အခန်း ၃၁
Viewers 25k

အခန်း (၃၁) သဘောကောင်းရိုးသားဖြောင့်မတ်သော အမျိုးကောင်းသား (၂)


သူ့ရှုထောင့်မှကြည့်လျှင် သူဌေးစုသည် လီဝမ့်ကျင်းသည် အခြားသူတစ်ဦးထံမှ ဒီအကြောင်းကိုကြားရတာကို သဘောမကျကြောင်း ရိပ်မိလိုက်တော့ သူပြောနေတဲ့စကားကို ရပ်လိုက်သည်။ သို့သော် သူ့အိမ်တွင် သူ့ဇနီးသည်က လီဝမ့်ကျင်းသည် သူ့ဇနီးအပေါ် ဘယ်လောက်ရှိကြောင်း၊ သူ့ဇနီးသည်ကလွဲလို့ အခြားအမျိုးသမီး ဘယ်တုန်းကမှမရှိကြောင်းကို အမြဲလိုချီးကျူးတာကို ကြားခဲ့ရသည်။ သူ ယခု မြင်တွေ့ရတာကိုပဲကြည့်ရင် လီဝမ့်ကျင်းသည် ခိုးကြောင်ခိုးဝှက်လုပ်သည့်နေရာမှာ ပိုတော်နေခြင်းသာဖြစ်မည်။


သူ့၌ အခြားအမျိုးသမီးများရှိသော်လည်း အနည်းဆုံးတော့ သူသည် သူ၏တရားဝင်ဇနီးကို စွန့်ခွာမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ လီဝမ့်ကျင်းသည် ထိုအခြေခံအယူအဆကိုပင် နားလည်ပုံမပေါ်ပေ။


သူဌေးစုမှ ကြားဖြတ်ဝင်နှောင့်ယှက်မှုကြောင့် လီဝမ့်ကျင်း၏စိတ်ကို ပြန်ပြောင်းသွားစေခဲ့သည်။ သူသည် ဝမ်စစ်ရှန်းအား သူမအိမ်သို့ ချက်ချင်း ပြန်‌လိုက်ပို့ပေးခဲ့သည်။ ပုံမှန်အတိုင်းသာဆိုရင် သူသည် ဝမ်စစ်ရှန်း စိတ်မကောင်းဖြစ်နေတာကို မြင်လိုက်ရသောအခါတွင် သူမအား များများနှစ်သိမ့်ပေးမှာ ဖြစ်သည်။ သို့သော် သူ့တွင် ယခုအချိန်မှာ စိတ်အခြေအနေကောင်းမွန်ခြင်း မရှိပေ။


***


ဖန့်ကျွင်းရုံသည် သူမ၏ဘဏ်ကဒ်အတွင်းသို့ ယွမ်သုံးဘီလီယံ ထပ်မံရောက်ရှိလာတာကိုကြည့်ပြီး အတော်လေး ပျော်ရွှင်နေခဲ့သည်။ လီဝမ့်ကျင်းသည် သူတို့၏ပိုင်ဆိုင်မှုများကို လျှို့ဝှက် လွှဲပြောင်းသိမ်းဆည်းထားရန် အလွန်ကြိုးစားခဲ့ပြီး ၎င်း‌ငွေ‌ကြေး၏ ထက်ဝက်ကျော်မှာ သူမလက်ထဲကိုသာ ရောက်ရှိလာခဲ့သည့်အပြင် ဒီငွေကြေးတွေကို ဆုံးရှုံးလိုက်ရခြင်းကြောင့် လီဝမ့်ကျင်း၏ စိတ်ဆင်းရဲဒုက္ခရောက်နေမှာကို တွေးပြီး သူမသည် ပိုပျော်ရွှင်ခဲ့ရသည်။


သူမသည် လီဝမ့်ကျင်းအပေါ် တွေးသည့်အတွေးဟာ မှန်ကန်နေခဲ့သည်။ လီဝမ့်ကျင်းသည် ဟဲမင်ကိုပါးစပ်ပိတ်ထားရန်အတွက် ယွမ်နှစ်ဘီလီယံထပ်ပေးခဲ့လေသည်။ ဒါပေမယ့် သူက ဟဲမင် နောက်တစ်ခါထပ်မံခြိမ်းခြောက်ငွေညစ်မယ်ဆိုရင် ဘာပဲဖြစ်ပါစေ ဟဲမင်ကို တရားစွဲပြီး ထောင်ထဲသို့ ပို့လိုက်မယ်ဆိုတဲ့အကြောင်းကိုပါ‌ ပြောခဲ့သည်။


နောက်ဆုံးတော့ ဒီငွေတွေဟာ ဖန့်ကျွင်းရုံလက်ထဲသို့သာ ရောက်သွားခဲ့သည်။ ဖန့်ကျွင်းရုံသည် ဟဲမင်ရဲ့အကူအညီအတွက် သူ့အား ယွမ်တစ်ဘီလီယံ ပေးခဲ့သည်။ သူမသည် အကြောင်းကိစ္စအကုန်လုံးကို ပြီးဆုံးသွားချိန်အထိ သူမမျက်နှာကို တစ်ခါမျှ မပြခဲ့ပါ။ သူမ၏ သူငယ်ချင်းကောင်း ရှုဝေဝေက အရာအားလုံးကို ပြုလုပ်ပေးခဲ့တာဖြစ်သည်။ ဒါကြောင့် ဟဲမင်ဟာ သူ့ကို ဘယ်သူက ကူညီပေးခဲ့တယ်ဆိုတာကို မသိခဲ့ဘူး။ သူသည် ရှယ်ယာများကိုရရှိခဲ့ပြီးနောက် နိုင်ငံခြားတွင် အမည်မဖော်ပဲ အခြေချခဲ့သည်။


သူမနောက်သို့ ဟဲမင်‌လိုက်ပါစေလိုတဲ့ရည်ရွယ်ချက် မရှိပေ။ အဖြစ်အပျက်တစ်ခုလုံးတွင် ဟဲမင်သည် အနည်းငယ်သာ ပါဝင်ခဲ့တာဖြစ်သည်။ ထို့အပြင် ဟဲမင်သည် ထိုသက်သေများရှိသည့် တစ်ဦးတည်း‌သောသူ မဟုတ်ခဲ့ပေ။ သူသည် ငွေများကိုလက်ခံရရှိသောအခါတွင် မမြူးကြွပဲ မနေနိုင်ချေ။ သူ့မှာ သက်သေစုဆောင်းထားတာမရှိရင် ဘယ်လိုဖြစ်မယ်ဆိုတာကို သိနိုင်မှာလဲ။


ယခု ဝမ်စစ်ရှန်းက တိုင်းပြည်သို့ပြန်ရောက်လာ‌အခါ ဖန့်ကျွင်းရုံသည် သက်သေအထောက်အထားများကို ထပ်မံစုဆောင်းနိုင်ခဲ့လေသည်။ ထူးဆန်းသည်မှာ လီဝမ့်ကျင်းသည် သူတို့၏အိမ်ယာပိုင်ဆိုင်မှုများအားလုံးသည် သူမနာမည်အောက်တွင်ရှိပြီး ဝမ်စစ်ရှန်းအား သူတို့ပိုင်ဆိုင်သည့်အိမ်တစ်အိမ်တွင် နေရာချထားပေးခဲ့သည်ဆိုတာကို မေ့သွားပုံရသည်။ သူက သူမအပေါ် ယုံကြည်မှု အများကြီး ရှိနေခဲ့သလား။


အိမ်ပိုင်ရှင်အနေဖြင့် ဖန့်ကျွင်းရုံထံတွင် အိမ်ခြံမြေတိုင်း၏ သော့များရှိ‌လေသည်။ သူမအနေဖြင့် ဝမ်စစ်ရှန်းအပြင် ထွက်သွားချိန်တွင် အိပ်ခန်းများ၊ ဧည့်ခန်းများစသည့်နေရာတိုင်းတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ဖို့ အခွင့်အရေးရခဲ့သည်။


သူမသည် ဆဲလ်ဖုန်းကိုချလိုက်ကာ နေ့လည်နေ့ခင်းပိုင်းတွင် လက်ဖက်ရည်သောက်ရန် စီစဉ်ခဲ့သည်။


လီရှင်းယွင် အိမ်ပြန်ရောက်ခါစမှာ ဖန့်ကျွင်းရုံကိုတွေ့လိုက်တာနဲ့ တောက်ပစွာပြုံးလိုက်သည်။ "မေမေ အပြင်သွားမလို့လား။"


ဖန့်ကျွင်းရုံ ခေါင်းညိမ့်လိုက်သည်။ "ဟုတ်တယ်။ ဟမ်ယွမ်ကော်ပိုရေးရှင်းမှာ စုမိန်နဲ့ ညစာစားဖို့သွားမလို့လေ။"


လီရှင်းယွင်သည် ဖန့်ကျွင်းရုံအနားမှာ အမြဲတမ်းနေဖူးတာ ဖြစ်တဲ့အတွက် ဒီအသိုင်းအဝိုင်းအကြောင်းကို သူမ ကောင်းကောင်းသိလေသည်။ သူမ၏ သေသပ်လှပသော နဖူးလေးကို အနည်းငယ်တွန့်၍ ပြောလိုက်သည်။ "အန်တီစုလား။ မေမေက သူမကိုသိပ်မကြိုက်ဘူးလို့ သမီးထင်နေတာ။"


ဖန့်ကျွင်းရုံသည် ခေါင်းညိမ့်လိုက်သည်။ "ငါတို့က သိပ်ပြီးဆက်ဆံရေးမကောင်းဘူး။ ဒါပေမယ့် သူမက မေမေ့ကို အပြင်ထွက်ဖို့မေးတော့ မေမေ သူမကိုငြင်းလို့မကောင်းဘူးလေ။" ဖန့်ကျွင်းရုံသည် စုမိန်ကို အလွန်သဘောမကျသော်လည်း သူမသည် ဖန့်ကျွင်းရုံ၏အစီအစဉ်တွင် အဓိကအခန်းကဏ္ဌမှ ပါဝင်ခဲ့သည်။


ဒါက လီရှင်းယွင်အတွက် အဓိပ္ပာယ်ရှိသည်။ သူမက ဝမ်းနည်းစွာ "အရွယ်ရောက်သူဖြစ်ရတာ တကယ်ပင်ပန်းတာပဲ"ဟုမြည်တမ်းလိုက်သည်။ ထို့နောက် သူမသည် စကားခေါင်းစဉ်ကို ပြောင်းကာ မေးလိုက်သည်။ "မေမေမှာ အလှအပဆေးလုံးတွေ ရှိသေးလား။ သူတို့က တကယ်ထိရောက်တယ်။ သမီး အဲ့ဆေးလုံးတွေကိုသုံးကြည့်တဲ့ပြီးတဲ့အခါ သမီးအသားအရေက ပိုကောင်းလာတယ်လို့ ခံစားရတယ်။"


ဖန့်ကျွင်းရုံ၏ ဓာတ်ခွဲခန်း ဆေးစစ်ချက်အဖြေဟာ ရလာခဲ့ပြီ။ အလှအပဆေးလုံးသည် အန္တရာယ်မရှိကြောင်းသိရသောအခါ ဆေးလုံးအချို့ကို သူမသမီးအား ပေးခဲ့သည်။ ရှင်းယွင်၏အသားအရေသည် အမြဲကောင်းမွန်နေသော်လည်း ယခုပိုမိုနီးကပ်စွာကြည့်ချိန်တွင် ယခုအသားအရေဟာ သိသိသာသာပိုကောင်းလာခဲ့သည်။


သူမ၏အသားအရေသည် ပယင်းရောင်လို တောက်ပနေပြီး နေရောင်ခြည်အောက်တွင် ချွေးပေါက်များကိုတောင် မမြင်နိုင်ပေ။


သူမသည် ပြုံး၍ပြောလိုက်သည်။ "မေမေ သမီးစားပွဲပေါ်မှာ တစ်ဗူးတင်ထားတယ်။ မင်း သူတို့ကို သိမ်းဖို့ မမေ့နဲ့။ တစ်နေ့တစ်လုံးဆိုလုံလောက်တယ်။"


"ဟုတ်" လီရှင်းယွင်သည် အလှအပဆေးလုံးများကြောင့် ချက်ချင်းပင်အာရုံပျံလွင့်သွားပြီး အပေါ်ထပ်သို့တက်ရန် မစောင့်နိုင်‌တော့ပါ။


ဖန့်ကျွင်းရုံသည် သူမသမီးနောက်ကျောကိုပြုံးကြည့်ရင်း စုမိန်နှင့်တွေ့ရန် ထွက်လာခဲ့သည်။


သူမသည် စုမိန်နှင့် အနောက်တိုင်းအစားအစာစားသောက်ဆိုင်တွင် စုမိန်နှင့်တွေ့ရန် သွားခဲ့သည်။ စုမိန်သည် နိုင်ငံရပ်ခြားတွင် ကြီးပြင်းလာခဲ့ပြီး အနောက်တိုင်းအစားအစာများကို တရုတ်အစားအစာများထက် ပိုကြိုက်သည် ဟူသောစကားလုံးများကြောင့် ဖြစ်သည်။


စုမိန်သည် သူမခင်ပွန်းနှင့် မိသားစုစီးပွားရေးပူး‌ေပါင်းမှုအရ လက်ထပ်ခဲ့တာဖြစ်သည်။ စုမိန်သည် သူမခင်ပွန်းအပေါ် အလွန်နှစ်သက်သည်မှာထင်ရှားသော်လည်း သူမခင်ပွန်းသည် သူမအပေါ်တွင် ခံစားချက်ရှိသည်ဟုမထင်ရပေ။ သူသည် မင်းသမီးများနှင့်အမြဲသတင်းများထွက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပင်ပြော‌ဆိုခဲ့သည်။ ရှေ့တန်းတင်ရန်ပင် ဂရုမစိုက်ခဲ့ပါ။


လွန်ခဲ့သောရက်သတ္တပတ်က ဖန့်ကျွင်းရုံသည် သူဌေးစုက မင်းသမီးတစ်ဦး၏မွေးနေ့ပွဲကို ဆင်နွှဲရန် ငွေအမြောက်အများသုံးစွဲခဲ့ပုံကို အင်တာနက်ပေါ်တွင် ဖတ်ရှုလိုက်ရသည်။ လီဝမ့်ကျင်းသည် လူကုံထံအသိုင်းအဝိုင်းတွင် အရှုပ်အပွေမရှိသည့်လူကောင်းအဖြစ် သက်မှတ်ခံရသည်။ သိသာထင်ရှားစွာပဲ စုမိန်သည် ဖန့်ကျွင်းရုံနှင့် ဆန့်ကျင်ဖက်ဖြစ်နေသောကြောင့် မပျော်ရွှင်ရပေ။ ဖန့်ကျွင်းရုံသည်လည်း ဘယ်တော့မှမတွေ့ကြုံဖူးလို့ ‌မပြောနိုင်ပေ။