အခန်း ၂၈
Viewers 7k

အခန်း(၂၈) - အခုကစပြီး သူမက သူ့ပေါင်ကိုပဲ ဖက်တွယ်တော့မှာ


ရှစ်ချင်းလျို့ ရေချိုးပြီးသည့်အချိန်မှာ ရှောင်ပိုင်လီက ချက်ပြုတ်ပြီးပြီ ဖြစ်သည်။


တို့ဟူးမွှေကြော်၊ ဟင်းသီးဟင်းရွက်နှင့် ကြက်ဥဟင်းရည် တစ်ပန်းကန်က ရိုးရှင်းသည့် ဟင်းလျာ ဖြစ်သည်။


ရှစ်ချင်းလျို့က ခပ်တည်တည်သာ စားခဲ့သည်။


ရှောင်ဟန်ကျန့်ကလည်း တည်ငြိမ်နေပေမယ့် အမေရှောင်နှင့် ကလေးနှစ်ယောက်က အလွန်ပျော်ရွှင်စွာ စားသောက်နေခဲ့သည်။


ရှစ်ချင်းလျို့က ရှောင်ပိုင်လီကိုကြည့်ကာ မေးခဲ့သည်၊ "ဟိုးတုန်းက ဟိုမိသားစုတွေနဲ့နေတုန်းက ဗိုက်ပြည့်အောင် စားရလား။"


ရှောင်ပိုင်လီက ပြန်ဖြေခဲ့သည်၊ "ဟင့်အင်း အမေနဲ့ကျွန်မက ဟင်းအားလုံးနီးပါး ချက်ပြုတ်ရပေမယ့် နည်းနည်းပဲစားရတာ၊ အစ်ကိုကြီး စာသင်ပြီး မြို့ကပြန်လာမှ ကျွန်မတို့ကို ဗိုက်ပြည့်အောင် နည်းနည်းပိုကျွေးတာ။"


အခုလက်ရှိ စားဝတ်နေရေးက သူတို့တွေ စိတ်ကူးတောင် မယဥ်ရဲသည့် ဘဝ ဖြစ်သည်။


"ဟိုးတုန်းကဆိုရင် သစ်ဥသစ်ဖုနဲ့ ပေါက်စီလေးပဲ စားရရင်တောင် အရမ်းကျေနပ်နေခဲ့တာ"


ရှောင်အာ့လန်ကလည်း ခေါင်းငြိမ့်ပြခဲ့သည်၊ "ဟုတ်တယ် အစ်ကိုကြီးမရှိရင် သားတို့က ကြက်ဥလေး အသားလေးတောင်မစားရဘူး၊ ဒီတိုင်းပဲ စားရတာ"


အစ်ကိုကြီးရှိသည့်အချိန်ဆိုရင် တခြားလူတွေရဲ့ ဆိုးရွားသည့် မျက်နှာအမူအရာကို ဂရုမစိုက်ဘဲ သူတို့အတွက် ဟင်းတွေ ခူးခပ်ပေးခဲ့သည်။


သူတို့ရဲ့ ပြန်ဖြေသံကိုကြားတော့ ရှစ်ချင်းလျို့ရဲ့ နှလုံးသားလေး နာကျင်သွားခဲ့သည်။


ရှောင်အိမ်ကလူတွေက တကယ့် မကောင်းဆိုးဝါးတွေ ဖြစ်သည်။


သူမက ပြုံးကာ သဘောထားကြီးစွာ ပြောခဲ့သည်၊ "အနာဂတ်မှာ အမေတို့ကို အရသာရှိတာတွေ အကုန်စားရအောင်ကျွေးမယ်၊ ပျံနေတဲ့ဟာဖြစ်ဖြစ်၊ မြေထဲကဟာဖြစ်ဖြစ် ၊ ရေထဲကဟာဖြစ်ဖြစ် ရအောင် လုပ်ပေးမယ်။"


ရှောင်အာ့လန်က ပျော်သွားခဲ့သည်၊ "အစ်မက အကောင်းဆုံးပဲ"


အမေရှောင်နှင့် ရှောင်ပိုင်လီကလည်း မျှော်လင့်ချက်တွေဖြင့် ပြုံးခဲ့သည်။


သူ့ဇနီးလေးက သူ့မိသားစုကို ပျော်ရွှင်မှုတွေ ယူဆောင်လာပေးနိုင်တာတွေ့တော့ ရှောင်ဟန်ကျန့်က သူ့အတိတ်ဘဝက အထီးကျန်မှုကနေ တဖြည်းဖြည်း ရုန်းထွက်နိုင်ခဲ့သည်။


စားသောက်ပြီးနောက် ရှောင်ပိုင်လီက စနစ်တကျသိမ်းကာ ဆေးကြောခဲ့သည်။


ချက်ပြုတ်ရတာနှင့် အိမ်မှုကိစ္စလုပ်ရတာ မကြိုက်သည့် ရှစ်ချင်းလျို့က ဒါတွေ လုပ်ဖို့ အလျင်စလို မပြုမူခဲ့ပေ။


အမေရှောင်က ပိုက်ဆံအိတ်လေးယူကာ ခြံထဲမှာ ချုပ်နေသည်။


ရှောင်ဟန်ကျန့် သတိလစ်နေတုန်းက မိန်းမယုတ်နှစ်ယောက်က သူတို့အိမ်က အစားအသောက်နှင့် ပိုက်ဆံတွေကို လုယူသွားခဲ့သည်။


သူမက ဒီပိုက်ဆံအိတ်လေးကို မှီခိုပြီး ရှင်သန်ကာ ဆေးဝယ်ရခြင်း ဖြစ်သည်။


သို့ပေမယ့် ဆေးတွေက တဖြည်းဖြည်း စျေးပိုကြီးလာတာကြောင့် သူမ မတတ်နိုင်တော့ဘဲ ရွာထဲက ပိုက်ဆံချေးခဲ့ရသည်။


ရှောင်အာ့လန်က အပြင်ထွက်ဆော့နေပြီး ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို အခန်းထဲခေါ်ခဲ့သည်။


သူက ရှစ်ချင်းလျို့ကို စားပွဲပေါ်က စာရွက်အထပ်ကို ကမ်းပေးခဲ့သည်၊ "အစပိုင်း ရေးထားပြီးပြီ။ ဘယ်လိုနေလဲကြည့်ပါဦး။"


သူက နှစ်ပေါင်းများစွာ ဝတ္ထုတွေကူးရေးပေးခဲ့ပြီး အရင်ဘဝက အရာရှိဖြစ်ပြီးသည့်နောက်မှာလည်း အမျိုးစုံသော ဝတ္ထုတွေကို ဖတ်ခဲ့ပေမယ့် ကျင့်ကြံခြင်းဝတ္ထုကိုတော့ မတွေ့ဖူးခဲ့ပေ။


သို့ပေမယ့် ရှစ်ချင်းလျို့နှင့် ဆွေးနွေးပြီးသည့် နောက်တွင်တော့ သူ့တွင် အကြံများစွာ ရှိလာခဲ့သည်။


အစတုန်းကတော့ ထိုအမျိုးအစားက သူနှင့် ရင်းနှီးမနေဘဲ စိမ်းသက်နေသည်။


သူက ဆက်ရေးရင်းနှင့် ပိုအဆင်ပြေပြီး သက်သောင့်သက်သာ ရှိလာခဲ့သည်။


ရှစ်ချင်းလျို့က ယူပြီး အစကနေ ဖတ်ကြည့်လိုက်သည်။


ဖတ်ရှုပြီးနောက် သူမက ရှောင်ဟန်ကျန့်ကို အံ့သြစွာ မော့ကြည့်ခဲ့သည်၊ "အဖိုးကြီးရှောင် ရှင်က သိပ်အရည်အချင်းရှိတာပဲ၊ ဇာတ်လမ်းက အရမ်းညက်ညောပြီး လူကို နစ်မြှုပ်အောင် ဆွဲဆောင်နိုင်တယ်၊ ရေးထားတာကောင်းတယ်လို့ထင်တယ်။"


ရှောင်ဟန်ကျန့်က ကျောင်းမှာ ဉာဏ်ကြီးရှင်ဖြစ်ကြောင်း သူမ ကြားဖူးခဲ့သည်။


ဝတ္ထုရေးသည့်နေရာမှာလည်း တော်လိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။


သူမသာ သူ့နေရာမှာဆိုရင် ထိုသို့ သက်ရောက်မှုကောင်းအောင် လုပ်နိုင်မည် မဟုတ်ပေ။


သူမရဲ့ ရေးသားချက်က အလွန်ရှင်းလင်းနေလိမ့်မည်။


တစ်ဖက်က ရှောင်ဟန်ကျန့်ရဲ့ ရေးသားချက်တွေက ဒီနယ်ပယ်က အရာတွေကို ကောက်နုတ်ထားတာကြောင့် စာဖတ်သူတွေ လက်ခံလို့ ရသည်။


ဒီဝတ္ထုကိုသာ မော်ဒန်ခေတ်မှာ ဖြန့်ဝေလိုက်ပါက ရှောင်ဟန်ကျန့်က နာမည်ကြီး စာရေးဆရာဖြစ်လာမည် ဖြစ်ကြောင်း သူမ ယုံကြည်သည်။


သူမရဲ့ ချီးကျူးသံကို ကြားတော့ ရှောင်ဟန်ကျန့်က ပြုံးခဲ့သည်၊ "ဒါဆို ဆက်ရေးဖို့ အဆင်ပြေလား။"


ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်၊ "ဒါပေမဲ့ ကျွန်မတို့ ပိုကောင်းသွားအောင် ပြင်လို့ရတဲ့ နှစ်နေရာ ရှိတယ်။"


ရှောင်ဟန်ကျန့်က ပြန်မေးခဲ့သည်၊ "ဘယ်နှစ်နေရာလဲ"


ရှစ်ချင်းလျို့က ပြဿနာကို ညွှန်ပြခဲ့ပြီး ဘယ်လိုပြင်ရမလဲဆိုတာ ရှင်းပြခဲ့သည်။


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်၊ "ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိတယ်၊ ကျုပ် ပြန်ပြင်လိုက်မယ်"


ထို့သို့ပြောပြီးနောက် သူက ပြန်ပြင်ရေးခဲ့သည်။


ရှစ်ချင်းလျို့က သူ့ဘေးမှာ ပျင်းရိစွာထိုင်ပြီး သူ စာရေးတာကို ကြည့်နေခဲ့သည်။


ထို့နောက် ရှောင်ဟန်ကျန့်ရဲ့ လက်ရေးက လှရုံတင်မကဘဲ ပြီးပြည့်စုံကာ ရင့်ကျက်သည့် ခံစားချက်ကိုပါ ရစေကြောင်း သိစေခဲ့သည်။


၁၆နှစ်၊ ၁၇နှစ် ရေးထားသည့် လက်ရေးနှင့် မတူပေ။


ရှစ်ချင်းလျို့အတွက် ရှောင်ဟန်ကျန့်က အရေးပါသည့် ပုဂ္ဂိုလ် ဖြစ်သည်။


သူမက မှန်ကန်သည့် အချိန်ကောင်းတစ်ခုမှာ စောစီးစွာ ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့ခြင်း ဖြစ်သည်။


ရှောင်ဟန်ကျန့်က အမြန် ပြန်ပြင်ရေးလိုက်ပြီး ရှစ်ချင်းလျို့က ထပ်ဖတ်ခဲ့သည်၊ "ဒီတစ်ခါ ပိုကောင်းသွားပြီ၊ ရှင်က ဝတ္ထုရေးဖို့ တကယ်အရည်အချင်းရှိတယ်။"


သူမက ပြုံးကာ ပြောခဲ့သည်၊ "ဒါပေမဲ့ ဝတ္ထုရေးတာကို အရမ်းစွဲလမ်းမသွားနဲ့ဦး၊ အားလပ်ချိန် တစ်ခါတစ်လေမှရေး၊ ကျွန်မက ရှင့်ရွှေပေါင်လုံးကြီးကို ဖက်တွယ်ဖို့ စောင့်နေသေးတယ်။"


ရှောင်ဟန်ကျန့်က ရယ်ရမလား ငိုရမလား မသိတော့ပေ။ "ကောင်းပါပြီ တော်ဝင်စာမေးပွဲအတွက် သေချာအာရုံစိုက်ပြီး ကောင်းကောင်းပြင်ဆင်မှာပါ၊ အနာဂတ်မှာ ခင်ဗျားကို ကျုပ်ရဲ့ရွှေပေါင်လုံးကို ဖက်ခွင့်ပေးမှာပါ။"


အဟွတ် အဟွတ် ဘာလို့ ဒီလေသံက အရမ်းထူးဆန်းပြီး ခခယယလုပ်ဟန်ပေါ်နေတာလဲ။


အနာဂတ်မှာ သူ့ဇနီးလေး သူ့ရွှေပေါင်ကိုဖက်ဖို့အတွက် သူ သေချာကြိုးစားရမည်။


ရှစ်ချင်းလျို့က ကျေနပ်စွာ ခေါင်းငြိမ့်ပြခဲ့သည်၊ "အဖိုးကြီးရှောင် ကျွန်မတို့က ရှင့်ကို မှီခိုရမှာ၊ ရှင်လုပ်နိုင်မယ်ဆိုတာ ကျွန်မ ယုံတယ်။"


သူ့ကို အားပေးပြီး ယုံကြည်ရမှာက အရေးအကြီးဆုံး ဖြစ်သည်။


ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို နွေးထွေးသည့် မျက်လုံးဖြင့် ကြည့်လေသည်၊ "ဒါဆိုရင်တော့ ကျုပ်ကို ယုံကြည်ပေးတဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်။"


သူတို့၂ယောက်က ဇာတ်လမ်းဇာတ်ကွက်တွေကို ထပ်ဆွေးနွေးခဲ့သည်။


ရှောင်ဟန်ကျန့်က စာဆက်ရေးနေပြီး ရှစ်ချင်းလျို့က သွားအိပ်နှင့်ပြီဖြစ်သည်။


ညလယ်ခေါင်ကျတော့ အပြင်က လှုပ်ရှားသံတွေကို ရှစ်ချင်းလျို့ ကြားလိုက်ပြီး ဒါက အမေရှောင်နှင့် ကလေးနှစ်ယောက် တို့ဟူးလုပ်ဖို့ ထတာဖြစ်ကြောင်း သူမ သိလိုက်သည်။


သူမက မြန်မြန်ထကာ လမ်းလျှောက်ထွက်သွားခဲ့သည်။


ထိုအချိန် အမေရှောင်က ပဲတွေ သယ်နေပြီး ကလေးနှစ်ယောက်ကို ကြိတ်ခိုင်းဖို့ လုပ်နေခဲ့သည်။


ရှစ်ချင်းလျို့ နိုးလာတာတွေ့တော့ သူမက ပြုံးကာ ပြောခဲ့သည်၊ "ဘာလို့ ထပ်မအိပ်နေတာလဲ"


ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်၊ "ကျွန်မ မနေ့က အစောကြီး အိပ်ခဲ့တာ၊ အခု မအိပ်ချင်တော့ဘူး၊ အမေတို့အရင်သွားနှင့်လေ ကျွန်မ ဆေးကြောသန့်စင်ပြီးရင် လိုက်ခဲ့မယ်။"


အမေရှောင်က ပြီးပြည့်စုံသည့် ယောက္ခမဖြစ်သည်။ သူမက ခေါင်းငြိမ့်ပြခဲ့သည်၊ "ကောင်းပြီ၊ အေးအေးဆေးဆေး လုပ်ပါ။"


အာရုဏ်တက်ချိန်မှာ တို့ဟူး လုပ်ပြီးခဲ့ပြီး ရှစ်ချင်းလျို့က ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကို ခြံဝမှာ တို့ဟူးတွေ လဲလှယ်ခိုင်းခဲ့သည်။


ရှောင်ဟန်ကျန့်က ခြံထဲကို ကြည့်ရှုပေးနေတာကြောင့် သူမက ယုံကြည်စိတ်ချခဲ့သည်။


ထို့ကြောင့် သူမက အမေရှောင်နှင့် မြို့ထဲသွားခဲ့သည်။


ရှစ်ချင်းလျို့က ခြင်းတစ်လုံး လွယ်ထားပြီး ထိုခြင်းထဲတွင် ခြံနောက်က ဆေးအကျန်တွေနှင့် လွန်ခဲ့သည့် ၂ရက်က ဝယ်ခဲ့သည့် ဆေးအကျန်တွေ ပါသည်။


ရှာ့ရှီရွာက မြို့နှင့် သိပ်မဝေးပေ။ တစ်နာရီလောက်သာ လမ်းလျှောက်ရသည်။


မြို့ထဲကနေ မြို့တော်ဆီကို လမ်းလျှောက်ဖို့ မိနစ် ၃၀ကျော်သာ ကြာသည်။


သူတို့နှစ်ယောက်က ဆေးဆိုင်ကိုသာ တိုက်ရိုက်သွားခဲ့သည်။


ဒါက မြို့ထဲက တစ်ခုတည်းသော ဆေးဆိုင်ဖြစ်ပြီး ရွာသားတွေက အဓိက လာကြသည်။


အမေရှောင် ဝင်သွားတော့ သမားတော်ရှစ်ရဲ့တပည့်က အပြုံးဖြင့် နှုတ်ဆက်ခဲ့သည်။


"ပြီးခဲ့တဲ့ရက်အနည်းငယ်က ဝယ်သွားတဲ့ ဆေးက ကုန်ပြီလား။"


အမေရှောင်က ခေါင်းငြိမ့်ပြခဲ့သည်၊ "အင်း"


ထို့နောက် ထိုလူရဲ့ လမ်းပြမှုဖြင့် အတွင်းခန်းမထဲ လိုက်ဝင်သွားခဲ့သည်။


လူနာကိုကုနေသည့် အသက် ၄၀လောက်ရှိမည့်လူကို ရှစ်ချင်းလျို့ တွေ့လိုက်သည်။


သူတို့ရှေ့မှာလည်း လူအနည်းငယ်ရှိနေပြီး အဝတ်အစားကို ကြည့်ခြင်းအားဖြင့် သူတို့တွေလည်း ရွာသားတွေဖြစ်ဟန်တူသည်။


တခြားလူနာတွေကို ကြည့်ပေးပြီးနောက် သမားတော်ရှစ်က အမေရှောင်ကို ယဥ်ကျေးစွာ ပြုံးပြပြီး မေးခဲ့သည်၊ "သားဖြစ်သူ နိုးလာပြီးတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သက်သောင့်သက်သာ မရှိတာများ ရှိလား။"


အမေရှောင်က အနည်းငယ် စိုးရိမ်စွာ ကြည့်လိုက်သည်၊ "သူ နိုးလာပြီးတော့ သက်သောင့်သက်သာ မရှိတာမျိုး မရှိပါဘူး၊ ဒါပေမဲ့ သူ့ကိုယ်ခန္ဓာက အားနည်းနေပြီး အိပ်ရာကတောင် ထဖို့ ခက်နေတယ်။"


သူမက သက်ပြင်းချခဲ့သည်၊ "သူ ပြန်ပျောက်ကင်းပါ့မလား မသိပါဘူး။"


သမားတော်ရှစ်ရဲ့ မျက်လုံးတွေက လက်သွားခဲ့သည်၊ "သူက ရက်ပေါင်းများစွာ သတိလစ်ခဲ့ပြီး အဖျားကြီးခဲ့တယ်လေ၊ သူ နိုးလာတာပဲ ကံကောင်းလှပြီ၊ ကိုယ်ခန္ဓာအားနည်းတာ ပုံမှန်ပါပဲ၊ အချိန်တစ်ခုအထိ သူ့ကိုယ်ခန္ဓာအားပြန်ပြည့်အောင် အားဆေး သောက်ပေးရမယ်။"


အမေရှောင်က အားတင်းပြုံးလိုက်သည်၊ "ဒါဆိုလည်း ဆေးထပ်ယူမယ်လေ၊ ၃ရက်စာလောက် ညွှန်းပေးဖို့ ဒုက္ခပေးပါရစေ။"


သူမက အကြိမ်တိုင်း ဆေးကို ၃ရက်စာ ယူတတ်သည်။


သမားတော်ရှစ်က ခေါင်းငြိမ့်ပြခဲ့သည်။ သူက စုတ်တံကို ကောက်ယူကာ ဆေးအညွှန်း ရေးပေးခဲ့သည်။


ထို့နောက် သူ့တပည့်ကို ဆေးသွားယူခိုင်းခဲ့သည်။


ရှစ်ချင်းလျို့က ခေါင်းကုတ်ခဲ့သည်။ အားဆေးဆိုရင်တောင် ဒီလို ပစ်စလက်ခတ် သောက်လို့ ရလို့လား။


ဆေးအညွှန်းမပေးခင် လူနာကို ကြည့်ရှုခြင်း၊ လူနာစကားနားထောင်ခြင်း၊ မေးခွန်းမေးခြင်းနှင့် သွေးခုန်နှုန်းစမ်းသပ်ခြင်းတွေ လုပ်ပေးရမယ် မဟုတ်လား။


သမားတော်က ပြဿနာရှိရုံတင်မကဘူး လူနာတွေအပေါ်လည်း တာဝန်ယူမှု တာဝန်ခံမှုကို မရှိဘူး။