အခန်း ၂၇
Viewers 27k

အခန်း(၂၇) သူ အရမ်းဒေါသထွက်ပြီး ဆဲလ်ဖုန်းကိုပေါက်ခွဲခဲ့တယ် (၁)


ကျုံးရီသည် ဝတ်စုံအနည်းငယ်ကို ရွေးချယ်ပြီးတဲ့နောက် ဖန့်ကျွင်းရုံက ဖုန်းခေါ်ဆို၍ ဝတ်စုံတွေကို တတ်နိုင်သမျှ အမြန်ဆုံးပို့ပေးဖို့ အဝတ်အစားစီစဉ်သူ‌တွေကို ပြောလိုက်သည်။


ဖန့်ကျွင်းရုံသည် သူမအခန်းထဲသို့ပြန်ဝင်ပြီးနောက် မကြာမီတွင် လီဝမ့်ကျင်းသည် သူမအခန်းတံခါးကို ခေါက်လိုက်သည်။


ဖန့်ကျွင်းရုံက တံခါးကိုဖွင့်ပေးလိုက်တော့ လီဝမ့်ကျင်းသည် သဘာဝကျစွာ လမ်းလျှောက်ဝင်လာခဲ့သည်။ သူမသည် သူ့ကိုယ်ပေါ်ကနေ အလွန်သိမ်မွေ့သော ရေမွှေးအနံ့ကိုရလိုက်တော့ ကျန်းယာ့ကောအဒေါ် ဝမ်စစ်ရှန်းနှင့် တွေ့ဆုံပြီးပြီဆိုတာကို သိလိုက်ရသည်။ သူမသည် ဒါတွေကို အကုန်လုံးကို စီစဉ်ထားသောသူဖြစ်သည်။


အမှန်တရားကတော့ သူမ အများကြီးလုပ်စရာပင် မလိုပေ။ သူမ လုပ်ရန်လိုအပ်သမျှက‌တော့ တစ်စုံတစ်ယောက်ကို "လီဝမ့်ကျင်း၏ လရောင်ဖြူလေးသည် ဝမ်စစ်အာဖြစ်ပြီးတော့ လီဝမ့်ကျင်းနှင့်သူ့ဇနီးတို့၏ဆက်ဆံရေးက ပိုဆိုးလာခဲ့တယ်" ဟူသောအချက်နှစ်ချက်ကို ဝမ်စစ်ရှန်းရှေ့တွင် ပြောဆိုစေရန်ဖြစ်သည်။


သူမသာ ထိုအကြောင်းအား ဟဲမင်ကိုမပြောဆိုခဲ့လျှင် ဟဲမင်သည် ဝမ်စစ်ရှန်းအကြောင်းကို လီဝမ့်ကျင်းထံ ယူဆောင်လာပေးနိုင်မှာ မဟုတ်ပေ။


ဝမ်စစ်ရှန်းသည် ပြည်ပတွင် သူမဖာသာသူမ ခက်ခက်ခဲခဲ ရပ်တည်နေခဲ့ရသည်။ သူမကို အသက်ကယ်ပေးနိုင်သည့်ကောက်ရိုးစကို ကြားသိလိုက်ရသောအခါ ဘယ်နည်းနဲ့မှ ထိုအခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။ နောက်ဆုံးတော့ ဖန့်ကျွင်းရုံယခင်ဘဝတုန်းက လီဝမ့်ကျင်းသည် သူမအသွင်အပြင်ကို မကြိုက်နှစ်သက်ပဲ ဝမ်စစ်အာ၏အသွင်အပြင်ကိုပဲ အရူးအမူးစွဲလမ်းနေခဲ့တာလား။


ဖန့်ကျွင်းရုံသည် စက်ဆုပ်ရွံ့ရှာဖွယ်ခံစားချက်ကို ချုပ်တည်းထားရင်း အေးဆေး‌တည်ငြိမ်သောအသံဖြင့် မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ"


လီဝမ့်ကျင်းသည် ခဏတောက်တန့်သွားသော်လည်း သူသည် လျင်မြန်စွာ ပုံမှန်အတိုင်း ကြင်နာတတ်သောအပြုံးကို ချိတ်ဆွဲထားလိုက်‌သည်။ "အခု ကိုယ်တို့စာအုပ်ထဲမှာ သုံးနိုင်မယ့်ငွေ ဘယ်လောက်ရှိလဲ။"


"အိုး... ယွမ် ခုနစ်ဘီလီယံနှင့် ရှစ်ဘီလီယံကြားလောက် ဖြစ်နိုင်တယ်" ဟု ဖန့်ကျွင်းရုံက ပြောသည်။ အရင်က ဒီထက် ပိုများနေခဲ့ပေမယ့် မကြာသေးမီက သူမသည် ရွှေငွေလက်ဝတ်ရတနာများ စသည်တို့ကို တက်ကြွစွာ ဝယ်ယူခဲ့ပြီး သူတို့ထဲက အချို့တဝက်ကို ဒီစာအုပ်ထဲကနေ သုံးစွဲခဲ့သည်။


လီဝမ့်ကျင်းသည် အနည်းငယ်မျက်မှောင်ကြုံလိုက်မိသည်။ သူမျှော်လင့်ထားတဲ့ပမာဏထက် ပိုနည်းနေတာပဲ။ သူက အနည်းဆုံး ဆယ်ဘီလီယံကျော်ရှိလိမ့်မယ်လို့ထင်ထားခဲ့တာဖြစ်သည်။


"ရှင် ရှေးဟောင်းပစ္စည်းတွေနဲ့ ပန်းချီကားတွေ ထပ်ဝယ်ချင်ပြန်တာလား။ ဒီနှစ်တွေထဲမှာ ရှင် အများကြီး ဝယ်ခဲ့ပြီးပြီမဟုတ်ဘူးလား။ သူတို့ကိုတွက်ကြည့်ရင် အခု‌လောက်ဆို ဘီလီယံဆယ်ချီလောက်ရှိရောပေါ့။" ဟု ဖန့်ကျွင်းရုံက ပြော‌ေလသည်။


လီဝမ်ကျင်း၏နှလုံးသားသည် အေးကနဲ ဖြစ်သွားခဲ့သည်။ သူက ဖန့်ကျွင်းရုံသည် ဒါကို အာရုံစိုက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ့မျက်နှာက ခဏတာအေးခဲသွားပြီးနောက် မြန်မြန်ဆန်ဆန်ပြန်ပြင်လိုက်ပြီး ပြောလိုက်သည်။ "ကိုယ့်ရဲ့စုဆောင်းမှုအများဆုံးက ရှုဖန့်ဝမ်ရဲ့လက်ရာတွေပဲ။ သူ့အနုပညာလက်ရာတွေတန်ဖိုးက နောက်ဆို ကမ္ဘာနှင့်တစ်ဝန်း ကျော်ကြားသထက်ကျော်ကြားလာလိမ့်မယ်။ ဒါက တကယ်တော့ ရင်းနှီးမြှုပ်နှံမှုတစ်မျိုးပါပဲ။ ကိုယ်တို့ ဒါတွေကိုပြန်ရောင်းချတဲ့အခါ စတော့ဈေးကွက်ထဲမှတစ်ပါး အခြားနေရာတွေမှာ အမြတ်အစွန်းအများကြီး ပိုရလိမ့်မယ်။"


လီဝမ့်ကျင်းက သူ့တို့မိသားစုအတွက် ငွေရှာရုံမျှသာဟု သူက နည်းလမ်းတကျပြောခဲ့သည်။


"မင်း 'မြစ်ကမ်းဘေးကဆီးနှင်း'ဆိုတဲ့ ရှုဖန့်ဝမ်ရဲ့လက်ရာကို ကြားဖူးတယ် ဟုတ်တယ်မလား။ ကိုယ် အခု မူရင်းဝယ်သူနှင့် အဆက်အသွယ်ရခဲ့တယ်။ သူ့မိသားစုစီးပွားရေးအတွက် ငွေ‌လိုနေတော့ အခု ရောင်းဖို့ရည်ရွယ်ချက်ရှိတယ်တဲ့။ သူ့မှာ အခြားလူသိများတဲ့ ပန်းချီကားအချို့လည်း ရှိပြီး‌တော့ အဲ့တာတွေကိုပါ အတူရောင်းဖို့ စိတ်ဝင်စားနေတယ်။ သူတို့အတွက်ပါ တစ်ဘီလီယံခွဲ ထပ်ပေါင်းပေးဖို့ပြောတယ်။ ဒါက သေးငယ်တဲ့ပမာဏ မဟုတ်တော့ ကိုယ် မင်းနဲ့ အရင်ဆုံး တိုင်ပင်ကြည့်တာ။"


အကယ်၍ ၎င်း‌ငွေပမာဏသည် မီလီယံဆယ်ချီလောက်မျှသာဖြစ်ခဲ့လျှင် သူသည် သူမနှင့် စကားပြောဖို့ စိတ်နှောင့်အယှက်အဖြစ်ခံလိမ့်မည်မဟုတ်သော်လည်း ဒါက ငွေပမာဏအများကြီးဖြစ်သည်။ သူက ပထမဦးဆုံး သူမခွင့်ပြုချက်ရဖို့ လိုအပ်လေသည်။


ဖန့်ကျွင်းရုံသည် အကျယ်ကြီး အော်ရယ်ပြစ်လိုက်ချင်ခဲ့သည်။ သူမသည် သူမအကြည့်ကို အောက်သို့ပို့လိုက်ကာ ပြောလိုက်သည်။ "ရှင် သိပါတယ်။ ကျွန်မတို့ရှိသမျှငွေ‌ကြေးအားလုံးကို မဖြုန်းတီးနိုင်ဘူး။ ရင်းနှီးမြှုပ်နှံဖို့အတွက်ဆိုရင်တော့ အိမ်ခြံမြေဝယ်တာက ပိုကောင်းတယ်။ အနာဂတ်အတွက် ကျွန်မတို့ အနည်းဆုံးတော့ ချွေတာသင့်တယ်လေ။"


"ကိုယ်သိပါတယ်" လီဝမ့်ကျင်းသည် ဒီအကြောင်းကို ဖန့်ကျွင်းရုံထံမပြောမီ ဤအရာအားလုံးကို စဉ်းစားထားခဲ့ပြီးဖြစ်သည်။ "ကိုယ်တို့ကုမ္ပဏီက စတော့ရှယ်ယာအချို့ကို ရင်းနှီးမြှုပ်နှံထားတယ်လို့ ကိုယ်ထင်တယ်။ ကိုယ်တို့ စတော့ရှယ်ယာအချို့ကို ငွေသားဖြင့် ရောင်းနိုင်တယ်လေ။ အဲဒီနောက် ကုမ္ပဏီကနေ ငွေအနည်းငယ် ထပ်ထည့်ဖို့‌တော့ လိုလိမ့်မယ်။"


ဟုတ်တာပေါ့။ ဒါက ဖန့်ကျွင်းရုံအတွက်လည်း အကြံဉာဏ်ကောင်းပဲ။ အကယ်၍ သူတို့က ထိုစတော့ရှယ်ယာများကိုမရောင်းချလျှင် သူတို့ကွာရှင်းချိန်မှာ စတော့ရှယ်ယာများကို 50/50 ခွဲယူနေရလိမ့်မယ်။ စတော့ရှယ်ယာများကို ယခုအချိန်မှာသာ ရောင်းချလိုက်လျှင် ငွေသားက သူမဆီကိုပဲ ရောက်လာလိမ့်မယ်။ သူမသည် ထိုစိတ်ကူးကို သဘောကျသော်လည်း မျက်မှောင်ကြုတ်ကာ စိုးရိမ်ပူပန်နေသော အမူအရာကို ပြုလုပ်ထားခဲ့သည်။


"ဒါက အန္တရာယ်များလွန်းတယ်။ ဒီလိုလုပ်သင့်တယ်လို့ ကျွန်မ မထင်ဘူး။" သူမသည် ခေါင်းခါယမ်းလိုက်ရင်း စိတ်ပိုင်းဖြတ်ထားပုံရသည်။


လီဝမ့်ကျင်းသည် သူမ သဘောတူလာအောင် သူစဉ်းစားမိသမျှအ‌ချက်များကိုပြောဆိုကာ စည်းရုံးသိမ်းသွင်းခဲ့သည်။ နောက်ဆုံးတွင် သူက သူမအတွက် ပစ္စည်းအချို့ဝယ်ယူရန် ယွမ်ငါးရာမီလီယံပါ ပိုထုတ်ယူ‌ပေးမည်ဟု ကတိပေးခါမှ ဖန့်ကျွင်းရုံသည် အင်တင်တင်ဖြင့် သဘောတူခဲ့သည်။


နောက်ဆုံး ဖန့်ကျွင်းရုံ ခေါင်းညိမ့်လိုက်ချိန်တွင် လီဝမ့်ကျင်းသည် မောပန်းအားကုန်သွားခဲ့သည်။ သူသည် သူ့ဇနီးက ယွမ်ငါးရာမီလီယံသာ ရခဲ့ပေမယ့် သူက ယွမ်တစ်ဘီလီယံခွဲ ရမှာဖြစ်ကြောင်းတွေးပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ ဘယ်သူပဲကြည့်ကြည့် သူက အကျိုးကျေးဇူး ပိုရရှိတယ်ဆိုတာကို သိနိုင်သည်။


သူက ဖန့်ကျွင်းရုံစိတ်ပြောင်းသွားပြီး ဒီကိစ္စကိုအချိန်ဆွဲမှာကို ဆိုးသည့်အတွက် ဖန့်ကျွင်းရုံထံမှခွင့်ပြုချက်ရသည်နှင့်တစ်ပြိုင်နက် အရောင်းအဝယ်ကိစ္စများကို စီစဉ်ခဲ့သည်။