အခန်း ၁၉
Viewers 25k

အခန်း (၁၉) – အမေက အမြဲတမ်း အကောင်းဆုံးပဲ (၂)


သူမသည် ဤဆေးသုံးမျိုးကို စမ်းသပ်ပြီးချိန်တွင် အချိန်တစ်ပတ်ကုန်သွားခဲ့သည်။ သူမသည် အခါအားလျော်စွာ နိုင်ငံရပ်ခြားသို့ ခရီးသွားသည့် အကျင့်ရှိခြင်းကြောင့် သူမကို တစ်ပတ်ခန့်မတွေ့တာကို မည်သူမျှ သံသယမဝင်ကြပေ။ အများဆုံး သူတို့မေးရင် ဘယ်လိုနေလဲ၊ ဘယ်ရောက်ဖြစ်လဲဆိုသည့် စကားအနည်းငယ်လောက်သာ မေးကြလိမ့်မည်။


သူမအိမ်ပြန်ရောက်သောအခါ "ငါ အရမ်းဒေါသထွက်နေတယ်" ဟူသော မျက်နှာဖြင့် သူမသမီးလေး လီရှင်းယွင်သည် ဆိုဖာပေါ်‌တွင် ထိုင်နေခဲ့သည်။ 


ကျန်းယာ့ကောသည်  ကသိကအောက်ဖြစ်ဟန်ဖြင့် အနားမှာရပ်နေသည်။ လီဝမ့်ကျင်းသည် လီရှင်းယွင်၏ ဒေါသတကြီး စိုက်ကြည့်နေခြင်းကို ခံနေရသည်။


"ငါ မင်းကို အရမ်းဖျက်ဆီးမိခဲ့တာပဲ။ အဲဒါက မင်းကို တစ်ကိုယ်ကောင်းဆန်တဲ့လူလိုမျိုး ဖြစ်လာစေခဲ့တယ်။ မင်း ဘာကြောင့် ယာ့ကောနဲ့မတူနိုင်ရတာလဲ။"


လီရှင်းယွင်သည် ပေါက်ကွဲသွားခဲ့သည်။ "သမီးမွေးနေ့ပွဲအတွက် လပေါင်းများစွာ ကြိုတင်စီစဉ်ထားခဲ့တယ်။ ဘာလို့ သူမအတွက် ဖျက်သိမ်းပေးရမှာလဲ။ သမီးက သူမအတွက် စဉ်းစားပေးသင့်တယ်လား။ သမီးအတွက်ကျ ဘယ်သူက စဉ်းစားပေးလို့လဲ။ သမီးသူငယ်ချင်း အကုန်လုံးဆီကို ဖိတ်စာတွေ ပို့ခဲ့ပြီးပြီ။"



"ယာ့ကောက မင်းသူငယ်ချင်းတွေထက် ပိုအရေးကြီးတယ် မဟုတ်ဘူးလား။ မင်းက နောက်နှစ်ကျ နောက်တစ်ခါ ထပ်ဖိတ်‌နိုင်သေးတယ်လေ။" လီဝမ့်ကျင်းသည် တစ်လက်မလေးတောင် အလျော့မပေး ငြင်းဆန်နေခဲ့သည်။ သူသည် သူ့အကန့်အသတ်ကို ရောက်ရှိနေပြီး သူ့နဖူးပေါ်တွင် သွေးကြောများကိုတောင် မြင်‌နိုင်လေသည်။


"ဒီမှာ ဘာဖြစ်နေကြတာလဲ။" ဖန့်ကျွင်းရုံသည် ပေါက်ကွဲမတတ် ဖြစ်နေသော လေထုကို နှောင့်ယှက်ခဲ့သည်။ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို သူမ ကောင်းကောင်းသိသည်။ ဤအဖြစ်အပျက်သည် သူမယခင်ဘဝ၌လည်း ဖြစ်ပျက်ခဲ့သည်။ ရှင်းယွင်၏မွေးနေ့သည် ယာ့ကောမိဘများ၏ နှစ်ပတ်လည်နေ့ရက် ဖြစ်နေခဲ့သည်။ လီဝမ့်ကျင်းသည် ထိုနေ့တွင် ကျင်းပသောပွဲနှင့် ပတ်သတ်၍ ယာ့ကောကို စိတ်မကောင်း မဖြစ်စေရန် အကြောင်းပြချက်ဖြင့် မွေးနေ့ပွဲကို ဖျက်သိမ်းစေခဲ့သည်။


ဖန့်ကျွင်းရုံသည် ထိုအချိန်က မွေးနေ့ပွဲကိုပယ်ဖျက်ရန် သဘောမတူခဲ့ပဲ လီဝမ့်ကျင်းနှင့် အကြီးအကျယ် ရန်ဖြစ်ခဲ့သည်။ သို့သော် လီဝမ့်ကျင်းသည် လက်ဦးမှုရယူကာ ဧည့်သည်များထံ မွေးနေ့ပွဲ ဖျက်သိမ်းကြောင်း အကြောင်းကြားစာကို ပေးပို့ခဲ့သည်။ ရှင်းယွင်သည် ထိုအဖြစ်အပျက်ပြီးနောက် ကျန်းယာ့ကောကို လုံးဝမုန်းတီးသွားခဲ့ပြီး ရှေ့ဆက် ရန်လိုမှုဖြစ်‌ပေါ်သွားစေရန် လှုံဆော်‌ပေးခဲ့လေသည်။

လီဝမ့်ကျင်းသည် သူ့ဒေါသကိုထိန်းချုပ်ရန်ကြိုးစားရင်း ပြောလိုက်သည်။ "သူမကို ကြည့်စမ်း။ ကိုယ့်ကို နေ့တိုင်းတိုက်ခိုက်နေတာပဲ။ အဲ့တာက မိန်းကလေးတစ်ယောက် ပြုမူနေထိုင်သင့်တဲ့ပုံမျိုးလား။ ကိုယ်တို့ သူမကို တော်တော်ဖျက်ဆီးမိခဲ့ပြီလို့ ကိုယ်ထင်တယ်။ ဒါကြောင့် သူမက သူမထက် အကြီးတွေကို ရိုင်းပျနေတာ။"


ဖန့်ကျွင်းရုံသည် ဆက်လက်၍ တိတ်ဆိတ်နေရန် မလုပ်တော့ချေ။ "ရှင်းယွင်က ကျွန်မကို အလွန်ရိုသေတဲ့ ကလေးလေးပါ။ ရှင် သူမလို သမီးတစ်ယောက်ကို မလိုချင်ဘူးဆိုရင် ကျွန်မ သူမနှင့်အတူ အခုပဲထွက်သွားနိုင်တယ်။" ဖန့်ကျွင်းရုံသည် စမ်းသပ်မှုများ မပြုလုပ်ခင် သူမလေးကို ခရီးတိုတစ်ခုသွားရန် ခွင့်မပြုခဲ့ရခြင်းအတွက် နောင်တရခဲ့သည်။ အဲဒီလိုနည်းနဲ့ ရှင်းယွင်ဟာ အိမ်မှာရှိမနေပဲ ဒီအဖြစ်မှ ရှောင်ထွက်သွားနိုင်မှာဖြစ်သည်။


လီဝမ့်ကျင်း၏မျက်နှာထားသည် ရုတ်တရတ် ပြောင်းလဲသွားခဲ့သည်။ သူက အားဖျော့သောအသံဖြင့် ပြောလိုက်သည်။ "ကိုယ်က အဲ့လိုဆိုလိုတာ မဟုတ်ပါဘူးကွာ။"


ကျန်းယာ့ကောသည် အလွန်ကျိုးကြောင်းဆီလျော်သောမျက်နှာဖြင့် ပြောလိုက်သည်။ "ဖေဖေ သမီးကြောင့် ညီမလေးနဲ့ရန်မဖြစ်ပါနဲ့။ ဒါက သမီးအမှားပါ။"


ဖန့်ကျွင်းရုံသည် ခေါင်းညိတ်ပြီးပြောလိုက်သည်။ "ဟုတ်တယ်။ အဲ့တာ မင်းအမှားပဲ။ ဝမ့်ကျင်းက မင်းမရောက်ခင်က ရှင်းယွင်ကို ဒီလိုမျိုးမပြောဖူးဘူး။" လီဝမ့်ကျင်းသည် ဖခင်ကောင်းတစ်ဦး ဖြစ်ခဲ့ဖူးခြင်း မရှိသော်လည်း အတိတ်တွင် အနည်းဆုံး သူသည် အမြဲတမ်း ဦးစားပေးခဲ့သည်။


လီရှင်းယွင်သည် ကျန်းယာ့ကောအား စိုက်ကြည့်၍ ပြောလိုက်သည်။ "အသေအချာပဲ။ ငါ့အဖေက နင်ရောက်လာပြီးကတည်းက နေ့တိုင်းငါ့ကို ပြဿနာရှာခဲ့တယ်။ ငါ့အစား နင်ကသာ သူ့သမီးရင်း ဖြစ်တယ်လို့တောင် ထင်မိတယ်။"


လီရှင်းယွင်ဟာ ဒီလိုမျိုး တစ်ခါမှ မဆက်ဆံခဲ့ရဖူးဘူး။


ဖြစ်ကောင်းဖြစ်နိုင်တာက ဖန့်ကျွင်းရုံက ယခုအချိန်တွင် အိမ်သို့ ပြန်ရောက်နေသောကြောင့် လီဝမ့်ကျင်းသည် သူ အစောပိုင်းကလို တူညီသောအပြုအမူကို မပြုဝံ့ချေ။ သူက အလွန်အေးဆေးညှင်သာသောအသံဖြင့် ပြောလိုက်သည်။ "ရှင်းယွင်ရဲ့မွေးနေ့ ဩဂုတ်၁၆ရက်က ယာ့ကောမိဘတွေရဲ့ နှစ်ပတ်လည်နေ့လေ။ ယာ့ကော စိတ်မကောင်းဖြစ်မှာဆိုးလို့ ကိုယ်တို့ ဒီနှစ်မွေးနေ့ကို ဖျက်သိမ်းသင့်တယ်လို့ ကိုယ်ထင်တယ်။"

"ယာ့ကောရဲ့မိဘတွေက ကျွန်မတို့ရဲ့ အကြီးအကဲတွေလား။ ကျွန်မတို့မိသားစုလုံးက သူတို့ရဲ့‌သေဆုံးခြင်းနှစ်ပတ်လည်နေ့ကို ကျင်းပပေးဖို့ လိုအပ်သေးတာလား။"


ငရဲကို သွားလိုက်။ သူက ဘာစကားတွေ လာပြောနေတာလဲ။


လီဝမ့်ကျင်းသည် အမှားလုပ်မိသွားသလို ခံစားလိုက်ရပြီး စကားလုံးအနည်းငယ်ကို အထစ်ထစ် အငေါ့ငေါ့ ပြောမိသည်။ "ကိုယ်က အဲ့လို ဆိုလိုချင်တာ မဟုတ်ရပါဘူးကွာ..."


ဖန့်ကျွင်းရုံသည် သူမနှုတ်ခမ်းကို အနည်းငယ်စုဝိုင်း၍ မေးလိုက်သည်။ "ဒါက ရှင့်ရဲ့အကြံဉာဏ်လား။ ယာ့ကောရဲ့အကြံဉာဏ်လား။"


"ဒါက ကိုယ့်အကြံဉာဏ်ပါကွာ။ ယာ့ကောက ဘယ်တော့မှ အဲ့လိုမတွေးခဲ့ဖူးဘူး။" ဟု လီဝမ့်ကျင်းက ပြောသည်။