Chapter 36
လွီအာ...လွီအာ...
ရှဲ့ကျစ်ယောင်က ရှဲ့အိမ်တော်သို့ပြန်မသွားတော့ဘဲ လွီအာကိုချီ၍ခွန်းလွန်တောင်သို့တိုက်ရိုက်ပျံသွားလိုက်သည်။ သူသွားသည့်အချိန်တွင် လွီအာကဒဏ်ရာကြီးကြီးမားမားရထား၍ အရေးပေါ်ကုသမှုလိုကြောင်းအတိုချုံးရှင်းပြထားသောစာကို လင်းရုဖေးထံချန်ထားခဲ့သည်။
လင်းရုဖေးမှာ ခိုစာရသည်နှင့်အံ့အားသင့်သွားပြီး ကုရွှမ်းတုထံလှည့်ကြည့်ကာမေးလိုက်မိ၏။
"လွီအာမှာတစ်ခုခုဖြစ်လာတော့မယ်ဆိုတာ ခင်ဗျားဘယ်လိုလုပ်သိနေတာလဲ"
ကုရွှမ်းတု : "ရှေးဟောင်းသားရဲငှက်တွေထဲမှာ အကြီးမားဆုံးငှက်က လီကျင်း အဲဒီလူလိုပေါ့ သူ့ရဲ့အရိုးကမာလွန်းလို့ ဓားပေါင်းတစ်သောင်းတောင် အစိပ်စိပ်အမြွှာမြွှာကွဲသွားစေနိုင်တယ်"
လင်းရုဖေးမှာ ကြက်သေသေနေ၏။
ကုရွှမ်းတု : "အဲဒါကြောင့် လီကျင်းငှက်တွေကလူတွေရဲ့အမဲဖျက်တာကိုခံခဲ့ရတယ် ကောင်းတာက လူတွေနဲ့တူပြီးလူတွေရဲ့အကျင့်ကို အလွယ်တကူသင်ယူနိုင်တယ် ရလဒ်အနေနဲ့သူတို့ကလူတွေကြားမှာပုန်းနေတတ်တာမို့လို့ သူတို့ရဲ့မျိုးဆက်သွေးရဖို့အရမ်းခဲယဉ်းတယ် အဲဒါကလွန်ခဲ့တဲ့နှစ်တစ်ရာလောက်က ဖြစ်ခဲ့တာတွေပါ အခုက ကြာခဲ့ပြီဆိုတော့ လီကျင်းသားရဲတွေကမျိုးသုဉ်းခါနီးနေပြီလေ ဒါပေမဲ့ ကိုယ်ရှဲ့အိမ်တော်ရောက်မှတစ်ကောင်ကိုတွေ့ရလိမ့်မယ်လို့မထင်ထားခဲ့ဘူး"
သူက ရှဲ့ကျစ်ယောင်၏ခါးပေါ်မှအရိုးသွားဓားကိုမြင်တွေ့ပြီးစဉ်တည်းက အရာအားလုံးအားခန့်မှန်းထားခဲ့ပြီးသားပင်။
လင်းရုဖေးက ကုရွှမ်းတု၏စကားနောက်ကွယ်မှအဓိပ္ပါယ်ကိုနားလည်သည်။ အစေခံကောင်လေးလွီအာမှာ ဝိညာဉ်သားရဲလီကျင်းဖြစ်ပြီး ရှဲ့ကျစ်ယောင်လက်ထဲမှအရိုးသွားဓားက အနှီသူ၏ခန္ဓာကိုယ်မှဖြစ်သည်။
"လီကျင်းသားရဲရဲ့ ကိုယ်ပေါ်မှာအဖိုးအတန်ဆုံးအရာက သူ့ရဲ့ကျောရိုးပဲ အရိုးကသန့်စင်ပြီးသားမို့လို့ ဆွဲထုတ်လိုက်တာနဲ့ဓားဖြစ်သွားတယ် အသွားကထက်တယ် ကြယ်ကိုတောင်ခွဲပစ်ပြီး တောင်ကိုပါခြမ်းပစ်နိုင်တယ်"
ကုရွှမ်းတုသည်အခြားသူ၏ဇာတ်လမ်းအား ပုံမှန်ကဲ့သို့ ပစ်စလက်ခတ်ပြောပြနေ၏။
"ဓားကြောင့်သာမဟုတ်ရင် ရှဲ့ကျစ်ယောင်တစ်ယောက် သေတာကြာပေါ့"
လင်းရုဖေး : "လွီအာက ကျောရိုးမရှိဘဲအသက်ရှင်နိုင်သေးတာလား"
ကုရွှမ်းတုသည် လင်းရုဖေး၏မျက်လုံးထဲသို့တည့်တည့်ကြည့်လိုက်ကာ : "ပုံမှန်ဆိုရင်တော့ မဖြစ်နိုင်ဘူး"
လင်းရုဖေးမှာ လည်ချောင်းထဲတွင်တစ်ဆို့သွားသည်။ လွီအာအကြောင်းပြောတိုင်း ရှဲ့ကျစ်ယောင်၏မျက်လုံးအတွင်းမှသိမ်မွေ့မှုများကိုသတိမထားမိချင်လျှင်ပင် သူ မကြာခဏမြင်တွေ့နေရသည်။
ယခုမူရှဲ့မိသားစု၏ကိစ္စများငြိမ်းအေးသွားချိန်တွင် လွီအာက.....
ကုရွှမ်းတု : "ဟိုလူတွေက လွီအာရဲ့အသက်ကိုဆွဲထားဖို့ဘာနည်းလမ်းသုံးထားလဲတော့ ကိုယ်လည်းမသိဘူး တလောကလုံးက အတော်ဆုံးသမားတော်တောင် သူ့ကိုမကယ်နိုင်ဘူး".
ကျောရိုးဆုံးရှုံးလိုက်ရသည့် မည်သည့်သက်ရှိမှ အသက်မရှင်နိုင်ပေ။
လင်းရုဖေး : "ရှဲ့ကျစ်ယောင်ဘာလုပ်မလဲ"
ကုရွှမ်းတုက ခံစားချက်မဲ့နေသည့် လေသံပြတ်ဖြင့်ဆိုလိုက်၏။
"သူဘာလုပ်မလဲဆိုတာ ဘာကိုပြောတာလဲ သူအလိုချင်ဆုံး မိသားစုခေါင်းဆောင်ဆိုတဲ့ ဘွဲ့ကြီးကိုရသွားတဲ့အပြင် ကျင့်ကြံဆင့်ကလည်း အဌမအဆင့်ရောက်သွားပြီလေ သူကပါးစပ်စည်း မရှိတဲ့အစေခံတစ်ယောက်ကို ဆုံးရှုံးလိုက်ရရုံပဲလေ မကောင်းဘူးလား"
လင်းရုဖေးက ကုရွှမ်းတု၏အသက်မပါသောစကားများကိုနားထောင်ပြီးနောက် မျက်ခုံးများကိုပင့်လိုက်သည်။
ကုရွှမ်းတုက နားထောင်ကောင်းအောင် အနည်းငယ်ပြင်၍မေး၏။
"အဲဒီလိုမထင်ဘူးလား"
လင်းရုဖေးက လက်သင့်မခံပုံဖြင့်ဆိုလိုက်သည်။
"ကျွန်တော်ကတော့ အဲဒီလိုမထင်ဘူး လွီအာကရှဲ့ကျစ်ယောင်နဲ့အချိန်တွေအကြာကြီးအတူနေလာခဲ့တာလေ ရှဲ့ကျစ်ယောင်ကသူ့အပေါ်မှာခံစားချက်ရှိမှာပေါ့ လွီအာဒီလိုဖြစ်သွားတာမြင်ရင် သူစိတ်ထိန်းနိုင်မှာမဟုတ်ဘူး"
ကုရွှမ်းတု၏စိတ်က ပုံမန်အားဖြင့် အရမ်းကြီးမအေးစက်ပေ။ သူကပုံမှန်လို လင်းရုဖေး၏ဘေးတွင်မထိုင်ဘဲ တန်းကိုကျောမှီထားသည်။ ရင်ဘတ်တွင်လက်ပိုက်ထားလျက် လင်းရုဖေးအားငုံ့ကြည့်ပြီးနောက် တည်ငြိမ်စွာဖြင့်မေးလာသည်။
"မင်းသာလွီအာဆိုဘာလုပ်မှာလဲ"
လင်းရုဖေးက တွေးလိုက်ပြီး "ကျွန်တော်သာ လွီအာဆိုရင်..."
"တော်ပြီ"
သူ၏စကားပင်မဆုံးသေးခင် ကုရွှမ်းတုကအေးစက်စက်ဖြင့်စကားဖြတ်ပစ်လိုက်သည်။ ကုရွှမ်းတုသည် အကြီးအကဲတစ်ယောက်အဖြစ်လင်းရုဖေး၏ဘေးတွင်နေလာသည့်တစ်လျှောက်လုံး အလေးအနက်ထားကာ ယခုကဲ့သို့ ရေခဲပမာအေးစက်နေသည့်အကြည့်ဖြင့်မကြည့်ဖူးပေ။
"မင်းရွေးမယ့်အရာကို ကိုယ်သိတယ်"
စကားဆုံးသွားသည်နှင့် သူ၏ပုံရိပ်မှာလည်းလျှပ်တပြက်ပျောက်ကွယ်သွားပြီး အခန်းထဲတွင် တိတ်ဆိတ်မှုသာကျန်ရစ်ခဲ့သည်။
လင်းရုဖေးမှာ စိတ်ရှုပ်ထွေးနေပြီး ဘာကြောင့်သူ၏စကားက ကုရွှမ်းတု၏အခွံကိုထိခိုက်သွားစေခဲ့သလဲ နားမလည်နိုင်ပေ။
ကုရွှမ်းတုမရှိသည့်အခါ အခန်းကဆိတ်ငြိမ်လွန်းနေပြီး နေထိုင်ရခက်စေသည်။ သူ့အတွေးများကိုသတိထားမိသွားသည့်အခါ လင်းရုဖေးမှာမတတ်နိုင်ဘဲပြုံးမိ၏။ သူ၏စိတ်ထဲတွင်လူများက လောဘကြီးတတ်သူများဟု တွေးနေမိပြီး ရက်အနည်းငယ်အတွင်းမှာပင် သူကကုရွှမ်းတု၏တည်ရှိမှုနှင့်အသားကျသွားချေပြီ။
..........
ရှဲ့ကျစ်ယောင်က တစ်နေ့နှင့်တစ်ညလုံးခွန်းလွန်တောင်သို့အပြင်းနှင်ခဲ့သည်။
ဝမ်ယောင်သည်ခိုစာကိုအလျင်ရထားနှင့်သည်။ သူကရှဲ့ကျစ်ယောင်လာမည်ကိုကြိုသိနေခဲ့သဖြင့် ခွန်းလွန်တောင်၏အဝင်ဝတွင်စောင့်နေခဲ့၏။
"အမြန် လူကိုအောက်ချလိုက်"
လွီအာကိုတွေ့သည့်အခါ ဝမ်ယောင်သည် ရှဲ့ကျစ်ယောင်ကိုလူနာအားသစ်သားကုတင်ပေါ်သို့တင်ခိုင်းပြီး လွီအာ၏သွေးခုန်နှုန်းကိုစမ်းကြည့်သည်။
ရှဲ့ကျစ်ယောင်ကဘေးတွင်ရပ်နေသည်။ သူ့မှာအသက်ရှူရန်ပင်မေ့လျော့နေပြီး သူ၏မျက်လုံးများကိုလွီအာအပေါ်တွင်သာအသေကပ်ထားသည်။ သူ၏ရင်ဘတ်ကဖောင်းလိုက်၊ပိန်လိုက်ဖြစ်နေသည်မှာလုံး၀မရပ်တန့်တော့ပေ။
ဝမ်ယောင်က လွီအာ၏အခြေအနေကိုသိသွားပြီးနောက် ရေးကြီးသုတ်ပြာဖြင့်အင်္ကျီရင်ဘတ်အတွင်းမှ အပ်တချို့ကိုထုတ်သည်။ လွီအာ၏ကိုယ်ပေါ်သို့စိုက်ပြီးသည့်နောက် လွီအာ၏အနေအထားကပိုကောင်းလာ၏။ သို့သော်ငြား သူ၏အသက်ရှူသံမှာအားနည်းနေသေးသည်။
ဝမ်ယောင် : "ငါတို့အပြင်မှာပြောကြမလား"
ရှဲ့ကျစ်ယောင်ကခေါင်းညိတ်ပြသည်။ သူအပြင်ထွက်တော့မည့်အချိန်၌ လွီအာ၏ဖျော့တော့သောငိုသံကိုကြားရသည်။
"သခင်လေး...မသွားပါနဲ့..."
လွီအာက ကိုယ်ကိုအောက်သို့ငုံ့ကိုင်းကာ တီးတိုးပြောလိုက်၏။
"မကြောက်ပါနဲ့ မင်းလည်းဝမ်ယောင်ရဲ့ဆေးပညာကိုသိပါတယ် သူ့မှာမင်းကိုကယ်ပေးဖို့ကျိန်းသေနည်းလမ်းရှိလိမ့်မယ်"
သို့ထိတိုင် လွီအာသည်ခေါင်းယမ်း၍ခဲယဉ်းစွာပြောနေသေး၏။
"ဒီမှာပဲ...ပြောကြပါ"
သူ၏ကိုယ်မှာနောက်ထပ်တောင့်မထားနိုင်တော့သော်ငြား စိတ်မှာကြည်လင်နေ၏။ သူ၏သခင်လေးကိုခပ်ကြာကြာမြင်တွေ့နိုင်လျှင်အကောင်းဆုံးပင်။
"ကောင်းပြီ...သမားတော်၀မ်ပြောပါ"
ရှဲ့ကျစ်ယောင်ကလွီအာ၏လက်ကိုကိုင်ထားပြီး ဝမ်ယောင်ကိုလှည့်ကြည့်သည်။
ဝမ်ယောင်ကတွန့်ဆုတ်နေမိသည်။
ရှဲ့ကျစ်ယောင်၏ နောက်မဆုတ်မည့်ပုံစံကိုမြင်ရသည့်အခါ သက်ပြင်းဗအသာချလျက်ဆိုလိုက်၏။
"လွီအာကို....ကယ်တင်လို့မရတော့မှာ...စိုးရိမ်မိတယ်"
ရှဲ့ကျစ်ယောင်၏အမူအရာက တမဟုတ်ချင်းခက်ထန်သွားသည်။
"ခင်ဗျားဘာပြောလိုက်တာလဲ"
ဝမ်ယောင် : "သူ့ရဲ့ကျောရိုးက အရှင်လတ်လတ်ခွဲထုတ်ခံထားရတာ ဒီနေ့အထိအသက်ရှင်နိုင်သေးတာကိုက အံ့ဩစရာဖြစ်နေပြီ ကျွန်တော်သူ့ကိုအပ်စိုက်ကုပေးထားတာတောင်မှ တစ်ရက်နှစ်ရက်ပဲအသက်ရှင်နိုင်တော့မယ် အဲဒါကလည်း..."
ရှဲ့ကျစ်ယောင် : "အဲဒါက..."
ဝမ်ယောင် : "သူအရမ်းကိုနာကျင်နေရလိမ့်မယ်"
သူ၏ကျောပေါ်မှဒဏ်ရာသည်ကုသ၍မရနိုင်တော့ပေ။ စက္ကန့်နှင့်အမျှလွီအာသည် နာကျင်မှုကိုခံစားရလိမ့်မည်ပင်။ လက်ရှိတွင်သူကအားနည်းနေပြီး ဝမ်းလျားမှောက်လှဲနေ၍သာရကာ ပက်လက်နေ၍မရချေ၊ မဟုတ်လျှင် ဒဏ်ရာကိုထိခိုက်သွားပေလိမ့်မည်။
ရှဲ့ကျစ်ယောင်၏လည်စလုတ်က ဝမ်ယောင်၏စကားကြောင့်အပေါ်အောက်လှုပ်ရှားသွားသည်။ စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ထားရသည့်နှယ်။
လွီအာသည်သူ၏အတွေးများကိုသိသွားပြီး လက်ကိုဖျစ်ညှစ်လျက်အားတင်းပြုံးကာဆို၏။
"မစိုးရိမ်ပါနဲ့...သခင်လေးကိုနောက်တစ်ရက်လောက် အတူနေပေးနိုင်ရင်လည်း လုံလောက်ပါပြီ"
ရှဲ့ကျစ်ယောင်သည် မည့်သည့်စကားမှမဆိုနိုင်ဘဲ အရာအားလုံးကိုနားလည်ရန်အတော်လေးအချိန်ယူနေရသည်။ သူကခေါင်းငုံ့ပြီး ခါးထက်မှအရိုးသွားဖြူဓားကို အချိန်အတန်ကြာအောင်စိုက်ကြည့်နေခဲ့သည်။ သူ၏မျက်ဆံနက်များတွင် ပြင်းထန်သောမုန်တိုင်းတစ်လုံးကတိုက်ခတ်နေသည်။
လွီအာ၏ချိနဲ့သောခေါ်သံက ရှဲ့ကျစ်ယောင်၏ခံစားမှုများကိုစုတ်ဖြဲပစ်သည်။
သူပြန်တုံ့ပြန်လိုက်၏။ "လွီအာ"
လွီအာ၏ပုံစံကအလွန်ကျိုးနွံနေသည်။
"လွီအာဒီမှာရှိနေပါတယ်"
ရှဲ့ကျစ်ယောင် : "ဒါကိုဘယ်သူလုပ်တာလဲ"
လွီအာကဘာမှမပြောပေ။
ရှဲ့ကျစ်ယောင်ကတစ်ခွန်းပြီးတစ်ခွန်းမေးနေမိသည်။
"ဘယ်သူလုပ်တာလဲ ငါ့ကိုပြောစမ်းပါ မင်းရဲ့ကျောရိုးကိုအစိမ်းလိုက်ခွဲခဲ့တာဘယ်သူလဲ"
လွီအာကရှဲ့ကျစ်ယောင်ကို တည်တည်ငြိမ်ငြိမ်သာကြည့်နေသည်။သူ၏နှုတ်ခမ်းများက ခဲရာခဲဆစ်ဖွင့်ဟလာပြီး အနည်းဆုံးရှဲ့ကျစ်ယောင်ကြားချင်နေသောအဖြေကိုပေးလိုက်သည်။
"လွီအာပဲလုပ်ခဲ့တာပါ"
ရှဲ့ကျစ်ယောင်တစ်ကိုယ်လုံးကတုန်ယင်လာသည်။
လွီအာ : "လွီအာလုပ်ခဲ့တာ ဘယ်သူ့အပြစ်မှမဟုတ်ပါဘူး..."
ရှဲ့ကျစ်ယောင်သည် သူ၏နှလုံးအိမ်ထောင့်မှသားရိုင်းကောင်အားလွတ်ထွက်မလာစေရန်မနည်းထိန်းချုပ်ထားရသဖြင့် ရှူးရှူးရှားရှားဖြစ်နေသည်။
နောက်ဆုံး၌ သူက အိပ်ရာစွန်းတွင်ထိုင်ချလိုက်ပြီး လွီအာ၏တဖြည်းဖြည်းအေးစက်လာနေသောလက်ကိုဆုပ်ကိုင်နမ်းရှိုက်လိုက်ရင်းမေးလိုက်၏။
"လွီအာရယ်...ဘာလို့လဲ...ဘာလို့လဲ..."
လွီအာ : "လွီအာကတခြားလူတွေ သခင်လေးကိုထပ်ပြီးအနိုင်မကျင့်စေချင်တော့လို့ပါ"
ဝမ်ယောင်၏အပ်စိုက်ကုစွမ်းရည်ကစတင်အလုပ်လုပ်လာ၍ လွီအာတွင်စကားပြောရန်အားရှိလာသည်။ လွီအာကရှဲ့ကျစ်ယောင်အားကြည့်နေချိန်တွင် အနှီသူ၏မျက်လုံးများက ကောင်းကင်မှကြယ်များတမျှတောက်ပနေသည်။
"သခင်လေး လင်းရုဖေးကိုမနာလိုဖြစ်နေစရာမလိုပါဘူး သခင်လေးကိုအချစ်ဆုံးသူရှိပါတယ် လွီအာက သခင်လေးကိုအချစ်ဆုံးပါပဲ"
ရှဲ့ကျစ်ယောင်သည် စကားတစ်လုံးပင်မပြောနိုင်ဘဲ သူ၏လက်ဖမိုးပေါ်၌အရည်များစိုစွတ်လာမှသာ သူငိုနေမိမှန်းသိလိုက်ရ၏။
လွီအာသည် ရှဲ့ကျစ်ယောင်၏ယခုကဲ့သို့သောပုံစံကို တစ်ကြိမ်မျှပင်မမြင်ဖူးခဲ့ချေ။ သူပျာယာခတ်သွားရပြီး သူ့သခင်လေးအားမငိုရန်အမြန်ပြောရသည်။
ရဲ့ှကျစ်ယောင် : "မင်းမှန်တယ် မင်းကငါ့ကိုချစ်တယ် အခုမင်းထွက််သွားရင် ငါ့ကိုဘယ်သူကချစ်ပေးတော့မှာလဲ"
လွီအာ : "သခင်လေးကရှဲ့မိသားစုရဲ့ခေါင်းဆောင်ဖြစ်သွားပြီ သခင်လေးကိုချစ်ပေးမယ့်သူတွေအများကြီးရှိလာမှာပါ သခင်လေးသာလက်ထပ်ပြီးကလေးတွေရှိလာရင် လွီအာကိုထပ်ပြီးလိုတော့မှာမဟုတ်ဘူး စိတ်တော့မကောင်းစရာဆိုပေမယ့်ပေါ့"
ရှဲ့ကျစ်ယောင်၏အကြည့်တွေမှာ တစ်စုံတစ်ရာကြွေမွသွားသလိုပင်။
ဝမ်ယောင်သည် လွီအာကိုဆေးများနှင့်အပ်စိုက်ကုထုံးများကိုသုံးထားပြီးနောက် သူ့ထံတွင်နောက်ထပ်နည်းလမ်းမရှိတော့ပေ။
လွီအာက မဆိုသလောက်အင်အားကျန်နေသေး၍ စကားပြောနေသည်။ သူသည် သူ၏သခင်လေးရှဲ့ကျစ်ယောင်ကိုဖယ်ပြီး ရှဲ့ကျစ်ယောင်ရဲ့အဖေ၊ ရှဲ့ကျစ်ယောင်ရဲ့အစ်ကို နှင့် ရှဲ့မိသားစုတစ်စုလုံး၏မကောင်းကြောင်းများပြောဆိုနေခဲ့သည်။ ရှဲ့ကျစ်ယောင်ခမျာ ကျောက်ရုပ်ကြီးနှယ်ငြိမ်ပြီးနားထောင်နေပြီး ထိုသူရဲ့တဖြည်းဖြည်းထွက်သွားတော့မည့် အရိပ်အယောင်ကို နာကျင်မှုအပြည့်ဖြင့်စောင့်ကြည့်နေရသည်။
လွီအာက ပင်ပန်းလာပြီဟု ပြောပြီးနောက် သူ့အသံကတိမ်ဝင်သွား၏။
ရှဲ့ကျစ်ယောင်က ကောက်ကာငင်ကာမေးလိုက်သည်။
"မင်းဘာလို့မမေးတော့တာလဲ"
လွီအာ: "ဟင်..."
ရှဲ့ကျစ်ယောင် : "ကိုယ်မင်းကိုသဘောကျလား မကျဘူးလားဆိုတာကို အမြဲသိချင်နေခဲ့တာမဟုတ်ဘူးလား ဘာလို့ထပ်မမေးတော့တာလဲ"
လွီအာ၏နှုတ်ခမ်းများကဖြည်းဖြည်းချင်းပွင့်လာသည်။
ခြင်တစ်ကောင်ကဲ့သို့ တိုးဖျေားလှသောအသံဖြင့်ဆိုလိုက်၏။
"ကျွန်တော်...ထပ်မသိချင်တော့ပါဘူး"
ရှဲ့ကျစ်ယောင်ကတုန်ယင်နေသောအသံဖြင့်မေးသည်။
"ဘာလို့လဲ ဘာလို့မသိချင်တော့တာလဲ"
လွီအာ : "ဘာလို့လဲဆိုတော့ သခင်လေးက ကျွန်တော့်ကိုသနားနေတယ်လေ ကျွန်တော်က သခင်လေးသနားတာမလိုချင်ဘူး ကျွန်တော်က သခင်လေးသဘောကျတာပဲ လိုချင်တာ"
ပြောပြီးသည့်နောက် ရှက်ရွံ့မှုအပြည့်ဖြင့် သူ့မျက်ခွံများကိုမှိတ်လိုက်သည်။
ရှဲ့ကျစ်ယောင်ကား လုံးဝပြိုလဲသွားလေပြီ။
သူ၏ပုခုံးများကတုန်ယင်နေပြီး နာကျင်မှုဖြင့် မျက်နှာကိုတင်းတင်းအုပ်ထားမိသည်။ သူကတရှုံ့ရှုံ့ငိုနေပြီး သူ့အသံကပင်တဖြည်းဖြည်းချင်းတိမ်၀င်သွားသည်။ ပထမဆုံးအကြိမ်အဖြစ် တွန့်ဆုတ်နေမှုကြောင့် သူ့ကိုယ်သူမုန်းတီးမိ၏။ သူ့အခန်းထဲသွားရန်ကိုပင် မနည်းတွန်းအားပေးခဲ့ရသည့် သူ့ကိုယ်သူမုန်းတီးမိပြီး လွီအာဆန္ဒရှိနေသည့်အဖြေကိုမပေးနိုင်၍လည်းမုန်းမိသည်။
လွီအာသည် ရှဲ့ကျစ်ယောင်၏နာကျင်နေရပုံကိုကူကယ်ရာမဲ့စွာကြည့်နေမိပြီး နှစ်သိမ့်ပေးချင်ပါသော်လည်း သူ့သခင်လေးကိုစိတ်သက်သာအောင်မည်သို့ပြောရမှန်းမသိတော့ချေ။
အလျင်စလိုဖြင့် သူကရှဲ့ကျစ်ယောင်၏လက်ကိုဆွဲကာ မငိုရန်ချော့မော့ပြောလိုက်သည်။
ရှဲ့ကျစ်ယောင်က လွီအာထက်နှစ်နှစ်ကြီး၏။ ရှဲ့ကျစ်ယောင် သုံးနှစ်အရွယ်တွင် သူတို့ စတွေ့ခဲ့ပြီး သူတို့နှစ်ဦးက နှစ်နှစ်ဆယ်ထက်ပိုကာအတူရှိခဲ့ကြသည်။ ရှဲ့ကျစ်ယောင်၏အမေဆုံးပါးသွားသည့်အခါ ရှဲ့အိမ်တစ်အိမ်လုံးတွင် သူ့အားအချစ်ခင်ဆုံးသူဆို၍ အစေခံကောင်လေးလွီအာသာ သူ၏အနားတွင်ကျန်ရှိနေတော့သည်။
ရှဲ့အိမ်တော်က မည်သူမျှ ရှဲ့ကျစ်ယောင်ကိုမနှစ်သက်သလို မည်သူမှလည်း လွီအာကိုမနှစ်သက်ကြပေ။
လွီအာကစိတ်မခုပေ။ သူသည် သခင်လေးကသာ သူ့အားသဘောကျစေချင်ရုံဖြစ်ပြီး ထိုမျှနှင့်ပင်လုံလောက်ချေပြီ။ ထိုကဲ့သို့သော သဘောကျမှုမျိုးက အစေခံဖြစ်ခဲ့သည့်အချိန်မှစကာ မည်သည့်အချိန်တည်းက ပြောင်းလဲသွားသည်လဲတော့ သူလည်းမသိချေ။ ရှဲ့ကျစ်ယောင် အန္တရာယ်များနှင့်ရင်ဆိုင်ရသည့်အချိန်မှ သူ၏ရင်ထဲမှမီးတောက်လေးက ကြယ်လေးတစ်ပွင့်စတင်ဖြစ်လာခဲ့သည်။
လွီအာသည်အချိန်များစွာမကျန်တော့သဖြင့် သူ့တစ်ခုတည်းသောဆန္ဒမွာ သူ၏သခင်လေးနှုတ်မှ "သဘောကျတယ်" ဆိုသောစကားလေးတစ်ခွန်းပင်။ သေမည်ကိုသနား၍မဟုတ်ဘဲ သန့်စင်ရိုးရှင်းသောသဘောကျခြင်းမျိုးသာ။
သို့သော် အဆုံးအထိသူလိုချင်သည့်အရာအား မရခဲ့သဖြင့် သိပ်ကံမကောင်းလှပေ။
လွီအာသည် နောင်တရသင့်လင့်ကစား ရှဲ့ကျစ်ယောင်၏ယူကြုံးမရဖြစ်နေသောအမူအရာကြောင့် သူ၏နောင်တက သခင်လေးအပေါ် အာရုံစိုက်စရာအဖြစ်ပြောင်းလဲသွားသည်။ သူသည်သေခြင်းတရားကိုအချိန်အတန်ကြာပြင်ဆင်လာခဲ့ပြီးသော်ငြား သူ့အား ရှဲ့ကျစ်ယောင်က ဤမျှခံစားနေရလိမ့်မည်ဟုမမျှော်လင့်ထားခဲ့မိချေ။
ရှဲ့ကျစ်ယောင် : "လွီအာ...ကိုယ်ကိုနောက်တစ်ခါထပ်မေးလိုက်ပါ ထပ်မေးကြည့်ပါ"
လွီအာသည် ရှဲ့ကျစ်ယောင်၏အပြုအမူကြောင့် ထိတ်လန့်သွားမိပြီးတိုးညှင်းစွာဖြင့်မေးလိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ...သခင်လေး လွီအာကို သဘောကျလား"
"သဘောကျတယ် ကိုယ် လွီအာကို သဘောကျပါတယ်"
ရှဲ့ကျစ်ယောင်သည် စကားတစ်ခွန်းပြောပြီးတိုင်းတစ်ခါရှိုက်ငိုနေလေ၏။
"ရှဲ့ကျစ်ယောင်က လွီအာကိုသဘောအကျဆုံးပဲ"
လွီအာကပြုံးလာသည်။
ရှဲ့ကျစ်ယောင် : "သူကလွီအာကိုသဘောကျတယ် သူကဘယ်လိုလုပ်မင်းကို ဝမ်းနည်းအောင်လုပ်ပါ့မ
လဲ လွီအာ..."
လွီအာက ရှဲ့ကျစ်ယောင်၏ခေါင်းကိုကလေးချော့သလိုလေး ပုတ်ပေးကာတိုးလျစွာဖြင့်ဆို၏။
"ဟုတ်ပါပြီ...အခုကစပြီး သခင်လေးအနားမှာ လွီအာကအမြဲရှိပေးနိုင်မှာမဟုတ်တော့ဘူးနော်"
ရှဲ့ကျစ်ယောင်က နောက်တစ်ကြိမ် သွေးရူးသွေးတမ်းအော်ဟစ်ငိုယိုပြန်လေသည်။