အခန်း ၂၇
Viewers 7k

အခန်း(၂၇) - ကျွန်မ ရှင့်ကို အများကြီး မျှော်လင့်တယ်


ရှောင်မိသားစုနှင့် နေထိုင်ခဲ့တုန်းက အမေရှောင်နှင့် ရှောင်ပိုင်လီက အမျိုးသမီးဝူနှင့် အမျိုးသမီးဝမ်ရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရသည်။


ရှောင်အာ့လန်ဟာလည်း သူတို့သားတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။


အခု အမြီးလေးကုပ်အောင် ထွက်သွားဖို့ ဖိအားပေးခံရတာကြောင့် သူတို့၂ယောက်က ရှင်းထုတ်ရ မခက်မှန်း သူတို့တွေ သဘောပေါက်ခဲ့လေသည်။


ရှစ်ချင်းလျို့က သူတို့ကိုကြည့်ကာ အပြုံးဖြင့် မေးခဲ့သည်၊ "အကျင့်မကောင်းတဲ့လူတွေက မကြောက်ဘူး၊ အမျိုးသမီးဝမ်က လူကောင်းတွေကိုပဲ အနိုင်ကျင့်ပြီး အကျင့်မကောင်းတဲ့လူတွေကိုဆိုရင် သူ မလုပ်ရဲဘူး၊ သူ့ထက်ပိုပြီး ကြမ်းတမ်းပြီး အကျင့်ယုတ်ပြလိုက်ရင် အမြီးကုပ်သွားလိမ့်မယ်။"


ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု အမေရှောင် ခံစားလိုက်ရသည်၊ "ဟုတ်တယ်၊ အရင်က အမေက ကြောက်တတ်တော့ သူတို့က အနိုင်ကျင့်တာဖြစ်မယ်။"


ပြန်မခုခံလေလေ သူတို့က အနိုင်ပိုကျင့်လေ ဖြစ်သည်။


အမျိုးသမီးဝမ်က ကြမ်းကြုတ်ပြီး အမျိုးသမီးဝူကလည်း ကြမ်းကြုတ်တာကြောင့် သူမက အမျိုးသမီးဝူကို အနိုင်မကျင့်ပေ။


ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်၊ "ဟုတ်တယ် ဒါကြောင့် အမေနဲ့ ပိုင်လီက ကိုယ့်ဘာသာကိုယ် ရပ်တည်ရမယ်၊ ကိုယ်တိုင်က သန်သန်မာမာရှိနေရင် ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။"


ရှောင်ပိုင်လီက ခဏလောက် တွေးခဲ့သည်၊ "အစ်မက သူတို့ကို ဓားနဲ့ ခုတ်ဖို့ လုပ်ခဲ့လို့ သူတို့က ကြောက်သွားတာလား။"


အစောပိုင်းတုန်းက သူမရဲ့ ယောက်မက အဒေါ်ကြီးကို ဓားဖြင့် ခုတ်ဖို့ လုပ်ခဲ့တာကို သူမ ပျော်ရွှင်စွာ ပွဲကြည့်ခဲ့သည်။


အဒေါ်ကြီးရဲ့ လည်ပင်းကို ဓားဖြင့် ချိန်လိုက်သည့်အချိန် သူမရဲ့ ခြေထောက်တွေ တုန်နေတာကို သူမ ရှင်းလင်းစွာ တွေ့မြင်ခဲ့သည်။ အဒေါ်ကြီးက တကယ်ကို ကြောက်နေခဲ့သည်။


ကလေး နားလည်မှုလွဲသွားမှာကြောက်လို့ ရှစ်ချင်းလျို့က အမြန်ပြန်ဖြေခဲ့သည်၊ "မဟုတ်ဘူး၊ ဓားနဲ့က ခြိမ်းခြောက်ခဲ့တာပါ တကယ် မဖြတ်ပါဘူး။"


"မဟုတ်ရင် သူသေသွားမှ ငါပါထောင်ထဲရောက်လိမ့်မယ် မဟုတ်ရင်လည်း ခေါင်းဖြတ်ကွပ်မျက်ခံရပြီး သူနဲ့ အတူတူ ထည့်မြှုပ်ခံနေရဦးမယ်၊ မတန်ဘူး။"


သူမက သက်ပြင်းချခဲ့သည်၊ "အသက်ရှင်ရတာထက် ဘာမှ ပိုမကောင်းဘူး"


သူမ သေသွားပါက ဘာမှ ကျန်ရှိတော့မည် မဟုတ်ပေ။


ရှစ်ချင်းလျို့က ထပ်ပြောခဲ့သည်၊ "ဒါပေမဲ့ သူ့ကို ခြိမ်းခြောက်တဲ့အချိန်ကျရင် အထက်စီးဆန်မှု နည်းနည်း ထည့်ထားရမယ်၊ နင် တကယ်လုပ်လိမ့်မယ်ဆိုတဲ့စိတ် သူတို့ အတွေးထဲ ဝင်တဲ့အထိ လုပ်ရမှာ။"


အမေရှောင်နှင့် ရှောင်ပိုင်လီက ခေါင်းငြိမ့်ပြခဲ့ပြီး တစ်ခုခုကို နားလည်ပုံပေါက်သွားခဲ့သည်။


ရှောင်အာ့လန်က တခြားတစ်ဖက်က မြင်ခဲ့သည်။


"ခယ်မ သားကို တိုက်ခိုက်ရေးပညာ သင်ပေးလို့ရမလား" သူ့ရဲ့ ခယ်မက အရမ်းအံ့သြဖွယ်ကောင်းတာကို တွေ့တော့ သူ အလွန် အထင်ကြီးသွားခဲ့သည်။


ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်၊ "ဒါပေါ့။ မောင်လေးနဲ့ လေ့ကျင့်လို့ ရပါတယ်၊ တကယ်တော့ အမေလည်း လိုက်လေ့ကျင့်လို့ရတယ်။"


ဒီမိသားစုက အနာဂတ်မှာ ပိုပိုကောင်းလာမယ်ဟု သူမ ယုံကြည်တာကြောင့် အမေရှောင်နှင့် တခြားလူနှစ်ယောက်ကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ သင်ယူစေချင်သည်။


အနာဂတ်မှာ သူမနှင့် ရှောင်ဟန်ကျန့် အိမ်မှာ မရှိရင်တောင် အမေရှောင်နှင့် ကလေးနှစ်ယောက် အနိုင်ကျင့်မခံရအောင် ဖြစ်သည်။


ရှောင်ပိုင်လီက ခဏလောက် ကြက်သေ သေသွားပြီးမှ သူမရဲ့ မျက်လုံးတွေက အံ့သြမှုတွေ ပြည့်နေခဲ့သည်၊ "ကျွန်မလည်း အစ်မလို သန်မာလာနိုင်လား"


"ဒါပေါ့"


ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်၊ "အနာဂတ်မှာ အိမ်ထောင်ပြုခဲ့လို့ ယောက်ျားက အနိုင်ကျင့်ရင် အိပ်ရာက မထနိုင်အောင် ရိုက်ပစ်လိုက်၊ ဆက်အနိုင်ကျင့်ရဲသေးလားလို့ ကြည့်လိုက်၊ ယောက်ျားဘက်က အမျိုးတွေ အနိုင်ကျင့်ရင်လည်း သွားတွေ မြေခသွားတဲ့အထိ ဆော်ပလော်တီးပစ်လိုက်၊ ပြီးရင် ဒီနေ့ အစ်မလုပ်ခဲ့သလို ဆင်ခြေပေးလိုက် ဒါဆို ဘယ်သူမှ အပြစ်တင်ရဲမှာ မဟုတ်တော့ဘူး။"


ရှောင်ပိုင်လီရဲ့ စိတ်ထားလေးက နူးညံ့တာကြောင့် အနိုင်ကျင့်ခံရဖို့ လွယ်သည်။


သူမ တစ်ခုခု ပြောင်းလဲနိုင်မည်ဟု သူမ ထင်သည်။


ရှောင်ပိုင်လီရဲ့ မျက်လုံးတွေက အလွန်အံ့အားသင့်စွာ တောက်ပနေခဲ့သည်၊ "အစ်မ ကျွန်မ တကယ်လုပ်နိုင်ပါ့မလား။"


ဟိုးတုန်းက ရှောင်မိသားစုနှင့် နေတုန်းက သူတို့ကို အစ်ကိုကြီးက ကာကွယ်ပေးခဲ့သည်။


သို့ပေမယ့် အစ်ကိုကြီးက မြို့ထဲပညာသွားသင်တာကြောင့် အစ်ကိုကြီး အိမ်မှာရှိသည့်အချိန်မှသာ ကောင်းကောင်းမွန်မွန် နေထိုင်ရသည်။


အစ်ကိုကြီး မရှိသည့်အချိန်ဆိုပါက အစ်ကိုကြီးက အဒေါ်ကြီးနှင့် တတိယဒေါ်လေးကို ဘယ်လောက်ပဲ သတိပေးခဲ့ပါစေ သူတို့က အနိုင်ကျင့်ခံရဆဲဖြစ်ကာ အလုပ်တွေ အကုန် သိမ်းကျုံးလုပ်ခဲ့ရသည်။


သူတို့အစ်ကိုကြီး ပြန်လာတိုင်း ကြောက်စရာ မလိုကြောင်း သူတို့ကို ပြောခဲ့သည်။


သို့ပေမယ့်လည်း ယောက်မ ပြောသည့်အတိုင်း သူမနှင့် အမေက စိတ်ပျော့ပြီး ကိုယ့်ဘာသာကိုယ် မရပ်တည်နိုင်တာကြောင့် အစ်ကိုကြီး ပြန်သွားတာနှင့် ဆက်လက် အနိုင်ကျင့်ခံခဲ့ရသည်။


ရှစ်ချင်းလျို့က ပြတ်ပြတ်သားသား ခေါင်းငြိမ့်ပြခဲ့သည်၊ "သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်၊ ငါ့ကိုသာယုံလိုက်။"


ရှစ်ချင်းလျို့က သူ့ညီမရဲ့ အနာဂတ်ခင်ပွန်းနှင့် မိသားစုကို ဘယ်လိုရိုက်နှက်သင့်ကြောင်း သင်ပေးတာ ကြားသည့်အချိန်မှာ ရှောင်ဟန်ကျန့်က ထွက်လာခဲ့သည်။


သူက ဘာခံစားချက်မှ မရှိသည့် မျက်နှာဖြင့် လမ်းလျှောက်လာခဲ့သည်။


အနာဂတ်မှာ သူ့ဇနီးလေး၏ ရိုက်နှက်ခြင်းကို ခံရလိမ့်မည်ဟု သူ မထင်ပေ။


ဘာပဲဖြစ်ဖြစ် သူက သူမကို ဘယ်တော့မှ အနိုင်ကျင့်မည်မဟုတ်ပေ။ 


သို့ပေမယ့် အနာဂတ် ယောက်ဖလောင်းအတွက်တော့ နည်းနည်းပူပန်မိသည်။


သူမရဲ့ သင်ပြမှုကို သူ မတွေးဖူးပေ။


သူ့ညီမက တကယ် နူးညံ့သည်။ သူ့ဇနီးလေး သင်ပေးသည့်အတိုင်း ဖြစ်လာပါက တကယ်ကောင်းမွန်သည့် ကိစ္စ ဖြစ်သည်။


သူ့အမေကလည်း အားနည်းတာကြောင့် အမေ့ကိုလည်း သူစိတ်ပူသည်။


အနာဂတ်မှာ ရှောင်မိသားစုရဲ့ လေ့ကျင့်မှုတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ သူသိချင်နေသည်။


သူက နှုတ်ခမ်းနား လက်တေ့ကာ ချောင်းဟန့်လိုက်သည်၊ "အဟွတ် အဟွတ်"


ရှစ်ချင်းလျို့က လှည့်ကြည့်ကာ အပြုံးဖြင့် ပြောခဲ့သည်၊ "အဖိုးကြီးရှောင် ရှင်သူတို့နဲ့ မိသားစုဆက်ဆံရေးဖြတ်ခဲ့တာ မှန်တယ် သိလား၊ မဟုတ်ရင် ဒီနေ့ သူတို့ကို လွယ်လွယ်ဖြေရှင်းနိုင်မှာမဟုတ်ဘူး၊ ရှင့်အမျိုးဟောင်းအိမ်က ပြဿနာကောင်နှစ်ယောက်က ဘယ်မှာလဲ"


ရှောင်ဟန်ကျန့်၊ "..."


အခု သူက အဖိုးကြီးရှောင် ဖြစ်ခဲ့ပြီ။


သိပ်မရင်းနှီးသည့် မိတ်ဆွေတွေရှေ့နှင့် အပြင်မှာသာ သူ့ဇနီးက သူ့ကို ယောက်ျားလို့ ခေါ်မှန်း သူ သိခဲ့သည်။


သူနှင့် ရင်းနှီးလာသည့်အခါကျတော့ ကြုံရာကျပန်းနာမည်တွေဖြစ်သည့် အဖိုးကြီးရှောင်၊ အစ်ကိုကျန့်၊ ယောက်ျား စသည်တို့ကို ခေါ်တော့သည်။


သူက ပြုံးကာ လမ်းလျှောက်သွားခဲ့သည်၊ "အဲ့အိမ်ကလူတွေက မျက်နှာ နှစ်ဖက်ရှိတာသိလို့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ခွဲနေခဲ့တာ။"


ခွဲထွက်ပြီးသည့်နောက်ပိုင်း သူ ဘယ်သွားသွား ထိုအိမ်က လူတွေနှင့် သက်ဆိုင်တော့မည်မဟုတ်ပေ။


သူက သတိပေးလိုက်သည်၊ "ဒါပေမဲ့ ကျုပ်တို့ ပြင်ဆင်ထားရမယ်၊ အမျိုးသမီးဝမ်နဲ့ အမျိုးသမီးဝူက လက်ဗလာနဲ့ ပြန်သွားခဲ့တာလေ၊ နောက်တစ်ခါကျရင် အဖွားက လူကိုယ်တိုင်လာလိမ့်မယ်။"


"ဘာပဲဖြစ်ဖြစ် သူက လူကြီးသူမဆိုတော့ ဒီလို တစ်ပုံစံတည်း ဖြေရှင်းလို့တော့ မရဘူး။"


ရှောင်မိသားစုက သူတို့ဂုဏ်သတင်းကို ငဲ့ကွက်ပြီး သူသာ တော်ဝင်စာမေးပွဲဖြေမယ်ဆိုရင် သူ့အဖွားကို ထိလို့ မရပေ။


ဘုရင်ကြီးက ကမ္ဘာကြီးကို ရိုသေကိုင်းရှိုင်းမှုဖြင့် အုပ်ချုပ်ဖို့ ရည်ရွယ်ထားသည်။


ထိုမိသားစုဟောင်းက ခွဲထွက်လိုက်တာက မိသားစု နှစ်ခု ကွဲသွားပြီး ကျင့်ဝတ်တွေကို မဖြည့်ဆည်းပေးလို့ ရသော်လည်း သက်ကြီးရွယ်အိုတွေကို ရိုက်နှက်လို့တော့ မရပေ။


ရှစ်ချင်းလျို့က နားလည်စွာ ခေါင်းငြိမ့်ပြခဲ့သည်၊ "သိပါတယ်၊ ပြီးတော့ ကျွန်မက လူကြီးသူမတွေကို မရိုက်ပါဘူး၊ စိတ်မပူပါနဲ့ အဲအိမ်က အဖွားနဲ့ ပြဿနာကောင်တွေကို ရှင်းထုတ်ဖို့ နည်းလမ်း ကျွန်မမှာ ရှိတယ်။"


သူမက ယုံကြည်ချက်ရှိရှိ ပြောခဲ့သည်၊ "သူတို့ နာခံတတ်လာအောင် သေချာပေါက် လုပ်ပြမယ်။"


ရှောင်ဟန်ကျန့်က သိချင်စွာ မေးခဲ့သည်၊ "ဘယ်လိုလုပ်မှာလဲ။"


ရှစ်ချင်းလျို့က မျက်လုံးမှိတ်ပြခဲ့သည်၊ "မပြောပြဘူး၊ ရှင့်ရဲ့ ပြဿနာရှာမယ့် အဖွား လာတာကို စောင့်နေလိုက်၊ ပြီးရင် ရှင် ပွဲထိုင်ကြည့်လိုက်လေ။"


ရှောင်ဟန်ကျန့်က ရယ်လေသည်၊ "ကောင်းပါပြီ၊ စောင့်ကြည့်ပါ့မယ်။"


သူက ထပ်ပြောခဲ့သည်၊ "မနက်ဖြန် မြို့ထဲသွားပြီး ဆေးယူပြီး သမားတော်ကို ထောင်ထဲပို့လိုက် ဒါဆိုရင် အဖွား မကြာခင် ရောက်လာလိမ့်မယ်။"


ရှစ်ချင်းလျို့က သူ့ကိုကြည့်ကာ မေးခဲ့သည်၊ "ရှင့်အဖွားက သမားတော်ရှင့်ကို အန္တရာယ်ပြုတာကို သိနေတယ်လို့ ဆိုလိုတာလား။"


ရှောင်ဟန်ကျန့်က ခေါင်းခါပြခဲ့သည်၊ "ဟင့်အင်း အဲမိန်းမက အဲအိမ်ကလူတွေကို ပေးမသိဘူး။"


ထိုဉာဏ်ကောင်းသည့် အမျိုးသမီးက လောဘကြီးပြီး ထက်မြက်သည့် ထိုမိသားစုရှေ့မှာ သူမရဲ့ အားနည်းချက်ကိုသာ ဖော်ပြထားမည်ဖြစ်သည်။


"ဒါပေမဲ့ အဲမိန်းမက အဖွားကို ပြုစုဖို့ အစေခံထားပေးခဲ့တယ်၊ ကျုပ်ဘယ်လိုနေလဲဆိုတာ လာကြည့်ခိုင်းမှာပဲ။"


အတိတ်ဘဝတုန်းက သူ့မိသားစု ဖျက်စီးခံခဲ့ရပြီး ထိုမိန်းမက နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်သည်။ အစေခံမလေးက ရှောင်အိမ်ကလူတွေ မကောင်းတာလုပ်ဖို့ အဓိက လှုံ့ဆော်ပေးသူ ဖြစ်သည်။


ရှစ်ချင်းလျို့က ချက်ချင်း နားလည်သွားခဲ့သည်၊ "နားလည်ပြီ၊ အဲခွေးမကလည်း တကယ် ယုတ်မာတာပဲ။"


"စိတ်မပူနဲ့၊ အဲကိစ္စ ကျွန်မကို လွှဲထားလိုက်။"


ရှောင်ဟန်ကျန့်ရဲ့ ဘဝ နှစ်ခုမှာ ဘယ်သူမှ 'အဲကိစ္စ ကျွန်မကို လွှဲထားလိုက်' ဟူသော စကားနှင့် ဒီလိုမျိုး သူ့ကို ကာကွယ်ပေးမှုကို တစ်ခါမှ မကြုံဖူးခဲ့ပေ။


ဒါက သူ့အတွက် အလွန်ဆန်းသစ်နေသည်။ သူက ပြုံးကာ ပြောခဲ့သည်၊ "ကောင်းပါပြီ"


"ကျုပ်က ခင်ဗျား အနောက်မှာ ရှိနေမယ်၊ ခင်ဗျားလုပ်ချင်တာကို လုပ်ပါ။" သူက ထပ်ထည့်ပြောခဲ့သည်။


အစကတော့ အဖွားကို သူကိုယ်တိုင် ကိုင်တွယ်ဖို့ လုပ်ခဲ့သည်။


သို့ပေမယ့်လည်း သူ့ဇနီးလေးက သူ့ကို ကာကွယ်ပေးချင်နေတာကြောင့် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။


ထို့နောက် သူက ရှစ်ချင်းလျို့ကို ပြောခဲ့သည်၊ "ခင်ဗျားရေချိုးဖို့ ရေနွေးတည်ထားပေးတယ်၊ သွားသန့်စင်လိုက်ဦး။"


အလုပ်လုပ်ပြီးသွားပါက ရေချိုးရတာကို သူ့ဇနီးလေးကြိုက်ကြောင်း သူသိသည်။


သူ့ကိုယ်ခန္ဓာက အားနည်းနေတာကြောင့် ဟင်းချက်ခြင်းနှင့် တို့ဟူးရောင်းချခြင်းတွင် မကူညီနိုင်သော်လည်း ရေနွေးတော့ တည်ပေးနိုင်သည်။


ရှောင်ဟန်ကျန့်က တကယ်မဆိုးဘူးဟု ရှစ်ချင်းလျို့က သဘောပေါက်သွားခဲ့သည်။


ရှေးခေတ်တုန်းက ဇနီးသည်တွေအတွက် ဘယ်လိုရေနွေးတည်ပေးရမလဲဆိုတာ ယောက်ျားအနည်းစုသာသိပြီး သူက စာတတ်ပေတတ်ဆိုတော့ ပြောစရာကို မလိုပေ။


ရှန်းယွမ်ရဲ့ မှတ်ဉာဏ်အရ သူမရဲ့ စတုတ္ထဦးလေးက လူပျို ဖြစ်သည်။


သူ မီးဖိုချောင်ထဲဝင်သည့်အချိန် အိမ်မှုကိစ္စကို အမျိုးသားတွေလုပ်တာက အမျိုးသားတွေကို စော်ကားတာဖြစ်ပြီး အိမ်မှုကိစ္စကို အမျိုးသားတွေ မလုပ်သင့်ကြောင်း ပြောခဲ့သည်။


သူ့ဇနီး ရေချိုးဖို့ ရေနွေးတည်ပေးဖို့ဆို ပြောစရာကို မလိုတော့ပေ။


သူမက ထပြီး ရှောင်ဟန်ကျန့်ဘက် လျှောက်သွားပြီး သူ့ပုခုံးကို ပုတ်လိုက်သည်၊ "အဖိုးကြီးရှောင် ရှင်သိပ်တော်တယ်၊ ကျွန်မ ရှင့်ကို အများကြီး မျှော်လင့်တယ်။"


ထို့နောက် သူမက ရေအရင်သွားချိုးပြီး ရှောင်ဟန်ကျန့်က သူမရဲ့ အရိပ်ကို ပြုံးကာ ကြည့်နေခဲ့သည်။