Chapter 35
လင်းရုဖေးကနားထောင်လေလေ တစ်ခုခုကမှားနေသလိုခံစားရလေဖြစ်ပြီး တခဏခန့်သုံးသပ်ကြည့်လိုက်သည်။ သူအနည်းငယ်စဉ်းစားချင့်ချိန်နေပြီးနောက် မျက်လုံးများပြူးကျယ်နေလျက်ဖြင့်ထုတ်မေးလိုက်မိသည်။
"လွီ...လွီအာလား"
ရှဲ့ကျစ်ယောင်ကခေါင်းညိတ်ပြသည်။
လင်းရုဖေးကအံ့အားသင့်သွားပြီး : "ဒါပေမဲ့ လွီအာကယောကျ်ားလေးလေ ယောကျ်ားပုံစံဝတ်ထားတဲ့မိန်းကလေးဖြစ်နေလို့လား"
ရှဲ့ကျစ်ယောင် : "သူကယောကျ်ားလေး...ယောကျ်ားလေးတွေကြားမှာလည်းအဲဒီလိုကိစ္စမျိုးတွေရှိတယ်"
ပြောပြီးမှ သူသည်လင်းရုဖေးတစ်ယောက်တလွဲတချော်တွေးမည်ကိုစိုးရိမ်သွားရပြီး ထပ်ဖြည့်ပြောလိုက်၏။
"ဒါပေါ့ ဒီလိုမျိုးက မကြိုးစားကြည့်တာအကောင်းဆုံးပဲ"
လင်းရုဖေးက မည်သည့်တုံ့ပြန်မှုမှမပြနိုင်ဘဲ အချိန်အကြာကြီးအေးခဲနေလေသည်။ သူ သိနားလည်ခဲ့သော ဗဟုသုတထဲတွင် ယောကျ်ားနှင့်မိန်းမချင်းချစ်ကြိုက်ကြတာကိုသာသိပေသည်။
ယောကျ်ားလေးအချင်းချင်းက...ဘယ်လိုလုပ်....သူသည်တွေးတောနေရင်းကနေ မသိမသာဖြင့် ဘေးတွင်ထိုင်ကာသူ့အားစိတ်ဝင်တစားကြည့်နေသော ကုရွှမ်းတုအားလှမ်းကြည့်လိုက်မိသည်။ သူ၏ဖြူဖျော့နေသော နားရွက်ထိပ်ဖျားလေးများက နားလည်ရခက်စွာနီမြန်းလာလေတော့၏။
လင်းရုဖေးသည် ကုရွှမ်းတုသူ့အားထို့သို့စိုက်ကြည့်နေတာကိုမလိုချင်တော့ပေ။ သို့သော် ရှဲ့ကျစ်ယောင်ရှိနေ၍ ပြောရန်မှာလည်းခက်တာကြောင့် မမြင်သလိုသာဟန်ဆောင်နေရသည်။
ရှဲ့ကျစ်ယောင်ကမူ လင်းရုဖေးရဲ့ထူးဆန်းသောအမူအရာကိုမမြင် သူ့ခံစားချက်များကိုဆက်၍ဖွင်ထုတ်နေ၏။
"အခုဆို ရှဲ့အိမ်တော်ကကိစ္စတွေလည်းဖြေရှင်းလို့ပြီးသွားပြီ ငါပျော်နေသင့်ပေမဲ့ လွီအာနဲ့ပတ်သတ်ပြီးစိတ်မချထားနိုင်ဘူး ပြီးတော့ သူကနှစ်တွေအကြာကြီး ငါ့အနောက်ကိုလိုက်နေခဲ့တာလေ"
လင်းရုဖေး : "အခုလွီအာကဘယ်မှာလဲ"
ရှဲ့ကျစ်ယောင်ကား ထိုသူက သူ့အမေလူများရှိနေသော ချန်းယွမ်တောင်ကြားတွင် ပုန်းအောင်းနေသည်ဟုဆို၏။
လင်းရုဖေးသည် အနှီကိစ္စများထဲတွင်ဝင်မရှုပ်ချင်တော့ပေ။ ရှဲ့ကျစ်ယောင်က အရက်သောက်ပြီးသူ၏သောကများကိုပျောက်အောင်လုပ်နေရချိန်တွင် လင်းရုဖေးမှာမူ အရသာမရှိဘဲပေါ့ရွတ်နေသောလက်ဖက်ရည်ကိုသာသောက်နေရသည်။ သူက တဒင်္ဂခန့် လေးလေးနက်နက်တွေးတောပြီးမှ အရက်ခွက်ကိုကိုင်ကာတစ်ငုံသောက်ကြည့်လိုက်သည်။
အရက်ကောင်းပင်။ ၎င်းကခံတွင်းထဲတွင်ပူရှိန်းရှိန်းဖြစ်လင့်ကစား မြိုချလိုက်ပြီးသည့်နောက် ချိုမြိန်သောအရသာရလာသည်။ လင်းရုဖေး၏ဖြူဖျော့ဖျော့ဖြစ်နေသောပါးလေးနှစ်ဖက်မှာ ပန်းရောင်သန်းလာပြီး ခပ်တိုးတိုးချောင်းဆိုးလိုက်ပြီးနောက် ချီးမွမ်းစကားဆိုလိုက်၏။
"အရက်ကောင်းပဲ" [ ဟောင်ကျို ]
ရှဲ့ကျစ်ယောင် : "အဲဒါ လွီအာသစ်ပင်အောက်မှာမြုပ်ထားခဲ့တဲ့ ကျုးယဲ့ချင် လေ အဲဒီတုန်းက ငါရှဲ့အိမ်ရဲ့ခေါင်းဆောင်ဖြစ်ရင် ငါ့ကိုဂုဏ်ပြုပေးမယ်လို့ပြောခဲ့တယ် အခုတော့ မင်းနဲ့သောက်နေရတယ် ကျန်တာကိုတော့ငါသူနဲ့ကျမှသောက်တော့မယ်"
ရှဲ့ကျစ်ယောင်သည် စကားများသူမဟုတ်လင့်ကစား လွီအာ၏အမည်ပါလာလျှင် ပြောစရာစကားများကမဆုံးနိုင်အောင်ရှိတတ်သည်။ လွီအာကနှစ်သက်စရာမကောင်းပေ၊ အထူးသဖြင့် သူ၏ပါးစပ်သရမ်းသည့်အကျင့်ကြောင့်ပင်။ ပုံမှန်ဆိုလျှင် ရှဲ့ကျစ်ယောင်သည် အတော်လေးသည်းခံနိုင်စွမ်းရှိသည့်တိုင် တခါတရံ၌ ထိုသူကိုစိတ်ကုန်မိပေသည်။
သို့သော် သူ၏အမေဆုံးပါးသွားပြီးနောက် သူ လွီအာနှင့်အတူနှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး မရေတွက်နိုင်သောမုန်တိုင်းများစွာကိုအတူဖြတ်ကျော်ခဲ့ကြသည်။
လွီအာသည် သူ၏သခင်လေးအနေဖြင့် လင်းရုဖေးအပေါ်မနာလိုဖြစ်စရာမလိုဟုပြောဖူးသည်။ လင်းရုဖေးက လင်းမိသားစု၏ဆည်းလည်းလေးဖြစ်လျှင် ရှဲ့ကျစ်ယောင်သည်လွီအာ၏မျက်လုံးထဲ၌အဖိုးတန်လေးသာဖြစ်သည်။ သူက မည်မျှပင်အသုံးမကျစေကာမူ အသက်ရှူလိုက်တိုင်းရှဲ့ကျစ်ယောင်အတွက်ရှိသမျှခွန်အားများကိုညှစ်ထုတ်ပေးနေမည်ပင်။
ထိုအရာများကြောင့် နောက်ပိုင်းတွင်ရှဲ့ကျစ်ယောင်သည် လွီအာ၏အကျင့်ကိုတဖြည်းဖြည်းသိနားလည်လာပြီး အလွယ်တကူမငြင်းဆန်တော့ပေ။
"သူ့ကိုအဲဒီမှာ ရက်နည်းနည်းလောက်ပေးနေလိုက်လည်း ကိစ္စမရှိပါဘူး ရှဲ့မိသားစုက ကိစ္စတွေရှင်းသွားပြီဆိုရင် ငါသူ့ကိုပြန်ခေါ်မယ်"
အရက်အိုးကအောက်ခြေအထိရောက်နေပြီဖြစ်သော်ငြား ရှဲ့ကျစ်ယောင်ကမူသောက်လို့မ၀သေးပေ။
"ဘာပဲဖြစ်ဖြစ် ရှဲ့ဝမ်လင်လည်းသေသွားပြီပဲ"
လွီအာ၏လုံခြုံရေးကိုခြိမ်းခြောက်မည့်သူထပ်မရှိတော့ပေ။
လင်းရုဖေးက အနှီသူပြောသည်ကအဓိပ္ပါယ်ရှိသည်ဟုတွေးမိသည်။ ကိစ္စရပ်များက ငါးသေးသေးတစ်ကောင်ကိုကြော်နေရသည့်အတိုင်းအလျင်စလိုလုပ်၍မဖြစ်ပေ။
မည်သူကထင်ထားမည်နည်း၊ နဘေးတွင်ထိုင်နေသောကုရွှမ်းတုကအေးတိအေးစက်ဖြင့်ပြောလာလေသည်။
"ရှောင်ကျို့ လွီအာကိုမကြာခင်သွားတွေ့ဖို့ ရှဲ့ကျစ်ယောင်ကို မင်း ပြောသင့်တယ်"
လင်းရုဖေးကသူ့အား မေးခွန်းများပြည့်နေသောမျက်လုံးဖြင့်ကြည့်၏။
ကုရွှမ်းတု : "သူ့ရဲ့ကျန်နေတဲ့ဘဝတစ်လျှောက်လုံးနောင်တမရချင်ရင်ပေါ့"
လင်းရုဖေးသည် ဖြစ်ပျက်နေသည့်အကြောင်းများကိုမသိသော်ငြား ကုရွှမ်းတုကဘယ်သောအခါမှ အခြေအမြစ်မရှိသည့်အရာများကိုမပြောသည်ကိုသူသိ၏။ ယခုကဲ့သို့ပြောခြင်းမှာ ထိုသူနှင့်ပတ်သတ်၍တစ်ခုခုကိုသိထားလို့ဖြစ်နိုင်သည်။
တခဏမျှ တွေးတောပြီးနောက် သူသတိထား၍ပြောလိုက်၏။
"ကျစ်ယောင် ငါ့တော့ မင်းလွီအာကိုနောက်တစ်ခါသွားတွေ့သင့်တယ်လို့ထင်တယ် အဲဒီကလေးရဲ့အကျင့်က သိပ်သဘောကျစရာမကောင်းဘူး သူ့ကိုလွှတ်ထားတာက ဘာမှမဖြစ်သွားပါဘူးလို့မင်းအာမခံနိုင်လို့လား"
ရှဲ့ကျစ်ယောင် : "တကယ်လို့ သူကငါ့ကိုသဘောကျ မကျမေးလာရင်ငါဘယ်လိုလုပ်ရမလဲ"
၎င်းကတကယ်ကိုခက်ခဲနက်နဲသောပြဿနာပင်။
လင်းရုဖေးက တတ်သလောက်မှတ်သလောက်ဖြင့် အကြံဉာဏ်ပေးလိုက်သည်။
"သူ့ကိုအရင်ချော့ပြောကြည့် မင်းသူ့ကိုစိတ်ရှည်လက်ရှည်ပြောပြရင် ကျန်တဲ့ကိစ္စတွေလည်းဆွေးနွေးလို့ရလိမ့်မယ်"
ရှဲ့ကျစ်ယောင်ကမျက်မှောင်ကြုတ်သည်။ အကြာကြီးတိတ်ဆိတ်နေပြီးမှ 'အင်း' ဟုဆိုကာလက်ခံ၏။ ထိုသူသည်တစ်ခုခုကိုအဖြေရှာတွေ့သွားပုံရပြီး လက်ထဲမှသေရည်ခွက်ကို စားပွဲခုံပေါ်သို့လေးပင်စွာချလိုက်သည်။
အားကောင်းသောသေရည်နံ့များကိုသယ်ဆောင်ထားလျက်ဖြင့် ဓားဆွဲထုတ်သည်။
လင်းရုဖေးကမှင်သက်သွားပြီးသူ့အရက်ခွက်သူငုံ့ကြည့်မိ၏။
"ခင်ဗျားပြောကြည့်...ဒီအရက်လောက်လေးနဲ့ရှဲ့ကျစ်ယောင်မူးလိမ့်မယ်လို့ထင်လား"
ကုရွှမ်းတု၏မျက်နှာပေါ်တွင် မည်သည့်အမူအရာမှရှိမနေပေ။
"အရက်ကမူးလောက်စရာမဟုတ်ပေမယ့် သောက်လိုက်တဲ့လူကမူးနေပြီ တစ်ခါတစ်လေ အစွမ်းကုန်မူးလိုက်တာကလည်းကောင်းတဲ့အရာပါပဲ"
လင်းရုဖေးမှာသံသယတချို့ရှိနေ၏။
"အရက်မူးတာကောင်းတယ်လား"
ကုရွှမ်းတု : "ပုံမှန်အားဖြင့်ပေါ့ မင်းပြောမထွက်တာ မလုပ်ရဲတာမှန်သမျှအတွက် အနည်းဆုံးတော့သတ္တိရှိလာတယ်လေ"
လင်းရုဖေးက သူ၏ခွက်ထဲမှလက်ကျန်အရက်များကိုမော့ချပစ်လိုက်သည်။
ရှဲ့ကျစ်ယောင်၏ကျင့်ကြံဆင့်က အဌမအဆင့်သို့ရောက်နေပြီဖြစ်၏။ ထိုသူကဓားပျံဖြင့် လွီအာရှိနေသောတောင်ကြားထံသို့ ကတိုက်ကရိုက်ထွက်ခွာသွားသည်။ သူ၏အမေဂိုဏ်းမှ ဂိုဏ်းသားများကသူပြန်လာ၍အံ့ဩနေကြပြီး ထိုသူ၏တည်ကြည်လေးနက်နေသောမျက်နှာကိုတွေ့ကြသည့်အခါ နှုတ်ဆက်ကြ၏။ တုံ့နှေးမနေဘဲ သူက လွီအာနေထိုင်သောအိမ်သို့သွားလိုက်သည်။
လွီအာနေသောအိမ်မှာသစ်သားဖြင့်ဆောက်လုပ်ထားပြီး လွန်ခဲ့သောရက်အနည်းငယ်ကပင် တည်ဆောက်ပြီးစီးခဲ့ကာ လေတစ်ချက်တိုက်ရုံဖြင့်ပြိုကျသွားနိုင်လောက်အောင်ရိုးရှင်းသည်။ ရှဲ့မိသားစုကလွီအာအနောက်သို့လိုက်လာချိန်က ထိုသူ့တွင်ဒဏ်ရာအချို့ရခဲ့ပြီး ယင်းကြောင့်ရှဲ့ကျစ်ယောင်၏နှလုံးသားမှာနာကျင်သွားရ၏။
ရှဲ့ကျစ်ယောင်က သူ့ အစေခံလေး၏နာမည်ကိုခေါ်လိုက်သည်။
"လွီအာ"
လွီအာမှာအံ့ဩသွားပြီး : "သခင်လေးဘယ်လိုလုပ်ထပ်ရောက်လာပြန်တာလဲ သခင်လေးပဲပြန်သွားပြီးစဉ်းစားဦးမယ်ဆို အဖြေရှာတွေ့ပြီလား"
ရှဲ့ကျစ်ယောင် : "ငါအဖြေကိုသိသွားပြီ"
လွီအာကတိတ်ဆိတ်သွားပြီး ရှက်ကိုးရှက်ကန်းဖြစ်စွာဖြင့်မေးလာ၏။
"ဒါဆို ကျွန်တော့်ကို သခင်လေးသဘောကျလား မကျဘူးလား သခင်လေး ကျွန်တော့်ကိုသဘောကျတယ်ဆိုမှ အထဲကိုဝင်ခွင့်ပေးမယ်"
ထို့နောက် သူကတိုးလျစွာဖြင့် ရှဲ့မိသားစုဝင်များက မကောင်းမွန်ကြသည့်အပြင် ရှဲ့ကျစ်ယောင်ပင် သူ့အပေါ်အာရုံစိုက်မှုနည်းသည်ဟုဆိုကာရေရွတ်နေသေးသည်။
ရှဲ့ကျစ်ယောင် : "ငါလည်းသေချာမသိဘူး"
လွီအာမှာဒေါသထောင်းကနဲထွက်လာရပြီး : "ရှဲ့ကျစ်ယောင် ခင်ဗျားရဲ့ခေါင်းကမြည်းအကန်ခံလိုက်ရတာလား ဘာလို့ဒီလောက်တုံးရတာလဲ မသိဘဲနဲ့ဘာလို့ထပ်ရောက်လာရတာလဲ ဒီတစ်ခါလည်းကျွန်တော့်ကိုနှိမ်အုံးမလို့လား ကျွန်တော်ကခင်ဗျားကို သဘောကျလား လို့ပဲမေးခဲ့တာ လက်ထပ်ခိုင်းနေတာလည်းမဟုတ်ဘဲ ဘာတွေကိုကြောက်နေရတာလဲ"
ရှဲ့ကျစ်ယောင် သူ့နှုတ်ခမ်းကိုအသာဖိလိုက်မိသည်။
လွီအာ၏အသံမှာအတော်ခက်ထန်နေ၏။
"ကျွန်တော်ကခင်ဗျားလက်ထပ်ပြီးကလေးရလာရင် ဝင်ရှုပ်နေမှာစိုးရိမ်လို့လား မပူပါနဲ့ ခင်ဗျားကလေးရရင်ရော မြေးတွေရရင်ပါ ဝင်မတားပါဘူး"
ရှဲ့ကျစ်ယောင် : "ငါဝင်လာတော့မယ်"
လွီအာကစိတ်ဆိုးမာန်ဆိုးအော်ဟစ်လေ၏။
"မဝင်ခဲ့နဲ့ ခင်ဗျားဝင်မလာခဲ့နဲ့"
သို့သော် ထိုကျိုးပဲ့နေသောတံခါးဖြင့် ရှဲ့ကျစ်ယောင်ကိုမည်သို့များတားဆီးနိုင်ပါမည်နည်း။ လက်ဖြင့်တွန်းလိုက်ရုံနှင့် တံခါးပွင့်ကသွားသည်။ လွီအာသည်အိမ်တွင်းမှခုံတန်းရှည်ပေါ်တွင်ထိုင်နေ၏။ လွီအာကသူဝင်လာသည်ကိုမြင်သည်နှင့် ဒေါသထွက်လွန်းသောကြောင့်မျက်နှာတပြင်လုံးနီမြန်းလာသည်။
သူ၏ကိုယ်အား ဇကာဖြင့်လောက်သည်အထိ အကြည့်စူးစူးတို့ပစ်လွှတ်လာပြီးဒေါသတကြီးအော်ဟစ်တော့၏။
"မုန်းတယ် ခင်ဗျားကိုမုန်းတယ် ခင်ဗျားထွက်သွား အခုချက်ချင်းထွက်သား သွား,,,"
ရှဲ့ကျစ်ယောင် : "မသွားဘူး"
လွီအာက ၀မ်းနည်းငိုကြွေးပြန်သည်။ ငိုနေလျက်ဖြင့် ရှဲ့ကျစ်ယောင်အားဆဲဆိုနေကာ ရှဲ့ကျစ်ယောင်နှင့်ရှဲ့မိသားစုမှလူတိုင်းကလူကောင်းများမဟုတ်ကြောင်း၊ သူ့အားအနိုင်ကျင့်ရန်ပဲသိကြကြောင်းပြောဆိုနေပြန်၏။
သူက "သဘောကျတယ်" ဆိုသောစကားလေးတစ်ခွန်းသာကြားချင်ခဲ့ရုံသာ၊ ၎င်းကအလွန်တရာခက်ခဲနေခဲ့သည်လား။
ရှဲ့ကျစ်ယောင်က စိတ်ညစ်လွန်းသောကြောင့် မျက်ခုံးများကိုတွန့်ကုပ်ထားမိသည်။
သူက လွီအာအနားသို့ကပ်သွားပြီးတိုးလျစွာပြောလိုက်၏။
"လွီအာ အခုထိ ငါမင်းကိုသဘောကျ မကျ သေချာမသိသေးဘူး ဒါပေမဲ့ မင်းကငါ့အတွက်အရမ်းအရေးကြီးတယ် အဲ့ဒါက ဟိုးအရင်တည်းကပဲ ဒါနဲ့...မင်းဘာလို့ဒီလောက်တောင်ဒေါသထွက်နေရတာလဲ"
လွီအာမှာရှိုက်ကြီးတငင်ငိုနေဆဲပင်။
ရှဲ့ကျစ်ယောင် သူ၏အရှေ့တွင်ရပ်လိုက်ပြီး လက်ချောင်းလေးများဖြင့်လွီအာ၏မျက်ရည်များကိုသုတ်ပေးလိုက်သည်။
"ကိုယ်နဲ့ပြန်လိုက်ခဲ့ပါနော်"
လွီအာကခေါင်းယမ်းနေဆဲသာ။
ရှဲ့ကျစ်ယောင် : "ဘာလို့မလိုက်တာလဲ"
လွီအာကအသံတုန်တုန်ဖြင့် : "သခင်လေးက ကျွန်တော့်ကိုသဘောကျတယ် မပြောသရွေ့မလိုက်ဘူး"
ရှဲ့ကျစ်ယောင်၏မျက်ခုံးများကပို၍ပင်ကျုံ့ဝင်သွားသည်။ သူသည် လွီအာ၏ငိုယိုထားသောကြောင့် ညစ်ပတ်ပေရေနေသောမျက်နှာကိုကြည့်ကာ ခဏကြာအောင်စဉ်းစားနေပြီးမှဆိုလိုက်၏။
"မလိုက်ချင်လည်း ကိစ္စမရှိပါဘူး ငါက ကျင့်ကြံဆင့်မှာအဌမအဆင့်ရောက်နေပြီ ငါမင်းကိုခေါ်သွားလည်းဘယ်သူမှတားနိုင်မှာမဟုတ်ဘူး"
သူ့လက်ကို လွီအာရှိရာထံဆန့်ထုတ်လိုက်၏။
လွီအာကအော်ကြီးဟစ်ကျယ်ဖြင့် : "ကျွန်တော့်ကိုမထိနဲ့"
သို့သော် နောက်ကျသွားခဲ့ချေပြီ။ ရှဲ့ကျစ်ယောင်က လွီအာ၏လက်ကိုဆွဲ၍ပွေ့ချီလိုက်၏။ သို့လင့်ကစား သူလှုပ်ရှားလိုက်သည့်အခါ မှားယွင်းနေသည်ကိုခံစားလိုက်ရပြီး အနည်းငယစိတ်ရှုတ်ထွေးသွားဟန်ဖြင့်ပြောလိုက်သည်။
"ဘာလို့ ဒီလောက်တောင် ပေါ့နေရတာလဲ...."
လွီအာကရှဲ့ကျစ်ယောင်၏လက်ကိုဆွဲထားသည်။
သူ့မေးစေ့ကိုရှဲ့ကျစ်ယောင်၏ပုခုံး၌တင်ကာ ရှိုက်ကြီးတငင်ငိုကြွေးတော့၏။
"ရှဲ့ကျစ်ယောင် ကျွန်တော့်ကိုလွှတ်ပေးပါတော့"
ရှဲ့ကျစ်ယောင်က ဖြည်းဖြည်းချင်းခေါင်းငုံ့လိုက်ပြီး တစ်ခုခုကိုသတိထားမိသွားသည်။ သူကနေရာတွင်သာကြက်သေ သေနေမိပြီး သူ့လက်များက လွီအာ၏အပြင်ဘက်အဝတ်စကိုညင်သာစွာပွတ်သပ်ကြည့်လိုက်ချိန်တွင် တရစပ်တုန်ယင်လာသည်။
အပေါ်မှအဝတ်ပါးလေးကိုညင်သာစွာဖယ်ရှားလိုက်သည့်အခါ လွီအာ၏အပေါ်ယံအသားအရေကလှစ်ဟထွက်ပြူလာသည်။ လွီအာ၏မူလကဖြူစွတ်နေခဲ့သောအသားအရည်မှာ ထိတ်လန့်ဖွယ်ဒဏ်ရာများဖြင့်ပြည့်နှပ်နေ၏။
ဒဏ်ရာကလည်ပင်းမှခါးအထိတစ်လျှောက်လုံးရှိနေပြီး အတွင်းမှနီရဲနေသောအစိတ်အပိုင်းများကိုပင် ခပ်ပါးပါးမြင်နေရသည်။
ရှဲ့ကျစ်ယောင်ကအေးခဲသွားကာ အစေခံကောင်လေး၏အမည်ကိုခေါ်လိုက်၏။
"လွီအာ..."
လွီအာက ရှဲ့ကျစ်ယောင်၏နားရွက်ကိုတတိတိကိုက်နေရာမှ ရှဲ့ကျစ်ယောင်၏လည်ပင်းဘေးဘက်ကိုလည်းကိုက်နေပြီး သွေးမြင်ရမှသာရပ်တန့်သွားတော့သည်။
"အပြင်လူတွေအမြင်မှ ကျွန်တော်ကပဲသခင်လေးကိုအနိုင်ကျင့်နေတယ်လို့ထင်ကြတယ် ဒါပေမဲ့ တကယ်တမ်းကျတော့ သခင်လေးကပဲ ကျွန်တော့်ကိုအနိုင်ကျင့်နေတာလေ ကျွန်တော်ကြားချင်တာက...သေဘာကျတယ်...သဘောကျတယ်ဆိုတဲ့စကားလေးပါပဲ"
ရှဲ့ကျစ်ယောင် : "မင်းရဲ့ကျော"
လွီအာကစကားမပြောပေ။ ရှဲ့ကျစ်ယောင်၏လည်ပင်းမှသွေးကိုမြင်သည့်အခါ ကရုဏာသကနေဟန်ဖြင့် လျှာနှင့်လျက်ပေးလိုက်သည်။ သူ၏လက်နှင့်ခြေထောက်များကမလှုပ်ရှားနိုင်တော့သည့်အပြင် ကျောပေါ်မှမန္တာန်အဆောင်များကြောင့်သာ သူအသက်ရှင်နေခဲ့ခြင်းပင်။ ရှဲ့ကျစ်ယောင်က ရှဲ့မိသားစုနှင့်အသက်ရှင်သည်အထိရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့၍သာတော်သေး၏။ ယခုအချိန်မှစ၍ သူ၏ကျန်ရှိနေသောဘဝခရီးလမ်းက လုံး၀ဖြောင့်ဖြူးသွားတော့မည်ပင်။
ရှဲ့ကျစ်ယောင်က အံတင်းတင်းကြိတ်၍မေးလိုက်၏။
"ဘယ်သူလဲ ဘယ်သူကမင်းကိုဒီလိုဖြစ်အောင်လုပ်ခဲ့တာလဲ"
လွီအာ : "ကျွန်တော်တောင်ပေါ်ကနေမတော်တဆပြုတ်ကျပြီးဒဏ်ရာရခဲ့တယ် သခင်လေးအမေရဲ့ဂိုဏ်းကလူတွေက တွေ့သွားပြီး ကျွန်တော့်ကိုကယ်ပေးခဲ့ကြတာ ရှဲ့ခုန်းချန်ကအရမ်းစွမ်းအားကြီးတယ် သခင်လေးသေသွားလိမ့်မယ်လို့ထင်ခဲ့တာ"
သူကရှဲ့ကျစ်ယောင်၏ပုခုံးကိုမြတ်နိုးမှုအပြည့်ဖြင့်ပွတ်သပ်နေမိသည်။
"ကံကောင်းလို့ သခင်လေးအသက်ရှင်နေတာပဲ"
ရှဲ့ကျစ်ယောင်သည်လွီအာ၏ဒဏ်ရာကို မျက်တောင်မခတ်ဘဲကြည့်နေပြီးမှ တိုးလျသောအသံဖြင့်ဆိုလိုက်၏။
"မင်းလိမ်တယ်"
လွီအာကတိတ်ဆိတ်နေဆဲပင်။
ရှဲ့ကျစ်ယောင် : "မင်းကိုယ့်ကိုလိမ်တယ် မင်းကဆိုးပဲဆိုးတာ အရင်ကကိုယ့်ကိုတစ်ခါမှမလိမ်ခဲ့ဖူးဘူးလေ"
ရှဲ့ကျစ်ယောင်ကသူ့အားဖက်ထားလျက်ဖြင့် "မော့ယွီကိုပြန်ရအောင် ဒါမှမဟုတ် ကိုယ်မင်းကိုခွန်းလွန်ကိုခေါ်သွားပေးမယ် ခွန်းလွန်မှာဝမ်ယောင်ရှိတယ် ဆေးပညာမှာတဖက်ကမ်းခပ်တော်တယ် ဒီလိုဒဏ်ရာသေးသေးလေးကိုသူကျိန်းသေကုပေးနိုင်မှာပါ"
လွီအာ : "ကုလို့ရမှာမဟုတ်ဘူး ကုလို့မရဘူး"
"ရပါတယ်"
ရှဲ့ကျစ်ယောင် အံကြိတ်ထားမိသည်။ မတိုင်ခင်က တွေဝေနေမှုတွေက ပျောက်ချင်းမလှပျောက်သွားလေပြီ။ သူက လွီအာကို ကွဲရှလွယ်သောကြွေပန်းအိုးလေးတစ်လုံးနှယ် တယုတယကိုင်ထားရသည်။ လွီအာက ရှဲ့ကျစ်ယောင်၏ပုခုံးကိုမှီထား၏။ သူက ဆူညံ့ပူညံ့မလုပ်တော့ဘဲ သိမ်မွေ့သောမျက်လုံးလေးများဖြင့်သာ ရှဲ့ကျစ်ယောင်ကိုကြည့်နေမိသည်။
အချိန်များကုန်နေပြီဆိုတာကို သူသိ၏။ ထို့ကြောင့်ပင် ရှဲ့ကျစ်ယောင်အား အကြိမ်ရေအနည်းငယ်မျှ ထပ်မံမြင်တွေ့ခွင့်ရသည်မှာကောင်းလှသည်။ ကံဆိုးသည်မှာ သူအကြားချင်ဆုံးသောစကားကိုမကြားရနိုင်တော့ပေ။
ရှဲ့ကျစ်ယောင်က ဓားပျံနှင့်ပျံနေစဉ်အတွင်း လွီအာကိုပွေ့ချီထားသည်။ လေမှာတဟူးဟူးနှင့်ကြမ်းတမ်းလွန်းလှသည်။ သူကနှုတ်ခမ်းများကိုဖိထားပြီး ခန္တာကိုယ်ကမူကျောက်တုံးတစ်တုံးနှယ်တောင့်တင်းနေ၏။
သူ၏လက်မောင်းတွင်းမှ လွီအာက စကားတွေပြောနေဆဲပင်။
လွီအာ: "အရမ်းကောင်းတာပဲ သခင်လေး အခုတော့ သခင်လေးကိုဘယ်သူမှအနိုင်မကျင့်နိုင်တော့ဘူး"
လွီအာကထပ်ပြောလာပြန်၏။
"သခင်လေး...လွီအာအရမ်းပျော်တာပဲ"
ရှဲ့ကျစ်ယောင်၏မျက်လုံးထောင့်တွင် အရည်ကြည်များပြည့်နှက်လာသည်။
"လွီအာ မသွားပါနဲ့"
"ဟုတ်ပါပြီ မသွားပါဘူး"
လွီအာ၏အသံသည် ယခင်ကဤမျှအထိတစ်ခါမှမညှင်သာခဲ့ဘူးချေ။
"လွီအာကလေအမြဲတမ်း...အမြဲတမ်း သခင်လေးနဲ့အတူတူရှိနေပေးမှာပါ လွီအာဘယ်ကိုမှမသွားပါဘူး...."
..........
စာရေးသူမှာပြောစရာရှိတယ်~
လင်းရုဖေး : ယောကျ်ားလေးတစ်ယောက်နဲ့ နောက်ထပ် ယောကျ်ားလေးတစ်ယောက်ကြားမှာ ဖြစ်နိုင်လို့လား...?
ရှဲ့ကျစ်ယောင် : ယောကျ်ားတွေကကြောက်စရာကောင်းတယ် မင်းမှာသာအဲ့ဒါရှိနေသရွေ့...လူမပြောနဲ့...ဓားနဲ့တောင်ဖြစ်နိုင်တယ်...
လင်းရုဖေး : ဟမ်...?..!!!
__ __ ___
T/N - ဒီအပိုင်းက လွီအာတို့အတွဲကြောင့် ၀မ်းနည်းရသလို ရုဖေးလေးရဲ့အလင်းပေါက်သွားမှုကြောင့်လည်း ရယ်နေရသေးတယ်🤧
__ __
Translated By IQ-Team.