Chapter 37
အခန်းအပြင်ဘက်တွင် ဝမ်ယောင်သည် ရှဲ့ကျစ်ယောင်၏ကမ္ဘာပျက်မတတ်ငိုကြွေးသံကိုကြားပြီးနောက် သက်မသာချလိုက်မိသည်။
ဘဝ၏ပူဆွေးခြင်းခုနစ်ရပ် မွေးဖွားခြင်း၊ အိုခြင်း၊ နာမကျန်းခြင်းနှင့်သေဆုံးခြင်း၊ ချစ်ခြင်းနှင့်ကွေကွင်းရခြင်း၊ ခံပြင်းခြင်းနှင့်အမုန်းတရားတို့မှာထိန်းချုပ်တားဆီးနိုင်သောအရာများမဟုတ်ပေ။ လူသားတစ်ယောက်အဖြစ်အသက်ရှင်နေရသရွေ့ ထိုဒုက္ခများမှလွတ်မြောက်နိုင်လိမ့်မည်မဟုတ်ချေ။
ရှဲ့ကျစ်ယောင်နှင့်လွီအာတို့ကြီးပြင်းလာသည်ကို သူမြင်တွေ့ခဲ့ရပြီး နှစ်ဦးသားမှာ သေဆုံးခြင်းကြောင့်ကွဲကွာရသည်ကိုမြင်တွေ့ရသည့်အခါ၌လည်း စိတ်မကောင်းခြင်းကြီးစွာဖြစ်မှုကို ခံစားရသည်မှာလည်းဓမ္မတာပင်။
သမားတော်တစ်ဦး၏စိတ်ကား မွန်မြတ်သန့်စင်သည့်တိုင်အောင် သူလုပ်နိုင်သည့်အရာမှာ နည်းပါးလွန်းပေသည်။
"ရှဲ့အိမ်တော်မှာတစ်ခုခုဖြစ်နေပြီ"
လင်းပျန့်ယွီသည် ဝမ်ယောင်နံဘေးတွင်ရုတ်တရက်ပေါ်လာ၏။
ဝမ်ယောင်၏အနောက်မှ ရှဲ့ကျစ်ယောင်အသည်းအူပြတ်မတတ်ငိုကြွေးနေသောတံခါးကိုလှမ်းကြည့်ကာအသံတိုးတိုးဖြင့်ဆိုလာငည်။
"ရှောင်ကျို့တစ်ယောက်အခုဘယ်လိုနေမလဲမသိဘူး"
ဝမ်ယောင် : "ရှဲ့ကျစ်ယောင်က အဌမကျင့်ကြံဆင့်ကိုရောက်သွားပြီ"
လင်းပျန့်ယွီက အံ့ဩနေသောအကြည့်ကိုဖော်ထုတ်ပြလာသည်။
ဝမ်ယောင်က လူအိုကြီးတစ်ယောက်ဖြစ်၍ရှဲ့အိမ်တော်၏စည်းမျဉ်းများကိုသိသည်။ သို့သော် လင်းပျန့်ယွီကငယ်
ရွယ်သေးသောကြောင့် နားလည်မည်မဟုတ်သေးပေ။
သို့ဖြစ်၍ သူရှင်းပြရသည်။ "ရှဲ့မိသားစုရဲ့ အတွင်းရေး ပဋိပက္ခတွေကြောင့် ရှောင်ကျို့မထိခိုက်ပါဘူး"
"ကိစ္စအထွေအထူးမရှိသည့်အကြောင်း" ပြောပြပြီးသည့်အခါ ရှဲ့မိသားစု၏စည်းမျဉ်းများတဖန်သေချာကိုရှင်းပြရသည်။ လင်းပျန့် ယွီသည်နားထောင်ပြီးနောက် ဟင်းချလာပြီး ၎င်းကရှဲ့မိသားစုအတွက်ပေလား သို့တည်းမဟုတ် မကြာသေးခင်ကပင်သေဆုံးသွားရသော လွီအာအတွက်ပေလားမသိပေ။
ရှဲ့အိမ်တော်၌မူ ကုရွှမ်းတုသည်လင်းရုဖေးကိုစိတ်ကောက်နေဆဲဖြစ်သဖြင့် တနေကုန် သူ့အရိပ်အယောင်ကိုမတွေ့ရချေ။
လင်းရုဖေးခမျာလည်း ထိုသူကိုစိတ်ဆိုးပြေအောင်မည်သို့လုပ်ရမည်မသိ။ အဆုံးတွင် သူအပေါ်ထပ်ဝတ်ရုံကိုဝတ်ကာ လမ်းကြားထဲတွင်တစ်ယောက်တည်းလမ်းလျှောက်ရန်ထွက်လာလိုက်သည်။
သူသည်လမ်းကြားထဲတွင် အကြိမ်ရေအနည်းငယ်ခန့်လမ်းလျှောက်နေပြီး ပန်းရောင်းနေသောအဘိုးအိုတစ်ယောက်အားတွေ့သွားသည်။
အဘိုးအိုသည်ပျိုနီပန်းနှင့်တူသော ပန်းလှလှလေးများကို ရောင်းနေသည်ဖြစ်ရာ အနီးအနားတွင်ချယ်ရီပန်းရောင်းသည့်နေရာရှိမရှိမေးမြန်းကြည့်လိုက်၏။
အဘိုးအိုကပြုံးကာ နေရာတိုင်းတွင်ချယ်ရီပန်းများရှိနေ၍ ရောင်းရန်မလိုကြောင်းပြန်ပြောသည်။ မော့ယွီမြို့မှထွက်ကာအရှေ့ဘက်သို့နှစ်မိုင်ခန့်သွားပါက ချယ်ရီတောအုပ်ကြီးရှိကြောင်းဆိုသည်။
သို့ရာတွင် မနေ့ညကရုတ်တရက်မိုးကြောင့် ချယ်ရီပန်းများမှာအချပ်လိုက်ကြွေသွားကြလောက်ပေပြီ။
လင်းရုဖေးက အကြောင်းစုံသိရသည်နှင့်စိမ်ပြေနပြေပဲလမ်းလျှောက်ဆက်ထွက်လာလိုက်သည်။ လမ်းလျှောက်ရန်ထွက်လာစဥ် ဈေးထဲမှ နှင်းဆီပန်းပုံသကြားချောင်းကိုဝယ်လာရန်လည်းမမေ့ပါချေ။ သူကလမ်းတလျှောက်၌ ၎င်းကိုတတိတိကိုက်၀ါးလာလိုက်သည်။
မော့ယွီမြို့အပြင်ဘက်သည် တောင်ပေါ်လမ်းဖြစ်၏။ မနေ့ညကရုတ်တရက်မိုးရွာသောကြောင့် လမ်းမှာရွှံ့ထူနေသည်။ သို့တစေ ရာသီဥတုသာယာနေ၍ နည်းနည်းပင်မအေးချေ။
လေထန်သောလမ်းကိုလျှောက်လာပြီးသည့်နောက် လင်းရုဖေးက အဘိုးအိုပြောသောချယ်ရီတောအုပ်ကိုတွေ့လိုက်ရသည်။ ၎င်းကခွန်းလွန်တောင်အောက်မှမျက်စိတဆုံးမြင်ရသော ချယ်ရီတောအုပ်နှင့်ယှဉ်လျှင်သေးငယ်လွန်းသည်။ အပွင့်များ၏အရောင်မှာလည်းမှိန်ဖျော့၏။ လင်းရုဖေးသည် ဘေးဘီကိုကြည့်ပြီးနောက် လူတစ်ယောက်မှမတွေ့ရသည့်အခါ ချယ်ရီပင်၏အနားကိုခိုးကြောင်ခိုးဝှက်ကပ်သွားသည်။ သူ၏လက်နှင့်ခြေများကိုသုံး၍ ချယ်ရီပင်အပေါ်သို့တက်သွားကာ ချယ်ရီကိုင်းတစ်ခက်ကိုခူးလိုက်၏။
ထိုအချိန် သူသစ်ပင်ပေါ်မှချော်ကာ ပန်းများနှင့်လိမ့်ကျလာမည်ဟုမည်သူကထင်ခဲ့မည်နည်း။ သူထိတ်လန့်မှုကြောင့် စူးစူး၀ါး၀ါးအော်ဟစ်လိုက်ချိန်တွင် လက်တစ်ဖက်ကသူ့အားလှမ်းဆွဲ၍ဖမ်းလာသည်။
ကုရွှမ်းတုကအံကြိတ်ထားသောအသံဖြင့်မေးလာ၏။
"မင်းဟာမင်းလိမ့်ကျပြီးသေအောင်လုပ်နေတာလား"
လင်းရုဖေးကသူ့အားအပြစ်ကင်းသောအကြည့်လေးဖြင့်ကြည့်ပြီး လက်ထဲမှချယ်ရီခက်ကိုကမ်းပေးလိုက်သည်။
"ရော့"
ကုရွှမ်းတုကအေးစက်စက်အသံဖြင့်ပြန်ဖြေသည်။
"မလိုချင်ဘူး"
လင်းရုဖေးကမျက်တောင်တဖြတ်ဖြတ်ခတ်လိုက်မိသည်။ ထို့နောက် ပါးစပ်ကိုအုပ်ကာ အသည်းအသန်ချောင်းဆိုးလေတော့၏။
ကုရွှမ်းတု : "....."
လင်းရုဖေးသည် ချောင်းဆိုးနေရင်းဖြင့် ကုရွှမ်းတုဘက်သို့ ဖျတ်ကနဲကြည့်လိုက်သေးသည်။ သဘောထားသေးသိမ်လှသည့်အကြီးအကဲကုမှာ လင်းရုဖေး၏မရပ်တန်းဆိုးနေသော ချောင်းကို စိတ်တိုလာပြီး ဘောက်ဆတ်ဆတ်ဖြင့်ပြောလိုက်သည်။
"ယူမယ်...ယူမယ်...ဟုတ်ပြီလား...ပေးတော့...ချောင်းဆိုးတာကလည်းသတိထားဆိုးဦး အဆုတ်ကြီးလည်းပေါက်ထွက်သွားဦးမယ်"
လင်းရုဖေးရဲ့ ချောင်းဆိုးနေတာက ချက်ချင်းရပ်သွားပြီးသူ၏ပါးစပ်ကိုပျော်ပျော်ကြီးတဖတ်ဖတ်ရိုက်လိုက်သည်။
ထို့နောက် ဤနေရာမှချယ်ရီပန်းများက ခွန်းလွန်တောင်မှပန်းများလောက်မကောင်းသည့်အကြောင်းပြောလိုက်၏။
ကုရွှမ်းတု : "အဲဒီလိုပဲဖြစ်ရမှာပေါ့"
လင်းရုဖေး : "ဒါပေါ့...အကောင်းတကာ့အကောင်းဆုံးကတော့ ကျွန်တော့်ခြံထဲကအပင်ပဲ"
ထိုစကားကြားရသည့်အခါ ကုရွှမ်းတု၏ခပ်တင်းတင်းမျက်နှာကအတန်ငယ်ပြေလျော့သွားသည်။
လင်းရုဖေးသည် ကုရွှမ်းတုတစ်ယောက်ဘာကြောင့်စိတ်ဆိုးနေသည်ကိုမသိရလင့်ကစား ၎င်းကိစ္စကိုဖြေရှင်းလိုက်နိုင်ပြီဖြစ်ရာ စိတ်ပေါ့ပါးသွားရသည်။ ချယ်ရီပင်၏ ပင်စည်ကိုထိကိုင်နေရင်းမှ ရှဲ့ကျစ်ယောင်ကိုစိတ်ပူနေမိ၏။
ကုရွှမ်းတုသာမန်ကာလျှံကာမျှပြောလာသည်။
"သူမကြာခင်ပြန်လာလိမ့်မယ် လွီအာလည်းကြာကြာနေရတော့မှာမဟုတ်ဘူး"
လင်းရုဖေး သက်ပြင်းသာချလိုက်မိသည်။
လွီအာအကြောင်းပြောသည်နှင့် လေထုအနေအထားကမကောင်းလာတော့သောကြောင့် လင်းရုဖေးကစကားခေါင်းစဉ်လွှဲလိုက်သည်။ သူက လမ်းတွင်စားလာသော နှင်းဆီပန်းပုံစံသကြားချောင်းက အရသာရှိကြောင်းပြောပြနေပြီး ကုရွှမ်းတုကသူ့အားအချိုများစားလွန်းတာကြောင့် ချောင်းပိုပိုဆိုးလာရခြင်းဖြစ်ကြောင်းပြောကာ အပြစ်တင်လေ၏။
လင်းရုဖေးကလက်ခါပြလိုက်ပြီး : "ရပါတယ် ကျွန်တော်ချောင်းဆိုးတာကအကျင့်ဖြစ်နေပါပြီ မသေပါဘူး"
ပြောပြီးရုံရှိသေး သူက နောက်ထပ်ချောင်းဆိုးလာပြန်သည်။
နှစ်ဦးသားနှင်းဆီပုံသကြားချောင်းကို ခဏတဖြုတ်စားကြပြီးနောက် မြို့ထဲသို့ပြန်၀င်လာခဲ့ကြသည်။
ညသည်ချဉ်းကပ်လာပြီး မော့ယွီတစ်မြို့လုံးမီးများထွန်းညှိထားသည်။ အစိမ်းရောင်ကျောက်ခင်းလမ်းတွင် ဈေးသည်များက အပြိုင်အဆိုင်အော်ဟစ်ရောင်းနေကြသည်။ ဈေးဆစ်ကြသောရောင်းသူဝယ်သူများနှင့် ခရီးသွားများကလှည့်လည်သွားလာနေကြကာ သက်ဝက်စည်ကားလွန်းလှ၏။
အရှုပ်အထွေးများကိုဖြေရှင်းသွားပြီးနောက် ရှဲ့အိမ်တော်တွင်ဦးဆောင်သူအသစ်လည်းရှိလာပြီဖြစ်သည်။ လွန်ခဲ့သောရက်များကကဲ့သို့ မသက်မသာလေထုလည်းထပ်မရှိတော့ပေ။
လင်းရုဖေးပြန်ရောက်လာသည့်အခါ ရှဲ့အိမ်တော်အရှေ့တွင် ရထားလုံးအများအပြားရောက်နေသည်ကိုတွေ့လိုက်ရသည်။ သူသွားမေးကြည့်သည့်အခါ လဝက်ခန့်အိမ်မှထွက်ခွာသွားကြသောအိမ်တော်ထိန်းများပြန်ရောက်လာခြင်းဖြစ်ကြောင်းသိလိုက်ရသည်။ အနှီသူတို့သည်ရှဲ့အိမ်တော်၏စည်းမျဉ်းများကိုသိထားကြပြီး အငြင်းပွားဖွယ်ကိစ္စကို ဖြေရှင်းရန်အထူးတလည် အချိန်ကိုရွေးချယ်နေကြသည်။
ယခုရှဲ့ကျစ်ယောင်ကမိသားစုခေါင်းဆောင်ဖြစ်လာသည့်အခါ မိသားစုခေါင်းဆောင်အပ်နှင်းပွဲအတွက်ပြင်ဆင်နိုင်ရန်ပြန်လာကြခြင်းပင်။
၎င်းကအရေးပါလှသည့်တိုင် လင်းရုဖေး၏စိတ်မှာမူ အမြဲမသက်မသာဖြစ်နေရသည်။
ဖူဟွား : "ဒီရှဲ့အိမ်တော်ကလေ အရေးပါတဲ့လူတွေအများကြီးသေတာတောင်ထူးဆန်းနေတုန်းပဲ"
ဖူဟွား၏စကားက လင်းရုဖေးအားစိတ်မသက်မသာဖြစ်စေသောအကြောင်းရင်းကို နားလည်သွားစေသည်။
ယွီရွေ့ : "အွန်းနော် သေပြီဆိုမှတော့သေပြီပေါ့ သူတို့မှာ မြေမြုပ်ဖို့တရွတ်တိုက်ဆွဲခံရပြီး ကျောက်တိုင်လေးတောင်လုပ်ခွင့်မရဘူး ဒါနဲ့ အစ်မဖူဟွား၊ အဲဒီရှဲ့ကျီရဲ့ခေါင်း...."
ဖူဟွားကယွီရွေ့ကိုမျက်နှာသေဖြင့်လှမ်းကြည့်သည်။ ယွီရွေ့၏ဇက်ကလေးပုဝင်သွားသည့်အခါ သူမကဖြေလိုက်၏။
"ရှဲ့ကျစ်ယောင်ယူသွားပြီ"
ယွီရွေ့ : "မြေမြုပ်လိုက်တာလား"
ဖူဟွား : "မီးရှို့လိုက်တာ"
ယွီရွေ့ : "....."
သူမ ရှဲ့ဝမ်လင်၏ပြာများအကြောင်းကိုမူ ထပ်မမေးရဲတော့ပေ။
လင်းရုဖေးက ခြံဝန်းထဲတွင်ထိုင်နေလျက် ဝင်တစ်ခါထွက်တစ်လှည့်ရှိနေသောအစေခံများကိုကြည့်နေမိသည်။
နောက်တဖန် ပြန်လည်ရှင်သန်လာသောရှဲ့မိသားစုသည် သူ့အားခံစားချက်မျိုးစုံပေးစွမ်းနေသည်။ ယခုအချိန်တွင် အောင်ပွဲအခံသင့်ဆုံးသူကခွန်းလွန်တောင်တွင်ရှိနေပြီး ဖြစ်နိုင်ချေ အရှိဆုံးမှာ ကမ္ဗည်းတိုင်စိုက်နေခြင်းဖြစ်လောက်သည်။
ထိုနေ့ညကလင်းရုဖေးက လင်းပျန့်ယွီထံမှစာရခဲ့သည်။
စာထဲ၌ အနှီသူသည်ရှဲ့ကျစ်ယောင်နှင့်သေဆုံးသွားသော လွီအာကိုတွေ့သည့်အကြောင်းရေးထားသည်။ ရှဲ့ကျစ်ယောင်က လွီအာကိုကုရန်နည်းလမ်းမရှိတော့သည်ကို သိရသည့်အခါ သွေးပျက်သွားခဲ့ပြီး လွီအာတကယ်သေဆုံးသွားပြီးနောက် ဘာဆက်လုပ်ရမည်မသိတော့ကြောင်းပြောထား၏။
ထို့နောက် သူရှေ့ဆက်လုပ်မည့်အကြောင်းနှင့် သူ့ဘက်တွင်အခြားကိစ္စများဖြစ်ခဲ့သေးလားဟုမေးထားသေးသည်။
လင်းရုဖေးသည် ရှဲ့မိသားစုကသူ့အပေါ်ဧည့်ဝတ်ကျေပွန်စွာဆက်
ဆံပြီး စည်းကျော်ခဲ့ခြင်းမျိုးမရှိကြောင်း အကြောင်းပြန်လိုက်
၏။ သို့သော် ရှဲ့ဝမ်လင်အကြောင်းကိုကား လင်းပျန့်ယွီအားမပြောပြလိုက်ပေ။
လင်းပျန့်ယွီသာ သိသွားခဲ့လျှင် ရှဲ့ကျစ်ယောင်အပေါ်တောက်တခတ်ခတ်ဖြစ်နေနိုင်ပေသည်။ လင်းရုဖေးက သူ၏သည်းသည်းလှုပ်အစ်ကိုအကြောင်းကို သေချာသိပေ၏။
စာပြန်ရေးပြီးသည့်နောက် လင်းရုဖေးက နောက်ထပ်ချောင်းဆိုးပျောက်ဆေးတဖုံကိုထပ်သောက်ပြီးသည့်နှင် အနားယူတော့မည်ဟုတွေးလိုက်သည်။ ကုရွှမ်းတုက ချယ်ရီခက်အနားမှကြွေပန်းကန်လုံးကိုကြည့်နေပြီး သူဘာစဉ်းစားနေမှန်းမည်သူမှမသိနိုင်ပေ။
"အကြီးအကဲကု...ကျွန်တော်အိပ်နှင့်တော့မယ် အကြီးအကဲရော..."
လင်းရုဖေသည် မျက်နှာတစ်ဝက်ခန့်ကိုပန်းကန်လုံးဖြင့်အုပ်ထားပြီး အရောင်ဖျော့ဖျော့မျက်လုံးတစ်စုံကိုသာဖော်ထားသည်။ မေးလာသည့်အသံမှာမူအက်ရှရှဖြစ်နေ၏။
ကုရွှမ်းတုက အမူအရာမဲ့လျက်ဆိုလာသည်။
"သရဲသွားဖမ်းမယ်"
လင်းရုဖေ : "သရဲသွားဖမ်းမလို့..."
ကုရွှမ်းတုကခေါင်းညိတ်သည်။
လင်းရုဖေးက ချက်ချင်းလက်ငင်းတက်ကြွလာပြီးငေါက်ခနဲထထိုင်သည်။
"သရဲကဘယ်နေရာကိုသွားဖမ်းမှာလဲ ဒီလောကကြီးမှာသရဲတကယ်ရှိလို့လား"
ကုရွှမ်းတု : "မင်းရောဘယ်လိုထင်လဲ"
လင်းရုဖေးကတွေးတောပြီးနောက် ယောင်ဝါးဝါးဖြင့်ဖြေ၏။
"ကျွန်တော်ယုံပေမယ့် မမြင်ဖူးဘူး အကြီးအကဲကိုအခြားလူတွေ ကမမြင်ရဘူးဆိုတော့ အကြီးအကဲကလည်း...."
ကုရွှမ်းတု၏အမူအရာကင်းမဲ့နေသောမျက်နှာက သူ့ဘက်လှည့်လာသည်။
လင်းရုဖေးကအမြန်ဖြည့်စွက်ပြောလိုက်ရ၏။
"နောက်တာပါ နောက်တာ အကြီးအကဲကဒီအမိုက်အမဲလေးရဲ့စကားကိုအတည်ဗွေမယူပါနဲ့"
ကုရွှမ်းတု : "မင်းတောင်ပေါ်မှာတုန်းကထက် ပိုသွက်လာတာပဲ"
လင်းရုဖေး : "တောင်ပေါ်မှာတုန်းက ကျွန်တော့်အစ်ကိုတွေက အမြဲမျက်စိဒေါက်ထောက်ကြည့်နေကြတာလေ ကျွန်တော်ကပန်းတွေပေါ်တင်နေတဲ့ နှင်းလေးတွေကြည့်ချင်လို့ပါဆိုတာတောင် သူတို့ကအပြစ်ပြောကြသေးတယ် ကျွန်တော်အအေးမိမှာစိုးလို့ဆိုပြီး ခက်ခက်ခဲခဲနဲ့နှင်းတောထဲကနေ သူတို့ကိုယ်တိုင်ပန်းကိုခူးပေးလာကြတယ်လေ"
၎င်းကိုကြားရသည့်အခါ ကုရွှမ်းတုကပုံမှန်မဟုတ်စွာဖြင့် ချောင်းခြောက်ဆိုးလိုက်မိသည်။
သူက အကြည့်ကိုလွှဲကာတည်ငြိမ်စွာဖြင့်ဆိုလိုက်၏။
"နေကောင်းတဲ့အခါ မင်းနေကောင်းသွားရင် သရဲဖမ်းဖို့ခေါ်သွားပေးမယ်"
လင်းရုဖေး : "တကယ်နော်..."
ကုရွှမ်းတု : "တကယ်"
လင်းရုဖေးကစောင်ပုံတွင်းသို့ပြန်ဝင်သွားပြန်ပြီး သူ့ကိုယ်သူစောင်နှင့်ထုပ်ကာ မျက်လုံးလေးသာဖော်ထားသည်။
သူ၏လိမ္မာကျိုးနွံသောပုံစံလေးက ကုရွှမ်းတုကိုမသိလိုက်မသိဘာသာဖြင့်ပြုံးမိသွားစေ၏။
စောင်အောက်တွင်နွေးထွေးတာကြောင့် မကြာမီမှာပင် လင်းရုဖေးအိပ်ပျော်သွားသည်။ သူ၏မျက်လုံးများဖြည်းဖြည်းချင်းမှိတ်သွားပြီး အသက်ရှူသံပုံမှန်ဖြစ်သွာသည့်အခါ ကုရွှမ်းတုကဝတ်ရုံလက်ကိုခါလိုက်ပြီးနောက် သူ၏ပုံရိပ်ကအခန်းထဲမှပျောက်သွားတော့သည်။
လင်းရုဖေးကအိပ်ရေးဝဝအိပ်ခဲ့ရပြီး မနက်မိုးလင်းသည့်အခါချောင်းဆိုးနေခြင်းကအတော်လေးသက်သာသွားသည်။ သူ့မျက်လုံးဖွင့်လိုက်သည့်အခါ ကုရွှမ်းတုက သူ့အခန်းထဲတွင်ထိုင်နေပြီး ဖူဟွားယူလာပေးထားသောအသားလုံးများကိုစားနေသည်အားတွေ့လိုက်လေ၏။
လင်းရုဖေးကသမ်းဝေကာ မျက်လုံးများကိုပွတ်သပ်ပြီး အိပ်ရာမှထလိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်းပင်သူ၏အဝတ်အစားများကိုဝတ်လိုက်သည်။
ကုရွှမ်းတုကဘေးတွင်ထိုင်ကြည့်နေသည်။ သူ၏ဒဏ်ရာရထားသောလက်က နောက်ကျောအားကိုင်၍၀တ်တော့မည်ကိုတွေ့ရသည်တွင် ကုရွှမ်းတုကထလာပြီး အိပ်ရာပေါ်မှအဝတ်အစားများကို ယူကာဝတ်ပေးလိုက်သည်။
လင်းရုဖေးကားအိပ်ချင်မူးတူးဖြစ်နေသေးသည်၊ ခါးထက်မှတင်းကြပ်ကြပ်ခံစားချက်ကိုရလိုက်သည့်အခါ ကုရွှမ်းတုဘာလုပ်နေမှန်းသိသွားသည်။ သူအနောက်လှည့်ချင်သော်ငြား ကုရွှမ်းတုကမလှည့်ခိုင်းဘဲ ခါးစည်းအားအသေအချာဝတ်ပေးပြီးလွှတ်ပေးလိုက်သည်။
လူနှစ်ယောက်က အတန်ကြာအောင်တစ်ယောက်နှင့် တစ်ယောက်ကြည့်နေမိကြသည်။
ကုရွှမ်းတုကထိုင်ခုံတွင်ပြန်၀င်ထိုင်လိုက်ပြီး "ဘာလဲ အဲဒီမျက်နှာက..."
လင်းရုဖေး : "ဒါ...ဒါက...အကြီးအကဲက ကျွန်တော့်ကိုအဝတ်အစား၀တ်ပေးတာက သိပ်ပြီးမသင့်လျော်သလိုပဲ"
ကုရွှမ်းတု : "မင်းကမသင့်လျော်ဘူးထင်တယ်ပေါ့..."
လင်းရုဖေး : "အင်းလေ"
ကုရွှမ်းတုက အတည်ပေါက်ဖြစ်နေဟန်ဖြင့်ဆိုလိုက်၏။
"ကောင်းပြီလေ ကိုယ်လည်း ကိုယ့်အဝတ်အစားကိုချွတ်ပြီး မင်းကိုပြန်ဝတ်ခိုင်းမယ်် အဲဒါဆိုသင့်လျော်ပြီလား"
လင်းရုဖေးက ချက်ချင်းပါးစပ်ပိတ်ပြီး ဆေးကြောရန်ထွက်သွားတော့သည်။
ကုရွှမ်းတုကသူဖြစ်သွားသောမျက်နှာကိုမြင်ပြီးတခစ်ခစ်ရယ်မောမိသွားသည်။
သူကယခုထိနွေးနေဆဲဖြစ်သော ပဲအစာသွတ်ကိတ်ကိုယူပြီး မကျေမနပ်ဖြစ်နေဟန် မျက်မှောင်ကြုတ်ကာဝါးနေ၏။
လင်းရုဖေးကပုံမှန်အတိုင်းသာမေးလိုက်သည်။
"ဘာလဲ ပဲအစာသွပ်မုန့်က အကြီးအကဲရဲ့အကြိုက်မဟုတ်လို့လား"
ကုရွှမ်းတု : "ချိုလွန်းတယ်...ကိုယ့်ချစ်...ကိုယ့်မိတ်ဆွေလုပ်တာလောက်မကောင်းဘူး"
လင်းရုဖေးကပြောမည်အပြု ကုရွှမ်းတုကပြတင်းအပြင်သို့လှမ်းကြည့်ပြီး ညင်သာစွာဆို၏။
"မင်းသူငယ်ချင်းပြန်လာပြီ"
ရှဲ့ကျစ်ယောင်သည် သူ၏လက်မောင်းထဲတွင်နာကျင်မှုများကိုခံစားပြီး သေဆုံးသွားသော လွီအာနှင့်အတူရှဲ့အိမ်တော်သို့ အသက်ကင်းမဲ့နေဟန်ဖြင့် ပြန်ရောက်လာလေသည်။
.......
စာရေးသူမှာပြောစရာရှိတယ်~
ကုရွှမ်းတု : စိတ်ကောက်တယ် စစ်အေးတိုက်ပွဲစပြီ!
လင်းရုဖေး : အဟွတ် အဟွတ် အဟွတ်
ကုရွှမ်းတု : ......
လင်းရုဖေး : အဟွတ်....အဟွတ်...အဟွတ်...အဟွတ်
ကုရွှမ်းတု : မင်းတမင်လုပ်နေတာမဟုတ်လား
လင်းရုဖေး : မျက်တောင်လေးတဖြတ်ဖြတ်ခတ်ပြ
ကုရွှမ်းတု : ထားလိုက်တော့....
___ __ _____
Translated By IQ-Team.