အခန်း(၃၈) လက်ကောက်သည် ပိုင်ဆိုင်ထိုက်သည့်ပိုင်ရှင်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်(၃)
လီရှစ်ကျီသည် ရံဖန်ရံခါ သူမကို နှစ်သိမ့်ပေးပြီး စျေးဝယ်ထွက်စေရင်တောင်မှ လက်ကောက်၏လမ်းစပျောက်သွားသည်နှင့်အမျှ ကျန်းယာ့ကော၏စိတ်ခံစားချက်သည် ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ပေ။ သူမအနားမှာ စိတ်အားငယ်ခြင်း အငွေ့အသက်များ ဝန်းရံနေခဲ့သည်။
လီဝမ်ကျင်းသည် ကျန်းယာ့ကောကို သူ့သမီးအဖြစ် အမြဲတမ်း လိုလားယူဆထားခဲ့သည်။ ဒီလိုမျိုး သူမကို မြင်တွေ့လိုက်ရတဲ့အခါ သူ့စိတ်နှလုံးသားဟာ နာကျင်သွားခဲ့သည်။ သူသည် သူမ၏ဝမ်းနည်းနေမှုကို သူမမိဘများ၏သေဆုံးခြင်းနှစ်ပတ်လည် နီးလာခဲ့ခြင်းကြောင့်ဖြစ်သည်ဟုတွေးထင်ကာ သူမကို ဝမ်စစ်ရှန်းနှင့်တွေ့ရန် ခေါ်သွားခဲ့သည်။
ကျန်းယာ့ကောသည် သူမ၏အဒေါ်နှင့် အရင်က တွေ့ခဲ့ဖူးသည်။ ဝမ်စစ်ရှန်းသည် သူမမိခင် ဝမ်စစ်အာနှင့် အရမ်းတူလွန်းသည်။ သူမကိုမြင်ရတော့ ကွယ်လွန်သွားတဲ့ သူမမိခင်ကို မြင်လိုက်ရသလို ခံစားမိပြီး ကျန်းယာ့ကောသည် ဝမ်းနည်းမှုကို မထိန်းနိုင်တော့ပဲ ငိုကြွေးတော့သည်။
သူမငိုကြွေးပြီးတဲ့နောက် သူတို့နှစ်ဦးသားဟာ အတူတူနေတဲ့ အချိန်အနည်းငယ်ကို ကုန်လွန်သွားချိန်မှာ တစ်ဦးနှင့်တစ်ဦး ပိုပြီးရင်းနှီးလာခဲ့ကြသည်။ ကျန်းယာ့ကောသည် သူမအဒေါ်ကိုကြည့်ပြီးတော့ နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိသည့် လီဝမ့်ကျင်းကိုကြည့်ကာ စိတ်ကူးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ဝမ်စစ်ရှန်းသည် သူမအကြည့်အောက်တွင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူမ၏တူမဖြစ်သူလက်အားကိုင်၍ ကြင်ကြင်နာနာပြောလိုက်သည်။ “ငါ့ညီမက ငါ့အရင်ခင်ပွန်းဟောင်းဖြစ်သူနဲ့ လက်ထပ်တာကို အမြဲကန့်ကွက်ခဲ့တာကြောင့် ငါတို့ကြားက ဆက်ဆံရေး အနည်းငယ်အေးစက်သွားပြီးတော့ တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်ပြတ်သွားခဲ့တာပဲ။”
“ဝမ်ကျင်းက ငါ့ကို မပြောခဲ့ရင် ငါ့ညီမသေဆုံးသွားပြီဆိုတာကို ငါသိမှာ မဟုတ်ဘူး။ ငါ့ရဲ့တစ်ဦးတည်းသောညီမလေးကို နောက်ဆုံးအကြိမ်မှာတောင် မတွေ့လိုက်ရဘူး။” သူမသည် ထိုအတွက် ဝမ်းနည်းမှုနှင့်အတူ နောင်တအနည်းငယ်ရခဲ့သည်။
လီဝမ်ကျင်းသည် ဝမ်စစ်ရှန်း၏လက်ထပ်ထိမ်းမြားခြင်းကြောင့် ဖြစ်ပျက်ခဲ့သည့် အကြောင်းရင်းတစ်ချို့ကို ရုတ်တရတ် ကိုးရိုးကိုးရားနိုင်သွားသလိုမျိုး ခံစားလိုက်ရသည်။ သူက အရင်ဆုံးအကြောင်းပြချက်အချို့ရှာပြီးတော့ သူတို့နှစ်ယောက်ကို တစ်ယောက်အကြောင်း တစ်ယောက်ပိုသိအောင် အချိန်ပိုပေးရန် ထားကာ ထွက်သွားပေးခဲ့သည်။
ကျန်းယာ့ကော၏မျက်နှာသွင်ပြင်သည် မှေးမှိန်သွားခဲ့သည်။ “မေမေ ဒေါ်လေးကို တစ်ချိန်လုံး သတိရနေခဲ့တာ” သူတို့နှစ်ဦးဟာ ဝမ်းနည်းဖွယ်ကောင်းတဲ့မတော်တဆမှုမှာ သေဆုံးသွားခဲ့သော ဝမ်စစ်အာအကြောင်းကို ပြန်လည်တွေးတောနေမိခဲ့ကြသည်။ အချိန်ခဏကြာပြီးနောက် ကျန်းယာ့ကောက နူးညံ့စွာမေးလိုက်သည်။ “ဒေါ်လေး သမီးရဲ့မွေးစားအဖေအပေါ် ခံစားချက်ရှိနေတာလား။”
ဝမ်စစ်ရှန်းသည် ပါးပြင်များရဲသွေးခြယ်ကာ ပြောလိုက်သည်။ “ဒီလိုမျိုး ပေါက်ကရစကားတွေ မပြောနဲ့။ သူ့မှာ အိမ်ထောင်ရှိတယ်လေ။”
ကျန်းယာ့ကောသည် သူမကို နူးညံ့စွာပြောလိုက်သည်။ “သမီးရဲ့ မွေးစားအဖေနဲ့ အမေက သိပ်အဆင်မပြေကြဘူး။ သူတို့နှစ်ယောက်က အိမ်မှာလည်း အချိန်တော်တော်များများမှာ ရန်ဖြစ်နေကြတာ။ အရင်ကတော့ သမီးက သူတို့ကို အဆင်ပြေအောင် ညှိနှိုင်းပေးသေးတယ်။ မွေးစားအမေကလည်း သမီးကို သိပ်သဘောကျပုံမပေါ်ဘူး။”
ကျန်းယာ့ကောသည် အရူးတစ်ယောက် မဟုတ်ပေ။ ပုံမှန်အားဖြင့် ဖန့်ကျွင်းရုံက သူမထက် ကျုံးရီကို ပိုနှစ်သက်သဘောကျမှန်းကို ပြောနိုင်သည်။ ရံဖန်ရံခါ သူမအား သူမမိခင်ရင်း ပြောခဲ့သောစကားများနှင့် လီဝမ့်ကျင်း သူမအပေါ် ဆက်ဆံသောအပြုအမူများကို စဉ်းစားကြည့်မိသောအခါ သူမတွင် အကြံဉာဏ်ကောင်းတစ်ခု ရလာခဲ့သည်။ ယခင်ရက်အချိန်တွေက သူမမိခင်သည် သူမမွေးစားဖခင်အား ရွေးချယ်ခဲ့မည်ဆိုလျှင် သူမသည် သူမမွေးစားဖခင်၏သမီးရင်းဖြစ်လာနိုင်ပြီး ထိုအိမ်ဟာလည်း သူမအိမ်ဖြစ်လာလိမ့်မည်။ သူမသည် ပါးလွှာသောရေခဲပြင်ပေါ် လျှောက်လမ်းနေခဲ့ရသော ဘဝမျိုးကို ပြန်မလိုချင်တော့ပြီ။ သူမသည် သူမမွေးစားဖခင်လိုမျိုး လူကောင်းတစ်ဦးသည် သူမမွေးစားမိခင်ကဲ့သို့သောလူမျိုးနှင့် လက်ထပ်လိုက်ခြင်းကြောင့် အဆုံးသတ်သွားရလိမ့်မည်ဟု မယုံကြည်နိုင်ဘူး။ ကသိကအောက်ဖြစ်စရာပဲ။
သူမသည် သူမအဒေါ်ဖြစ်သူကို ကြည့်လိုက်သည်။ အထူးသဖြင့် သူမအဒေါ်သည် ပြုံးလိုက်ချိန်တွင် သူမမိခင်နှင့် တူလွန်းသည်။ သူတို့ဟာ လူတစ်ဦးတည်း ဖြစ်နိုင်တယ်။
“သူနဲ့ ဖန့်ကျွင်းရုံက ဆက်ဆံရေး အဆင်မပြေဘူးဆိုရင်တောင်မှ သူတို့ဟာ လက်ထပ်ထားဆဲပဲလေ။ ငါ သူ့အနားမှာ အချိန်အများကြီး ဖြုန်းလို့မရဘူး။ ငါတို့ကို တခြားသူတွေက အတူတူရှိတာကို မြင်တဲ့အခါကြရင် နားလည်မှုမလွဲပဲ နေမှာမဟုတ်ဘူး။”
သူတို့ လီဝမ့်ကျင်း၏သူငယ်ချင်းနှင့် နောက်ဆုံးအကြိမ်ဆုံတွေ့ခဲ့သည့်နောက်ပိုင်းတွင် သူသည် သူမကို အပြင်သို့ မခေါ်သွားတော့ပေ။ ယနေ့ကျမှ သူနှင့်အတူ ကျန်းယာ့ကောအား ခေါ်လာခဲ့ခြင်းဖြစ်သည်။
ကျန်းယာ့ကောသည် နှုတ်မှ လွတ်ခနဲထွက်သွားခဲ့သည်။ “ဒါပေမယ့် ဒေါ်လေးက သမီးနဲ့ ပိုပြီး အချိန်ဖြုန်းလို့ ရတယ်လေ။ သမီး ဒီမှာရှိနေရင် ဘယ်သူကမှ ဘာမှပြောမှာမဟုတ်တော့ဘူး။”
ပိုအရေးကြီးတာက သူမမွေးစားမိခင်သည် အကယ်၍ ထိုအကြောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုရင်တောင်မှ အများကြီး ပြောဆိုနိုင်မှာ မဟုတ်ပေ။ တကယ်တော့ သူမအဒေါ်ရင်းထံ သွားရောက်လည်ပတ်တာက ပုံမှန်ပင် မဟုတ်ပါလား။
ဝမ်စစ်ရှန်းသည် ထိုအကြောင်းကို စဉ်းစားမိပြီးတော့ သူမ၏တူမဖြစ်သူဆံပင်ကို နားနောက်သို့ သပ်တင်ပေးလိုက်သည်။ “ငါ့မှာ သမီးမရှိဘူး။ ဒါပေမယ့် အခု ငါ့မှာ မင်းရှိနေပြီ။ ငါ့ကိုယ်ပိုင်သမီးအရင်းရှိသလို အရမ်းကောင်းတာပဲ။”