ကုန်သွားပါပြီ၊ အားလုံးပဲ မနက်ဖြန်မှ ပြန်လာခဲ့ကြပါရှင်။"


ရှစ်ချင်းလျို့က နူးညံ့သည့်ဟန်လေး ပြန်ပြောင်းသွားပေမယ့် ဒီနေ့ လူတိုင်း သူမကို မြင်သည့်အမြင် ပြောင်းလဲသွားခဲ့သည်။


အရင်တုန်းကတော့ မနိုးသေးသည့်လူကို ချုံရှီပွဲလုပ်ကာ လက်ထပ်သည့် ရှစ်ချင်းလျို့ကို အရူးလို့ ထင်ခဲ့သည်။


လက်ထပ်ပြီးတော့လည်း သူမက နူးညံ့ကာ အားနည်းဟန်ပေါက်တာကြောင့် သူရဲ့ စိတ်ထားက အမေရှောင်နှင့် တူသည်ဟု ထင်ခဲ့သည်။


သူတို့ထင်ထားတာနှင့် လုံးဝ ဆန့်ကျင်ဘက် ကွဲလွဲနေမည်ဟု မထင်မိခဲ့ပေ။


ဒီနေ့တော့ ရှစ်ချင်းလျို့က အသုံးမကျသည့်သည့်လူမဟုတ်ကြောင်း လူတိုင်းကို သိမြင်စေခဲ့သည်။


သူမက နှုတ်ရေးကောင်းပြီး သူမကို ဆန့်ကျင်သည့်လူကိုလည်း ဖယ်ထုတ်ပစ်နိုင်သည်။


ရှစ်ချင်းလျို့လိုလူ ရွာထဲမှာ မရှိပေ။


သူမက ရှောင်မိသားစုရဲ့ မိသားစုခေါင်းဆောင် ဖြစ်လာတာလည်း မဆန်းတော့ပေ။


"ကောင်းပြီ မနက်ဖြန်မှ ပြန်လာမယ်" အများစုက ယဥ်ကျေးနေသည်။


၈နှစ် ၉နှစ်အရွယ် ကောင်လေးက ရှစ်ချင်းလျို့ကို မေးခဲ့သည်၊ "အစ်မ တိုက်ခိုက်တတ်လား"


ထိုကောင်လေးရဲ့ မေးခွန်းကို လူတိုင်းက အနည်းငယ် သိချင်နေကြသည်။


ရှစ်ချင်းလျို့က လူကိုရိုက်ပြီး စားပွဲကို ခုန်ကျော်ခဲ့တာကို သူတို့တွေ့ခဲ့ရသည်။


ရှစ်ချင်းလျို့ကပြုံးကာ ပြောခဲ့သည်၊ "နည်းနည်းသိတယ်၊ တာအိုဘုရားကျောင်းမှာနေတုန်းက ဘုန်းတော်ကြီးက ကိုယ့်ဘာသာကိုယ် ခုခံကာကွယ်နည်း နည်းနည်းသင်ပေးခဲ့တယ်လေ။"


သေဆုံးသွားခဲ့သည့် တာအိုဘုန်းတော်ကြီး၊ ငါပဲ ကြားထဲက လွှဲချခံနေရတယ်။


ထိုစကားကိုကြားတော့ လူတိုင်း နားလည်သွားခဲ့သည်။


ဒါဆို တာအိုဘုန်းတော်ကြီး သင်ပေးခဲ့တာပေါ့။ ရှစ်ချင်းလျို့ တော်တော်လေး ကျွမ်းကျင်နေတာလည်း မဆန်းတော့ပါဘူး။


တာအိုဘုရားကျောင်းက နေ့တစ်ဝက်လောက် မီးလောင်ကျွမ်းခဲ့သည်။


အနီးအနားက ရွာသားတွေက မီးတောက်ကြီး ကောင်းကင်ပေါ် ပျံတက်နေတာကို မြင်ခဲ့ရသည်။


ထိုသို့သောမြင်ကွင်းကို သူတို့တွေ ပထမဆုံး မြင်ဖူးတာကြောင့် ကမ္ဘာပေါ်မှာ ပေါက်ကွဲတတ်တာတွေရှိကြောင်း သူတို့ မသိခဲ့ပေ။


ထို့ကြောင့် တာအိုဘုန်းတော်ကြီးက တာဝန်တွေပြီးလို့ ကောင်းကင်ကိုပြန်ကြွသွာတာဟု လူတိုင်းက ယုံခဲ့လေသည်။


ဒါကြောင့် ချင်းလျို့ပြောသည့် သူမရဲ့ အတိုက်အခိုက်စွမ်းရည်အကြောင်းကို သူတို့ယုံခဲ့သည်။


မိန်းမအိုကြီးတစ်ယောက်က ပြုံးကာ မေးခဲ့သည်၊ "မသေမျိုး တာအိုဘုန်းတော်ကြီးက တကယ့်အံ့သြစရာပဲ၊ တို့ဟူးလုပ်နည်းလည်း သူပဲ သင်ပေးခဲ့တာဆို ဟုတ်လား။"


ရှစ်ချင်းလျို့က ခါင်းငြိမ့်ပြခဲ့သည်၊ "အင်း စာဖတ်နည်း တိုက်ခိုက်နည်းတွေပါ သင်ပေးခဲ့တဲ့အပြင် တခြားအရာတွေလည်း အများကြီး သင်ပေးခဲ့တယ်။"


အနာဂတ်မှာလည်း အများကြီး သိဦးမှာမလို့ မအံ့သြကြပါနဲ့။


ထို့နောက် သူမရဲ့ မျက်လုံးက နီရဲသွားခဲ့သည်၊ "သူဆုံးသွားတာ နှမြောစရာပဲ"


သူမ အနုပညာနယ်ပယ်ထဲဝင်ခဲ့ရင်တောင် ရှင်သန်နိုင်မည်မှန်း သူမ သိသည်။


"သိပြီ နင် အရမ်းအစွမ်းထက်တာလည်း မဆန်းတော့ပါဘူး။"


"ထင်တဲ့အတိုင်း မသေမျိုး တာအိုဘုန်းတော်ကြီးရဲ့တပည့် ပီသပါတယ်။"


"တာ့လန်မိန်းမ ဝမ်းမနည်းပါနဲ့၊ တာအိုဘုန်းတော်ကြီးက မသေမျိုးအဖြစ် တက်သွားတာမလို့ သူ့အတွက် ဝမ်းသာပေးရမယ်။"


"အင်း ဘုန်းတော်ကြီးကလည်း နင်သူ့အတွက် ပျော်ပေးတာကိုပဲ မြင်ချင်လိမ့်မယ်။"


"ဘုန်းတော်ကြီးက ကောင်းကင်ဘုံပြန်သွားပေမယ့် နင့်ကို စောင့်ရှောက်မှာပါ။"


"ကြည့်လေ နင်နဲ့ လက်ထပ်ပြီးတော့ ဟန်ကျန့်နိုးလာခဲ့တယ်လေ၊ နင်က တကယ် ကောင်းချီးပေးခံရတာ"


ရှစ်ချင်းလျို့တစ်ယောက် မျက်လုံးနီကာ ငိုတော့မလိုဖြစ်နေတာကြောင့် လူတိုင်းက နှစ်သိမ့်ပေးခဲ့သည်။


သူတို့က တွေးလေလေ အဓိပ္ပာယ်ရှိတယ်ဟု ခံစားခဲ့ရသည်။


ဟန်ကျန့်ရဲ့မိန်းမက ဘုန်းတော်ကြီးရဲ့ကာကွယ်ပေးမှုကို ခံရတာပဲ။


ထိုအခါမှ ရှစ်ချင်းလျို့က လက်မြှောက်ကာ မျက်ရည်သုတ်ခဲ့သည်၊ "အင်း ရှင်တို့မှန်တယ်၊ ကျွန်မ ဆရာကြီးသေသွားတာက မသေမျိုးဖြစ်ဖို့ပဲ၊ သူ့အတွက် ပျော်ရွှင်ပေးရမယ်။"


တာအိုဘုန်းတော်ကြီးရဲ့ ဂုဏ်သတင်းက တကယ်အသုံးဝင်သားပဲ။


"ဟုတ်တယ်" အားလုံးက ခေါင်းငြိမ့်ပြခဲ့သည်။


တို့ဟူး လဲလှယ်ပြီးနောက် လူစုတဖြည်းဖြည်းကွဲသွားခဲ့သည်။


ရှစ်ချင်းလျို့၊ အမေရှောင်နှင့် တခြားလူတွေက ပစ္စည်းတွေကို ခြံထဲပြန်သိမ်းခဲ့သည်။


ရှစ်ချင်းလျို့ ပစ္စည်းတွေသိမ်းပြီးနောက် အမေရှောင်ရဲ့ အားကိုးပူဇော်လိုသည့် မျက်လုံးတွေဖြင့် ကြည့်နေတာကို တွေ့ခဲ့လေသည်။


သူမတင်မက ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကလည်း ရှစ်ချင်းလျို့ကို လေးစားအားကျသည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်။