အခန်း ၃၃
Viewers 25k

အခန်း(၃၃) - သူမရဲ့မီးခံသေတ္တာကို ဘယ်သူ လက်ဆော့ထားတာလဲ(၁)


သူမ၏ ယခင်ဘဝ၌ လူအများသည် ဖန့်ကျွင်းရုံကို ချွေးမအပေါ် ကျိုးကြောင်းဆီလျော်မှုမရှိ ယုတ်မာရိုင်းစိုင်းသော ယောက္ခမဆိုးအဖြစ် ပြစ်တင်ပြောဆိုခဲ့ကြသည်။ လီဝမ့်ကျင်းသည် သူမကို စိတ္တဇဆေးရုံသို့ပို့တာအပြင် သူမအတွက် ပိုမိုလုပ်ဆောင်ခဲ့တာမျိုးမရှိတာကြောင့် သူတော်စင်တစ်ဦးအဖြစ် လူတိုင်း၏နှစ်သက်ခြင်းကို ရခဲ့သည်။


ထိုစဉ်က သူတို့သည် အလွန်ဟန်ဆောင်ကောင်းသဖြင့် လူတိုင်းကို လှည့်စားနိုင်ခဲ့သည်။ ကောင်းပြီ။ ဟုတ်ပြီ။ လူတိုင်းကို ထပ်လှည့်စားလို့ မရနိုင်စေရတော့ဘူး။ ထိုစဉ်က လီဝမ့်ကျင်းနှင့် လီရှစ်ကျီတို့၏ ပိုင်ဆိုင်မှုများသည် အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ သူတို့သည် ထိပ်တန်းအချမ်းသာဆုံးစာရင်းတွင် နံပါတ်(၁)နှင့် နံပါတ်(၃)တို့ အသီးသီးရရှိခဲ့ကြပြီး အဲ့ဒီအကြောင်းအရာနှင့် ပတ်သက်ပြီး အင်အားများစွာ ရရှိခဲ့သည်။ ဖန့်ကျွင်းရုံဖက်မှ ခုခံကာကွယ်ပြောဆိုခြင်းဖြင့် မည်သူမျှ သူတို့နှစ်ဦးအပေါ်တွင် မှားယွင်းဆန့်ကျင်လိုစိတ် ရှိလိမ့်မည်မဟုတ်ပါ။ ဤဘဝမှာတော့ သူမသည် သူမအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်းကို ပြန်လည်သက်သေပြလိုရုံသာမက သူတို့၏ဟန်ဆောင်မျက်နှာဖုံးများကိုလည်း ခွာချလိုခဲ့သည်။


သူမသည် အစားအစာအမျိုးအမည် အနည်းငယ်ကို မှာယူခဲ့ပြီး ဖြည်းဖြည်းချင်း ‌ပျော်ရွှင်စွာဖြင့် စားသုံးနေခဲ့သည်။ ဒီအစားအစာများကို သူမသမီးဖြစ်သူလည်း ကြိုက်နှစ်သက်လိမ့်မည်ဟု စဉ်စားမိတော့ အချို့ကိုထုတ်ယူရန် မှာယူခဲ့သည်။


သူမအိမ်သို့ပြန်ရောက်လာအခါ လီဝမ့်ကျင်းသည် ပြန်ရောက်နှင့်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဆိုဖာပေါ်တွင်ထိုင်နေပြီး သူ့ဆံပင်များဟာ ချွေးများကြောင့် ပူးကပ်ရှုပ်ထွေးနေခဲ့သည်။ သူ့ပတ်ဝန်းကျင်တွင် စိတ်ဓာတ်ကျနေသည့်အငွေ့အသက်များ ရနေခဲ့သည်။ သူ့၏ပုံမှန်ခန့်ညားကြော့ရှင်းနေမှုက မရှိတော့ပေ။ သူ ရုတ်တရတ် မော့ကြည့်လိုက်တဲ့အခါမှာ သူ့အကြည့်များသည် လူတစ်ဦးကို အပိုင်းပိုင်း ကိုက်ဖြတ်သတ်ချင်နေတဲ့ သားရဲတစ်ကောင်နှင့်ဆင်တူသည်။ သူ့မျက်လုံးတွေဟာ စူးရဲမှောင်မိုက်နေပြီးတော့ သူ့အသံဟာလည်း အပြစ်တင်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။ "မင်း ကိုယ် ပန်းချီကားတွေဝယ်စုနေတဲ့အကြောင်းကို လူတိုင်းကို ပြောခဲ့တာလား။"


သူတို့အသိုင်းအဝိုင်းက လူတိုင်းသည် ဒီအကြောင်းကို သိကြပြီးတော့ သူ့နောက်ကွယ်မှာ ဘယ်လောက်မိုက်မဲပြီး ဖြုန်းတီးကြောင်းကို တော်တော်များများက မထီမဲ့မြင်ပြု အပြစ်တင်ပြောဆိုခဲ့ကြသည်။ အခြားသူများထက် သူဌေးစုက ပိုဆိုးလေသည်။ အခြားတော်တော်များများကလည်း သူ့ကို ဖုန်းခေါ်ဆိုခဲ့ကြပြီး ဖန့်ကျွင်းရုံ၏ ကောင်းသတင်းများကို ချီးမွမ်းပြောဆိုခဲ့ကြသည်။ ဖန့်ကျွင်းရုံအပေါ် ချီးမွမ်းမှုအားလုံးသည် လီဝမ့်ကျင်းအား ယင်တစ်ကောင်ကို မျိုချလိုက်သလိုမျိုး ခံစားရစေပြီးတော့ သူ့အစာအိမ်ကို ရွံရှာဖွယ်ရာမျိုး ခံစားရစေသည်။ သူက အလုပ်အရမ်းကြိုးစားခဲ့ရပြီးတော့ ပိုက်ဆံတွေ ဆုံးရှုံးသွားခဲ့ရတယ်။ ပြီးတော့ သူ့ဇနီး၏ဂုဏ်သိက္ခာတွေကိုလည်း တိုးတက်လာအောင် လုပ်ပေးမိလိုက်တာလား။ သူ သွေးမအန်ပဲ ဘယ်လိုနေနိုင်တော့မှာလဲ။ 


ဖန့်ကျွင်းရုံသည် တခစ်ခစ်ရယ်ကာ သာမာန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ "ဒါကို ဖုံးကွယ်ထားဖို့လိုတယ်လို့ မထင်ဘူးလေ။ ကျွန်မက အဲ့အကြောင်းကို ပြောပြလို့မရဘူးလား။"


လီဝမ့်ကျင်းက ချက်ချင်း စိုးရိမ်တကြီး တုံ့ပြန်လိုက်သည်။ "ကိုယ့်နောက်ကွယ်မှာ ကိုယ်နဲ့ပတ်သက်ပြီး သူတို့ပြောဆိုနေကြတာကို မင်းမသိဘူးလား။"


ဖန်းကျွင်းရုံသည် အလွန်လေးနက်သောမျက်နှာဖြင့် သူ့ကိုကြည့်ကာ ပြောလိုက်သည်။ "တခြားအကြောင်းတွေကို သူတို့ခန့်မှန်းပြောဆိုနေတာထက် အမှန်တရားကို ပြော‌ပြလိုက်တာက ပိုကောင်းတယ်လေ။ ရှင် စတော့ရှယ်ယာတွေကို မြန်မြန်‌ဆန်ဆန်ရောင်းထုတ်လိုက်တော့ လူတော်တော်များများက ကျွန်မတို့ကုမ္ပဏီငွေကြေးပြတ်လပ်သွားတယ်လို့ ထင်ကြတယ်လေ။ ကျွန်မတို့နဲ့စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီတွေထဲက အချို့က စာချုပ်တွေကို ပြန်လည်ရုပ်သိမ်းလိုကြတယ်။ အဲ့တာကြောင့် သူတို့ကို ကျွန်မက ဒီအကြောင်းကို ရှင်းပြလိုက်ရတာ။"


လီဝမ့်ကျင်းသည် ရုတ်တရတ် ဆွံ့အသွားခဲ့သည်။ ဒီ‌အကြောင်းတွေဖြစ်ပျက်နေတာကို သူ မသိခဲ့ဘူး။


ဖန့်ကျွင်းရုံက ဆက်ပြောပြန်သည်။ "သူတို့တွေထဲက တချို့ကတော့ ရှင် အပြင်မှာ ခြေရှုပ်နေတာကြောင့် ရှင် ငွေတော်တော်များများထုတ်ပေးနေတာလို့ ကျွန်မကို တိုးတိုးတိတ်တိတ်လာပြောကြတယ်။ ကျွန်မက သူတို့ ရှင့်အပေါ် မကောင်းထင်မှာကို မလိုချင်ဘူးလေ။ ဒါကြောင့် ရွေးချယ်စရာမရှိပဲ ပြောပြလိုက်ရတာပါ။"


"ဒီနေ့ စုမိန်က ရှင့်ကို မိန်းမတစ်ယောက်နဲ့ နေ့လည်စာ အတူစားနေတာကိုတွေ့တယ်လို့ ကျွန်မကို ပြောတယ်။ ပြီးတော့ ရှင်တို့နှစ်ဦးကြားမှာ တစ်ခုခုရှိနေသလိုပဲတဲ့။ အဲ့တာ အမှန်လား။" သူမသည် လီဝမ့်ကျင်းကို တိုက်ရိုက် စေ့စေ့စပ်စပ်ကြည့်ရင်း မေးလိုက်သည်။


သူမအကြည့်အောက်မှာ လီဝမ့်ကျင်းဟာ နေရောင်အောက်မှာ အဝတ်ဗလာနဲ့ရပ်နေပြီး ပုန်းစရာနေရာ ရှာမတွေ့သလိုမျိုး ခံစားလိုက်ရသည်။ သူ့စိတ်ထဲမှာရှိသော တစ်ခုတည်းသောအရာမှာ ဝမ်စစ်ရှန်း၏နူးညံ့သိမ့်မွေ့သောအသွင်အပြင်သာ ဖြစ်သည်။ သူသည် သူ့ခေါင်းကိုခါ၍ ထိုပုံရိပ်ကို ပျောက်ကွယ်သွားစေသည်။ မဟုတ်ဘူး။ သူတို့နှစ်ဦးအကြားမှာ ဘာဆက်ဖြစ်လာမယ်ဆိုတာကို မသိဘူး။ သူသည် ဝမ်စစ်အာကြောင့် အေးငြိမ်းရာလေးကို ဝမ်စစ်ရှန်းအပေါ်သို့ တိုးချဲ့ခဲ့သည်။


သူက ဖြောင့်မတ်တဲ့လေသံဖြင့် ပြောခဲ့သည်။ "မင်း စုမိန်ရဲ့အတင်းအဖျင်းတွေအကြောင်း မသိတာလည်း မဟုတ်ပဲနဲ့။ သူမက အမြဲတမ်း ကိုယ်တို့နှစ်ဦး အဆင်ပြေချစ်ခင်နေတာကို မပျော်ရွှင်ဘူးလေ။"


သူက စကားခဏရပ်ပြီးနောက် ဆက်ပြောပြန်သည်။ "သူမ ယာ့ကောရဲ့အဒေါ်ပါ။ သူမက ကံအကြောင်းမလှခဲ့ဘူး။ မကြာခင်ကမှ နိုင်ငံခြားက ပြန်ရောက်လာခဲ့တာ။ ကိုယ် သူမနဲ့တွေ့ခဲ့တာက ယာ့ကောအတွက်ပဲ။ ယာ့ကောကို စိတ်ပျော်ရွှင်ဖို့အတွက် သူမနဲ့အချိန်အနည်းငယ်ပေးပြီး စကားပြောပေးစေချင်လို့ပါ။ မင်းသိပါတယ်။ ယာ့ကောက သူမမိဘတွေဆုံးပါးသွားကတည်းက စိတ်ဓာတ်ကျနေတာလေ။"


ဖန့်ကျွင်းရုံသည် ကျိတ်ရယ်ပြစ်လိုက်ချင်မိသည်။ လီဝမ့်ကျင်းသည် အမြဲတမ်း ကျန်းယာ့ကောက မိဘတွေအပေါ် သားသမီးဝတ္တရား သိတတ်ကျေပွန်တတ်သော လူတစ်ဦးလိုမျိုး ပြုမူပြောဆိုခဲ့သည်။ သူမသည် သူမ၏မိဘများကို အလွန်အမင်း လွမ်းဆွတ်ပူဆွေးနေခဲ့တယ်ဆိုရင် သူမသည် လီရှစ်ကျီနှင့် အချိန်တိုင်း ရင်းရင်းနှီးနှီးနေထိုင်ဖို့ ကြိုးစားနေရန် မလိုအပ်ပေ။ သူမသည် အမြဲတမ်း သူ့အတွက် စွပ်ပြုတ်ချက်ပေးကာ သူ့အခန်းထဲကို သွားပို့ပေးလေသည်။ အိမ်တွင်ရှိသော အိမ်အကူတော်တော်များများက ဒီအကြောင်းကို ဖန့်ကျွင်းရုံကို ပြောပြခဲ့ပြီးပြီဖြစ်သည်။ သူတို့သည် အလွန်ရင်းနှီးနေခဲ့ကာ သူတို့ကြားရှိစည်းကို ဖြတ်ဖို့ စတင်ခဲ့ကြသည်။