အခန်း ၂၉
Viewers 25k

း(၂၉) သူ အရမ်းဒေါသထွက်ပြီး ဆဲလ်ဖုန်းကိုပေါက်ခွဲခဲ့တယ် (၃) လီဝမ့်ကျင်းသည် သူကိုယ့်သူ စိတ်ငြိမ်သက်အောင် မနည်းကြိုးစားနေခဲ့သည်။ အခုအချိန်မှာ ထိပ်တန်းဦးစားပေးကိစ္စအနေဖြင့် ဟဲမင်ကိုပြန်ရှာပြီးတော့ ပိုက်ဆံတွေပြန်ရဖို့လုပ်ရမှာပဲ။ သူ့ကို အနည်းငယ် ဦးနှောက်ရှုပ်စေခဲ့သည်။ ဟဲမင်က သူ့သားကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာလား။ ဟဲမင်၏သားလေးသည် ကျန်းမာရေးသိပ်မကောင်းတဲ့အပြင် အသက်ငယ်သေးသည်။ လီဝမ့်ကျင်း ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကလေးသည် ဟဲမင်၏ တစ်ဦးတည်းသောသားဖြစ်သည်။ လီဝမ့်ကျင်းသည် ထိုကလေးကို သေသေချာချာဖွက်ထားခဲ့သည်။ ဟဲမင်က သူ့ကို အပြင်မှာ တစ်ခါမှမမြင်ဖူးဘူး။ အများအားဖြင့် ဟဲမင်သည် သူ့သားကို ဗီဒီယိုဖုန်းခေါ်ဆိုမှုဖြင့်သာ တွေ့နိုင်သည်။ သူသည် တစ်ချိန်လုံး စိတ်ရှုပ်ထွေးနေခဲ့ပြီး‌‌နောက် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိခဲ့သည်။ သူက သူ့ဆဲလ်ဖုန်းကို စိတ်လှုပ်ရှားစွာထုတ်ယူပြီးတော့ ဖုန်းဆက်ခဲ့‌လေသည်။ ငါးမိနစ်အကြာတွင် သူဖုန်းချလိုက်ပြီးနောက် သူအရမ်းဒေါသထွက်ပြီး ဖုန်းကိုပေါက်ခွဲခဲ့သည်။ သေချာသွားပြီ။ ဟဲမင်၏သားလည်း မရှိတော့ဘူး။ တစ်စုံ‌တစ်ယောက်က သူ့ကို ခေါ်ထုတ်သွားခဲ့တယ်။ တစ်ယောက်‌ယောက်က ဟဲမင်ကို ကူညီနေတယ်။ လီဝမ့်ကျင်းသည် အရမ်းဒေါသထွက်နေပြီး တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်နေခဲ့သည်။ ဘယ်သူက ဟဲမင်ကို အကူအညီပေးနေတာလဲ။ သူတို့က ဟဲမင်ကိုသိနေရုံသာမက ဟဲမင်သား ဘယ်နေရာမှာရှိနေတာကိုပါ သိနေခဲ့တယ်။ လီဝမ့်ကျင်းသည် အမြဲတမ်း သတိထားနေခဲ့သည်။ ဒီအကြောင်းကို သူအယုံကြည်ဆုံးလူသုံးယောက်တည်းသာသိသည်။ ထိုလူသုံးယောက်ထဲက တစ်ယောက်က သူ့ကို သစ္စာဖောက်နေတာလား။ ထိုအတွေးဟာ သူ့စိတ်ထဲပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ ခေါင်းမခါနိုင်ပြန်ဘူး။ မကြာသေးမီက သူတို့သုံးယောက်စလုံး၏အပြုအမူတွေကို ပြန်တွေးကြည့်ခဲ့ပြီး သူ တစ်ခုခုကို သတိပြုမိနိုင်မလားဆိုတာကို ကြိုးစားကြည့်ခဲ့သည်။ သူ စဉ်းစားလေလေ သုံးယောက်ထဲက တစ်ယောက်ဖြစ်နိုင်သည်ဟု ပိုခံစားမိလေလေ ဖြစ်လာခဲ့သည်။ သူတို့ထဲက တစ်ယောက် သို့မဟုတ် တစ်ယောက်ထက်ပိုသောသူသည် ဟဲမင်နှင့် အကျွမ်းတဝင်ရှိနိုင်သည်။ သူ့ကို အန္တရာယ်တွေ ဝိုင်းနေပါလား။ သူ ဒီအကြောင်းကိုတွေးမိလိုက်တော့ သူ့ခန္ဓာကိုယ်ကနေ ချွေးအေးများ စီးကျလာခဲ့သည်။ လီဝမ့်ကျင်းသည် စိတ်သောကရောက်သွားသောအခါ တစ်နေရာရာသို့ အနားယူရန် သွားချင်ခဲ့သည်။ ဒါပေမယ့် သူဟာ သူ့ကိုယ်ပိုင်ဆဲလ်ဖုန်းကို ပေါက်ခွဲလိုက်သည့်အတွက် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့သည်။ သူ ပုံမှန်လုပ်နေကျအတိုင်း ကလပ်တစ်ခုသို့ ဖုန်းကြိုတင်ဆက်၍ အခန်းတစ်ခန်းမယူနိုင်တဲ့အပြင် ပုံမှန်ဆိုရင် သူက ဆဲလ်ဖုန်းများစွာ သုံးလေ့ရှိသည်။ နေရာစုံမှ ပြဿနာများကြုံတွေ့နေရသော လီဝမ့်ကျင်းသည် နောက်ဆုံးတွင် ပျက်စီးနေသောဆဲလ်ဖုန်းထဲမှ ဆင်းကဒ်ကိုထုတ်ယူကာ ဒရိုင်ဘာကို သူ့အား ဝမ်စစ်ရှန်းစီ ပို့ပေးရန် ပြောလိုက်သည်။ သူသည် လမ်းတွင် ဒရိုင်ဘာ၏ဖုန်းကိုငှားပြီး သူ့ဆင်းကဒ်ကိုထည့်လိုက်သည်။ သူက ထိုဖုန်းဖြင့် ဝမ်စစ်ရှန်း‌ဆီ ဖုန်းခေါ်ကာ ညစာအတူစားရန် ပြောလိုက်သည်။ အခြားတစ်ဖက်မှ ဝမ်စစ်ရှန်း၏နူးညံ့သိမ်မွေ့သောအသံကို ကြားလိုက်ရတာက သူ့ကို စိတ်သက်သာရာရစေခဲ့သည်။ နှစ်ပေါင်းများစွာ အလွန်အေးချမ်းသာယာသောဘဝကိုရရှိခဲ့ပြီးနောက် ရုတ်တရတ် ဝမ်စစ်ရှန်း၏အသွင်အပြင်ကြောင့် လီဝမ့်ကျင်းသည် သူ့ငယ်ရွယ်စဉ်အချိန်က စိတ်အားထက်သန်မှုကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်ဟုခံစားခဲ့ရသည်။ သူသည် ဝမ်စစ်ရှန်းနှင့် စကားအနည်းငယ် ပြောပြီးတဲ့နောက် ဖုန်းချလိုက်သည်။ သူဖုန်းကိုကိုင်ထားဆဲမှာပင် မက်ဆေ့ခ်ျတစ်ခုကို တွေ့လိုက်ရသည်။ ပေးပို့သူနာမည်ကြောင့် သူ့မျက်နှာပျက်သွားခဲ့ရသည်။ ထိုမက်‌ဆေ့ချ်သည် ဟဲမင်ထံမှဖြစ်သည်။ ဒီခွေးကောင်က သူ့ကို မက်ဆေ့ခ်ျ‌ပို့ပေးရဲတယ်လား။ လီဝမ့်ကျင်းသည် အရမ်းဒေါသထွက်ပြီး သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်လာခဲ့သည်။ သူက ချက်ချင်းပဲ စာသားမက်ဆေ့ခ်ျကို ဖွင့်ဖတ်လိုက်သည်။ သူဖတ်ပြီးသည့်နောက်မှာ သူ့သွေးဖိအားသည် ထပ်မံကျဆင်းသွားခဲ့ပြန်သည်။ ဟဲမင်သည် သူ့ကို နောက်ထပ် ယွမ်နှစ်ဘီလီယံတောင်းခဲ့သည်။ ဒီလိုမှမဟုတ်ရင် သူတို့အတိတ်က အတူတကွပြုလုပ်ခဲ့ဖူးသောကိစ္စများကို ဖော်ထုတ်လိုက်မယ်ဟု ချိန်းခြောက်ခဲ့‌သည်။ သူ့တွင် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သူတို့နှစ်ဦးကြားရှိ အီးမေးလ်များအားလုံးကိုသိမ်းထားခဲ့ပြီး သူတို့နှစ်ဦး၏ဖုန်းပြောနေသမျှအကုန်လုံးကိုလည်း အသံသွင်းထားခဲ့သည်။ လီဝမ့်ကျင်းသည် အရမ်းဒေါသထွက်ပြီး ဆဲလ်ဖုန်းကို ထပ်မံပေါက်ခွဲခဲ့ပြန်သည်။