အခန်း ၂၃
Viewers 26k

အခန်း(၂၃) သို့သော် ဒီအရာက နောက်ဆုံးအချိန်ဖြစ်လိမ့်မည် (၃)


ကျုံးရီသည် သူမအခန်းထဲတွင် ပန်းချီဆွဲနေခဲ့သည်။ သူမသည် ကလပ်မှာလုပ်နေသည့်အလုပ်ကနေ ထွက်ခဲ့ပြီး နေ့တိုင်းဆေးရုံတွင် သူမအဖွားအား သွားရောက်ပြုစုခဲ့သည်။ သူမသည် လီအိမ်တော်မှာရှိတဲ့ အားလပ်ချိန်တိုင်းတွင် ပန်းချီဘယ်လိုဆွဲရမယ်ဆိုတာကို လေ့လာသင်ယူခဲ့သည်။ သူမက အရင်ကပင် ပန်းချီဆွဲရသည်ကိုနှစ်သက်ခဲ့ပေမယ့် ထို့အတွက် သင့်တော်သော လေ့ကျင့်သင်ကြားရန် အရင်းအမြစ်များကို မတတ်နိုင်ခဲ့ပါ။ ယခု သူမကို အခွင့်အလမ်းပေးလာသည့်အခါတွင်တော့ သူမသည် သူမ၏လက်ရှိဘဝကို အထူးတန်ဖိုးထားခဲ့သည်။


သူမပန်းချီဆွဲနေတာ တစ်ဝက်အရောက်တွင် သူမလက်ကိုင်ဖုန်းသည် တုန်ခါလာခဲ့သည်။


ကျုံးရီသည် သူမဖုန်းကိုဖွင့်ကြည့်လိုက်သောအခါ သူမမွေးစားမိခင်က ဗီဒီယိုမှတ်တမ်းနှစ်ခုအား ပေးပို့ထားသည်ကို သတိပြုမိလိုက်သည်။


ဆယ်မိနစ်ခန့်အကြာတွင် သူမ၏ဖုန်းမျက်နှာပြင်သည် ပိတ်သွားခဲ့သည်။ သူမသည် business cardပျောက်ဆုံးသွားပြီးနောက်တွင် သူမမှာ ထင်မြင်ချက်အချို့ရှိခဲ့သည်။ သူမသည် သူမသူငယ်ချင်းကောင်းကို သံသယဖြစ်ခဲ့ပြီး အခြားတစ်ဖက်တွင်မူ သူမသူငယ်ချင်းကို သံသယဖြစ်ခြင်းသည် အလွန်မှားယွင်းပြီးဆိုးသွမ်းသည် ဟုခံစားခဲ့ရသည်။ ထို့အစား သူမက ထိုကဒ်ပြားကို သူမကိုယ်တိုင် နေရာအထားမှားတာဖြစ်နိုင်သည်ဟု တွေးတောခဲ့သည်။


ကျန်းယာ့‌ကောက သူ့မအပေါ် ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ ကျုံးရီသည် သူတို့နှစ်‌ဦးက သူငယ်ချင်းကောင်းများဖြစ်သည် ဟုတွေးထားခဲ့သည်။


သူတို့ကျောင်းတက်တုန်းက ကျုံးရီနှင့်ကျန်းယာ့ကောသည် တစ်ယောက်နှင့်တစ်ယောက် သိပ်မရင်းနှီးကြ‌ခဲ့ကြပါ။ သူတို့နှစ်ဦးစလုံးကို အခြားသူများက တော်တော်လေးလှပသည် ဟုနှိုင်းယှဉ်သုံးသပ်ခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးသည် ကြိုးကြာဖြူကလပ်တွင် အတူအလုပ်လုပ်ကိုင်ပြီး ထိုလျှို့ဝှက်ချက်က သူတို့နှစ်ဦးကို အတူတကွစည်းလုံးစေခဲ့သည်။



ကျုံးရီ၏အမြင်တွင် ကျန်းယာ့ကောသည် အရမ်းနုံအသည်။ ကျန်းယာ့ကော၏ပင်ကိုယ်စရိုက်သည် အရမ်းရိုးသားပြီးတော့ သူမကို အနိုင်ကျင့်ဖို့ အရမ်းလွယ်ကူလွန်းသည်။ သူမသည် ကျုံးရီကို သူမအားကာကွယ်စေခဲ့ပြီး ကျုံးရီကလည်း ကာကွယ်ပေးခဲ့လေသည်။


ရုတ်တရတ် အသစ်တွေ့ရှိထားတဲ့ အဖြစ်အပျက်တွေက ကျုံးရီခေါင်းကို ပေါက်ကွဲသွားစေပြီး ခေါင်းတစ်ခုလုံးကို ဗလာဖြစ်သွားစေခဲ့သည်။ သူမသည် ကျန်းယာ့ကောနှင့် ရှေ့ဆက် ဘယ်လိုမျိုး မျက်နှာချင်းဆိုင်သွားသင့်လဲ ဆိုတာကို မစဉ်းစားတတ်တော့ချေ။


ကျုံးရီသည် တံခါးခေါက်သံကြားရပြီးနောက် သတိပြန်ဝင်လာခဲ့သည်။


"ငါ နင်ကြိုက်တဲ့အသီးအချို့ကို လှီးလာခဲ့တယ်။ ငါ အထဲကို ဝင်လာလို့ရလား။" အပြင်ကနေ ကျန်းယာ့ကော၏နူးညံ့သောအသံလေးဟာ ဝင်လာခဲ့သည်။


ကျုံးရီသည် တံခါးကိုဖွင့်လိုက်ပြီး အပြင်ဖက်က ကျန်းယာ့ကာရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ ကျန်းယာ့ကောသည် Chanelမှ ရာသီအတွက် ထွက်ရှိထားသည့် နောက်ဆုံးပေါ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျုံးရီမှတ်မိနေခဲ့သည့် အပြုံးတွေလိုပင် သူမသည် စင်ကြယ်သောအပြုံးလေးဖြင့် ရပ်နေခဲ့သည်။


"အိုး... နင် တစ်နေ့လုံး ပန်းချီပဲဆွဲ‌မနေနဲ့လေ။ နင်အနားယူဖို့ အချိန်လည်းထားဖို့ လိုအပ်တယ်။ ကိုယ့်ကိုကိုယ် အရမ်းပင်ပန်းအောင် အခုလို တွန်းအားမပေးပါနဲ့။"


သူမ၏ အပြုအမူများနှင့် စကားများဟာ အလွန်စဉ်စားပေးနေဟန် ရှိကြသည်။


"ယာ့ကော... ငါ့ business cardကို ခိုးတဲ့သူကို ရှာတွေ့ခဲ့ပြီ။"


ကျန်းယာ့ကောသည် သံသယဖြစ်ဖွယ် မျက်နှာပျက်သွားတာမျိုးမရှိပဲ အလွန်ရိုးစင်းသော မျက်နှာလေးဖြင့် ကျုံးရီကို ကြည့်လိုက်သည်။ "ငါက နင်ကိုယ်တိုင်ပဲ နေရာမှားထားတယ်လို့ ထင်ခဲ့တာ။"


ကျုံးရီက မေးလိုက်သည်။ "ငါကဒ်‌ပျောက်သွားတာကို ငါတို့သူဌေးဆီ သွား‌မေးခဲ့တယ်။ သူမက ငါ့အတွက် စီစီတီဗွီမှတ်တမ်းကို စစ်ကြည့်ပေးခဲ့တယ်။ ကောယန် အဲ့တာကို ယူခဲ့တာပဲ။"


ကျန်းယာ့ကော၏ပန်းရောင်နှုတ်ခမ်းပါးလေးသည် ‌အနည်းငယ်ပွင့်ဟသွားခဲ့ပြီး သူမသည် ဒေါသထွက်သွားပုံရသည်။ "ငါ ဘယ်တော့မှ မတွေးမိခဲ့ဘူး။ သူမကို ကြင်နာတတ်တဲ့ လူတစ်ဦးလို့ ထင်ခဲ့တာ။ အဲ့လိုလူမျိုးဖြစ်နေမယ်လို့ မထင်ထားမိခဲ့ဘူး။"


ကျုံးရီသည် ကျန်းယာ့ကောအား စေ့စေ့စပ်စပ်ကြည့်နေခဲ့ပြီး သူမမျက်နှာပေါ်က အမူအရာသေးသေးလေးကိုမှ လက်လွတ်မသွားလိုပါ။ "ကောယန်က ဒါကို ဝန်ခံခဲ့ပြီးပြီ။ သူမက ဒီအကြောင်းကို သူ့ကို ပြောပြခဲ့တာ နင်လို့ ပြောခဲ့တယ်။" သူမသည် ကျန်းယာ့ကောအား စကားလုံးများဖြင့် လှည့်စားရန် ကြိုးစားသော်လည်း ကျန်းယာ့ကောသည် ထိုသို့ပြုလုပ်လိမ့်မည်မဟုတ်ဟု သူမစိတ်အတွင်းထဲကနေ ယုံကြည်ထားနေဆဲပင်။


"သူမက လိမ်နေခဲ့တာ။ နင် ကောယန်ကို ယုံတယ်လား။ နင် ငါ့‌ေဘးမှာပဲ အမြဲတမ်းရှိနေမယ်လို့ ငါထင်ခဲ့တာ။" ကျန်းယာ့ကောသည် ပြောရင်း ဝမ်းနည်းလာပုံရကာ သူမမျက်လုံးများကနေ မျက်ရည်များစတင်စီးကျလာခဲ့သည်။ "ကောယန်က ဒီရက်အနည်းငယ်အတွင်းမှာ နင်ပျော်နေတာကိုမြင်တော့ ဘာကြောင့်လဲဆိုတာကို သူမ သိချင်လာပြီး ငါ့ကို လာမေးခဲ့တယ်။ မေမေကနင့်ကို မွေးစားဖို့ပြောခဲ့တယ်ဆိုတာကို သူမကိုပြောပြလိုက်တာပါဟယ်။"


သူမသည် သူမ၏အောက်နှုတ်ခမ်းကို သွားဖြင့်ကိုက်ကာ နာကျင်ဝမ်းနည်းနေသောအကြည့်ဖြင့် ကြည့်လိုက်သည်။ "သူမက အရမ်းမနာလိုဖြစ်ပြီး နင့်ကဒ်ကိုခိုးခဲ့မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး။"


"ကောယန်က နင့်ကို အမြဲတမ်း အထင်သေးတယ်။ ဒါကြောင့် သူမကို ငါက အဲ့အကြောင်းကို ပြောခဲ့တာ။"


"ငါ တောင်းပန်ပါတယ်။ ငါက တခြားသူတွေကို အရမ်းယုံကြည်မိတယ်လို့ထင်တယ်။ ဒါက ငါ့အပြစ်ပါပဲ။"


ကျုံးရီက ဒီအတွက် ဘာဆက်ပြောရတော့မှာလဲ။ စီစီတီဗွီမှတ်တမ်းအရ ကောယန်သည် business cardကို မည်သည့်နေရာတွင် ရှာဖွေရမည်ဆိုတာကို အတိအကျသိနေကြောင်း ထင်ရှားသည်။ ကျန်းယာ့ကောက သူမအား မပြောပြခဲ့လျှင် သူမ မည်သို့ သိနိုင်မည်နည်း။


ကျန်းယာ့ကောသည် ဝန်ခံ၍ တောင်းပန်ခဲ့လျှင် သူမသည် ခွင့်လွှတ်ပေးနေနိုင်ဆဲ ဖြစ်သည်။ ဒါပေမယ့် အခုတော့ ကျန်းယာ့ကောသည် သူမရှေ့တွင် လိမ်လည်ပြောဆိုခဲ့သည်။ ကျုံးရီသည် သူမ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချခဲ့လိုက်သည်။


ကျန်းယာ့ကော၏မျက်လုံးများတွင် မျက်ရည်များစီးကျလာခဲ့သည်။ "နင် ငါ့ကို မယုံဘူးလားဟင်။"


ကျုံးရီသည် သူမမျက်လုံးကို ခဏလောက် မှိတ်လိုက်သည်။ သူမသည် သူတို့ကို ပြန်ဖွင့်လိုက်တဲ့အခါ သူမသည် လေသံအေးအေးလေးဖြင့် ပြောလိုက်သည်။ "ငါ နင့်ကို ဒီတစ်ကြိမ်တော့ ယုံကြည်ပေးလိုက်မယ်။"


သို့သော် ဒါက နောက်ဆုံးအကြိမ်ပင် ဖြစ်လိမ့်မည်။