အခန်း ၃၇
Viewers 25k

အခန်း(၃၇) လက်ကောက်သည် ပိုင်ဆိုင်ထိုက်သည့်ပိုင်ရှင်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်(၂)


ကျန်းယာ့ကောသည် လက်ကောက်ပျောက်သွားတာကိုသိသောအခါ သူမ၏စိတ်ထိခိုက်နေပုံမှာ ပကတိမျက်စိဖြင့် မြင်ရလောက်သည့်အထိဖြစ်သွားခဲ့သည်။


သူမသည် တူညီသောအိမ်မက်တစ်ခုကို ထပ်ခါထပ်ခါ မြင်မက်ခဲ့သည်။ သူမ၏အိမ်မက်များအထဲတွင် ဖန့်ကျွင်းရုံ၏ဖြူဖွေးသွယ်လျသောလက်ကောက်ဝတ်တွင် တောက်ပသည့်အစိမ်းရောင်လက်ကောက်တစ်ကွင်းရှိလေသည်။ သာမာန်အားဖြင့်ဆိုရရင် အိမ်မက်တွေဟာ အနက်ရောင်နှင့် အဖြူရောင်များသာ ဖြစ်ကြပေမယ့် လက်ကောက်ဟာ သတိမူမိလောက်သည့်အထိ အရောင်တောက်ပနေခဲ့သည်။


သူမသည် ထိုလက်ကောက်ကိုထိလိုက်တာနဲ့ သူမဟာ မတူညီကွဲပြားသောကမ္ဘာတစ်ခုအတွင်းသို့ ဝင်ရောက်သွားပေလိမ့်မည်။ သူမသည် ကျောက်ပြားကြီးတစ်ခုနှင့် နတ်သမီးပုံပြင်ထဲကလို တောင်တစ်လုံးကိုသာ တွေ့မြင်နိုင်ပေမယ့် ကျန်းယာ့ကောသည် ထိုနေရာက သာမာန်နေရာတစ်ခု မဟုတ်ကြောင်းကိုတော့ ပြောနိုင်လေသည်။ သူမသည် နိုးထလာပြီးနောက် အလွန်တရာ စိတ်ပျက်နေဆဲပင်။ သူမသည် ထိုလက်ကောက်ကို သူမ့လက်ဝယ်ပိုင်ဆိုင်ရယူရမည်ဟု သူမစိတ်ထဲတွင် ပြောကြားနေသလိုမျိုး ပြင်းထန်သောစိတ်ခံစားချက်တစ်ခုရှိလေသည်။


သူမသည် အစပိုင်းတွင် အိမ်မက်တစ်ခုဟုသာ မှတ်ယူထားခဲ့သည်။ သို့သော် တစ်ပတ်လုံးလုံး ထိုအိမ်မက်တစ်ခုတည်းကိုသာ မြင်မက်ပြီးနောက် သူမသည် နောက်ဆုံးတွင် လီအိမ်တော်၏အစေခံများကို သီးသန့်မေးမြန်းခဲ့သည်။ ကျန်းယာ့ကောသည် ထိုအစေခံများကို သာမာန်အားဖြင့် အလွန်နှစ်သက်လေသည်။ သူမသည် သူတို့ကို စာနာသနားပြီး သူတို့အနည်းငယ် အချောင်ခိုနေတာကို မြင်နေရရင်တောင်မှ သူမက မမြင်ချင်ယောင်ဆောင်ပေးခဲ့သည်။ ထို့ကြောင့် သူမအား အစေခံတော်တော်များများက အလွန်သဘောကျခဲ့သည်။ သူတို့၏ကျေးဇူးဖြင့် ကျန်းယာ့ကောသည် ဖန့်ကျွင်းရုံတွင် ထိုလက်ကောက်ရှိသည်ကို အတိအကျသိရှိခဲ့ခြင်းဖြစ်သည်။ သူမသည် ထိုလက်ကောက်ကို အများအားဖြင့်ဝတ်ဆင်လေ့ရှိသော်လည်း မကြာသေးမီ နှစ်များအတွင်းတွင် ထိုလက်ကောက်ကို ဝတ်ဆင်တာမျိုး မတွေ့ရတော့ပေ။


ကျန်းယာ့ကော၏စိတ်ထဲတွင် သူမ၏အိမ်မက်များသည် သူမ၏အခွင့်အရေးကိုရရှိရန် မိုးကောင်းကင်က နည်းလမ်းပြောပြနေခြင်းဖြစ်သည်ဟု ထင်မှတ်မိလေသည်။ သူမ၏အတွင်းစိတ်ထဲကနေ သူမသည် ထိုလက်ကောက်ကို ရရှိပိုင်ဆိုင်ရမည်ဟူသော ပြင်းထန်သောဆန္ဒကို ခံစားခဲ့ရသည်။


သူမ၏ရှုထောင့်မှကြည့်မည်ဆိုလျှင် ဖန့်ကျွင်းရုံ၏လက်ကောက်ဖြစ်ပေမယ့်် ထိုလက်ကောက်သည် သာမာန်လက်ဝတ်ရတနာတစ်ခုသာဖြစ်ပြီးတော့ မှော်အသုံးအဆောင်ပစ္စည်းနဲ့ နှိုင်းယှဉ်လို့မရနိုင်ပေ။ မှော်အသုံးအဆောင်ပစ္စည်းတစ်ခုသည် ၎င်းကို ပိုင်ဆိုင်ထိုက်သော ပိုင်ရှင်ကို ကိုယ်တိုင်ရွေးချယ်နိုင်သော စွမ်းရည်ရှိကြ၏။ ပြီးတော့ ထိုလက်ကောက်သည် ဖန့်ကျွင်းရုံ၏ လက်ထဲတွင် သာမာန်လက်ဝတ်ရတနာတစ်ခုအပြင် မပိုပဲ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူမသည် လက်ကောက်ကို အမှန်တကယ်အသုံးချနိုင်ပါက ဖန့်ကျွင်းရုံအတွက်ပင် အကျိုးရှိနိုင်သည်။


ထိုအကြောင်းကြောင့် သူမသည် အကြောင်းပြချက်တစ်ခုကို ဖန်တီးပြီး ထိုလက်ကောက်ကို သူမလက်ဝယ်ရရှိရန် လီရှစ်ကျီအား တကယ်မရှိသော စေ့စပ်ထားသူတစ်ဦးကို ဖန်တီးပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းကို လုံးဝရရှိမည်ဟုထင်ထားသော်လည်း စိတ်ပျက်စရာကောင်းသည်မှာ လက်ကောက်သည် ပျောက်ဆုံးသွားခဲ့သည်။


ဒီသတင်းက သူမကို ဖြူဖျော့သွားစေပြီး မယုံနိုင်ဖွယ် ဖြစ်သွားစေခဲ့သည်။ သူမ၏ မျက်ရည်စိုစွတ်နေသောမျက်ဝန်းများသည် ရေကန်များနှင့် အလျားသဏ္ဍာန်တူလေသည်။ 
“ရှင်ပြောတဲ့သတင်းက သေချာရဲ့လားဟင်။”


သူမ၏ပုံစံက လီရှစ်ကျီကို ကြောက်လန့်တကြားဖြစ်သွားစေခဲ့သည်။ သူသည် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “သေချာတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အလားတူ အခြားလက်ကောက်တစ်ခုကို ကိုယ်တို့ရှာတွေ့နိုင်မှာပါ။” သူက မျက်မှောင်ကြုတ်လိုက်သည်။ စေ့စပ်ထားသူရဲ့ မိသားစုရောက်လာခဲ့ရင်တောင်မှ သူတို့ဖိအားမပေးနိုင်ပါဘူး။ သူသည် သူမ၏စေ့စပ်ထားသည့်မိသားစုသည် ဂုဏ်သိက္ခာရှိတဲ့မိသားစုမဟုတ်ရင်တောင်မှ လီအိမ်တော်ကို အမှားလုပ်ဝံ့မှာ မဟုတ်ပေ။


ဒါက ကျန်းယာ့ကောရဲ့စိတ်အား လုံးဝမပေါ့ပါးသွားခဲ့ပါ။ သူက တူညီသောလက်ကောက်ကို ရှာတွေ့ရင်တောင်မှ ၎င်းလက်ကောက်မှာလို ပါရှိမှာမဟုတ်ဘူး။


သူမသည် ခေါင်းကိုငုံကာ ရေရွတ်လိုက်လေသည်။“ဒါက ကျွန်မအမှားပါ။ ကျွန်မ အဲ့လက်ကောက်ကို ဘယ်တော့မှ မပျောက်သွားသင့်ဘူး။”


သူမသည် မိုးရေများ သနားဂရုဏာကင်းမဲ့စွာ ရိုက်ခတ်ရွာသွန်းသည့်ဒဏ်ကို ခံခဲ့ရသော ပန်းလေးတစ်ပွင့်နှင့် တူလေသည်။


သူသည် ကျန်းယာ့ကောအား စိတ်အဆင်ပြေသွားအောင် လုပ်ပေးချင်မိသည်။ လီရှစ်ကျီ၏ နှလုံးသားသည် သူမအတွက် နာကျင်ခံစားခဲ့ပြီးတော့ ကျုံးရီကို ပိုမိုစိတ်ဆိုးလာခဲ့သည်။ သူက ထိုလက်ကောက်ပျောက်ဆုံးသွားခြင်းသည် ကျုံးရီနှင့် တစ်နည်းနည်း ပတ်သက်မည်ဟု သံသယရှိခဲ့သည်။


ကျန်းယာ့ကောသည် သူ့မျက်လုံးများကို မော့ကြည့်လိုက်သည်။ ထို့‌နောက် သူမသည် ပူလောင်လွန်းသောအရာတစ်ခုကို တွေ့လိုက်ရသလို ချက်ချင်းပင် အကြည့်လွှဲလိုက်လေသည်။


သူတို့နှစ်ဦးအကြား တစ်နေ့တာ အပြန်အလှန်ဆက်ဆံရေးအပြီးတွင် သူတို့၏ဆက်ဆံရေးသည် ရှေ့သို့ မတိုးသွားခဲ့သော်လည်း သူတို့ကြားတွင် အချစ်ဇာတ်လမ်းအနည်းငယ် အရိပ်အမြွတ်ရှိလေသည်ဟု ခံစားရနိုင်သည်။