အခန်း ၂၉
Viewers 7k

Chapter (29)

Unicode

အခန်း(၂၉) - ပြဿနာ

ထို့ကြောင့် သမားတော်ရှစ်ရဲ့ တပည့် ဆေးသွားယူသည့်အချိန်မှာ ရှစ်ချင်းလျို့က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"သမားတော်ရှစ် ရှင်အရင်ဆုံး ကျွန်မ ယောက်ျားရဲ့ သွေးခုန်နှုန်းကို စမ်းသင့်တာမလား။"

သမားတော်ရှစ်က ဒီတစ်ချိန်လုံး ရှောင်ဟန်ကျန့်ကို စောင့်ကြည့်နေတာကြောင့် ချုံရှီပွဲဖြင့် သူ့ကို နိုးထလာအောင် လက်ထပ်လိုက်သည့် ဇနီးရှိတာကို သူသိသည်။

သူ ညွှန်းခဲ့သည့်ဆေးတွေအကြောင်း သူ ကောင်းကောင်းသိသည်။

ရှောင်ဟန်ကျန့်သာ အနည်းငယ်လောက် ထပ်သောက်ပါက ဘယ်တော့မှ ထပ်နိုးလာနိုင်မည် မဟုတ်တော့ပေ။

ရှစ်ချင်းလျို့ ရုတ်တရက်ကြီး ပေါ်လာကာ အခြေအနေတွေ ပြောင်းပစ်လိမ့်မည်ဟု ဘယ်သူမှ မထင်မိခဲ့ပေ။

ထို့ကြောင့် သူက ရှစ်ချင်းလျို့ကို မကြည်မလင် ကြည့်လိုက်သည်။

သူက ခပ်မှိန်မှိန် ပြုံးခဲ့သည်၊ "ငါ လူနာ ကုလာတာ အနှစ် ၂၀ကျော်ပြီ၊ ဆေးညွှန်းဖို့အတွက် သွေးခုန်နှုန်း စမ်းစရာ မလိုဘူး၊ မင်းက ငါ့ကို သံသယဝင်နေတာလား၊ ဒါဆိုရင်လည်း မင်း တခြားလူကို သွားရှာလိုက်ပါ။"

သူ့ကို ဆန့်ကျင်ပါက ဆေးမညွှန်းပေးနိုင်သည့်အကြည့်ဖြင့် ကြည့်ခဲ့သည်။

သူ့ကိုဆန့်ကျင်ရမှာကို ရှစ်ချင်းလျိုက မကြောက်ပေ။ "ကျွန်မက သိချင်လို့ပါ၊ သွေးခုန်နှုန်း မစမ်းဘဲ ဆေးညွှန်းလို့ရလား၊ တခြားမမျှော်လင့်ထားတဲ့ ရောဂါလက္ခဏာတွေရှိနေရင်ကော…"

ရွာသူမက ဆေးအကြောင်းတွေ သိနေလိမ့်မည်ဟု သမားတော်ရှစ် မထင်ခဲ့ပေ။

သူက ခနဲ့ခဲ့သည်၊ "ငါဆေးတောင်ညွှန်းပြီးမှတော့ ဘာလို့ တခြားရောဂါလက္ခဏာရှိရမှာလဲ၊ မင်းလိုရွာသူမက ငါ့ကို အကြံပေးနေစရာ မလိုဘူး။"

သူက အမေရှောင်ကို မပျော်မရွှင်ကြည့်ကာ ပြောခဲ့သည်၊ "ခင်ဗျားရဲ့ချွေးမက သိပ်ရိုင်းတာပဲ၊ ဒီတစ်ခေါက် ဆေးယူပြီးရင် ကျုပ် ဆေးခန်းကို ထပ်မလာနဲ့တော့၊ တခြားတစ်ယောက်ကိုပဲ ရှာလိုက်ပါ။"

ဒီတစ်ခေါက် သူ ညွှန်းပေးလိုက်သည့်ဆေးက နည်းနည်းပြင်းသည်။

၃ရက် သောက်ပြီးတာနှင့် ရှောင်ဟန်ကျန့်ရဲ့ ကိုယ်ခန္ဓာက လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။

ရှောင်မိသားစုကို မကုသပေးတော့ဘူးဆိုကာ သူ ဆင်ခြေရှာလိုက်ခြင်း ဖြစ်သည်။

နောက်ကျရင် တခြားသမားတော်က တကယ့်အားဆေးကို ညွှန်းပေးခဲ့ရင်တောင် အသုံးဝင်တော့မည် မဟုတ်ပေ။

ရှောင်ဟန်ကျန့်ကို တခြားသမားတော်ကို လွှဲပေးလိုက်သည်နှင့် ရှေ့လျှောက် သူ့ကျန်းမာရေးက သူနဲ့ မသက်ဆိုင်တော့ပေ။

အမေရှောင်က သမားတော်ရဲ့ မျက်နှာကို ကုတ်ဖဲ့ပစ်ချင်နေပေမယ့် စိတ်ထိန်းကာ သက်ပြင်းရှိုက်လိုက်သည်၊ "ဟင်း"

ရှစ်ချင်းလျိုက ခနဲ့လေသည်၊ "ဒါပေါ့။ နောက်တစ်ခါ ဆေးလာမယူပါဘူး။"

သမားတော်ပြဖို့ စောင့်နေသည့် လူနာတွေက ထိုစကားကြားတော့ ခေါင်းခါခဲ့ကြသည်။

ဒီချွေးမက တကယ့်ငတုံးပဲ။

သူက သမားတော်ကို ဆန့်ကျင်အာခံနေတယ်။

အနာဂတ်မှာ သူ့ကိုလိုလာတဲ့အချိန်ကျရင် ဘယ်လိုလုပ်မလဲ။

သူမ တွေးနေတာတွေကို ဘယ်သူမှ မသိပေ။

ထိုအချိန်မှာပဲ သမားတော်ရှစ်ရဲ့တပည့်က အမေရှောင်ကို ၃ရက်စာ ဆေးကမ်းပေးခဲ့သည်။

"ဒီမှာ ဆေးတွေ သေချာသိမ်းထားပေးပါ၊ စုစုပေါင်း ငွေတုံး၂တုံး ကျသင့်ပါတယ်။"

အမေရှောင်က ဆေးကိုယူပြီး ချက်ချင်း ရှစ်ချင်းလျို့ကို ကမ်းပေးလိုက်သည်။

ရှစ်ချင်းလျို့က ပိုက်ဆံထုတ်ချင်ယောင်ဆောင်လိုက်သည်၊ "ဘာလို့ အဲ့လောက်စျေးကြီးတာလဲ။"

သမားတော်ရှစ်က ပြောလေသည်၊ "ဂျင်ဆင်းမြစ်နဲ့ တခြားအားဆေးတွေ ထပ်ထည့်ထားတာ၊ စာသင်သားရှောင်အတွက်မလို့ ငွေ၂တုံးပဲ ထပ်ပေးပါ။”

သူက စျေးလျှော့ပေးသလို ပြောခဲ့သည်။

ရှစ်ချင်းလျို့က ဆေးအိတ်ဖြင့်ကာ ဆေးတွေကို ထုတ်ယူခဲ့သည်။

တကယ်ကို ရှောင်ဟန်ကျန့် သူမကို ပြောပြခဲ့သည့် သူ့ကိုအားနည်းစေပြီး ကျန်းမာရေး ပိုဆိုးစေမည့် ဆေး၂မျိုးကို တွေ့ခဲ့သည်။

ထို့နောက် ဂျင်ဆင်းမြစ်တွေနှင့် တူသည့် ဆေးတွေကို တွေ့ခဲ့သည်။

သူမက သမားတော်ရှစ်ကို မေးခဲ့သည်၊ "ဒါတွေက ဂျင်ဆင်းမြစ်တွေလား။"

သမားတော်ရှစ်က တစ်ခုခု မူမမှန်တာကို ခံစားမိပေမယ့် သူက ခေါင်းငြိမ့်ပြခဲ့သည်၊ "ဒါပေါ့"

ရှစ်ချင်းလျို့က အမြစ်တချို့ကိုယူကာ အနံ့ရှူကြည့်လိုက်သည်။

"သမားတော်ရှစ် ရှင်က လူနာကို သွေးခုန်နှုန်း မစမ်းသပ်ဘဲ ဆေးညွှန်းရုံမက ဂျင်းဆင်းမြစ်လို့လိမ်ပြီး ဆေးအတုပါ ပေးနေတာပဲ၊ ရှင်က တကယ့်မကောင်းဆိုးဝါးပဲ။"

သူမ စိုက်ပျိုးရေးတက္ကသိုလ်တက်တုန်းက တခြားကျွမ်းကျင်သူတွေနှင့် ဂျင်ဆင်းစိုက်ပျိုးရေး ပရောဂျက်အကြောင်း လေ့လာခဲ့ရတာမလို့ ဂျင်ဆင်းအကြောင်း ကောင်းကောင်းသိသည်။

ဒီအမြစ်တွေက ဂျင်ဆင်းမြစ်နှင့် ဆင်တူပေမယ့် သေချာကြည့်ရင်တော့ ကွာခြားသည်။

အနံ့က ပိုသိသာသည်။

ကျွမ်းကျင်သူတွေဆိုရင် တစ်ချက်ကြည့်ရုံဖြင့် အတုမှန်း သိနိုင်သော်လည်း ဘာမှမသိသည့် ရွာသားတွေကိုကျတော့ လွယ်ကူစွာ လှည့်စားနိုင်သည်။

သူမ စကားကိုကြားတော့ သမားတော်ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊

"အဓိပ္ပာယ်မရှိတာ၊ ဒါ ဂျင်ဆင်းမြစ်ပါ၊ မင်းလိုရွာသူက ဘာသိမှာမလို့လဲ၊ ငါက မင်းကို ဆေးတွေ ထပ်မပေးတော့ဘူးဆိုလို့ ငါ့ကို ပြဿနာရှာနေတာလား။"

သူက ပိုခြိမ်းခြောက်ခဲ့သည်၊ "ငါ့ကို ပြဿနာရှာရဲလို့ကတော့ မင်းကို ရာဇဝတ်တရားသူကြီးရုံး ပို့ပစ်မယ်။"

သို့ပေမယ့်လည်း သူ့ရင်ထဲမှာ ဖော်ပြမရသည့် မကောင်းသည့် ခံစားချက်ကြီး ရနေသည်။

ဒါက အတုဆိုတာ သူ့လို ရွာသူက ဘယ်လိုလုပ် သိတာလဲ။

ရှစ်ချင်းလျို့က မာနကြီးစွာ ပြောခဲ့သည်၊ "ဒါဆိုလည်း တင်ပြလိုက်လေ၊ ဒီနေ့ ရှင်သာ ရာဇဝတ်တရားသူကြီးကို တင်ပြလိုက်လို့ကတော့ ရှင်က အယုတ်တမာကောင်ပဲ။"

သမားတော်ရှစ်ရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်၊ "ပညာရှိလူတန်းစားကို စော်ကားတယ်၊ မင်းက ပညာရှိလူတန်းစားကို စော်ကားရဲတယ်။"

ရှစ်ချင်းလျို့က ခနဲ့ခဲ့သည်၊ "ကျွန်မ ပညာရှိလူတန်းစားကို ဂုဏ်သရေညှိုးနွမ်းစေရင်တောင် ရှင့်လို အကျင့်မကောင်းပြီး အရှက်မရှိတဲ့ သမားတော်ထက်တော့ ပိုသာတယ်၊ ဂျင်ဆင်းမြစ်က အတုဖြစ်ရုံတင်မကဘူး တခြားဆေးတွေမှာလည်း ပြဿနာရှိနေတယ်၊ သူတို့က ကိုယ်ခန္ဓာအားဖြည့်ပေးတဲ့ဆေးတွေ ဆိုပေမယ့် အာနိသင်နှစ်ခုက ဆန့်ကျင်ဘက်တွေ၊ သူက ကိုယ်ခန္ဓာကို အားမပြည့်လာစေတဲ့အပြင် ပိုအားနည်းစေပြီး ကိုယ်ခန္ဓာကို ပျက်စီးထိခိုက်စေတယ်၊ ရှင်ညွှန်းပေးတဲ့ ဆေးသောက်ဖို့ ပမာဏက သိပ်များတယ်၊ ရှင်ပြောသလို ဒီဆေးကို ကျွန်မ ယောက်ျားက ၂ရက် ဆက်တိုက် သောက်လို့ကတော့ တစ်သက်လုံး အိပ်ရာထဲ လဲနေရမှာတောင် စိုးတယ်။"

ထိုစကားတွေကြားတော့ သမားတော်ရှစ်ရဲ့ အမူအရာက လုံးဝ ပြောင်းလဲသွားခဲ့သည်။

ခန်းမထဲက ဆေးခန်းပြဖို့စောင့်နေသည့် စောင့်နေသည့် လူနာတွေကလည်း သမားတော်ကိုကြည့်နေပြီး ပြပြီးသွားသည့်လူတွေကလည်း မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။

သမားတော်ရှစ်ရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်၊ "ကြွက်စုတ်မ နင်က ပြဿနာရှာနေတာပဲ၊ ဒီလိုဆိုမှတော့ ငါမင်းကို ဒီဆေးတွေ မရောင်းတော့ဘူး။"

စကားပြောပြီးသည်နှင့် သူ့တပည့်ကို အကြည့်တစ်ချက် ပေးလိုက်သည်။

သူမက ဆေးရဲ့ အကြောင်းကို သိသွားမှတော့ ဆေးကို ယူသွားခွင့် မပြုနိုင်ပေ။

သူ့တပည့်က ချက်ချင်း သဘောပေါက်သွားပြီး ရှစ်ချင်းလျို့ရဲ့ လက်ထဲက ဆေးအိတ်ကို လုဖို့ ကြံခဲ့သည်။

ရှစ်ချင်းလျို့က ပြင်ဆင်ပြီးသား ဖြစ်သည်။ တစ်ဖက်လူ လာသည်နှင့် သူမက ရှောင်ခဲ့သည်။

သူမက ခြေထောက်မြှောက်ပြီး တပည့်ဖြစ်သူကို ကန်ပစ်ခဲ့သည်။

"ဒီဆေးက ပြဿနာမရှိရင် ရှင်တို့ ဘာကိစ္စ အိုးမလုံအုံပွင့်ပြီး ဆေးကို ပြန်လုဖို့ လုပ်နေတာလဲ၊ ရှင်က ရာဇဝတ်တရားသူကြီးရုံးကို မတိုင်ရဲမှတော့ ကျွန်မတို့က အစားတိုင်ပေးရတာပေါ့၊ သူတစ်ပါးကို ရည်ရွယ်ချက်ရှိရှိ အန္တရာယ်ပေးခြင်းနဲ့ ဆေးအတု ရောင်းချခြင်းအတွက် ရှင့်ကို တရားစွဲမယ်။"

သမားတော်ရှစ် မတုံ့ပြန်ခင်မှာ သူမက သူ့ရဲ့ ခေါင်းကို စားပွဲပေါ် ဖိချခဲ့သည်။

သမားတော်ရှစ် အသိပြန်ဝင်လာသည့်အချိန်မှာ သူက ရုန်းကန်ခဲ့ပေမယ့် အရာ မရောက်ပေ။

"အရိုင်းအစိုင်း၊ ကြွက်စုတ်မ၊ မင်းကများ ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့၊ မင်းကိုသင်ခန်းစာ ကောင်းကောင်းပေးပြမယ်။"

ရှစ်ချင်းလျို့က အမေရှောင်ကို သူတို့ပြင်ဆင်ထာသည့် ကြိုးထုတ်ခိုင်းခဲ့ပြီး သမားတော်ရှစ်နှင့် သူ့တပည့်ကို ကြိုးတုတ်ခဲ့သည်။

"ရှင် မကြာခင် ထောင်ထမင်းစားရတော့မှာ၊ ဒါက ထောင်ထဲမသွားရသေးခင် ကျန်ရှိတဲ့အချိန်ပဲ။"

ထိုအခါမှ သမားတော်ရှစ်က တုန်လှုပ်သွားခဲ့သည်။

ဒီရွာသူက ဆေးအကြောင်း နားလည်မည်ဟု သူ မထင်မိခဲ့ဘဲ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်ကလည်း မဆိုးတာကြောင့် သူက စတင်ဆဲဆိုတော့သည်။

ရှစ်ချင်းလျို့က စိတ်ရှုပ်လာသဖြင့် ကောင်တာပေါ်က အဝတ်ကိုယူပြီး ချေမွပစ်ကာ ပါးစပ်ထဲ သိပ်ထည့်လိုက်သည်။

ထို့နောက် စောနက သူမ လုယူခဲ့သည့် ဆေးနှင့် ဆေးညွှန်းကောင်တာပေါ်က ဆေးတွေကို သူမ ကျောပေါ်က ခြင်းထဲထည့်လိုက်သည်။

သိမ်းဆည်းပြီးနောက် သူမက ခဏလောက် တွေးပြီး သမားတော်ရှစ် ရှောင်ဟန်ကျန့်ကို ညွှန်းပေးခဲ့သည့် ဆေးညွှန်းကို အံဆွဲတွေ၊ ဗီရိုတွေ ဖွင့်ရှာခဲ့သည်။

"ရှင့်ဆေးညွှန်းက တစ်ခုခု မူမမှန်လို့ကတော့ အခုပဲ ရာဇဝတ်တရားသူကြီးရုံးကို တင်ပြမှာ၊ ရှင်က လူတွေကို သတ်ဖို့ကြံနေတာလား၊ ဒီလိုဆိုရင်တော့ မြို့တော်က သမားတော်ကြီးကို ခေါ်လာပြီး ရှင့်ဆေးအညွှန်းတွေကို ကြည့်ခိုင်းရလိမ့်မယ်။"

သူမက ပျာယာခတ်နေသည့် သမားတော်ရှစ်ကို ကြည့်ကာ ပြောခဲ့သည်၊ "အရင်က ရှင်ပေးခဲ့တဲ့ ဆေးတွေလည်း အကုန်ယူသွားမယ်။"

သမားတော်ရှစ်ရဲ့ မျက်လုံးတွေ တုန်လှုပ်သွားခဲ့သည်။ ဒီနေ့အတွက် ဒီအမျိုးသမီးက ပြင်ဆင်လာကြောင်း သူ အခုမှ သိသွားခဲ့သည်။

ဆေးအညွှန်း မူမမှန်တာကို ရှောင်မိသားစု သိသွားပြီထင်တယ်။

ဒီနေ့ သူ့ကို ဆေးညွှန်းခိုင်းပြီး သက်သေရအောင် လုပ်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂ရက်က သတင်းလာပို့သည့်လူကိုပင် ကျိန်ဆဲမိတော့သည်။

သူ ပြောတော့ ရှောင်ဟန်ကျန့်က အားနည်းလွန်းလို့ အိပ်ရာကတောင် မထနိုင်ဘူးဆို။

သူ့ကို ဆက်ပြီး ဆေးညွှန်းစေပါက ဆေးသောက်ဖို့ ပမာဏ တိုးလိုက်ပြီး ရှောင်ဟန်ကျန့်ကို တတ်နိုင်သမျှ မြန်မြန် ရှင်းထုတ်နိုင်မည် ဖြစ်သည်။

အခုတော့ အိပ်ရာက မထနိုင်အောင် အားနည်းနေသည်ဟူသော သတင်းက အတုဖြစ်ပုံရသည်။

သူ့အတွက် ခုခံချင်ရင်တောင် ပါးစပ် ပိတ်ဆို့ခံထားရလို့ ရူးချင်နေပြီ ဖြစ်သည်။

ထိုအချိန်မှာ ဆေးခန်းလာပြသည့် လူနာတွေလည်း အသိစိတ်ပြန်ကပ်လာခဲ့သည်။

သူတို့ထဲက တစ်ယောက်က ပြောလေသည်၊ "မိန်းကလေး မင်း အခုပြောတာတွေက အမှန်ပဲလား။"

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်၊ "ဒါပေါ့ အမှန်ပဲ၊ မဟုတ်ရင် သူတို့ကို ကြိုးချည်ပြီး ရာဇဝတ်တရားသူကြီးရုံးကို တင်ရဲပါ့မလား၊ သူကလူတွေကို အန္တရာယ်ပေးတဲ့ အကျင့်မကောင်းတဲ့လူ၊ ဆေးအတုတွေ ဘယ်လိုသုံးရမလဲဆိုတာတောင် သူသိတယ်။"

သူမက ထပ်ပြောခဲ့သည်။ "ရှင်တို့ဆေးတွေလည်း ပြဿနာ တစ်ခုခု ရှိနေလားလို့ အာဏာပိုင်တွေတွေနဲ့ သွားစစ်ဆေးခိုင်းလိုက်ဦး၊ ဒါဆိုရင် ကျွန်မပြောတာ အမှန်တွေဆိုတာ သိသွားလိမ့်မယ်။"

သူမက ဒီအတိုင်း လုပ်ချင်တာ ဖြစ်သည်။ ထိုသတင်းတွေ ပျံ့သွားပြီး လူများများ သိလေလေ ရာဇဝတ်တရားသူကြီး ဖိအားများပြီး သေချာကြပ်ကြပ်မတ်မတ်လုပ်စေဖို့ ဖြစ်သည်။