အခန်း ၇
Viewers 25k

အခန်း (၇) – အခြားသူ၏ငွေဖြင့် ရက်ရောသူဖြစ်ရခြင်းက ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲ (၂)


ဒီအဖြစ်အပျက်ကိုကြည့်ရတာကတော့ ကျုံးရီသည် ကျန်းယာ့ကောအား ကူညီရန် ကြိုးစားနေသည်မှာ ထင်ရှားသည်။ ချမ်းသာကြွယ်ဝသော လူငယ်သခင်လေးသည် သူမ၏ကမ်းလှမ်းချက်ကို လက်ခံလိုက်လျှင် ဒီပြဿနာကိုဖြေရှင်းပြီး ဖြစ်သွားလိမ့်မည်။ ကံမကောင်းစွာပဲ ကျန်းယာ့ကောသည် သာမန်လမ်းစဉ်အတိုင်း လျှောက်လှမ်းလိုသူမဟုတ်ပါ။ သူမသည် ကျုံးရီကိုကြည့်ကာ မပျော်ရွှင်သည့်ပုံစံဖြင့် ပြောလိုက်သည်။ "ရှောင်ရီ... ဒီလိုလူမျိုးကို လျစ်လျူရှုလိုက်ကြစို့။ နင် သူနဲ့အတူသောက်တဲ့အခါ သူ နင့်ကိုမဖွယ်မရာလုပ်ရင် ဘယ်လိုလုပ်မလဲ။"


"ငါတို့ကို ဆက်ပြီးတွန်းအား‌ပေးနေရင် ငါတို့ ဒီအလုပ်ကပဲ ထွက်သွားလိုက်မယ်။"


သူမ၏အသံမှာ အလွန်ဖြောင့်မတ်ဟန်ရှိသည်ထင်ရသော်လည်း သူမ၏သူငယ်ချင်းကောင်းကျုံးရီသည် စိတ်ရှုပ်သွားစေပြီး "ယာ့ကော..."ဟု သူမကို ခေါ်လိုက်သည်။


ဖန့်ကျွင်းရုံသည် တစ်ဖက်ကနေ ဒီအဖြစ်အပျက်တစ်ခုလုံးကိုကြည့်ပြီး ကျန်းယာ့ကော၏ တုံပြန်မှုနှင့်ပတ်သတ်၍ ဘာပြောရမှန်းမသိဟု ခံစားလိုက်ရသည်။ သူမစိတ်ပြောင်းကာ သူတို့ဆီလျှောက်လာခဲ့သည်။


"မင်းတို့နှစ်ယောက် ငါ့ရဲ့သီးသန့်ခန်းကို သန့်‌ရှင်းရေးလုပ်ဖို့ ကူညီပေးနိုင်မလား။" သူမသည် ကျန်းယာ့ကောနှင့် ကျုံးရီနှစ်ယောက်စလုံးကို မေးလိုက်သည်။ မကြာခင် လီအိမ်တော်မှာ သူမကို ကျန်းယာ့ကောကပြန်တွေ့လျှင် ဘယ်လိုတုံပြန်မှုမျိုး ပေးလိမ့်မယ်ဆိုတာကို စူးစမ်းချင်မိသည်။


သေချာစွာပဲ ကျန်းယာ့ကောသည် လုံးဝမိုက်မဲနေခြင်းမဟုတ်ပေ။ သူမက ချက်ချင်းပဲ ‌ပြန်မေးသည်။ "ဟုတ်ကဲ့... ဘယ်သီးသန့်ခန်းကို ဝင်ရမှာလဲရှင့်။"


ကျုံးရီလည်း သူမ အရင်ကထက် ပို၍စိတ်အေးလက်အေးရှိသွားဟန်ရသည်။


ချမ်းသာကြွယ်ဝသော လူငယ်သခင်လေးသည် ဖန့်ကျွင်းရုံကို သတိပြုမိသွားပြီး ရင်းနှီးသောလေသံဖြင့် မေးလိုက်သည်။ " အာ... ဘော့စ်ဖန့် မဟုတ်လား။ မင်း သူတို့ကိုကူညီပေးချင်ရင် ကျွန်တော် သူတို့ကို ဖိအားမပေးတော့ပါဘူး။"


သူက "ကျေးဇူးပြုပြီး ခေါ်သွားလို့ရပါတယ်။" ဟု ခြေဟန်လက်ဟန်ဖြင့် ယာ့ကောတို့နှစ်ယောက်အား သွားခွင့်ပေးခဲ့သည်။


ဖန့်ကျွင်းရုံသည် အနည်းငယ်ပြုံးပြီးနောက် သူမ၏နောက်တွင် ကျန်းယာ့ကောနှင့် ကျုံးရီတို့နှင့်အတူ သူမ၏သီးသန့်အခန်းသို့ ပြန်ဝင်လာခဲ့သည်။


သူတို့၏နောက်ကတံခါးကို ပိတ်လိုက်ပြီးတဲ့နောက် ဖန့်ကျွင်းရုံက သာမန်ကာလျှံကာပုံစံဖြင့် မေးလိုက်သည်။ " မင်းတို့နှစ်ယောက် ဒီနေရာမှာ ဘယ်လိုဖြစ်လို့အလုပ်လာလုပ်ကြတာလဲ။"


သူမသည် သူမ၏ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုသည် ပိုမိုကောင်းမွန်လာကြောင်းကို သတိပြုမိခဲ့သည်။ ယခု သူမသည် သူမ၏မုန်းတီးမှုနှင့် လက်‌စားခြေလိုသောဆန္ဒကို မျိုသိပ်နိုင်ခဲ့သည်။ 

ကျန်းယာ့ကောသည် တရားခံအမြောက်အများအနက်မှ တစ်ဦးသာဖြစ်ပြီး ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းနှင့်လီရှစ်ကျီတို့ကို ပိုမိုမုန်းတီး၏။ 



"ကျွန်မက လာမည့်စာသင်နှစ်ဝက်အတွက် လုပ်ရတာပါ။ ကျွန်မဦးလေးနဲ့ သူ့အပေါင်းအပါတွေက ကျွန်မမိဘတွေရဲ့ အာမခံငွေကို ယူသွားကြတယ်။" ဟု ကျန်းယာ့ကောက ပြောသည်။ သူမက ထိုအကြောင်းကိုပြောသည့်အခါ သူမမျက်ဝန်းများက စိုစွတ်လာပြီး သူမကို ပိုမို သနားစရာကောင်းတဲ့ အသွင်အပြင်ကို ဖြစ်ပေါ်စေခဲ့သည်။


ရှုဝေဝေ ဖန့်ကျွင်းရုံ၏ သူငယ်ချင်းကောင်းသည် သူမမျက်ခုံးကိုပင့်၍ တကယ့်ကို တဲ့တိုးပြောလိုက်သည်။ "ငါသိသလောက်ကတော့ ယနေ့ခေတ် တက္ကသိုလ်တွေ တော်တော်များများက ဘဏ္ဌာရေးအကူအညီတွေ ပေးတယ်မဟုတ်လား။ မင်းသာ အလုပ်ကိုကြိုးကြိုးစားစားလုပ်မယ်ဆိုရင် နွေရာသီနှစ်လ ကျူရှင်ဆရာမလုပ်ရုံနဲ့ အခြားကုန်ကျစရိတ်တွေအတွက် လုံလောက်တဲ့ ဝင်ငွေ ရနိုင်တယ်လေ။"


ဖန့်ကျွင်းရုံသည် သူမ၏သူငယ်ချင်းကောင်းကို ထောက်ခံသည့်အကြည့်တစ်ချက် ပေးလိုက်သည်။ သူမသူငယ်ချင်း၏အတွေးနှင့် သူမအတွေးဟာ အတူတူပါပဲ။


ကျန်းယာ့ကောသည် ဒီရွေးချယ်မှုကိုလည်းလုပ်၍ရသည်ဆိုတာကို ပထမဆုံးအကြိမ်အဖြစ် နားလည်သဘောပေါက်သွားကာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်ပြီး “အိုး... ဟုတ်သားပဲ။ သမီး အဲ့တာကိုရွေးချယ်လို့ရတာပဲ။" ဟု ပြန်ဖြေခဲ့သည်။


ကျုံးရီက‌တော့ သူမ၏အောက်နှုတ်ခမ်းကိုအသာကိုက်၍ "ကျွန်မအဖွားက နေမကောင်းဖြစ်နေပြီး ဆေးရုံတက်ဖို့နဲ့ ဆေးဖိုးဝါးခအတွက် ငွေလိုတယ်လေ။ ကျွန်မအဖွားအတွက်ဆေးဖိုးကို ကျူရှင်ဆရာမ လုပ်ရုံနဲ့ မလုံလောက်နိုင်ဘူးလေ။" ဟု ပြန်ဖြေခဲ့သည်။


သူမတွင် ညှိ့အားပြင်းပြီး ဖားယားတတ်သော ပုံစံရှိသော်လည်း သူမတွင် ယုံမှားဖွယ်မရှိသော မယိမ်းယိုင်သည့်စရိုက်ရှိ‌ပေသည်။


ဖန့်ကျွင်းရုံသည် နှုတ်ခမ်း အနည်းငယ်ဝိုင်းသွားပြီး ပြောလိုက်သည်။ "ဒါက မင်းက အရမ်းတာဝန်သိတတ်တာပဲ။ ငါ့ရဲ့အဖွားကိုတောင် သတိရသွားတယ်။ ငါ့အဖွားကလည်း အရမ်းကောင်းတယ်။ ဝမ်းနည်းစရာက ငါ သူမကိုမပြုစုမစောင့်ရှောက်နိုင်ခင် သူမကွယ်လွန်သွားခဲ့တယ်။" 


သူမသည် သက်ပြင်းချပြီး ကျုံးရီကိုဖော်ဖော်ရွေရွေကြည့်ကာ ပြောလိုက်သည်။ "ငါ မင်းကိုအရမ်းသဘောကျတယ်။ ဘယ်လိုလဲ မင်း ငါ့ရဲ့မွေးစားသမီးဖြစ်ချင်လား။"


လီဝမ့်ကျင်းက ကျန်းယာ့ကောအားမွေးစားမည်ဆိုလျှင် နောက်ထပ် ကျုံးရီကိုရော ဘာလို့မမွေးစားနိုင်ရမှာလဲ။ သူမ၏အမွေများကို ဝင်ရောက်စွက်ဖက်နိုင်မှာ မဟုတ်ဘူး။ လီဝမ့်ကျင်းသည် သမီးတွေ မွေးစားရတာကို အရမ်းသဘောကျတယ်မလား။ သူ့ကို အနည်းငယ်ထပ်ပြီး မွေးစားရန် ကူညီခြင်းက မှန်ကန်တဲ့အရာဖြစ်လိမ့်မည်။