အခန်း ၃၀
Viewers 7k

Chapter (30)

Unicode

အခန်း(၃၀) - သူက ဂြိုလ်ဆိုးကောင်

ရှေးခေတ်ပဲဖြစ်ဖြစ် မော်ဒန်ခေတ်ပဲဖြစ်ဖြစ် လူတွေက လူအုပ်ဖြင့် အတင်းပြောရတာ သဘောကျကြသည်။

ထို့ကြောင့် လူအုပ်ထဲက လူတိုင်းနီးပါးက သူတို့နဲ့ အတူ မြို့တော်ကိုသွားဖို့ သဘောတူခဲ့သည်။

အထူးသဖြင့် ဆေးဝယ်ထားသည့်လူတွေက ရှစ်ချင်းလျို့ကို ဆေးညွှန်းစာဖြင့် ကူညီပေးဖို့ တောင်းဆိုခဲ့သည်။

သူတို့က ဆေးအညွှန်းကို မြို့တော်ကို ယူသွားပြီး တခြားဆရာဝန်တွေကို စစ်ခိုင်းဖို့ ပြင်ဆင်ခဲ့သည်။

ထို့နောက် လူအများစုက သမားတော်ရှစ်နှင့် သူ့တပည့်ကို ခေါ်ကာ မြို့တော်ကို ချီတက်ခဲ့ကြသည်။

လမ်းတစ်လျှောက် ဖြတ်သွားဖြတ်လာတွေကလည်း သမားတော်ရှစ် ကြိုးချည်ခံထားရပြီး မိန်းကလေးတစ်ယောက် ဆွဲခေါ်သွားတာ မြင်တော့ သိချင်စွာ မေးမြန်းခဲ့ကြသည်။

သမားတော်ရှစ် လုပ်ခဲ့သမျှကို ရှစ်ချင်းလျို့က ပြောပြခဲ့သည်။

သမားတော်ရှစ် လူတွေကို ရည်ရွယ်ချက်ရှိရှိ အန္တရာယ်ပေးတာသိတော့ မြို့ထဲက လူတွေက မယုံကြည်နိုင် ဖြစ်နေကြသည်။

မြို့ကနေ မြို့တော်ကိုသွားဖို့ မိနစ်၄၀လောက်သာ ကြာတာမလို့ လူတွေက ပွဲကြည့်ဖို့ လိုက်လာခဲ့ကြသည်။

လမ်းတစ်လျှောက်လည်း သူတို့ကို မေးမြန်းသည့် လူတွေအများကြီးဖြင့် ထပ်ဆုံခဲ့သည်။

ရှစ်ချင်းလျို့ ပြောပြစရာမလိုဘဲ အနောက်က လိုက်လာသည့်လူတွေက ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့ကြသည်။

ထို့ကြောင့် ပိုများလာသော လူအုပ်ကြီးဖြင့် မြို့တော်ကို ဆက်ချီတက်ခဲ့ကြသည်။

မြို့တော်ကိုရောက်သည့်အချိန်မှာတော့ အနောက်ကလိုက်လာသည့် လူဦးရေက ၄၀ကျော် ရှိနေပြီ ဖြစ်သည်။

သူတို့တရားရုံးရောက်တော့ မိန်းမငယ်လေးတစ်ယောက်က လူနှစ်ယောက်ကို ကြိုးချည်ခေါ်လာပြီး သူမ အနောက်ကလည်း လူပေါင်းများစွာ ပါလာတာကို တရားရုံးအစောင့်က တွေ့လိုက်လေသည်။

သူက ကြက်သေ သေသွားခဲ့သည်။

တရားရုံးအစောင့်တစ်ယောက်က ရှေ့တိုးလာကာ မေးခဲ့သည်၊ "မင်းတို့ ဘာလာလုပ်တာလဲ"

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်၊ "အရာရှိကြီးတွေကို လာရောက်တိုင်ကြားတာပါ၊ ဒါ ကျွန်မတို့မြို့က သမားတော်ပါ၊ သူက ဆေးအတုတွေပေးပြီး ကျွန်မယောက်ျား သေအောင် လုပ်ကြံခဲ့ပါတယ်။"

သူမက စကားပြောပြီးသည်နှင့် မနေ့ညက ရှောင်ဟန်ကျန့် ရေးပေးခဲ့သည့်စာကို နောက်ကျောကနေ ထုတ်လိုက်သည်၊ "ဒါ ကျွန်မယောက်ျား စာသင်သားရှောင် ရေးထားတဲ့စာပါ၊ ရာဇဝတ်တရားသူကြီးဆီ ပို့ပေးဖို့ လူကြီးမင်းတို့ကို ဒုက္ခပေးပါရေစေရှင်။"

သူမက စာသင်သားမိသားစုဝင်ဖြစ်ကြောင်းကြားတော့ ဘီလစ်စာရေးကြီးက သူမကို ပိုအာရုံစိုက်ခဲ့သည်။

သူက တိုင်တန်းစာကိုယူကာ ပြောခဲ့သည်၊ "ခဏစောင့်"

အရာရှိခန်းမထဲမှာ ငယ်ရွယ်ကာ မျက်နှာထားတင်းမာသည့် အမျိုးသားတစ်ဦးက အဆင့် ၇ အရာရှိဝတ်စုံကို ဝတ်ကာ ထိုင်နေခဲ့သည်။

သူက မကြာသေးခင်က နန်ရှီမြို့ရဲ့ စာရွက်စာတမ်းတွေကို လှန်ကြည့်နေခဲ့သည်။

တရားရုံးအစောင့်က အမိန့်စာကို ကမ်းပေးခဲ့သည်၊ "လူကြီးမင်း ဒါ တံခါးဝက မိန်းကလေး အရာရှိဆီ တင်ပြခိုင်းတဲ့စာပါ၊ သူ့ယောက်ျား စာသင်သားရှောင် ရေးထားတဲ့စာပါတဲ့။"

မော့ချင်းလင်က စာကို ယူဖတ်လိုက်သည်၊ "သူ့ကို ခေါ်ဝင်လာခဲ့"

"ဟုတ်ကဲ့ လူကြီးမင်း" တရားရုံးအစောင့်က အရိုအသေပေးကာ ပြန်ထွက်သွားခဲ့သည်။

ထို့နောက် ရှစ်ချင်းလျို့နှင့် တခြားလူတွေကို ခန်းမထဲ ခေါ်ဝင်ခဲ့သည်။

ခပ်မိုက်မိုက် လူငယ်လေးတစ်ယောက် စားပွဲထိပ်မှာ ထိုင်နေတာတွေ့တော့ ရှစ်ချင်းလျို့ အံ့သြသွားခဲ့သည်။ ရာဇဝတ်တရားသူကြီးဆိုတာ အသက် ၅၀အရွယ် အဖိုးကြီးတွေလို့ ပြောကြတယ် မဟုတ်လား။

"ရာဇဝတ် တရားသူကြီးကို နှုတ်ခွန်း ဆက်သပါတယ်" ရှစ်ချင်းလျို့က ဒူးမထောက်ဘဲ ခါးကိုင်း အရိုအသေပေးခဲ့သည်။

အသက် ၁၅၊ ၁၆ အရွယ် ကောင်မလေးက အမျိုးသားနှစ်ယောက်ကို ကြိုးချည်ပြီး ခန်းမထဲ ခေါ်ဝင်လာတာတွေ့တော့ မော့ချင်းလင် အံ့သြသွားခဲ့သည်။

သူက မေးခဲ့သည်၊ "ဒါ မင်းတရားစွဲချင်တဲ့ ရှစ်လန်ကျုံး လား"

ရှစ်ချင်းလျိုက ခေါင်းငြိမ့်ပြခဲ့သည်၊ "ဟုတ်ပါတယ်၊ အစတုန်းက သူက လိုက်ဖို့ ငြင်းဆန်နေတော့ ထွက်ပြေးသွားမှာ ကြောက်လို့ ဒီကို ကြိုးချည်ပြီး ခေါ်လာခဲ့တာပါ၊ သူ့ကို ဖမ်းဖို့ လူလွှတ်ဖို့အတွက် ရာဇဝတ်တရားသူကြီးမင်းလည်း အားကုန်စရာ မလိုတော့ဘူးပေါ့။"

မော့ချင်းလင်က အံ့သြသွားခဲ့သည်။

အရာရှိကို ထိုသို့တင်ပြတာမျိုး အခုမှ ပထမဆုံး ကြုံဖူးခြင်း ဖြစ်သည်။

သူက ထပ်မေးခဲ့သည်၊ "ငါ မင်းတင်ပြတဲ့စာဖတ်ပြီးပြီ၊ သမားတော်ရှစ်က ဆေးနဲ့ မင်းယောက်ျား သေအောင်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုတော့ မင်းမှာ သက်သေရှိသလား။"

ရှစ်ချင်းလျိုက ခြင်းထဲက ခြံနောက်က ဆေးအကျန်တွေ၊ အရင်တစ်ခါက မကျိုလိုက်ရတဲ့ဆေးတွေ၊ ဒီတစ်ခါ ပေးလိုက်တဲ့ ဆေးတွေနဲ့ ဆေးအညွှန်းတွေကို ဘီလစ်စာရေးကြီးထံ တင်ပြခဲ့သည်။

"ဒါ သက်သေတွေပါ။"

မော့ချင်းလင်က ဆေးအညွှန်းကို ကြည့်ခဲ့သည်။

ထို့နောက် သူ့စံအိမ်က သမားတော်ကို လူတစ်ယောက်ဖြင့် အခေါ်လွှတ်ခဲ့သည်။

စံအိမ်က သမားတော် ရောက်လာကြောင်းကြားတော့ သမားတော်ရှစ်ရဲ့ အမူအရာက ထပ်ပြောင်းသွားခဲ့သည်။

ထိုငယ်ရွယ်သည့် ရာဇဝတ်တရားသူကြီးက သာမာန်မိသားစုက လာတာ မဟုတ်နိုင်ကြောင်း ရှစ်ချင်းလျို့ ခန့်မှန်းခဲ့သည်။

မဟုတ်ပါက သူ့စံအိမ်အတွက် သမားတော်ရှိမည်မဟုတ်ပေ။

သိပ်မကြာခင်မှာ ဘီလစ်စာရေးကြီးနောက်ကနေ လူအိုကြီးတစ်ယောက် လိုက်ဝင်လာခဲ့သည်။

မော့ချင်းလင်က စားပွဲပေါ်က ဆေးတွေနှင့် ဆေးအညွှန်းတွေကို ညွှန်ပြခဲ့သည်။

"ဆေးအညွှန်း၊ ဆေးအကျန်နဲ့ အခု ဝယ်လာတဲ့ ဆေးတွေကို ကြည့်လိုက်ပါဦး၊ ဆေးအညွှန်းမှာ တစ်ခုခု မှားနေတာများရှိလားဆိုတာ စစ်ကြည့်လိုက်ပါ။"

ရာဇဝတ်တရားသူကြီးရဲ့ သမားတော်က ရိုသေလေးစားစွာ ပြန်ဖြေခဲ့သည်၊ "ဟုတ်ကဲ့ပါ"

သူက လျှောက်သွားကာ ဆေးအညွှန်းကို အမြန် ယူကြည့်လိုက်သည်။

သူက ဆေးအကျန်နှင့် ဆေးအသစ်ကို သေချာစစ်ဆေးခဲ့သည်။

တရားရုံးတော်ရှိ သမားတော်က အကုန်စစ်‌ဆေးပြီးသွားသည့်နောက်မှာတော့ သူ့မျက်နှာက မည်းမှောင်နေခဲ့သည်၊ "သခင်ကြီး ဒီလူ ရေးထားတဲ့ ဆေးအညွှန်းတွေက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာပါ၊ သူက လူသတ်ဖို့ ကြိုးစားနေတာ၊ သူ့ဆေးအညွှန်းက လူကို အဖျားကြီးစေပြီး ဝုန်းခနဲ ပြန်ကျစေပြီးနောက် သတိလစ်သွားစေတာပါ၊ သတိလစ်နေစဥ်အတွင်း ဆေးဆက်တိုက်ရင် အဲလူက နိုးလာမှာ မဟုတ်တော့ပါဘူး၊ ဆေးညွှန်းထဲကဆေးက အားဆေးဆိုပေမယ့် တကယ်တန်းတော့ မတည့်တဲ့ဆေး နှစ်ခုပါ၊ ဆေးသောက်ပြီးတာနဲ့ ကိုယ်ခန္ဓာက ပိုပိုပြီးအားနည်းလာမယ်၊ ပြီးရင် တစ်သက်လုံး အိပ်ရာပေါ်ပဲ လှဲနေရနိုင်တယ်။"

မော့ချင်းလင်က စားပွဲကို ခေါက်ခဲ့သည်၊ "အမှားလုပ်မိတာဖြစ်နိုင်လား”

သမားတော်က အမှန်တိုင်း ပြန်ဖြေခဲ့သည်၊ "ဆေးအညွှန်းအရဆိုရင် မဖြစ်နိုင်ပါဘူး၊ ပြီးတော့ တစ်ကြိမ်တည်းဆိုရင် မတော်တဆ ဖြစ်နိုင်ပေမယ့် အကြိမ်တိုင်းမှာ ပြဿနာရှိနေတယ်ဆိုရင်တော့ မတော်တဆ မဖြစ်နိုင်ပါဘူး။"

မော့ချင်းလင်က ခေါင်းငြိမ့်ပြခဲ့သည်၊ "ငါလည်း အဲလိုပဲ ထင်တယ်"

ရှစ်ချင်းလျို့က ဖွင့်ထားသည့် ဆေးအိတ်အသစ်ကို ညွှန်ပြခဲ့သည်၊ "သမားတော်ရှစ်က ဒါကို ဂျင်ဆင်းမြစ်လို့ ပြောပါတယ်။"

ရာဇဝတ်တရားသူကြီးရဲ့ သမားတော်က ခဏလောက် ကြက်သေ သေသွားပြီးမှ ထုတ်ယူကာ အနံ့ရှူကြည့်လိုက်လေသည်။

"ဂျင်ဆင်း မဟုတ်ပါဘူး၊ ဒါက ဆေးမြစ်ရိုင်းတစ်မျိုးပါ၊ လူ့ကိုယ်ခန္ဓာကို အားမပြည့်စေဘဲ မူးဝေစေတဲ့ဆေးပါ။"

ရှစ်ချင်းလျို့က အခွင့်အရေးယူကာ စကားပြောခဲ့သည်၊ "လူကြီးမင်း သမားတော်ရှစ်ကို ကျွန်မယောက်ျားကို သေစေမှုတင်မကဘဲ သူများကို အန္တရာယ်ပြုဖို့အတွက် ဆေးအတုရောင်းချခြင်းအတွက်ပါ တရားစွဲချင်ပါတယ်။"

သမားတော်ရှစ်ဆီမှာ ဆေးခန်းပြသည့် လူနာတွေနှင့် ဆေးဝယ်ခဲ့သည့် လူတွေက သမားတော်ရဲ့ စကားကြားတော့ ပျာယာခတ်သွားခဲ့ကြသည်။

သက်လတ်ပိုင်း အမျိုးသား တစ်ဦးက မေးခဲ့သည်၊ "လူကြီးမင်း ကျွန်တော်တို့ ဝယ်ခဲ့တဲ့ဆေးတွေမှာ ပြဿနာရှိလားဆိုတာ သမားတော်ကြီးနဲ့ စစ်ခိုင်းပေးလို့ရမလား။"

မော့ချင်းလင်က ခေါင်းငြိမ့်ပြခဲ့သည်၊ "ရတာပေါ့"

ရာဇဝတ်တရားသူကြီးရဲ့ သမားတော်က ရှစ်ချင်းလျို့ နောက်ကလိုက်ခဲ့သည့် လူဒါဇင်ချီရဲ့ ဆေးအညွှန်းကို စစ်ဆေးပေးခဲ့သည်။

ကြည့်ရှုပေးပြီးနောက် သူက ပြောခဲ့သည်၊ "လူတစ်ဝက်ကျော်လောက်ကတော့ ဆေးပြဿနာ မရှိပါဘူး၊ ဒါပေမဲ့ ဆေးသုံးစွဲပုံအညွှန်းက မတိကျဘူး၊ ဥပမာဆိုရင် ဆေး ၃ကြိမ်သောက်ရင် ပျောက်ရမယ့်လူက ဆေး ၅ကြိမ် ၆ကြိမ်လောက် သောက်ဖို့ လိုအပ်တာမျိုးပေါ့။"

သမားတော်က ခဏလောက်ရပ်ပြီးမှ ဆက်ပြောခဲ့သည်၊ "ကျန်တဲ့လူနာတစ်ဝက်ကတော့ ပြဿနာရှိတယ်၊ ဆေးပြောင်းခဲ့တာတို့ ဆေးမမှန်တာတို့ပါ။"

သူ စကားပြောပြီးသွားတော့ အနောက်က လိုက်ခဲ့သည့်လူတွေက စိတ်လှုပ်ရှားသွားခဲ့သည်။

"သမားတော်ရှစ်ဆီ ဆေးခန်းပြတိုင်း ပျောက်ဖို့ ရက်ကြာနေတာလည်း မဆန်းတော့ပါဘူး၊ သူက ပျောက်ကင်းချိန် ကြာအောင်လုပ်ထားတာပဲ။"

"သူ့ဆီ ဆေးခန်းပြတဲ့ ငါ့အမျိုးတစ်ယောက်ကတော့ ရက်အနည်းငယ်အတွင်း ဖျားနာပြီး သေသွားခဲ့တာ၊ သူ ရည်ရွယ်ချက်ရှိရှိလုပ်တာ ဒါမှမဟုတ် ဆေးအတုထည့်တယ်လို့ သံသယဝင်မိတယ်။"

"ရှစ်မိသားစုဆီကဆေးတွေက မြို့တော်က ဆေးတွေထက် စျေးပေါတယ်၊ လက်စသတ်တော့ ဆေးအတုတွေဖြစ်နေတာပဲ။"

"သမားတော်ရှစ်က ဒီလို ယုတ်ပတ်တဲ့နည်းနဲ့ ပိုက်ဆံရှာဖို့အထိ ယုတ်မာလွန်းတာပဲ။"

လူတွေက သည်းမခံနိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက် ဆဲဆိုခဲ့သည်။

မော့ချင်းလင်က သမားတော်ရှစ် ပါးစပ်က အဝတ်ကို ဘီလစ်စာရေးကြီးအား ဖယ်ခိုင်းခဲ့သည်၊

"သမားတော်ရှစ် အခု မျက်မြင်သက်သေကော သက်သေတွေပါ ရှိနေတယ် ခင်ဗျား ဘာပြောချင်သေးလဲ။"

သမားတော်ရှစ်က ခေါင်းခါပြခဲ့သည်၊ "ဘာမှ ပြောစရာ မရှိပါဘူး"

သက်သေတွေက သူ့ရှေ့တွင် ရှိနေသည်။

သူ ဝန်မခံချင်ရင်တောင် ဝန်ခံရမည်ဖြစ်သည်။

ရှစ်ချင်းလျို့က ပြောခဲ့သည်၊ "လူကြီးမင်း ကျွန်မယောက်ျားက သမားတော်ရှစ်နဲ့ ဘာရန်ငြိုးရန်စမှ မရှိပါဘူး၊ ပြောရရင် သူက အကြောင်းမရှိဘဲ အန္တရာယ်ပေးတာပါ၊ သူ့နောက်ကွယ်မှာ ကြိုးကိုင်တဲ့လူရှိတယ်လို့ ကျွန်မ ထင်ပါတယ်။"

မော့ချင်းလင်က သမားတော်ရှစ်ကို ကြည့်ခဲ့သည်၊ "တစ်ယောက်ယောက် ညွှန်ကြားခဲ့လားဆိုတာ ပြောစမ်း။"

နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိလိမ့်မည်ဟု သူလည်း သံသယဝင်မိသည်။

တကယ်လို့ ထိုမိန်းကလေး မပြောရင်တောင် သူ မေးမြန်းမှာပဲ ဖြစ်သည်။

သမားတော်ရှစ်က တံတွေးမြိုချလိုက်သည်။

သူက ခဏလောက်စဥ်းစားပြီးနောက် ပြောခဲ့သည်၊ "တကယ်ကို လူတစ်ယောက်ခိုင်းခဲ့တာပါ ဒါပေမဲ့ ကျွန်တော် သူ့နာမည် မသိပါဘူး၊ လွန်ခဲ့တဲ့လဝက်က ညလယ်ခေါင်မှာ လူတစ်ယောက်ပေါ်လာပြီး ကျွန်တော့်ကို ငွေတုံး ၁၀၀ ပေးခဲ့ပါတယ်၊ အခြေခံစာသင်သားရှောင်ကို ပေးနေတဲ့ဆေးတွေကို ပြောင်းပေးဖို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်၊ ကိစ္စတွေပြီးသွားရင် နောက်ထပ် ငွေတုံး ၂၀၀ပေးမယ့်အကြောင်းလည်း ပြောသွားပါသေးတယ်၊ သူက မျက်နှာကို အုပ်ထားပြီး သူ့ပုံစံက ကျွန်တော် အရင်က တစ်ခါမှ မတွေ့ဖူးပါဘူး။"