အခန်း(၃၄) - သူမရဲ့မီးခံသေတ္တာကို ဘယ်သူ လက်ဆော့ထားတာလဲ(၂)
ဖန့်ကျွင်းရုံသည် ယခင်ဘဝတုန်းက ဒီအကြောင်းကိုသိရချိန်တွင် သူမသည် ကျန်းယာ့ကောအား ကောင်းမွန်စွာ သတိပေးစကားဆိုခဲ့သည်။ ကျန်းယာ့ကောသည် လီဝမ့်ကျင်းနှင့် လီရှစ်ကျီတို့ထံ လှည့်ပြေး၍ ငိုခဲ့လေသည်။ ရုတ်ခြည်း ဖန့်ကျွင်းရုံကို သူမအား အသရေဖျက်စော်ကားသည့် ဗီလိန်မကြီး ဖြစ်လာစေခဲ့သည်။
ဒီဘဝမှာတော့ ကျန်းယာ့ကောနှင့် လီရှစ်ကျီတို့သည် သူတို့လုပ်ချင်သမျှကို လုပ်နိုင်ကြပါစေ။ အလားတူစွာပင် ဒီအကြောင်းအရာပေါ် သူမ လုံးဝ စိတ်မပူပန်တော့ပေ။
သူမသည် ကျန်းယာ့ကောအကြောင်းကို ပြောဆိုရန် စိတ်မဝင်စားပဲ အခြားစကားခေါင်းစဉ်ကိုသာ ပြောင်းခဲ့သည်။ "အိုးရ်... စကားမစပ် ဘယ်တော့ ပန်းချီကားရောက်မှာလဲ။ ပန်းချီကားအတွက် ကျွန်မတို့ ငွေချေပြီးပြီဆိုတာကို မှတ်မိတယ်။ ကျွန်မ မစ်စတာရှုရဲ့အခမ်းနားဆုံးလက်ရာကို အရမ်းသဘောကျနှစ်သက်မိမှာ သေချာတယ်။"
လီဝမ့်ကျင်းသည် သူ့နေရာ၌ပင် အေးခဲသွားသလို ခံစားလိုက်ရသည်။ ဟဲမင်သည် ငွေတွေကို ယူပြေးသွားခဲ့ပြီး ဖြစ်သည်။ သူ ထွက်ပြေးသည့်နောက်တွင် ပန်းချီကားအား မချန်ရစ်ခဲ့ပေ။ သူသည် 'မြစ်ကမ်းဘေးက ဆီးနှင်း' ပန်းချီကားကို ဘယ်နေရာကနေ ရှာရမှာလဲ။ ဤမျှတိုတောင်းသော အချိန်ကာလအတွင်း သူ့အတွက် ပန်းချီကားရေးဆွဲပေးရန် အခြားသူတစ်ဦးကို ရှာဖွေနိုင်လိမ့်မည်မဟုတ်ပေ။ သူသည် စကားများကိုပြောချင်သလိုပြောထွက်နိုင်သလိုမျိုး ပန်းချီကားအတုရေးဆွဲသော အခြားကျွမ်းကျင်သူတစ်ဦးကို ယခုချက်ချင်း အချိန်တိုအတွင်း ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
သူ့နှုတ်ခမ်းများဟာ တဆတ်ဆတ်တုန်လှုပ်နေပြီးနောက် အချိန်တော်တော်ကြာသည်အထိ မည်သည့်စကားမှ ထပ်မထွက်လာနိုင်ခဲ့ပေ။
ဖန့်ကျွင်းရုံသည် သူ့ထံ အကြည့်တစ်ချက်ပို့လိုက်ပြီး မေးလိုက်သည်။ "တစ်ခုခု မှားနေတာလား။ ရောင်းသူဆီက ပန်းချီကားပြန်မရဘူးလား။"
လီဝမ့်ကျင်းက သူမကို အမှန်တရားကို ဘယ်လိုပြောထွက်နိုင်မှာလဲ။ သူသည် အံတင်းတင်းကြိတ်ပြီး "ဟုတ်တယ် သူ့ကိုလွှဲထားတဲ့ပိုက်ဆံတွေကို သူပြန်လွှဲပေးလိမ့်မယ်။" ဟုသာ ဆိုနိုင်တော့သည်။
သူသည် ရုတ်တရတ် သူကိုယ်တိုင်ပြုလုပ်ခဲ့မိသော ငွေယိုပေါက်ကို မဖြည့်ချင်ဖြည့်ချင်ဖြင့် ပြန်ဖြည့်ရန်လိုအပ်နေကြောင်းကို ဝမ်းနည်းစွာ သဘောပေါက်လိုက်သည်။ လီဝမ့်ကျင်းသည် ရုတ်တရတ် အားလုံး ဆုံးရှုံးသွားခဲ့ရသည်။ ဒါက လွန်ခဲ့သောနှစ်များတစ်လျှောက် သူ့ကြိုးစားအားထုတ်မှုတွေဟာ အကျိုးသက်ရောက်မှုမရှိဘူးလို့ ဆိုလိုတာလား။
အထူးသဖြင့် သူသည် စိတ်ဓာတ်ကျပြီးရင်း ကျနေခဲ့သည်။ သူသည် မကြာသေးမီက ဆုံးရှုံးမှုတွေကြောင့် ရုတ်တရတ် အသက်ကြီးသွားသလိုပင်။ သူသည် လှေကားတစ်လျှောက် အားနည်းစွာ တက်သွားခဲ့ပြီး သူ့နောက်ကျောကိုကြည့်ရသည်မှာ စိတ်မချမ်းမြေ့စရာ ကောင်းလှသည်။
သဘာဝကျစွာပင် ဖန့်ကျွင်းရုံသည် သူ့အတွက် ဝမ်းနည်းသည့်ခံစားချက် မဖြစ်မိပေ။ သူမသည် သူမကိုယ်ပိုင်အခန်းသို့ ပျော်ရွှင်စွာဖြင့် ပြန်လာခဲ့ပြီး လီဝမ့်ကျင်းသည် ဝမ်စစ်ရှန်းထံမှ နှစ်သိမ့်မှုကို ပိုမိုရယူလုိသည့် ခိုင်လုံသော သက်သေအထောက်အထားများကို စုဆောင်းရရိှရန်အတွက် သူ့အား ဝမ့်စစ်ရှန်းထံသို့သွားေစရန် ဆန္ဒပြင်းပြခဲ့သည်။ သူမသည် သူနှင့် တူညီသော ခေါင်မိုးအောက်တွင် နေနေရခြင်းကို သည်းမခံနိုင်တော့ဘူး။
သူမ၏စိတ်အခြေအနေကောင်းက အရမ်းကြာရှည်မခံခဲ့ပါ။ ဖန့်ကျွင်းရုံသည် သူမအခန်းထဲရောက်တော့ သူမ၏မီးခံသေတ္တာ အနေအထားပျက်ယွင်းနေခဲ့တာကို သတိပြုမိလိုက်သည်။
သူမသည် သူမ၏ပိုင်ဆိုင်မှုစာချုပ်များနှင့်လက်ဝတ်ရတနာများအားလုံးကို မီးခံသေတ္တာထဲမှဖယ်ထုတ်ပြီး သူမ၏လက်ကောက်ထဲရှိ နေရာလွတ်သို့ပြောင်းရွှေ့ခဲ့ပြီး သူမအိပ်ခန်းထဲ၌ အခွံသာကျန်ရှိတော့သည်။ သူမသည် သူမ၏မီးခံသေတ္တာပေါ်တွင် အနီေရာင်ကြိုးထုံးလေး ချည်နှောင်ထားခဲ့သည်။ ထိုကြိုးလေးကို သူမ၏သမီးဖြစ်သူက သိုးမွှေးထိုးပေးထားတာဖြစ်သည်။ အဲဒီကြိုးလေးသည် ကောက်ကွေ့လိမ်ကျစ်နေပေမယ့် ထိုကြိုးလေးကိုထိုးနေသည့်သမီးဖြစ်သူ၏ပုံရိပ်ကိုတွေးမိသောကြောင့် ဖန့်ကျွင်းရုံက လက်ခံခဲ့လေသည်။
အခုမှာ ထိုကြိုးထုံးလေးသည် မတူညီတဲ့အရပ်ကို မျက်နှာမူနေခဲ့သည်အတွက် သူမ၏မီးခံသေတ္တာဟာ အနေအထားပျက်နေကြောင်းသတိပြုမိလိုက်တာ ဖြစ်သည်။
ဖန့်ကျွင်းရုံဟာ သူမအခန်းထဲတွင် စောင့်ကြည့်ကင်မရာကို တပ်ဆင်ထားခြင်း မရှိသည့်အတွက်ကြောင့် သူမအခန်းထဲ ဘယ်သူဝင်ရောက်လာခဲ့ကြောင်းကို မသိခဲ့ပါဘူး။ ဒါပေမယ့် သူမမှာရှိတဲ့အကြံဉာဏ်တချို့အရ လီရှစ်ကျီနှင့်ကျန်းယာ့ကောအပြင် တခြားသူမဖြစ်နိုင်ပေ။ လီရှစ်ကျီဟုထင်ရခြင်းမှာ သူမ၏မီးခံသေတ္တာ လျှို့ဝှက်နံပါတ်ကို သိသောကြောင့် ဖြစ်နိုင်ခြေ ပိုမိုမြင့်မားခဲ့သည်။
သူမ၏ကျောက်စိမ်းလက်ကောက်ကို ယခင်ဘဝတွင် သူမ၏ ဘာဘီကျူးဝက်လိုသားဖြစ်သူက ခိုးယူခဲ့ပြီး ကျန်းယာ့ကောအား လက်ဆောင်ပေးခဲ့သည်။
ကျန်းယာ့ကောသည် ဖန့်ကျွင်းရုံကိုယ်တိုင်ပင် မသိခဲ့သော လက်ကောက်၏လျှို့ဝှက်ချက်ကို မည်သို့သိရှိခဲ့သနည်းကို ဖန့်ကျွင်းရုံသည် ပိုမိုသိလိုခဲ့သည်။ ထိုလက်ကောက်ကို သူမလက်ဝယ်တွင်ပိုင်ဆိုင်ရလျှင် အထက်နှင့်ထိုထက်ပိုကျော်သွားလိမ့်မည်ဟု တစ်ယောက်ယောက်က ညွှန်ပြခဲ့လေတာလား။ သူမသည် ဝတ္ထုကိုဖတ်ခဲ့ရသည့်အချိန်က အရာအားလုံးသည် တိုက်ဆိုင်မှုသက်သက်ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။ သို့သော် သူမသည် အကြောင်းရင်းတိုက်ဆိုင်မှုအား ယုံကြည်သူတစ်ဦးတော့ မဟုတ်ခဲ့ပေ။
ယခု ကျန်းယာ့ကောသည် လက်ကောက်ကို လက်ဝယ်မရရှိတော့ပါက မတူညီသော အခြေအနေနှစ်ခုကို ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။
ဖန့်ကျွင်းရုံသည် သူမလက်ကောက်ဝတ်ရှိ မြင်နိုင်ရုံမျှသာရိှသည့်အမှတ်အသားကို စိုက်ကြည့်ကာ အတွေးများနေခဲ့သည်။
***
ကျန်းယာ့ကောသည် အရပ်ရှည်ပြီးခန့်ညားသော လီရှစ်ကျီအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။ သူမသည် သူ့အပေါ် ချစ်ခင်တွယ်တာမှုအချို့ရှိကြောင်းကိုတော့ ဝန်ခံရပေမည်။ သူဟာ သူမအတွက် ဦးလေးလီပြီးလျှင် ဒုတိယအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်သည်။
"ရှစ်ကျီ"
လီရှစ်ကျီ၏ပုံမှန်အေးစက်သောမျက်နှာထားသည် ကျန်းယာ့ကောကိုမြင်လိုက်တာနဲ့ သူကိုယ်တိုင်တောင် သတိမမူမိလိုက်ပဲ ပျော့ပျောင်းသွားခဲ့သည်။ သူသည် သူမ တစ်ချိန်တုန်းက အလုပ်လုပ်ခဲ့ဖူးသည့်နေရာကို ကြားသိလိုက်ရသောအခါက သူမအား သဘောမကျခဲ့ပေ။ သူဟာ အမှတ်မထင်ပဲ သူမသည် အလွန်အမင်း ငွေကြေးလိုအပ်နေသည့် သူငယ်ချင်းတစ်ယောက်ကို ကူညီရန်အတွက် ထိုနေရာတွင် အလုပ်လုပ်ခဲ့သည်ဆိုတာကို သူ မသိရှိမှီအထိသာဖြစ်သည်။