အခန်း(၃၆) လက်ကောက်သည် ပိုင်ဆိုင်ထိုက်သည့်ပိုင်ရှင်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်(၁)
“မေမေ”
သူမနှင့် စကားပြောဆိုရန်ခဲယဉ်းနေသော သားဖြစ်သူကိုကြည့်ခြင်းအားဖြင့် ဖန့်ကျွင်းရုံသည် သူမသား၏လာရင်း ရည်ရွယ်ချက်နှင့််ပတ်သက်၍ သူမမှာ အကြံဉာဏ်ကောင်းရှိခဲ့သည်။ သူမပြန်လည်မွေးဖွားလာခဲ့တာ အတန်ကြာပြီဖြစ်သောကြောင့် သူမသားဖြစ်သူအား ခါးသီးနာကြည်းနေသောမုန်းတီးမှုကို ယခုအချိန်တွင် ဖိနှိပ်ထားနိုင်ခဲ့ပြီး နူးညံ့သိမ်မွေ့သောအသံဖြင့် ပြန်လည်စကားပြောဆိုခဲ့လေသည်။
“ဘာဖြစ်လို့လဲ။ သား အလုပ်စဝင်နေပြီလို့ မေမေကြားတယ်။ ပင်ပန်းနေပြီလား။ အရမ်းပင်ပန်းတယ်ဆိုရင် အားလပ်ရက်နည်းနည်းယူလိုက်လေ။ သားရဲ့ကျန်းမာရေးကသာ အရေးကြီးဆုံးပဲ။” သူမသည် အလွန်ပြီးပြည့်စုံပြီး မေတ္တာပြည့်ဝသောမိခင်ပုံရိပ်ကို ဖော်ပြထားခဲ့သည်။
လီရှစ်ကျီသည် သူမအရိပ်အကဲကိုကြည့်နေသည့်ပုံစံကနေ ချက်ချင်းပင် စိတ်သက်သာရာရသွားခဲ့ပုံပေါ်ဖြစ်သွားခဲ့သည်။ သူသည် အီးကျူမရှိသူတစ်ယောက် မဟုတ်ပေ။ သူသည် လက်ကောက်နှင့်ပတ်သက်သည့် အကြောင်းအရာသို့ ချက်ချင်း စကားလမ်းကြောင်း မပြောင်းလဲခဲ့ပေ။ ယင်းအစား သူသည် လာမည့်ရက်သတ္တပတ်အနည်းငယ်အကြာတွင် ရောက်ရှိတော့မည့် လီရှင်းယွင်၏မွေးနေ့ပွဲအကြောင်းအား စတင်ပြောဆိုခဲ့သည်။ သူသည် သူ၏ပုံပန်းသွင်ပြင်စရိုက်နှင့်ကွဲပြားနေသော်လည်း သူ့ညီမအား တကယ်ဂရုစိုက်ချစ်ခင်သော အစ်ကိုဖြစ်သူနှင့်တူလေသည်။
မည်သို့ပင်ဆိုစေကာမူ ဖန့်ကျွင်းရုံသည် နောက်တစ်ဖန် အရူးလုပ်ခံလိမ့်မည်မဟုတ်ပေ။ လီရှစ်ကျီသည် ကျန်းယာ့ကော ရောက်မလာခင် အချိန်အထိ သူမနှင့် သူမ၏သမီးဖြစ်သူ နှစ်ဦးစလုံးအပေါ် အလွန်ကောင်းသည်။ ကျန်းယာ့ကောအား ချစ်မြတ်နိုးသွားသည်နှင့်တစ်ပြိုင်နက် သူ့ချစ်ခြင်းအားလုံးကို သူမတစ်ဦးတည်းအပေါ်တွင်သာ ပုံအပ်ထားခဲ့သည်။ သူ့မိသားစုအတွက် ချစ်ခြင်းတစ်စုံတစ်ရာမျှ လုံးဝမကျန်ရှိတော့ပါ။ မဟုတ်ရင် သူ့ညီမဖြစ်သူအား တစ်စုံတစ်ဦး၏ ကစားစရာ ဖြစ်လာစေပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာနှင့် သူ့မိခင်ဖြစ်သူအား စိတ္တဇဆေးရုံသို့ပို့ခြင်းကို ဘယ်လိုလုပ် အေးအေးဆေးဆေး ကြည့်နေနိုင်ရက်ခဲ့မှာလဲ။
လီရှစ်ကျီသည် သူ့လာရင်းရည်ရွယ်ချက်အမှန်ကို မပြောမီ ဆယ့်ငါးမိနစ်ခန့် စကားစမြည်ပြောဆိုနေခဲ့သည်။
“မေမေ့မှာ အရမ်းလှတဲ့ကျောက်စိမ်းလက်ကောက်ရှိတယ်မလား။ ခုနောက်ပိုင်း မေမေဝတ်တာ သား မမြင်မိတော့ဘူးနော်။”
ဒီအကြောင်းအား ကြိုတင်တွေးထားမိသောကြောင့် ဖန့်ကျွင်းရုံသည် လုံးဝအံ့အားသင့်ခြင်း မရှိခဲ့ပါ။ သူမက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “မေမေ့မှာ ကျောက်စိမ်းလက်ကောက်နည်းနည်းတော့ ရှိတယ်လေ။ သား ဘယ်ဟာကို ပြောတာလဲ။” သူမမှာ လက်ဝတ်ရတနာတွေ ရှားပါးတာမျိုး မရှိခဲ့ဖူးဘူး။
လီရှစ်ကျီက ပြောလိုက်သည်။ “အစိမ်းရောင်တောက်တောက် တောင်တစ်လုံးနဲ့ဆင်တူတဲ့ပုံရိပ်ပါတဲ့ တစ်ကွင်းလေ” သူ့အမေက ထိုလက်ကောက်ကို ဖန်တရာတေအောင် ဝတ်ထားသည်ဆိုလျှင် ၎င်းသည် အလွန်အရေးကြီးသောအရာမဟုတ်ပါ။ သူက သူမကို ၎င်းအကြောင်းကို တန်းမေးမိလျှင် သူမသည် ငြင်းပယ်လိမ့်မည်။
သူမက သူရည်ညွှန်းသည့်ပုံရိပ်ကို သူမ မှတ်မိသည့်ပုံမပေါ်မီ ဖန့်ကျွင်းရုံသည် အချိန်အနည်းငယ်ကြာအောင် စဉ်းစားနေခဲ့သည်။ “အိုး... ဟိုလက်ကောက်...” သူမဟာ ဖြေးညင်းစွာ စကားပြန်မပြောခင် ခဏလောက် ခေတ္တဆိုင်းငံ့နေခဲ့သည်။ “မေမေ သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်တုန်းက အဲ့လက်ကောက်ကို ဝတ်သွားခဲ့တာ ခရီးမှာ ပျောက်သွားခဲ့တယ်လေ။ မေမေ ထပ်ကာထပ်ကာ ပြန်ရှာခဲ့ပေမယ့် မတွေ့တော့ဘူးလေ။”
“မေမေ့မှာ တစ်ခြားလက်ကောက်တွေလည်း ရှိသေးတယ်လေ။ တချို့ဆိုရင် အဲ့လက်ကောက်ထက်တောင် ပိုကောင်းသေးတယ်။ သား ဘာလို့ အခြားလက်ကောက်တစ်ခုကို မလိုချင်ရတာလဲ။”
လီအိမ်တော်၏အမွေဆက်ခံသူအနေဖြင့် လီရှစ်ကျီသည် ငွေကြေးမရှားပါးသလို လက်ဝတ်ရတနာများကိုလည်း ဂရုစိုက်စရာမလိုပေ။ သူက ကျန်းယာ့ကောအတွက်သာ မဟုတ်လျှင် သူ့မိခင်ကို မေးရန် လုပ်မိမှာ မဟုတ်ပါ။ သူ့မိခင်ကို ပြောလိုက်သည့် စကားကို ကြားလိုက်သည်နှင့် ဟန်မဆောင်နိုင်ပဲ မျက်မှောင်ကြုတ်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။ “မေမေ အဲ့လက်ကောက်ကို ပျောက်သွားခဲ့တာလား။ ဘယ်လိုဖြစ်ရတာလဲ။”
ဖန့်ကျွင်းရုံသည် သက်ပြင်းချ၍ ပြောလိုက်သည်။ “မေမေလည်း မသေချာဘူး။ ခရီးကပြန်လာတော့ အထုပ်ဖြည်တဲ့အခါကျမှ သတိပြုမိလိုက်တာ။ သားက ဘာဖြစ်လို့ ရုတ်တရတ်ကြီး အဲ့လက်ကောက်အကြောင်းကို လာမေးနေတာလဲ။”
လီရှစ်ကျီသည် သူ့နှုတ်ခမ်းများ အနည်းငယ် တင်းကျပ်သွားခဲ့ပြီး ကြုံရာကျပန်း အကြောင်းပြချက်အချို့ ပေးလိုက်သည်။ “အဲ့လက်ကောက်ကို သား အရမ်းကြိုက်လို့မေးမိတာ။ အဲ့လက်ကောက်က ဘယ်ဝတ်စုံနဲ့မဆို လိုက်ဖက်တယ်လေ။”
ဒီအချိန်မှာ သူအတွေးထဲမှာ စဉ်းစားမိနေသမျှ အတွေးအားလုံးဟာ သူမ ရှာနေသည့် ထိုလက်ကောက် ပျောက်ဆုံးသွားသည်ကို သိလိုက်ရချိန်တွင် ငိုနေမည့် ကျန်းယာ့ကော၏ မျက်နှာလေးကိုသာ ဖြစ်လေသည်။ သူ အရမ်းစိတ်ပျက်နေမိတယ်။ သူမသည် ထိုအကြောင်းကို သိသွားလျှင် စောင်အောက်တွင် ပုန်းကွယ်ကာ ထပ်မံငိုနေတော့မည်။
လီအိမ်တော်၏ ရှိန်လောက်စရာ အမွေဆက်ခံသူတစ်ဦးဖြစ်သည့် သူသည် ချစ်ရသူ မိန်းကလေးတစ်ဦး၏ အပြုံးကိုတောင် အများကြီး မကာကွယ်ပေးနိုင်ခဲ့ဘူး။
သူ့စိတ်အတွင်းပိုင်းမှာ ပေါက်ကွဲထွက်မတတ် မကျေနပ်မှု ခံစားနေရသည်။ သူ့အမေက ဘာလို့ ခရီးကို ထိုလက်ကောက်ကို ယူသွားရတာလဲ။ အခုတော့ သူက အခြားနေရာတွေမှာ ထိုလက်ကောက်နဲ့တူတဲ့ အခြားလက်ကောက်တစ်ခုကို လိုက်လံရှာဖွေရတော့မယ်။
သူဟာ အရမ်းစိတ်အနှောင့်အယှက်ဖြစ်နေခဲ့ပြီး ဆင်ခြေပေးသည့်စကားတစ်ခွန်းမျှတောင်မဆိုပဲ အလျင်အမြန်ထွက်ခွာသွားခဲ့သည်။ သူသည် သင့်တော်သောလက်ကောက်တစ်ကွင်းကို ဘယ်နေရာမှာ ဘယ်လိုရှာရမလဲဆိုတာကို တောက်လျှောက်တွေးနေခဲ့သည်။
ဖန့်ကျွင်းရုံသည် သူမကိုယ်သူမ ညည်းညူမိလိုက်သည်။ သူမသည် ဘာဘီကျူးဝက်လိုမျိုးသားအပေါ်မှာ မည်သည့်ခံစားချက်မျိုး မရှိတော့သောကြောင့် ကံကောင်းသည်။ မဟုတ်ရင် ဘာဘီကျူးဝက်လိုမျိုးသားကြောင့် သူမ ဘယ်လောက်တောင် စိတ်ထိခိုက်မိမလဲ။
သူမသည် တစ်စုံတစ်ယောက်က ထိုလက်ကောက်ကို မိတ္တူပွားယူရန်ကြိုးစားခြင်းမှာ ဖြစ်နိုင်သည်ကိုလည်း စဉ်းစားမိပြီးတော့ ကျန်းယာ့ကောနှင့် လီရှစ်ကျီတို့က လုပ်ဆောင်နိုင်မလားကို သိချင်မိသည်။
ဒါပေမယ့် ဘာဘီကျူးဝက်လိုမျိုးသားက တကယ်စီစဉ်လုပ်ဆောင်နိုင်မလား။