အခန်း (၁၄) – ဇာတ်ကြောင်းကို ပြန်ပြောင်းကြည့်လိုက်မိတော့ လီဝမ့်ကျင်းသည် သူ့အတွက် နိုက်ထရိုဂလစ်ဆလင်း ဖောက်ခွဲပစ္စည်း လိုအပ်တယ်လို့ ခံစားမိသွားသည် (၃)
ဖန့်ကျွင်းရုံသည် ရည်မွန်ကြော့ရှင်းသော အပြုံးလေးဖြင့် အလွန်ပီသရှင်းလင်းစွာ ပြောဆိုလိုက်သည်။ သူမရဲ့အသံသည် ကျုံးရီနှင့် ကျန်းယာ့ကောတို့နှစ်ဦးစလုံးကို လျင်မြန်စွာ စိတ်သက်သာရာရစေခဲ့သည်။ သူမသည် စကားအနည်းငယ်ထပ်ပြီးနောက် သူတို့ရဲ့အခန်းအသီးသီးကို အစေခံများအား သူမတို့၏အိတ်များကို သယ်ယူ၍ လိုက်ပို့စေခဲ့သည်။ ကျန်းယာ့ကောနှင့် ကျုံးရိတို့နှစ်ဦးစလုံး၏ အခန်းများသည် ပထမထပ်တွင် တည်ရှိပြီး လီရှစ်ကျီ၏အခန်းနှင့် အတော်လေး ဝေးကွာသည်။
သူမ ယခင်ဘဝက လီဝမ့်ကျင်း၏ခေါင်းထဲတွင် မည်သည့်အတွေးများရှိနေခဲ့သည်ကို မသိခဲ့ပါ။ သူ အပြင်းအထန်တောင်းဆိုသည့်အတိုင်း ကျန်းယာ့ကော၏အခန်းကို လီရှစ်ကျီ၏အခန်းဘေး၌ ပြင်ဆင်ပေးခဲ့သည်။ သူမသည် ကျန်းယာ့ကောက မတော်တဆ လီရှစ်ကျီ၏အခန်းသို့ အိပ်နေရင်း ယောင်ယမ်းကာ လမ်းလျှောက် ဝင်ရောက်သွားမိကြောင်းကို ကြားခဲ့သည်။ ကောင်းပြီ။ သူမသည် ဒီတစ်တသက်တာအတွင်းမှာတော့ ကျန်းယာ့ကော ထိုအမှားမျိုးကို ထပ်မံကျူးလွန်နိုင်မယ်လို့ မထင်ဘူး။
ညစာစာပြီးနောက် ဖန့်ကျွင်းရုံသည် လက်ဆောင်များကိုထုတ်ယူပြီး ပေးရန် ပြင်ဆင်ခဲ့သည်။ လီဝမ့်ကျင်းကတော့ ဒီအကြောင်းကို ပတ်သတ်ပြီး သူ လုံးဝစဉ်းစားထားမှာ မဟုတ်ပေ။
"တို့မှာ မင်းတို့နှစ်ယောက်အတွက် ကြိုဆိုလက်ဆောင်ပြင်ထားတာ ရှိတယ်။"
သူမ ကျုံးရီအတွက် ရွှေတစ်ဆင်စာကို ပြင်ဆင်ထားခဲ့သည်။ ပြီးတော့ ကျုံးရီမှာ တစ်ယောက်ယောက်ကြောင့် ငွေကြေးအရေးပေါ်လိုအပ်လာရင် ထုခွဲရောင်းချနိုင်သည်။ ရွှေသည် အမြဲတမ်း ငွေဖြစ်လွယ်နိုင်သောပစ္စည်းဖြစ်သည်။ ဒီတစ်ဆင်စာအတွက် အနည်းဆုံး ယွမ်သုံးသိန်းခန့် ကုန်ကျခဲ့သည်။ သူမသည် ထိုကုန်ကျစရိတ်ကို ကုမ္ပဏီပိုင် ငွေစာရင်းစာအုပ်ထဲက ထုတ်ယူသုံးစွဲခဲ့တာဖြစ်ပြီး သူမရဲ့ကိုယ်ပိုင်ငွေကနေ ထုတ်ယူ မသုံးစွဲတော့ဘူး။
ကျန်းယာ့ကောသည် ခမ်းနားနေတဲ့ရွှေတစ်ဆင်စာကိုကြည့်လိုက်ရတဲ့အခါ သူမမျက်လုံးထဲမှာ မျှော်လင့်ချက်တွေ ပြည့်နှက်လာခဲ့သည်။ ဖန့်ကျွင်းရုံသည် လက်ထဲက နောက်ထပ်သေတ္တာတစ်ခုကို ကျန်းယာ့ကောအားပေးလိုက်သည်။ သူမသည် ထိုသေတ္တာကိုလက်ခံလိုက်ရသောအခါ အလေးချိန်က အလွန်ပေါ့ပါးတာကို သတိပြုမိလိုက်သည်။
အာ... အရမ်းပေါ့လိုက်တာ။ ဒါက နောက်ထပ်လက်ဝတ်ရတနာတော့ မဖြစ်နိုင်ဘူး။
သူမသည် လက်ဆောင်ကိုဖွင့်ကြည့်လိုက်သောအခါ ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရသည်။ ကျန်းယာ့ကောသည် ပန်းချီကားများနှင့်ပတ်သတ်၍ မရင်းနှီးပေ။ သူမသည် ဒါက ဘယ်သူ့လက်ရာမှန်းကို မပြောနိုင်သော်လည်း ဒါကိုကြည့်လိုက်တာနဲ့ အရမ်းအဖိုးတန်မယ် ဆိုတာကိုတော့ သိတယ်။
"ဒါက..." လီဝမ့်ကျင်းသည် တစ်စက္ကန့်အတွင်း အသက်ရှုရပ်တန့်သွားမလို ဖြစ်သွားခဲ့ကာ သူ့လက်တွေဟာ တုန်ယင်နေခဲ့သည်။
ဖန့်ကျွင်းရုံသည် ပြုံး၍ပြောလိုက်သည်။ "အဲ့တာက ရှုဖန့်ဝမ်ရဲ့လက်ရာလေ။ ကျွန်မက ယာ့ကောလည်း ကြိုက်မယ်ထင်လို့ အဲ့တာကို ပေးဖို့ဆုံးဖြတ်လိုက်တာ။ ယာ့ကောက သာမာန်ပစ္စည်းတွေကို သိပ်စိတ်မဝင်စားဘူးလို့ ရှင်ပြောခဲ့တယ်မလား။ ကျွန်မလည်း လက်ဝတ်ရတနာတွေက သာမာန်ဖြစ်လွန်းတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ကျွန်မ ခဏလောက် စဉ်းစားကြည့်လိုက်တော့ သူမအတွက် ဒါက လက်ဆောင်ကောင်းဖြစ်မယ်လို့ တွေးမိသွားခဲ့တယ်လေ။"
သူမသည် ရာဖြတ်တစ်ဦးဆီမှာ ဒီပန်းချီကားက အတုဆိုတာကို အတည်ပြုစစ်ဆေးထားခဲ့သည်။ ဟိုဟိုး... သူမသည် ဒါကို ကိုယ်တိုင်သိမ်းဆည်းထားရင်း အသုံးမဝင်အဖြစ်မခံနိုင်ပေ။ ထို့ကြောင့် သူမသည် ၎င်းကိုပြန်လည်အသုံးပြုပြီး ကျန်းယာ့ကောကိုပေးခဲ့သည်။ ယခုအချိန်မှစ၍ ကျန်းယာ့ကော၏ မွေးနေ့တိုင်းတွင် ထိုပစ္စည်းအတုအချို့ကို လက်ဆောင်ပေးလိုက်မည်။ သူမသည် ဒါတွေကို ကောင်းမွန်စွာ ပြန်လည်အသုံးပြုနိုင်ပြီးတော့ ဒီအမှိုက်တွေကို ဖယ်ရှားပြစ်နိုင်လိမ့်မည်။
ကျန်းယာ့ကောသည် ရှုဖန့်ဝမ်အကြောင်း ကြားဖူးသည်။ ဒါက အလွန်အဖိုးတန်တဲ့အရာလို့ ဆိုလိုသည်။ သူမသည် ဖန့်ကျွင်းရုံက သူမကို သဘောမကျမှာကို စိုးရိမ်ခဲ့သည်။ သို့သော် သူမသည် ဒီလက်ဆောင်ကို ရရှိပြီးနောက်တွင် ပိုမိုကောင်းမွန်လာသည်ဟု ခံစားခဲ့ရသည်။ ဒီပန်းချီကားသည် လက်ဝတ်ရတနာတစ်ဆင်စာထက် ပိုပြီးတန်ဖိုးရှိတယ်။ ရှုဖန့်ဝမ်၏လက်ရာသည် ဘယ်တော့မှ ယွမ်ငါးသိန်းအောက် မကျနိုင်ပေ။
"ကျေးဇူးတင်ပါတယ် အန်တီ။ သမီး ဒီလက်ဆောင်ကိုအရမ်းကြိုက်တယ်။ သမီး ဒါကိုအမြဲတမ်းတန်ဖိုးထားပါ့မယ်။"
ဖန့်ကျွင်းရုံသည် သူမ၏ အကောင်းဆုံး သရုပ်ဆောင်စွမ်းရည်ကို အသုံးပြုရင်း ပြောလိုက်သည်။ "မင်း တို့ကို အန်တီလို့ ခေါ်နေတုန်းပဲလား။ မင်း တို့ကို မေမေလို့ ခေါ်နိုင်တယ်။"
"မေမေ"
ကျန်းယာ့ကောသည် သူမခေါင်းကိုငုံ့လိုက်သည်။ သူမသည် အနည်းငယ်ရှက်နေပုံရပြီး သူမရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးက အပျော်တွေ ပြည့်နှက်နေခဲ့သည်။ သူမမျက်လုံးတွေဟာ ညကောင်းကင်ယံက ကြယ်စင်တွေလို တလက်လက်တောက်ပနေပြီး သူမကို ဆွဲဆောင်မှုပိုရှိစေသည်။ တစ်ညလုံး ငြိမ်သက်နေသည့် လီရှစ်ကျီက ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အနည်းငယ် နှစ်သက်ကြည်နူးမိသွားလေသည်။ ကျန်းယာ့ကောသည် သူ့တွေ့ဖူးသမျှ မိန်းကလေးများထဲတွင် အလှပဆုံးမိန်းကလေး မဟုတ်သော်လည်း သူမပြုံးလိုက်တာနဲ့ တစ်ခုခုထူးခြားသွားသလို ခံစားရသည်။ သို့သော် ကျန်းယာ့ကောသည် ဘဏ္ဌာရေးအထောက်အပံ့ လျှောက်ထားရန်ကိုပင် မသိနားမလည်ကြောင်းကို သတိရမိသွားသည်။ သူသည် ထိုကဲ့သို့သော တုံးအသောအဆင့်နှင့် ယှဉ်တွဲကြည့်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပေ။
ဘယ်လိုမှ ထုတ်ဖော်မပြောဆိုနိုင်သည့်မြင်ကွင်းကို ကြည့်နေရင်း လီဝမ့်ကျင်းသည် နိုက်ထရိုဂလစ်ဆလင်း ဖောက်ခွဲပစ္စည်းအချို့လိုအပ်သည်ဟု ခံစားခဲ့ရသည်။ သူသည် ဒီအဖြစ်အပျက်ကိုရပ်တန့်စေချင်ပေမယ့် သူ့မှာလုံလောက်တဲ့အကြောင်းပြချက် မရှိပါ။ သူသည် ရွေးချယ်စရာမရှိပဲ ကျန်းယာ့ကောသည် ထိုသေတ္တာကိုဂရုတစိုက် ရင်ဝယ်ပိုက်ထားတာကိုသာ ကြည့်နေလိုက်ရတော့သည်။