အခန်း၁၀
Viewers 26k

အခန်း (၁၀) – ကံကြမ္မာသည် ဤကဲ့သို့သော စိတ်ဝင်စားဖွယ် နည်းလမ်းဖြင့် သူ့ကိုယ်သူ ထင်ရှားပေါ်လွင်စေနိုင်သည်  (၂)


လီဝမ့်ကျင်းသည် ကျန်းယာ့ကောကို သူ့သမီးရင်းလို့ ဖန့်ကျွင်းရုံကို ထင်မြင်သွားစေသည့်အထိ ချစ်မြတ်နိုးပေး၊ကာကွယ်ပေးခဲ့သည်။ ဖန့်ကျွင်းရုံသည် သူတို့နှစ်ဦးကို DNAစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ရလဒ်မှာ သူ၏သမီးမဟုတ်ကြောင်းသာ တွေ့ရသည်။


ဒါက သူမတွက်ဆခဲ့ဖူးသော နောက်ထပ်အချက်တစ်ခုဖြစ်သည်။


ဖန့်ကျွင်းရုံ သူမအခန်းထဲပြန်ရောက်ပြီး နာရီဝက်ခန့်အကြာတွင် သူမ၏ အဖိုးတန်သမီးလေး လီရှင်းယွင်သည် ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သည်။ သူမလေး၏ မပျော်မရွှင်ဖြစ်နေသည့်မျက်နှာကို သူမတွေ့လိုက်ရတော့ ဖန့်ကျွင်းရုံသည် သူမလေးရဲ့ ပုံရိပ်လေးတွေကို ပြန်အမှတ်ရမိပြန်သည်။


သူမက ပြုံးပြီးပြောလိုက်သည်။ "သမီးရောက်လာမယ့် ဒီအချိန်ကို နာရီဝက်တောင် မေမေ စောင့်လိုက်ရတယ်။ သမီး အခြေအနေတိုးတက်လာတယ်။"


လီရှင်းယွင်သည် စိတ်ကြီးဝင်သောမျက်နှာလေးဖြင့် "နောက်ဆို မေမေ့မှာ အဖိုးတန်သမီးလေးနှစ်ယောက်ရောက်လာရင် သမီးက တန်ဖိုးမရှိတော့ပါဘူးလေ။"


ဖန့်ကျွင်းရုံသည် သူမခေါင်းကိုခါလိုက်ရင်း "သမီးလေးက အမြဲတမ်း မေမေ့ရဲ့တန်ဖိုးအရှိဆုံးရတနာလေးပါပဲ။ ဘယ်သူကမှ သမီးနဲ့မယှဉ်နိုင်ပါဘူး။"


"အစ်ကိုကြီးထက်ပါ ပိုတယ်လား။"


"သေချာတာပေါ့။" ဖန့်ကျွင်းရုံသည် မဆိုင်းမတွပြန်ဖြေလိုက်သည်။ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကိုသာ ကူးပြောင်းခဲ့ပါက သူမသည် ထိုအသိဉာဏ်မဲ့သည့်သားကို ချက်ချင်းဖျက်ချပြစ်မှာပင်။


လီရှင်းယွင်း၏မျက်နှာသည် စိတ်သက်သာရသွားသည့်ပုံလေး ဖြစ်လာသည်။ သူမသည် ဝေခွဲမရတဲ့မျက်နှာလေးဖြင့် မေးလိုက်မိသည်။ "မေမေ ဘာလို့ ရုတ်တရတ် မွေးစားသမီးတွေ လိုချင်သွားတာလဲ။"


ဖန့်ကျွင်းရုံသည် သူမသမီးသည် ဟန်ဆောင်မကောင်းကြောင်းကို သိလေသည်။ ကွာရှင်းမှုမတိုင်မှီ သူမသာသိရှိသွားပါက သဲလွန်စများကို မတော်တဆ ပြမိသွားနိုင်သည်။ ဒါ့အပြင့် ကျန်းယာ့ကော ပေါ်မလာခင်အချိန်အထိ လီဝမ့်ကျင်းသည် အမြဲတမ်း ဖခင်ကောင်းဟူ‌ေသာသရုပ်ကို ထိန်းသိမ်းထား‌ခဲ့သည်။


ဖန့်ကျွင်းရုံသည် လီရှင်းယွင်‌၏ခေါင်းလေးကိုပွတ်သပ်ပေးရင်း ပြောလိုက်သည်။ "အမေက ဒီခြောက်လအတွင်းမှာ ဘာ့ကြောင့်လဲဆိုတာကို သမီးကိုပြောပြမယ်။"


ဒီနှစ်ဝက်အတွင်းမှာ သူမ ကျိန်းသေပေါက်ကွာရှင်းရမယ်။ ဒါ့အပြင် ကျန်းယာ့ကောရောက်လာတာနဲ့ ရှင်းယွင် နည်းနည်းများများတော့ သတိပြုမိသွားမှာပဲ။


သူမသည် တိကျသော အချိန်ကာ‌လ သတ်မှတ်ပြောထားခြင်းဖြစ်ပြီး သူမ့အမေတွင်လည်း အကြောင်းပြချက်ရှိနိုင်သည်ဟု ခံစားမိသောကြောင့် လီရှင်းယွင်သည် မတတ်သာပဲ လက်ခံလိုက်ရသည်။ သူမတွင် လက်ခံရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။


"အိုကေ ဒါက နှစ်ဝက်လေးပါပဲ။ သမီး စောင့်နိုင်ပါတယ်။" လက်သီးလေးဆုပ်ကာ ပြောလိုက်သည်။ ဖန့်ကျွင်းရုံသည် သူမလေး၏ချစ်စရာအပြုအမူကြောင့် ရယ်မောလိုက်သည်။ သူမ ပြန်လည်မွေးဖွားပြီးနောက် သူမ၏အကြီးမားဆုံး ရည်ရွယ်ချက်က သမီးလေး၏အပြုံးများကို ကာကွယ်ပေးဖို့ပဲ။


"ဒါက မေမေ့တို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်ပဲ။ အိုကေလား။"


"အိုကေ"


သူမ၏သမီးကို ပြောဆိုနေရာချပြီးနောက် ဖန့်ကျွင်းရုံသည် အခြားကိစ္စများကိုကိုင်တွယ်ရန် လွတ်လပ်သွားခဲ့သည်။ ဒီရက်တွေမှာ သူမက ပစ္စည်းတွေနဲ့ နေစရာနေရာတစ်ခုဝယ်ဖို့ပဲ။


သူမသည် ကျုံးရီထံ business cardပေးပြီးသည်နှင့် သူမထံ ချက်ချင်းဆက်သွယ်လာမည်ဟု မျှော်လင့်ထားခဲ့သည်။ ကြာသပတေးနေ့တိုင်အောင် သူမထံမှမဆက်သွယ်လာသောအခါ သူမအရမ်းအံ့ဩသွားခဲ့သည်။



ဖန့်ကျွင်းရုံသည် ထိုအကြောင်းကို အနည်းငယ်စဥ်းစားမိတော့ ကြိုးကြာဖြူသို့သွားပြီး ကျုံးရီနှင့်တိုက်ရိုက်စကားပြောရန် ဆုံးဖြတ်ခဲ့သည်။ ဒီနေ့ ကျုံးရီ အလုပ်ကိုလာခဲ့သည်။ ဖန့်ကျွင်းရုံကို တွေ့တော့ ကျုံးရီ အချိန်ခဏ‌လောက် အံ့အားသင့်သွားပြီးနောက် တစ်စက္ကန့်လောက်အကြာတွင် သူမသည် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာခဲ့သည်။ ဒါပေမယ့် သူမက ချက်ချင်းပဲ မျက်ရည်ကို သုတ်လိုက်သည်။


သူမသည် ငိုသံပါဖြင့် "ဘော့စ်ဖန်..."ဟု ခေါ်လိုက်သည်။


ဖန့်ကျွင်းရုံသည် အနည်းငယ်ပြုံး၍ သူမကို‌ေပြာလိုက်သည်။ "ငါက မင်း ငါ့ဆီကို ဖုန်းခေါ်မယ်လို့ ထင်ထားခဲ့တာ။"


ကျုံးရီသည် မျက်ရည်များကိုသုတ်လိုက်ပြီးနောက် သူမမျက်လုံးများက ချယ်ရီပန်းပွင့်လို ပိုပြီးနီရဲလာခဲ့သည်။ သူမက ဖန့်ကျွင်းရုံကို ပြန်ဖြေလိုက်သည်။ "ကျွန်မ အန်တီ့ရဲ့ business cardကိုသေချာသိမ်းထားခဲ့ပေမယ့် ပျောက်သွားလို့။ ကျွန်မ ဘယ်လောက်ပဲရှာရှာ အဲ့တာကိုပြန်မတွေ့ခဲ့ဘူး။"


ကျုံးရီသည် သူမအတွက် ကောင်းမွန်သောအခွင့်အလမ်းကို ဆုံးရှူံးသွားခဲ့ပြီးဟု ထင်လိုက်သည်။ သူမသည် ဖန့်ကျွင်းရုံက သူမရှေ့တွင် ‌နောက်တစ်ခါပြန်ပေါ်လာပြီး သူမကိုယ်တိုင် လာရှာလိမ့်မယ်လို့ မ‌မျှော်လင့်ခဲ့ပါ။ သူမသည် ဖန့်ကျွင်းရုံတွင် အခြားသောဖုံးကွယ်ထားသည့်ရည်ရွယ်ချက်များရှိ မရှိ စဉ်းစားချင့်ချိန်ခဲ့သည်။ ဒါပေမယ့် နောက်တဖန် သူမသည် သာမာန်မိန်းကလေးသာဖြစ်သည်။ ဖန့်ကျွင်းရုံသည် သူမဆီက ဘာရနိုင်မှာလဲ။


သူမသည် business cardမရှိပဲ ဖန့်ကျွင်းရုံဆီ မဆက်သွယ်ရဲပေ။


ဖန့်ကျွင်းရုံက သံသယအချို့ဖြင့် "ငါ့ဖုန်းနံပါတ်ကိုတော့ မင်းသိမ်းထားလိုက်မယ်လို့ ငါထင်တာ။"


ကျုံးရီသည် နှာတရှုပ်ရှုပ်ဖြင့် ပြောလိုက်သည်။ "ကျွန်မ business cardပျောက်သွားတော့ လက်မှတ်ပျောက်သလို ခံစားရလို့။ အန်တီ့ဆီ သမီး မဆက်ရဲတော့တာ..."


ဖန့်ကျွင်းရုံသည် သူမ ဘယ်လိုခံစားနေရကြောင်းကို နားလည်နိုင်သည်။ အားလုံးကိုခြုံကြည့်ရလျှင် ကျုံးရီသည် သူမ၏ပေါ့ဆမှုကြောင့် စိုးရိမ်ပူပန်ကာ မသေချာမရေရာသလို ခံစား‌နေခဲ့ရသည်။


ဖန့်ကျွင်းရုံသည် သူမကိုယ်သူမ ပြန်သတိရသွားပြီး ပြောလိုက်သည်။ "တနင်္ဂနွေနေ့ညကျရင် အန်တီ့အိမ်မှာ ပွဲတစ်ခုရှိတယ်။ ဘာလို့ မင်းမလာနိုင်မှာလဲ။ မင်းရဲ့လိပ်စာ အန်တီ့ကိုပေး။ မင်းကိုကြိုဖို့ ဒရိုင်ဘာကိုပို့လိုက်မယ်။ မင်းအလုပ်ကနေလည်း အခုထွက်လိုက်တော့။"


"ဟုတ်ကဲ့"


သူမသည် ပေါပေါ့ပါးပါးနှင့် ကျန်းယာ့ကောအား မေးလိုက်သည်။ "အိုး... ဟုတ်သားပဲ။ မင်းသူငယ်ချင်းလည်း မတွေ့ပါလား။ ဒီနေ့ သူမနားရက်လား။" သူမသည် ခေတ္တ တုန့်ဆိုင်းသွားပြီးနောက် ယုတ္တိရှိသော အကြောင်းပြချက်တစ်ခုကိုပါ ထည့်သွင်းပြောဆိုခဲ့သည်။ "သူမရဲ့အသွင်အပြင်က အန်တီ့သူငယ်ချင်းရဲ့ မဂ္ဂဇင်းပုံစံနဲ့ကိုက်ညီတယ်လို့ အန်တီထင်လို့။ အန်တီသူငယ်ချင်းဆီ သူမကို ထောက်ခံပေးမလို့ အန်တီတွေးနေတာ။"


ကျုံးရီသည် ခေါင်းခါလိုက်သည်။ "ယာ့ကောက နားရက်ယူထားတယ်။ ဒါပေမယ့် ကျွန်မ သူမ့ကို‌ပြောလိုက်ပါ့မယ်။"


ဖန့်ကျွင်းရုံသည် မေးမြန်းကြည့်ရုံပင်။ လီဝမ့်ကျင်းသည် သူမ့ကိုမွေးစားမည့်အကြောင်းပြောပြီး ဖြစ်ပေလိမ့်မည်။ ဒါကြောင့် သူမသည် ဒီအလုပ်က နားရက်ယူထားခြင်းဖြစ်‌လိမ့်မည်။