အပိုင်း ၃၄
Viewers 15k

Chapter 34

ငြိမ်းအေးသွားသောကိစ္စရပ်များ




ရှဲ့ကျစ်ယောင်က ခေတ္တမျှထွက်သွားခဲ့ပြီး ဤတစ်ကြိမ်သူပြန်လာသည့်အချိန်တွင်သူနှင့်အတူ ဖူဟွားနှင့်ယွီရွေ့တို့အနောက်မှပါလာကြသည်။


အကူမိန်းကလေးနှစ်ယောက်၏မျက်နှာထားများမှာ ဆိုးရွားစွာပျက်ယွင်းနေသည်။ ဖူဟွားကတည်ငြိမ်သွားချိန်တွင် ယွီရွေ့ကမူတရှုံ့ရှုံ့ငိုနေဆဲပင်။ ကံကောင်း၍လင်းရုဖေးက အချိန်မီ ပြောင်းဖူးအရသာသကြားလုံးကိုထုတ်ကာသူမပါးစပ်ထဲသိပ်ထည့်ပေးလိုက်သောကြောင့် နောက်ဆုံး အငိုတိတ်သွားပြီးပြုံးလာလေသည်။


သို့ထိတိုင် ဖူဟွားက သူမ၏သတိလက်လွတ်မှုကြောင့် အပြစ်မကင်းသလိုခံစားနေရပြီးစကားတစ်လုံးပင်မဆိုနေဘဲ ဒူးထောက်ကာလင်းရုဖေးအားသူမကိုအပြစ်ပေးပါရန်တောင်းဆိုလာသည်။


လင်းရုဖေးကသူမကိုထရန် ချော့မော့ပြောနေချိန်တွင် သူမ၏မျက်လုံးထောင့်၌မျက်ရည်များဝိုင်းဖွဲ့လာတော့သည်။ 


တုန်ယင်နေသည့်အသံလေးဖြင့်သူမကဆိုသည်။ 


"ကျွန်မတို့အရမ်းနမော်နမဲ့နိုင်သွားလို့ ရှဲ့ဝမ်လင်ကို ဒီလိုဖြစ်အောင် အခွင့်အရေးပေးခဲ့မိတာ သခင်လေးသာတစ်ခုခုဖြစ်သွားခဲ့ရင် ခွန်းလွန်တောင်ကိုပြန်ရောက်ရင် ဘယ်လိုပြောရမှာလဲ"


လင်းရုဖေး : "ငါအဆင်ပြေပါတယ် မင်းတို့တွေသာအတွေးလွန်နေကြတာ ငါသေသွားရင်ရော ရှဲ့ဝမ်လင်က မင်းတို့ကိုလွှတ်ပေးမှာမလို့လား"


ဖူဟွားကား နှုတ်ခမ်ကိုကိုက်နေပြီးဘာမှမပြောတော့ပေ။


လင်းရုဖေးက သူမအားဖြစ်ပျက်သမျှများကိုမေးမြန်းကြည့်သည်။


အစတုန်းက ရှဲ့ဝမ်လင်သည်လင်းရုဖေးကြောင့်ရောက်လာခဲ့တာပင်။ သို့သော် အခန်းထဲတွင်လင်းရုဖေးအားမတွေ့သည့်အခါ အကူမိန်းကလေးနှစ်ယောက်အားတိုက်ခိုက်တော့သည်။ လင်းရုဖေးက တစ်ကြိမ်ပင်ဓားရေးမလေ့ကျင့်ဖူးသောကြောင့် အစေခံမိန်းကလေးနှစ်ယောက်ကသူ့အားစောင့်ရှောက်ရန်လိုက်လာသူနှစ်ယောက်ဟု သူထင်ခဲ့လိမ့်မည်။ အစေခံများသာမရှိလျှင် လင်းရုဖေးက လှောင်ချိုင့်ထဲမှလိပ်တစ်ကောင်သာဖြစ်နေမည်မှာအသေအချာပင်။


ရှဲ့ဝမ်လင်၏အစီအစဉ်မှာ မည်မျှပင်အပြစ်ဆိုစရာမရှိစေကာမူ နတ်ဘုရား၏အကြံအစည်ထက်တော့မကောင်းနိုင်ပေ။ သူသည် လင်းရုဖေးက အံ့အားသင့်ဖွယ်ကောင်းစွာတုံ့ပြန်နိုင်ပြီး လက်တစ်ဖက်တည်းနှင့်သူ၏ဓားကိုအစိတ်စိတ်ပြတ်သွားအောင်အလွယ်လေးချိုးပစ်နိုင်လိမ့်မည်ဟုမထင်ထားခဲ့ချေ။ အဆုံး၌မူ သူသည် ရှဲ့ကျစ်ယောင်ဓားနှင့်ပင်အသတ်ခံလိုက်ရှာ၏။


ရှဲ့ကျစ်ယောင်က အစေခံမိန်းကလေးများကိုပြန်ခေါ်လာပေးပြီးနောက် လင်းရုဖေးအား ကောင်းကောင်းအနားယူရန်မှာသည်။ ကျန်ရှိနေသေးသောကိစ္စများကို မနက်ဖြန်မှသာအသေးစိတ်ဆွေးနွေးကြမည်ဖြစ်ပြီး လင်းရုဖေးကလည်းခေါင်းညိတ်လက်ခံလိုက်သည်။


ဖူဟွားနှင့်ယွီရွေ့သည်အင်္ကျီလက်များကိုလိပ်တင်ကာ ရှုပ်ပွနေသည့်အိမ်ကိုရှင်းလင်းခြင်းဖြင့် လင်းရုဖေးအားကူညီကြသည်။


ယွီရွေ့ကား တံမြက်စည်းလှည်းသည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးမှ အလန့်တကြားနှင့်ထအော်ကာ ထိတ်လန့်နေသောမျက်နှာဖြင့် ထစ်ငေါ့စွာဆိုလာ၏။ 


"သခင်...သခင်လေး...ဒီမှာဘယ်လိုလုပ်ခေါင်းပြတ်ကြီးရှိနေရတာလဲ"


လင်းရုဖေးက 'အို့' ကနဲအသံပြုပြီး အခုလေးတင် ရှဲ့ကျစ်ယောင်တစ်ယောက် ညီဖြစ်သူ၏ခေါင်းကိုလွှင့်ပစ်ထားခဲ့ပြီး ယူရန်မေ့သွားသည်ကိုသတိရသွားသည်။


လင်းရုဖေးက ခဏမျှစဉ်းစားနေပြီးမှ ခိုင်းစေလိုက်သည်။


"ရှဲ့ကျစ်ယောင်ကိုသွားပေးလိုက် အဲဒါသူ့ညီရဲ့ခေါင်း ပြီးတော့ ကြမ်းပြင်ပေါ်ကပြာတွေကိုလည်း သေချာလှည်းကျင်း အဲဒါ ရှဲ့ကျစ်ယောင်ရဲ့အဖေ ခေါင်းနဲ့အတူစုထားလိုက်...."


ဖူဟွား : .....


ယွီရွေ့ : .....


နှစ်ယောက်စလုံး၏အမူအရာက ရှုပ်ထွေးမှုအပြည့်ဖြင့် ရှုံ့မဲ့နေကြသည်။ သူမတို့သည် မြင်မကောင်းရှုမကောင်းသည့်ခေါင်းကိုကြည့်ပြီး ဖြစ်ရပ်တွေမှာမျက်လှည့်ပြခံလိုက်ရသည့်အလား ဆန်းကြယ်လွန်းလှသည်ဟု ခံစားလိုက်ရ၏။


လင်းရုဖေးက သူမတို့ရဲ့ဖြစ်ပျက်နေသည့်ပုံစံကိုမြင်တွေ့သွားသဖြင့် အသာပြုံး၍ ညင်သာသောအသံဖြင့်ဆိုလိုက်သည်။ 


"မင်းတို့ကြောက်တယ်ဆိုရင်လည်း ထားလိုက်ပါ မနက်ဖြန်မှငါဟာငါ ပြန်လာမှရှင်းလိုက်မယ် အနားယူကြတော့ မင်းတို့အခုနေမအိပ်ရင်မကြာခင်နေထွက်လာတော့မယ်"


ဖူဟွားကား အံကြိတ်ပြီး အင်္ကျီလက်အားလိပ်တင်ကာခေါင်းကိုကောက်သည်။ သို့သော် လင်းရုဖေးခမျာ ခေါင်းပြတ်ကိုမြင်ပြီးအကြီးအကျယ်ထိတ်လန့်သွားရသည်။ သူကရှဲ့ကျီ၏ခေါင်းမှာခြောက်သွေ့နေပြီမှန်းမသိခဲ့ချေ။ ယင်း၏ခေါင်းက အခွံမာသီးခြောက်ကဲ့သို့ရှုံ့တွနေသည်။ အနှီသူ၏ပုံစံသည် မနေ့ကသူမြင်တွေ့ခဲ့ရသောအခေါင်းတလားအတွင်းမှလူနှင့် အလွန်အမင်းဆင်တူနေပြီး မတရားကြည့်ရဆိုးနေလေ၏။


ခေါင်းကိုသယ်ထုတ်သွားပြီးနောက် ဖူဟွားကယွီရွေ့အား ကြမ်းပေါ်မှပြာများကိုလှည်းကျင်းခိုင်းပြီး သူမကနှစ်ခုလုံးကိုရှဲ့ကျစ်ယောင်ထံယူသွားလိုက်သည်။ 


ယွီရွေ့သည် ကြမ်းပေါ်မှပြာပုံကိုလှည်းနေစဉ်တွင် သူမလက်များကတဆတ်ဆတ်တုန်နေခဲ့ပြီး ဖူဟွား၏အနောက်မှငိုယိုပြီးလိုက်သွားရသည်။


နှစ်ယောက်လုံး တံခါးများကိုပိတ်ပေးရန်မမေ့သွားသည့်အပြင် လင်းရုဖေးအားစောစောအနားယူရန်လည်းပြောသွားကြသေး၏။


လင်းရုဖေးကား သက်ပြင်းသာချမိတော့သည်။ သူက အနှီအမျိုးသမီးလေးနှစ်ယောက်အားခက်ခဲအောင်လုပ်မိနေပြီဟုတွေးမိသည်။ 


တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ကုရွမ်းတုက စိတ်အချဉ်ပေါက်စွာဖြင့်ဆိုလာသည်။


"သခင်လေးလင်းရေ မင်းကတကယ်ကို အကြင်နာတရားနဲ့ပြည့်စုံတဲ့ကျောက်စိမ်းတုံးလေးပဲဗျာ"


လင်းရုဖေးက သူ့အားခေါင်းလှည့်ကြည့်ကာ : "ဒါပေါ့ဗျ မဟုတ်ရင် အကြီးအကဲကိုဘာလို့ခေါ်လာမှာလဲ"


ကုရွှမ်းတု : .....


ကုရွှမ်းတု၏အရှုံးပေးလိုက်ရသောမျက်နှာကို မြင်တွေ့ရန်မှာရှားပါးလွန်းသောကြောင့် လင်းရုဖေးမှာစိတ်အခြေအနေကောင်းလာသည်။


ကိစ္စများစွာဖြစ်ပျက်ခဲ့ပြီးနောက် သူတစ်ညလုံးအိပ်မပျော်နိုင်ခဲ့ပေ။ လင်းရုဖေးသည်ဟိုလှိမ့်သည်လှိမ့်လုပ်နေသော်ငြား အိပ်မပျော်နိုင်ပေ။ ထို့အပြင်သူက အာရုံတက်အထိ တစ်လျှောက်လုံးချောင်းဆိုးနေခဲ့သည်။ သူခေတ္တခန့်မှေးကနဲအိပ်ပျော်သွားပြီး ဖူဟွားကသူ့အားစားရန်လာခေါ်သည့်နေ့လည်ရောက်မှသာနိုးလာခဲ့သည်။


သူက နေမကောင်းဖြစ်ထားသည့်အပြင် တစ်ညလုံးလည်းကောင်းစွာမအိပ်ရသေးသဖြင့် လင်းရုဖေး၏မျက်နှာမှာ ချောင်ကျနေသည်။ မျက်လုံးနှစ်လုံးအောက်တွင်အမည်းရောင်အကွင်းကြီးနှစ်ကွင်းရှိနေပြီး ဆန်ပြုတ်သောက်နေသည့်တစ်လျှောက်လုံး သမ်းဝေနေသည်မှာလုံး၀မရပ်တန့်ပေ။


လင်းရုဖေး : "ဒီနေ့ ရှဲ့အိမ်တော်မှာထူးခြားတာဖြစ်သေးလား"


ဖူဟွား : "ထူးခြားတာဘာမှမရှိပါဘူး"


လင်းရုဖေး : "ရှဲ့ကျစ်ယောင်ရော"


ဖူဟွား : "ကျွန်မသွားမေးလိုက်မယ်"


ခဏအကြာတွင် ဖူဟွားကအခန်းထဲပြန်ရောက်လာပြီး ရှဲ့ကျစ်ယောင်သည် လွန်ခဲ့သောတစ်နာရီခန့်က အခန်းမှထွက်သွားသည်ကို မြင်လိုက်သူရှိပြီး ယခုထိပြန်ရောက်မလာသေးဟုဆို၏။ လင်းရုဖေးကသူမပြောသည်ကိုနားထောင်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။


ရှဲ့ကျစ်ယောင်၏ကျင့်ကြံဆင့်ထိုးတက်သွားပုံမှာ ဖုံးကွယ်ထား၍မရပေ။ကောင်းသည့်အရာမှာ ကျင့်ကြံသည့်လမ်းစဉ်တွင် အရေးအကြီးဆုံးကခွန်အားကြီးမားခြင်းပင်။ ကျင့်ကြံဆင့်ကအဌမနေရာတွင်ရှိနေသရွေ့မည်သူကမှသူ့အားမေးခွန်းထုတ်ရဲမည်မဟုတ်။ သို့သော် သူသုတ်တိသုတ်ပျာထွက်သွားသည့်အကြောင်းအရင်းကို မည်သူမှမသိကြပေ။


လင်းရုဖေးက နောက်တစ်ကြိမ်သမ်းဝေပြန်သည်၊ ထိုသူပြန်ရောက်လာသည့်အခါ သိုင်းပြိုင်ပွဲအကြောင်းကြားစာအားပေးရန်တွေးနေသည်။


သို့တစေ နေ့လည်အထိ ရှဲ့ကျစ်ယောင်တစ်ယောက် အိမ်တော်ပြန်ရောက်လာသောအရိပ်အယောင်မတွေ့ရသေးပေ။ လင်းရုဖေးသည်တရေးအိပ်ပျော်သွားပြီး နာကျင်ကိုက်ခဲမှုကြောင့်အားနည်းစွာဖြင့်ပြန်နိုးလာသည်။ သူကိုယ်တိုင်ထရန်ပင် အားမရှိတော့ပေ။


အိပ်ရာအစွန်တွင်ထိုင်နေသောကုရွှမ်းတုက သူနိုးလာသည်ကိုတွေ့သည့်အခါ ခေါင်းငုံ့၍ သူ့အားအိပ်ရာမှထရန်ထူပေးပြီး ညာဘက်လက်မှဒဏ်ရာကိုဆေးထည့်ရန်ကူညီပေးသည်။ သူကလင်းရုဖေး၏လက်ပေါ်မှ ကန့်လန့်ဖြတ်ဓားရာကိုကြည့်နေရင်းမှ အတော်လေးဒေါသထွက်နေပုံရသည်။ လင်းရုဖေးကလည်း သူ့အမှားကိုသိသဖြင့် ထိုသူ၏လက်ကိုဆုပ်ကိုင်လိုက်သည်။


ကုရွှမ်းတု : "မင်းရဲ့ခန္ဓာကိုယ်ကအားနည်းတယ် ဘယ်တော့မှဒီဒဏ်ရာကပျောက်မလဲမသိနိုင်ဘူး အဲဒီရှဲ့ကျစ်ယောင်ကစိတ်ချလို့ကိုမရဘူး သူ့အဖေကဘယ်လိုလူမျိုးလဲတောင် သေချာမသိဘူး"


လင်းရုဖေးကအသာရယ်လိုက်ပြီး : "လူတစ်ယောက်က နောက်တစ်ယောက်ကို အချိန်အကြာကြီးပေါင်းမကြည့်ဘဲနဲ့သူ့အကြောင်းကိုမသိနိုင်ဘူးလေ"


ကုရွှမ်းတုကလင်းရုဖေးကိုကြည့်ကာ : "မင်းပြောတာမှန်တယ် လူတစ်ယောက်ကိုသေချာမပေါင်းကြည့်ဘဲနဲ့မသိနိုင်ဘူး"


လင်းရုဖေးက ကုရွှမ်းတုဆိုလိုချင်သည့်အဓိပ္ပါယ်ကိုချက်ချင်းသဘောပေါက်သွားသဖြင့် တုံ့နှေးစွာဖြင့်ပြောလိုက်၏။ 


"ရှဲ့ကျစ်ယောင်ကတကယ်ကိုမလွယ်ဘူးဘဲ"


ကုရွှမ်းတုက နှာခေါင်းရှုံ့သည်။ 


"ဒီလောကမှာ လွယ်ကူတဲ့သူမျိုးဆိုမရှိဘူး"


သူ့ညီအစ်ကိုများကိုပင်သတ်ပစ်နိုင်သည့် ရှဲ့ကျစ်ယောင်က သူထင်ခဲ့သလိုမျိုး အပြစ်ကင်းစင်သူတစ်ယောက် ဟုတ်မှဟုတ်ပါလေစ။


သူသာ လင်းရုဖေးအားသူငယ်ချင်းအဖြစ်သတ်မှတ်ထားလျှင် သူအိမ်တော်တွင်းသို့ စဝင်လာတည်းက ထွက်သွားရန်ပြောခဲ့သင့်သည်။ သို့သော် ရှဲ့ကျစ်ယောင်က မည်သည်ကိုမှမပြောခဲ့ချေ။ ထိုသူသည် မည်သည့်ကိစ္စမှမဖြစ်ခဲ့သလိုဟန်ဆောင်နေပြီး သူတို့နှစ်ယောက်ကြားမှကြာရှည်သောမိတ်ဆွေဆက်ဆံရေးကြောင့် မည်သည့်အရာမှဖြစ်မလာနိုင်ဟုယူဆထားပုံရ၏။


ထိုသူသည် ရှဲ့ဝမ်လင်က လင်းရုဖေးအားထိခိုက်စေမည်ကို လုံး၀မမျှော်လင့်ထားခဲ့သည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ နောက်ဆုံးရလာဒ်ကတော့ လင်းရုဖေးကဒဏ်ရာရသွားသဖြင့် ရှဲ့ကျစ်ယောင်မှာလည်း သံသယအဝင်ခံရသည့်အရေးမှမလွတ်မြောက်နိုင်ခဲ့ပေ။


ကုရွှမ်းတုက အမြဲရေးကြီးခွင်ကျယ်လုပ်တတ်သည့်သူမျိုးဖြစ်ပြီး ယခုမူ ရှဲ့ကျစ်ယောင်ကိုသူ၏စိတ်ထဲတွင်တေးမှတ်ထားလိုက်သည်။


လင်းရုဖေးက ပြေရာပြေကြောင်းမပြောရဲပေ။ သူသာရှဲ့ကျစ်ယောင်အကြောင်းစကားဆက်ပြောနေပါက ကုရွှမ်းတုပိုစိတ်ဆိုးလာလိမ့်မည်ဟုခံစားနေရသည်။ ထို့ကြောင့် သူမျက်တောင် တဖျတ်ဖျတ်ခတ်ပြီး ရေငတ်နေ၍ရေနွေးတစ်ခွက်လောက်လိုချင်ကြောင်းပြောလိုက်သည်။


ထိုအခါမှ ကုရွှမ်းတုက စကားခေါင်းစီးကိုပြောင်းပြီး လင်းရုဖေးအားရေတစ်ခွက်ငှဲ့ပေးကာ ဂရုတစိုက်ဖြင့်တိုက်၏။


ရေနွေးလေးသောက်ပြီးနောက် လင်းရုဖေးက အိပ်ရာပေါ်တွင်ခဏလောက်လှဲနေလိုက်သည်။


မနေ့ညက မုန်တိုင်းကျခဲ့သည်။ ခြံဝန်းထဲမှမြက်များနှင့်သစ်ပင်များမှာကြောက်မက်ဖွယ် ပိပြားကုန်သည်။ သူကြည့်လိုက်သည့်အခါ နေရာတိုင်းတွင် သစ်ငုတ်တိုများသာမြင်နေရ၏။ လေကအထက်အောက်လှန်တိုက်လိုက်လေရာ အပင်ငယ်လေးတစ်ပင်မှာအမြစ်မှကျွတ်ထွက်ထားသည်။ ခြံဝန်းအားရှင်းလင်းပြီးဖြစ်လင့်ကစား မနေ့ကနှင့်နှိုင်းယှဉ်လျှင် အတော်အတန်သနားစရာကောင်းနေသည်။


မိုးသက်လေပြင်းကျပြီးသည့်အခါတိုင်း နေသာတတ်ပေသည်။ ယနေ့တွင် နေကတောက်ပနေပြီး လေပြည်ကလည်းအေးမြနေကာ လမ်းလျှောက်ရန်သင့်တော်လွန်းသည့်နေ့ကောင်းလေးတစ်ရက်ပင်။


လင်းရုဖေးက နေမကောင်းလျှင်လမ်းလျှောက်တတ်သည်။ သို့တစေသူ၏လက်နှင့်ခြေထောက်များက အားနည်းလွန်းသောကြောင့် အိပ်ရာထဲတွင်သာထိုင်နေရသည်။ သူ့ခမျာ မေးထောက်ထားပြီးစိတ်လှုပ်ရှားစရာ မည်မည်ရရမရှိသော အပြင်မှမြင်ကွင်းကိုသာပျင်းရိလေးတွဲစွာဖြင့်ကြည့်နေမိ၏။


ရှဲ့ကျစ်ယောင်က မနက်အစောတည်းကထွက်သွားပြီးညမိုးချုပ်မှပြန်ရောက်လာသည်။ အနှီသူသည် သူ၏ဓားနှင့်လင်းရုဖေး၏တံခါးတွင် ဆိုးရွားသောမျက်နှားဖြင့်မှီရပ်သည်။ မနေ့ညက ရှဲ့ဝမ်လင်သူ့အားခြိမ်းခြောက်စဉ်ကမျက်နှာထက်ပင်ပိုဆိုးနေသေးသည်။ ကုရွှမ်းတု၏စကားအရဆိုရလျှင် ထိုသူက အဖေသုံးယောက်လောက် ဆုံးရှုံးလိုက်ရသည့်ပုံမျိုးပင်။


ရှဲ့ကျစ်ယောင် : "ရုဖေး...မင်းသက်သာသွားပြီလား"


"အဆင်ပြေပါတယ် အရင်အတိုင်းပါပဲ"


လင်းရုဖေးကသိလိုစိတ်ဖြင့် : "မင်းပုံကဘာလို့ဒီလောက် နုံးခွေနေရတာလဲ"


ရှဲ့ကျစ်ယောင်သည်ပြောချင်သော်ငြား မပြောတော့ပေ။


လင်းရုဖေး : "မင်းမှာပြောစရာရှိနေရင် ပြောသာပြောချလိုက်ပါ"


ရှဲ့ကျစ်ယောင်က အသက်ပြင်းပြင်းရှူထုတ်ပြီး : "ငါအရက်သွားယူလိုက်ဦးမယ် ပြီးတော့မှ ပြောကြတာပေါ့".


ပြောပြီးသည်နှင့် သူကလှစ်ကနဲထွက်သွားပြန်သည်။


လင်းရုဖေးကား မျက်တောင်သာတဖြတ်ဖြတ်ခတ်လိုက်မိသည်။ ထိုသူသာ သောက်ရန်စိတ်ပါနေပါက ကိစ္စများမှာထင်သလောက်ဆိုးမည်မဟုတ်ပေ။ ကုရွှမ်းတုက အဆုံးတွင်ဖြစ်လာမည့်အရာများကို ကြိုတွေး၍ တခစ်ခစ်ကျိတ်ရယ်နေလေ၏။


ရာသီဥတုကသာယာနေပြီး အပြင်ဘက်တွင်သေရည်သောက်ခြင်းက အတော်လေးကိုဆွဲဆောင်နိုင်စွမ်းရှိသည်။ ကံခေစွာဖြင့် လင်းရုဖေးမှာအလျင်မပြတ်ချောင်းဆိုးနေသဖြင့် အရက်မသောက်ရဲဘဲ လက်ဖက်ရည်သာအစားထိုးသောက်နေရသည်။ ရှဲ့ကျစ်ယောင်ကနောက်တစ်ခွက်ငှဲ့သည်ကိုသူကြည့်နေမိသည်။ တစ်ခွက်လောက်သောက်လိုက်သည်နှင့် သောကများလွင့်သွားသည်ဆိုသောဆိုရိုးရှိသည်။ 


ရှဲ့ကျစ်ယောင်က အရှိန်မသေမချင်းတစ်ခွက်ပြီးတစ်ခွက်သောက်နေခဲ့သည်။ 


သူကမျက်ခုံးများကိုမှုန်ကုပ်ထားပြီး မဝံ့မရဲပြောလာသည်။


"ရုဖေး မင်းအရင်ကသဘောကျဖူးတဲ့သူရှိလား"


လင်းရုဖေး : "သဘောကျတဲ့သူလား အများကြီးပဲရှိတယ်"


ရှဲ့ကျစ်ယောင် : "ငါပြောတဲ့ 'သဘောကျတယ်' ဆိုတာ ယောကျ်ားနဲ့မိန်းမကြားကသဘောကျတာမျိုးကိုပြောတာ"


လင်းရုဖေးကခေါင်းယမ်း၍ဖြေလိုက်သည်။


"ယောကျ်ားနဲ့မိန်းမအကြားက သဘောကျတာမျိုးလား မရှိဘူး"


ရှဲ့ကျစ်ယောင်က ခါးသက်သက်အပြုံးဖြင့်ဆိုလာ၏။


"ထင်တဲ့အတိုင်းပဲ"


လင်းမိသားစုက သူ့အားမျက်ရှုကြေးမုံလေးအဖြစ်သဘောထားကြသည်။ မည်သို့များ အခြားအတွေးရှိနေသောမိန်းမတစ်ယောက်ကိုအနားလာခွင့်ပေးကြမည်နည်း။ အစေခံနှစ်ယောက်ဖြစ်သောဖူဟွားနှင့်ယွီရွေ့ကိုပင် မရေတွက်နိုင်သောလူများအကြားမှရွေးချယ်ခဲ့ကြခြင်းဖြစ်မည်။ သူတို့အားထိန်းချုပ်ရန်လင်းမိသားစုတွင် ကျိန်းသေနည်းလမ်းရှိလောက်ပေသည်။ ကျင့်ကြံဆင့်ပဉ္စမအဆင့်ရောက်နေသောအစေခံနှစ်ယောက်အားအသုံးပြုနိုင်သည်မှာ လောကတွင်လင်းရုဖေးတစ်ယောက်သာရှိ၏။


"ဘာလဲ မိန်းမလှလေးတစ်ယောက်ကိုရှာတွေ့လို့လား"


လင်းရုဖေးသည် ရှဲ့ကျစ်ယောင်၏စကားအနောက်မှအဓိပ္ပါယ်ကိုကြားလိုက်ရပြီးနောက် အတော်လေးစိတ်ဝင်စားမိသွားသည်။


"သူကမင်းကိုစိတ်မဝင်စားလို့လား အဲဒါကြောင့်မင်းစိတ်ညစ်နေတာလား"


ရှဲ့ကျစ်ယောင်ကခေါင်းခါပြသည်။


လင်းရုဖေး : "အဲဒါဆိုဘာလဲ"


ရှဲ့ကျစ်ယောင် : "ငါသူ့အပေါ်ရှိနေတဲ့အတွေးကိုသေချာနားမလည်နိုင်တာ"


လင်းရုဖေး : "ဘယ်လိုမျိုးလဲ"


ရှဲ့ကျစ်ယောင် : "တခါတစ်လေ သူကအရမ်းစိတ်ရှုပ်စရာကောင်းပေမဲ့ငါ့ကိုကောင်းကောင်းဆက်ဆံပေးတယ် အမေဆုံးသွားပြီးတဲ့နောက် ငါ့အပေါ်ဘယ်သူမှအဲဒီလိုမဆက်ဆံပေးခဲ့ကြဖူးဘူး"


သူကနောက်တစ်ခွက်သောက်လိုက်ပြီးနောက် အသံတိုးညှင်းစွာဖြင့်ဆက်ပြော၏။


"ဒါပေမဲ့ ငါကတော့သူ့အပေါ် သူဆက်ဆံတဲ့အတိုင်းပြန်မဆက်ဆံပေးနိုင်ခဲ့ဘူး ငါသူ့ကိုသဘောကျတာဟုတ်လား မဟုတ်လားလည်း သေချာမသိတော့ဘူး"


လင်းရုဖေးက မျက်တောင်ခတ်သည်။ ဤသို့သောကိစ္စမျိုးတွင် သူရှဲ့ကျစ်ယောင်ကိုမည်သို့သောအကြံကောင်းမှမပေးနိုင်သလိုခံစားနေရသည်။ သည့်အပြင် သူ့ထံ၌အတွေ့အကြုံကလည်းမရှိချေ။ ရှဲ့ကျစ်ယောင်၏စိတ်ဓာတ်ကျစရာကိစ္စတွင် သူလည်းစိတ်ရှုပ်ရသည်။ 


"သဘောကျတယ်" ဆိုသော ခံစားချက်ကသန့်စင်နေသင့်သည်မဟုတ်လား။ သို့သော် ရှဲ့ကျစ်ယောင်၏ပုံစံကိုကြည့်ရလျှင် ကိစ္စကြီးတစ်ခုနှင့်ပ

က်ပင်းကြုံနေရဟန်ပေါ်သည်။


လင်းရုဖေး : "အခုမင်းသိသွားပြီဆိုတော့ဘယ်လိုလုပ်ချင်လဲ"


ရှဲ့ကျစ်ယောင် : "သူငါ့ရဲ့ခံစားချက်ကိုမမြင်ဘူး သူငါ့ကိုတွေ့ခွင့်ပေးတည်းက ငါသူ့ကိုသဘောကျနေခဲ့တာလို့ပြောရမယ်"