အခန်း ၅
Viewers 25k

အခန်း (၅) – ထို့ကြောင့် သူတို့သည် အစကတည်းက မိသားစုတစ်ခု မဖြစ်ခဲ့ဖူးပါ (၃)


ရှုဝေဝေသည် ဒီနှစ် ဘဏ္ဌာရေးနဲ့ပတ်သတ်ပြီး မူမမှန်တာကို သတိပြုမိခဲ့သည်။ သူမက အနည်းငယ် တွန့်ဆုတ်ပြီးနောက် သူမ၏သူငယ်ချင်းကောင်းအား ဒီအကြောင်းကို မျှဝေသင့်ကြောင်း ဆုံးဖြတ်လိုက်သည်။


ဖန့်ကျွင်းရုံသည် ရှုဝေဝေပြင်ဆင်လာသည့် စာရွက်စာတမ်းများကို ဂရုတစိုက် ကြည့်ရှုစစ်ဆေးပြီး နောက်ဆုံးတွင် သူမမျက်လုံးကို မှိတ်လိုက်လိုက်ကာ ရေရွတ်မိသည်။


"ကြိုးကြာနီသရဖူ" ယွမ်တစ်ရာ့ငါးဆယ်မီလီယံ။


ထိုသရဖူကို လွန်ခဲ့သောသုံးနှစ်အကြာက လီဝမ့်ကျင်းသည် ဝယ်ယူခဲ့လေသည်။


အဆိုပါ " ကြိုးကြာနီသရဖူ" သည် ရှုဖန့်ဝမ်၏အကျော်ကြားဆုံး ဖန်တီးမှုဖြစ်ခဲ့သည်။ ဖန့်ကျွင်းရုံသည် သူမဦးလေး၏မန်နေဂျာ လူအိုကြီး မစ်စတာကျန်းဆီမှာ ထိုပန်းချီကားကိုမြင်ခဲ့ဖူးသည်။ သူမ ရှင်းရှင်းလင်းလင်းသိသည်မှာ မည်သည့်အချိန်တွင်မဆို လူအိုကြီး မစ်စတာကျန်းသည် ဤအနုပညာလက်ရာများကို ပြန်လည်ရောင်းချမှာ မဟုတ်ပေ။ ထိုစဉ်က လီဝမ့်ကျင်းသည် သူမနှင့်အတူရှိခဲ့ပြီး ထိုပန်းချီကားကိုမြင်ခဲ့ဖူးသည်။


ဒါဆို သူဝယ်ယူခဲ့သည့်ပန်းချီကားသည် အတုဖြစ်မည်မှာ သေချာသလောက်ပင်။ သူက ထိုပန်းချီကားအတွက် ယွမ်တစ်ရာ့ငါးဆယ်မီလီယံကို သုံးစွဲခဲ့သည်လား။ ဒါက သူ့ကို ဦးနှောက်မရှိတဲ့အရူးလို့ မှတ်ယူနိုင်တယ်။ လီဝမ့်ကျင်းက အရူးတစ်ယောက်လား။ အဲ့လို‌ေတာ့ မဖြစ်နိုင်ဘူး။


ဒါဆို ဖြစ်နိုင်ခြေက တစ်ခုတည်းသာရှိတော့သည်။ လီဝမ့်ကျင်းသည် ဤအရာများကို ဆင်ခြေအဖြစ် အသုံးပြုကာ ကုမ္ပဏီမှငွေများကို သူ၏ကိုယ်ပိုင်အကောင့်ထဲသို့ ဒီနှစ်တစ်လျှောက်လုံးတွင် လွှဲပြောင်းခဲ့လေသည်။ ယခင်ဘဝ သူမတို့ကွာရှင်းခဲ့စဉ်က လီဝမ့်ကျင်းသည် သူ၏အနုပညာ စုဆောင်းမှုများကို သမီးဖြစ်သူ လီရှင်းယွင်အား ပေးခဲ့သည်။ ထိုအချိန်တွင် ဖန့်ကျွင်းရုံက လီဝမ့်ကျင်းသည် သူ့သမီးဖြစ်သူအား ဂရုစိုက်နေဆဲဟု ထင်မြင်ယူဆခဲ့သည်။ အခု ဒီအကြောင်းတွေ ထွက်ပေါ်လာပြီးသည့်နောက် သူက လီရှင်းယွင်အား အမှိုက်တစ်ပုံကိုသာပေးခဲ့မှန်း ယခုမှသိလိုက်ရသည်။


ဒီအကြောင်းကိုစဉ်းစားရင်း သူမအစာအိမ်က သည်းခြေရည်များ ပြို့တက်ကာ ရွံရှာအန်ချင်သောခံစားမှုများ တလိပ်လိပ်ဖြစ်ပေါ်လာခဲ့သည်။


ဖန့်ကျွင်းရုံသည် သူမ၏မှန်းဆချက်များ မှန်ကန်သည်ကိုသိသော်လည်း သူမတွင် ပို၍သေချာသောသက်သေအထောက်အထားများ ထပ်မံလိုအပ်နေသေးသည်။ ဖန့်ကျွင်းရုံသည် "ကြိုးကြာနီသရဖူ" ပန်းချီကား၏ပိုင်ရှင်ဖြစ်သူ အန်ကယ်ကျန်းကို ဖုန်းခေါ်ခဲ့သည်။ သူသည် ရှုဖန့်ဝမ်၏ သစ္စာရှိပရိသတ်တစ်ဦးဖြစ်ပြီး ထိုအနုပညာရှင်၏ အခြားလက်ရာတစ်ချို့၏တည်နေရာများကိုပင် အတော်အတန်သိရှိခဲ့‌သည်။


သူမသည် ရှုဖန့်ဝမ်၏အခြားလက်ရာများအကြောင်းကိုမေးမြန်းခဲ့ပြီး စာရင်းရှိ ပန်းချီကားအချို့သည် ဦးလေးကျန်း၏မိတ်ဆွေများ လက်ဝယ်တွင်ရှိကြောင်း သေချာစွာတွေ့ရှိခဲ့‌သည်။


ဖန့်ကျွင်းရုံသည် ဖုန်းချလိုက်ပြီးနောက် ရယ်လိုက်မိသည်။ အသက်မပါ‌တဲ့ လှောင်ရယ်သံတစ်ခုပါပဲ။ လီဝမ့်ကျင်း သို့မဟုတ် သူမကို သူမရယ်မောနေတာလားဆိုတာကို မည်သူမှမသိနိုင်ပေ။ ကျန်းယာ့ကော ရောက်လာသည့်အချိန်မှ သူတို့ပြဿနာများ စတင်ဖြစ်ပွားခဲ့သည်ဟု သူမအမြဲထင်ခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ကပင် တိတ်တဆိတ် အန္တရယ်မရှိဟု ထင်ရသော ထိုသူသည် သူတို့၏ပိုင်ဆိုင်မှုအကုန်လုံးကို သိမ်းယူရန် စတင်ကြံစည်ခဲ့ကြောင်းကို မမျှော်လင့်ထား‌ပေ။


ဒါဆို သူတို့က အစကတည်းပင် မိသားစုတစ်စုမဖြစ်ခဲ့ကြဘူး‌ပေါ့။ လွန်ခဲ့သော ဆယ်နှစ်ကပင် ဒီဟာကိုစတင်ခဲ့ပြီး သူဟာအင်မတန်စိတ်ရှည်သောသူတစ်ယောက်ပင်။ 


ရှုဝေဝေသည် အရိပ်အခြေသိသည့် လူကောင်းတစ်ဦးဖြစ်သည်။ သူမသည် ဖန့်ကျွင်းရုံ ဖုန်းခေါ်ဆိုမှုကနေ ဘာတွေဖြစ်နေတယ်ဆိုတာကို နားလည်လိုက်ကာ အကောင်းဆုံး စိတ်ကူးတစ်ခုရရှိခဲ့သည်။ သူမမျက်နှာထက်တွင် အမျက်ဒေါသထွက်နေတာ ထင်ရှားပေမယ့် ဖန့်ကျွင်းရုံရှေ့တွင် သူမကို သူမ ထိန်းချုပ်ရန်ကြိုးစားခဲ့သည်။ "နင် ဘာလုပ်ချင်လဲ။ သူ့ကို ကွာရှင်းဖို့လုပ်ချင်လား။"


သူမသည် သူမ၏သူငယ်ချင်းကောင်းအကြောင်း ကောင်းစွာသိလေသည်။ ယခုအခါတွင် ဖန့်ကျွင်းရုံသည် သူမနှင့်တစ်အိပ်ရာတည်း ညတိုင်းအတူအိပ်စက်သည့်ယောကျာ်း လျှို့ဝှက်ကြံစည်နေသည့်အကြံအစည်အကြောင်းကိုသိသွားသောအခါ သူမက အလွယ်တကူ သွားခွင့်ပြုမည်မဟုတ်ပါ။


"သူ့မှာ ကြံရာပါတစ်ယောက် ရှိရမယ်။ ဒီနှစ်တွေမှာ သူ့ကို ဒီပစ္စည်းအတုတွေအားလုံးကို အလွယ်တကူဝယ်ယူဖို့အတွက် ကူညီခဲ့တယ်။" ဟု ဖန့်ကျွင်းရုံသည် ပြောလိုက်သည်။ ပြီးတော့ လီဝမ့်ကျင်းသည် ဘယ်လောက်ဂရုစိုက်‌စေ့စပ်တဲ့သည့်သူ ဖြစ်ကြောင်းကို သူမသိလေသည်။ သူ့တွင် ကြံရာပါများစွာမရှိနိုင်ပေ။ နောက်ဆုံးတွင် ဒီအကြောင်းကို သိသည့်သူပိုများလေလေ ပေါက်ကြားနိုင်သည့်အခွင့်အရေးပိုများလေ ဖြစ်သည်။


ဖန်ကျွင်းရုံ၏မျက်လုံးများတွင် အေးစက်မှုများ တစ်စက္ကန့်ကြာ ဖြစ်ပေါ်သွားပြီး ပြောလိုက်သည်။ " သူ့ကို ကူညီပေးတဲ့သူကို ပထမဆုံးရှာပြီးတော့ သူ့ကို ပန်းချီကားအနည်းငယ်ထပ်ဝယ်ဖို့အတွက် လုပ်ကြစို့။"


"ဒီတော့ သူက အတုတွေကိုကြိုက်နှစ်သက်တယ် ဟုတ်တယ်မလား။ ငါတို့ကလည်း သူ့အနှစ်သက်ဆုံးပန်းချီကားအတုတွေ ထပ်ဝယ်ဖို့လုပ်ရလိမ့်မယ်။"


သူတို့နှစ်ဦးကွာရှင်းလိုက်တဲ့အခါကျရင် အဲဒီအတုတွေက သူ့ဆီပါသွားလိမ့်မယ်။ အားလုံး ပြီးဆုံးသွားသည့်နောက် သူမက လူကောင်းတစ်ယောက် ဖြစ်နေဦးမှာပင်။ လူကောင်းတစ်ယောက်က တခြားသူတစ်ယောက် နှစ်သက်သဘောကျတဲ့ အရာတွေကို မယူသွားပါဘူး။