အခန်း ၂၁
Viewers 25k

အခန်း(၂၁) သို့သော် ဒီအရာက နောက်ဆုံးအချိန်ဖြစ်လိမ့်မည် (၁)


"အိုး ဒီလက်‌ကောက်လေးက လှလိုက်တာ"


လီရှင်းယွင်သည် သူမမိခင်ပေးသော ကျောက်စိမ်းလက်ကောက်လေးကို ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။ "ဒါက ရေခဲကျောက်စိမ်း၊ ဟုတ်တယ်မလား။" လီအိမ်တော်၏ သခင်မလေးအနေဖြင့် သူမသည် ရတနာများနှင့် ကျောက်မျက်ရတနာများအပေါ် အနည်းအများတော့ သုံးသပ်နိုင်သည်။


ဖန့်ကျွင်းရုံသည် သူမနှုတ်ခမ်းလေးအနည်းငယ်တွန့်ကွေးသွားကာ ပြောလိုက်သည်။ "ဟုတ်တယ်၊ ရေခဲကျောက်စိမ်းပဲ။"


"ဒါလေးက ပုံမှန်ရေခဲကျောက်စိမ်းတွေထက် ပိုကောင်းတယ်လို့ သမီးခံစားရတယ်။ ဒီဟာက ဖန်ကျောက်စိမ်းအရည်အသွေးကိုတောင် မှီလုနီးပါးပဲ။"


"သမီးမွေးနေ့ကျရင် မေမေက ဒီဟာထက်ပိုကောင်းတာကို ပေးမယ်။" ထိုသားအဖနှစ်ဦးအတွက် ငွေကိုစုဆောင်းထားမည့်အစား သူမသည် ပိုက်ဆံအားလုံးကို အကုန်သုံးခဲ့သည်။


လီရှင်းယွင်၏မျက်လုံးလေးများသည် ကွေးညွှတ်နေသောကြောင့် သူမကို ပုံမှန်ထက် နူးညံ့သိမ်မွေ့သောပုံရှိနေသည်။ "ကျေးဇူးပါ၊ မေမေ။"


ဧည့်ခန်းထဲတွင် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကို ပြန်သတိရမိတော့ လီရှင်းယွင်သည် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "မေမေ ဖေဖေကဘာတွေလုပ်နေတာလဲ။ ကျန်းယာ့ကော ရောက်ရှိလာပြီးကတည်းက သူက သမီးကို အသေးအဖွဲကအစ ပြဿနာရှာနေတယ်။"


လီရှင်းယွင်သည် သူမဖခင်၏ဘက်လိုက်သော ဆက်ဆံရေးကြောင့် မပျော်ရွှင်ချေ။ သို့သော် သူမ၏ကိုယ်‌ရည်ကိုယ်သွေးအရ သူမသည် နောက်ကျော်ပေးမထားနိုင်တဲ့အပြင် ပို၍ပင် တုံ့ပြန်ရန်လိုတိုက်ခိုက်လိုခဲ့သည်။ ဒါက သူမအဖေနှင့် ပထမဦးဆုံးရန်ပွဲတော့ မဟုတ်ခဲ့ပေ။ သူတို့သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ရန်ပွဲများ အများအပြားရှိခဲ့ကြသည်။


သူမသည် သူမအိမ်က အိမ်ဆိုသည့်ခံစားချက် အနည်းငယ်တောင် မခံစားခဲ့ရပေ။


ဖန့်ကျွင်းရုံသည် အမှုမထားသလို ပြောလိုက်သည်။ "သူ့ကိုစိတ်ထဲမထားနဲ့။ သမီးမှာ မေမေရှိတယ်လေ။"


လီရှင်းယွင် ဒီအကြောင်းကို အနည်းငယ် စဉ်းစားပြီးတော့ ပြန်ဖြေလိုက်သည်။ "ဒါက မှန်တယ်။" ထို့နောက် သူမက ဆက်ပြောသည်။ "မေမေက ပိုပြီးအမြင်ကောင်းတယ်။ ကျုံးရီက ကျန်းယာ့ကောထက် ပိုကောင်းတယ်။ အနည်းဆုံးတော့ သူမကို သမီးက နေ့စဉ်နေ့တိုင်း အနိုင်ကျင့်နေတာ ခံနေရသလိုမျိုး မလုပ်တတ်ဘူး။"


သူမသည် ယခင်က ကျုံးရီကို အထွေအထူး မနှစ်သက်ခဲ့ပါ။ သို့သော် ယခု ကျန်းယာ့ကောနှင့် ဆန့်ကျင်ဖက်အနေဖြင့် ကျုံးရီအပေါ် ထားရှိသော နှစ်လိုမှုသည် တဖြည်းဖြည်း မြှင့်တက်လာခဲ့သည်။


ဖန့်ကျွင်းရုံသည် ပြုံး၍ပြောလိုက်သည်။ "ဟုတ်ပါပြီ၊ သူမကို အနိုင်မကျင့်နဲ့နော်။"


"သမီး သူမကို အနိုင်မကျင့်ပါဘူး။ သမီးက သူမအပေါ် အရမ်းကောင်းပါတယ်‌နော်။" လီရှင်းယွင်သည် သူမပြောနေသည့်စကားတစ်ဝက်အရောက်မှာပင် ဒီနေ့ ဖန့်ကျွင်းရုံ၏မျက်နှာသည် ယခင်ကနှင့်မတူကြောင်း သတိပြုမိသွားခဲ့သည်။ "အာ... မေမေ အလှကုန်ပစ္စည်းအသစ်တစ်ခုကို ပြောင်းလိုက်တာလား။ မေမေအသားအရေက ဘယ်လိုတောင် ပိုပိုပြီးကောင်းလာတာလဲ။ မေမေ ဒီနေ့ လိမ်းထားတဲ့မိတ်ကပ်က အရမ်းသဘာဝကျတယ်။"


ကလေးတစ်ယောက်လို အသားအရေလား။


သူမသည် ယနေ့ မိတ်ကပ်လုံးဝမလိမ်းထားပေ။


ဖန့်ကျွင်းရုံသည် အမှုမထားသလို ပြောလိုက်သည်။ "မဟုတ်ဘူး။ တကယ် ဘာမှမလိမ်းထားဘူး။ မေမေမျက်နှာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတစ်ခုကိုပဲ အနည်းငယ်သုံးထားတာ။ အဲ့တာ အကုန်ပဲလေ။"


"ဘယ်ဟာလဲဟင်။ သမီလည်း အဲ့တာကို စမ်းကြည့်ချင်တယ်။" လီရှင်းယွင်၏အာရုံစူးစိုက်မှုဟာ လျင်မြန်စွာပဲ လမ်းကြောင်းပြောင်းသွားခဲ့သည်။


ဖန့်ကျွင်းရုံသည် သူမကို အနည်းငယ်ချော့မော့ခဲ့ပြီး နောက်ဆုံးတွင် သူမ၏ခံစားချက်ကို ပိုမိုကောင်းမွန်လာစေခဲ့သည်။ ဖန့်ကျွင်းရုံသည် သူမကျန်းမာရေးစစ်ဆေးချက်အစီရင်ခံစာကို ရလာသည့်တိုင်အောင် စောင့်ရန် အစီအစဉ်ချခဲ့သည်။ အားလုံးအဆင်ပြေနေခဲ့ရင် သူမသည် သူမသမီးကို အလှအပဆေးပြားကို သုံးကြည့်စေပြီးတော့ သူမမွေးနေ့ပွဲမှာ အလှပဆုံးမိန်းကလေးဖြစ်စေချင်သည်။


သူမသမီးကို တစ်နေရာရာကို ခရီးထွက်ချင်လားဟုမေးခဲ့သော်လည်း လီရှင်းယွင်သည် ထိုအကြံဉာဏ်ကို ချက်ချင်းငြင်းပယ်ခဲ့သည်။ သူမ၏အဆိုအရ ခုနောက်ပိုင်းတွင် နေပူပိုပြင်းလာခဲ့သည်။ ယခုအချိန်ခရီးသွားလိုက်ပါက သူမအသားအရေသည် အခြားသူတွေထက် ပိုမည်းသွားလိမ့်မည်။ သူမရဲ့ကိုယ်ပိုင်မွေးနေ့ပွဲလေးမှာ သူမက အနက်ရောက်ငန်းတော့ မဖြစ်ချင်ဘူး။ ဖန့်ကျွင်းရုံသည် အားလုံးပြီးသွားသည့်နောက် လီရှင်းယွင်၏စိတ်ဝင်စားမှုကို ရရှိသွားစေပြီးတော့ သူမကို ပြဿနာအမှိုက်များကို မယူသွားစေခဲ့ပေ။


ထို့နောက် ဖန့်ကျွင်းရုံသည် ရှုဝေဝေနှင့်တွေ့ရန် ကြိုးကြာဖြူသို့ သွားခဲ့သည်။ ရှုဝေဝေသည် အရည်အချင်းရှိသူဖြစ်ပြီး နောက်ဆုံးနှစ်အနည်းငယ်အတွင်းကအကြောင်းများ အားလုံးနီးပါးကို စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။


သူမသည် ဖန့်ကျွင်းရုံ၏ မျက်နှာချင်းဆိုင်တွင်ထိုင်ကာ အချက်အလက်တစ်ခုကို တိုက်ရိုက်ညွှန်ပြခဲ့သည်။ "လီဝမ့်ကျင်းအတွက် အဲဒီပန်းချီကားတွေကိုဆွဲပေးနေတဲ့ ပန်းချီဆရာနာမည်က ‌ဟဲမင်တဲ့။ သူက လွန်ခဲ့သောဆယ်နှစ်အကြာကပင် လီဝမ့်ကျင်းအတွက် ပန်းချီဆွဲပေးခဲ့တယ်။ လီဝမ့်ကျင်းက အဲ့သည့်ငွေ‌တွေကို ဟဲမင်ဆီ အမြဲလွှဲပြောင်းပေးခဲ့ပြီးတော့ ဟဲမင်က အဲ့ငွေတွေကို လီဝမ့်ကျင်းပိုင်တဲ့ အခြားကဒ်တစ်ခုကို ပြန်လွှဲပေးရတယ်။ ဟဲမင်အပြင် တခြားပန်းချီဆရာတစ်ယောက်လည်းရှိပေမယ့် လွန်ခဲ့သောသုံးနှစ်က ပျောက်သွားခဲ့တယ်။ သူက ပျောက်ကွယ်သွားချင်လို့ ပျောက်ကွယ်သွားတာ မဖြစ်နိုင်ဘူး။ သူက ဒီအရောင်းအဝယ်ကို ရပ်တန့်လိုက်တာကြောင့် ဖြစ်နိုင်တယ်။ လီဝမ့်ကျင်းက ပန်းချီကားတိုင်းအတွက် ယွမ်ငါးသောင်းစီပဲ ပေးခဲ့တယ်။"


ဖန့်ကျွင်းရုံ၏မျက်လုံးများသည် တဖျတ်ဖျတ်လှုပ်ခတ်သွားခဲ့သည်။ "ဒီကပ်စေးနဲ အယုတ်တမာကောင် သူက ပန်းချီကားတစ်ခုစီအတွက် ယွမ်ငါးသောင်းပဲ ပေးရတယ်။"


နှစ်များတစ်လျှောက်တွင် ထိုဟဲမင်သည် လီဝမ့်ကျင်းအတွက် ပန်းချီကားအနည်းဆုံး အချပ်ငါးဆယ်‌ေလာက် ဆွဲပေးခဲ့သည်။


ရှုဝေဝေက အနည်းငယ်စဉ်းစားပြီး ပြောလိုက်သည်။ "ပြောရမယ်ဆိုရင် ဒီနယ်ပယ်ကဉပဒေဟာ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းမှာ ပြောင်းလဲသွားခဲ့တယ်။ အခု‌ အတုတွေရောငးတာ တရားမဝင်တော့ဘူး။"


ဖန့်ကျွင်းရုံသည် ခေါင်းညိတ်လိုက်သည်။ "ရှေးဟောင်းပစ္စည်းအသိုင်းအဝိုင်းမှာ အတုတွေနဲ့ တွေ့ကြုံရတာက ကိုယ်ပိုင်အမှား‌ကြောင့်ပဲ။ ဒါက စကားအဖြစ်မပြောကြတဲ့ စည်းမျည်းပဲ။ နောက်ဆုံးတော့ ဉပဒေက ဒါကိုပြောထားခဲ့ပြီပဲ။"


သူတို့ပြောနေသည့်ပမာဏနဲ့ဆိုရင် ဟဲမင်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်။