Chapter 38
မိစ္ဆာ ကျောင်း
လင်းရုဖေးသည် ရှဲ့ကျစ်ယောင်ကအသက်မရှိတော့သောလွီအာကိုပွေ့ချီလာသည်ကိုမြင်နေရသည်။ ရှဲ့ကျစ်ယောင်၏ခါးထက်မှဆီးနှင်းဖြူဓားသွားသည် သူ၏အနက်ရောင်ဝတ်ရုံအပေါ်မှ တိုးထွက်နေ၏။သူသည်လက်တစ်ဖက်ဖြင့်ဓားကိုကိုင်လာပြီး ကျန်တစ်ဖက်ဖြင့်သူ၏ရင်ဘတ်အရှေ့တွင်လွီအာကိုသယ်လာသည်။ အနှီသူ၏မျက်နှာသည်ရူးသွပ်နေသူတစ်ယောက်နှယ် တခါတရံအေးစက်ပြီးတခါတရံနွေးထွေးနေသည်။
လင်းရုဖေးကအဝေးမှနေ၍သူ့အားလှမ်းခေါ်လိုက်သည်။
"ကျစ်ယောင်"
ရှဲ့ကျစ်ယောင်သည်သူခေါ်သည့်အသံကိုမကြားဘဲ ခြံဝန်းထဲတွင်ဆက်၍မတ်တပ်ရပ်နေသည်။ ရှဲ့အိမ်တော်မှမည်သူမျှ သူ့အရှေ့သို့တိုးမသွားရဲကြဘဲ အဝေးမှဒူးထောက်၍သာခေါင်းဆောင်အသစ်ကိုကြိုနေကြသည်။
"မိသားစုခေါင်းဆောင်"
ရှဲ့ကျစ်ယောင်ကမတုံ့ပြန်ဘဲခေါင်းငုံ့ကာ လွီအာ၏ဆံစများကိုနမ်းရှိုက်သည်။
လင်းရုဖေးကသူ့ထံလျှောက်သွားကာ အသံတိုးတိုးဖြင့်ခေါ်လိုက်သည်။
"ကျစ်ယောင်"
ထိုအခါမှ ရှဲ့ကျစ်ယောင်ကအသိစိတ်ကပ်လာသည်။ လင်းရုဖေးကသူ၏အရှေ့တွင်ရပ်နေသေးသည်ကိုတွေ့ရသည့်အခါ ငေးမောနေလျက်ဆို၏။
"ရှောင်ကျို့ မသွားသေးဘူးလား"
လင်းရုဖေး : "ငါမင်းကိုနည်းနည်းစိတ်ပူမိလို့"
ရှဲ့ကျစ်ယောင် : "ငါ့ကိုစိတ်ပူလို့လား မင်းကဘာလို့ငါ့ကိုစိတ်ပူရတာလဲ ငါအဆင်ပြေနေပါတယ်...မကောင်းဘူးလား"
ထိုသူသည် သူဆယ်ကျော်သက်အရွယ်ကမြင်တွေ့ခဲ့ရဖူးသောအပြစ်ကင်းစင်သည့်အပြုံးမျိုးဖြင့် တောက်ပစွာပြုံးပြလာ၏။
"မင်းမှာအကြောင်းကြားစာသွားပို့ရမယ့်နေရာတွေမရှိတော့ဘူးလား ဒီနေ့ရာသီဥတုကောင်းတယ် ချန်းလန်မြစ်ကိုဖြတ်ဖို့အကောင်းဆုံးပဲ နောက်ရက်နည်းနည်းနေရင် မိုးရာသီရောက်တော့မယ် အဲဒီအချိန်ကျမြစ်ကိုဖြတ်ကူးဖို့အဆင်မပြေတော့ဘူး"
မော့ယွီမြို့မှအခြားမြို့တစ်မြို့သို့သွားရသည့်အခါ စိတ်မချရသောရေလမ်းကြောင်းကိုဖြတ်ရတတ်သည်။ ရေလမ်းတွင် ပုံမှန်အရ ရေဝဲတစ်ခုရှိတတ်သည်။ လှေက၎င်းနှင့်တစ်ကြိမ်ရင်ဆိုင်လိုက်ရလျှင် ကိုးယောက်သေတစ်ယောက်ရှင်ဖြစ်တတ်သည်။
ရှဲ့ကျစ်ယောင်သည်လင်းရုဖေးအားဖွဖွပြုံးပြပြီး : "ငါ့ကိုစာပေး ရှဲ့အိမ်ကကောင်းတဲ့နေရာမဟုတ်ဘူး မင်းစောစောထွက်သွားလေကောင်းလေပဲ"
လင်းရုဖေးသည် စကားပြောချင်သေးသော်ငြား ရှဲ့ကျစ်ယောင်နှင့်သူ၏လက်ထဲမှလွီအာကိုကြည့်လိုက်ပြီးနောက် မည်သည့်စကားမှမဆိုနိုင်တော့ပေ။ တိတ်ဆိတ်နေလျက်ဖြင့် လက်စွပ်ထဲမှအကြောင်းကြားစာကိုထုတ်ကာရှဲ့ကျစ်ယောင်အားပေးလိုက်သည်။ ရှဲ့ကျစ်ယောင်က၎င်းကိုယူကာဝတ်ရုံလက်အတွင်းသို့ထည့်သည်။ သူသည်တဆတ်ဆတ်တုန်ယင်နေသောအစေခံတစ်ယောက်ကိုဆွဲခေါ်ကာ သခင်လေးလင်းကိုလိုက်ပို့ပေးရန်နှင့် ချန်းလန်မြစ်ကမ်းမှသင့်တင့်ရာလှေကိုရှာ၍သခင်လေးလင်းအားဖြတ်ကူးပေးရန် အမိန့်ပေးလိုက်သည်။
အစေခံမှာအတုန်တုန်အယင်ယင်ဖြင့် ခေါင်းညိတ်၏။
ပြောပြီးသည့်နောက် ရှဲ့ကျစ်ယောင်ကထွက်သွားသည်။ ထိုသူ၏နောက်ကျောပြင်မှာ အေးစက်၍ခန့်မှန်းရခက်နေ၏။ အဆုံးသတ်၌ လင်းရုဖေးသည် 'ကျစ်ယောင်' ဆိုသောစကားလုံးကိုပင်မခေါ်နိုင်တော့ဘဲလည်ချောင်းထဲတွင်သာတစ်ဆို့နေမိသည်။ သူ အခန်းသို့ အုံ့မှိုင်းနေသည့်မျက်နှာဖြင့်ပြန်ရောက်လာသည်။ ကုရွှမ်းတုသည်အပြင်ဘက်မှရာသီဥတုအခြေအနေကိုကြည့်ပြီး မဆိုးလှသည့်အကြောင်းနှင့်နေဝင်ချိန်ပင်လှပနေလောက်သည့်အကြောင်းပြောဆိုနေသည်။
လင်းရုဖေးမော့ကြည့်လိုက်သည့်အခါ ကောင်းကင်မှာတိမ်မည်းများဖုံးလွှမ်းခံထားရသည်။ မိုးမရွာသည့်တိုင် လေကတဝေါဝေါတိုက်နေကာ တစ်ခါကြည့်သည်နှင့် တိမ်ထူမည့်နေ့မှန်းသိနိုင်၏။
"ရာသီဥတုက ကောင်းနေတာလား"
ကုရွှမ်းတုကပြုံး၍ : "အရမ်းကိုကောင်းနေတာ"
လင်းရုဖေးမှာ ကြောင်တောင်တောင်ဖြစ်နေသည်။ ထိုသူနှင့်ရှဲ့ကျစ်ယောင်တို့နှစ်ယောက် မျက်နှာချင်းဆိုင်စကားပြောလျှင် အတော်လေးကောင်းသောစကားဝိုင်းဖြစ်နိုင်မည်ဟုသူထင်မိသည်။
ရှဲ့ကျစ်ယောင်ထံမှ တဲ့တိုးမောင်းထုတ်ခံရပြီးနောက် လင်းရုဖေးသည်အနှီသူနှင့်ထပ်မံစကားပြောနိုင်ခွင့်ရရန်ကြိုးစားသေးသည်၊ သို့လင့်ကစားရှဲ့ကျစ်ယောင်က အစေခံကိုလွှတ်ကာသူ့အားထွက်သွားရန်သာဖိပြောနေသည်။
ရွေးစရာနည်းလမ်းမရှိတော့သည့်လင်းရုဖေးမှာ အစေခံအားသူ၏အဝတ်အစားများထုပ်ပိုးပေးရန် ပြောရပြီး တည်းခိုခန်းတွင်တစ်ညနေပြီးမှမနက်ဖြန်အတွက်စီစဉ်ရန်စဉ်းစားထားသည်။
ရှဲ့အိမ်တော်မှထွက်လာချိန်တွင် ယွီရွေ့ကရုတ်တရက်မေးလာသည်။
"အယ်...ခြင်္သေ့ရုပ်တွေဘယ်ရောက်သွားတာလဲ"
လင်းရုဖေးသည်လည်း ရှဲ့အိမ်တော်အားစောင့်ကြပ်နေသောကျောက်တုံးသားရဲဝိညာဉ်များပျောက်သွားသည်ကို သတိထားမိသည်။ သူနှလုံးကဒိတ်ကနဲခုန်သွားပြီး အဆင်မပြေသောခံစားချက်ကိုခပ်ရေးရေးခံစားလိုက်ရ၏။
လေကပိုပြင်းလာသည်။ လမ်းကြားလေးတွင်ချိတ်ဆွဲထားသောမီးပုံးလေးများမှအလင်းရောင်ကငြိမ်းသွားပြီး မကြာမီမိုးရွာတော့မည်ထင်သည်။ မည်သို့ပင်ကြည့်ပါစေ ကောင်းမွန်လှသောရာသီဥတုမဟုတ်ပေ။
ရှဲ့မိသားစု၏အစေခံများက လင်းရုဖေးအတွက် တည်းခိုခန်းတွင်အခန်းကြိုတင်ငှါးပေးထားသည်။ အခန်းမှာ ရှဲ့အိမ်တော်အားမြင်နေရသည့်အနေအထားတွင်ရှိသည်။ လင်းရုဖေးသည်အိပ်ရာအစွန်တွင် မကျေမချမ်းမျက်နှာဖြင့်ထိုင်နေပြီး သူ၏အေစခံများက စားစရာလာပို့ပေးသည့်တိုင်စားချင်စိတ်မရှိချေ။
ကြည့်နေလျက်ဖြင့် သူအိပ်ပျော်သွားခဲ့သည်။ ပြတင်းအပြင်မှမိုးတဖျောက်ဖျောက်ရွာနေသံနှင့် သည်းထန်လွန်းသောမိုးကြောင့် အိပ်မက်မှသူနိုးလာသည်။ လင်းရုဖေးသည်အိပ်တဝက်နိုးတဝက်ဖြင့်မျက်လုံးဖွင့်ကြည့်ပြီး နေဝင်ချိန်၏ရောင်ပြန်ဟပ်မှုက ကောင်းကင်ကိုတောက်ပစွာဖုံးအုပ်ထားသည်ကိုမြင်တွေ့လိုက်ရသည်။ နေဝင်ဆည်းဆာက သွေးရောင်ခြယ်သနေသည့်နှယ်။ မိုးရွာနေသည့်အကြားတွင်ပင်ထင်ရှားနေကာ စုတ်ပြဲနေသောဒဏ်ရာကဲ့သို့မျက်စိကျိန်းစပ်ဖွယ်အလင်းရောင်ဖြင့်တောက်ပနေ၏။
လင်းရုဖေးသည် ချက်ချင်းနိုးသွားပြီးအိပ်ရာမှဝုန်းကနဲထလာသည်။ ပုခုံးပေါ်တွင်လွှားထားသောဝတ်ရုံကအောက်သို့လျှောကျသွားလင့်ကစား သူဂရုမစိုက်မိပါချေ။
၎င်းကနေဝင်ဆည်းဆာမဟုတ်။ ရှဲ့အိမ်တော်အား မီးလောင်နေခြင်းပင်။ တောက်ပလှသောမီးတောက်များက ရှဲ့အိမ်တော်ကိုဝါးမြိုထားသည်။ လူတိုင်းကအထိတ်တလန့်ဖြင့်အော်ဟစ်ပြီး နံရံပေါ်သို့တွယ်တက်နေကြသည်။
လင်းရုဖေး ရှဲ့ကျစ်ယောင်ကိုတွေ့လိုက်သည်။
သူကရှဲ့အိမ်တော်၏ အမြင့်ဆုံးခေါင်မိုးပေါ်တွင်ရပ်နေသည်။ ဘယ်ဘက်လက်တွင် အစိမ်းရောင်အဝတ်နှင့်အစေခံကောင်လေးကိုပွေ့ထားပြီး ညာဘက်လက်တွင်လတ်ဆတ်၍ရနံ့မွှေးပါသောကျုးယဲ့ချင်တစ်အိုး။ သူကမိုးကောင်းကင်မှ ထိန်လင်းနေသောညနေခင်းဆည်းဆာကိုငေးမျှော်ကြည့်နေသည်။
အနှီသူသည်လင်းရုဖေး၏အကြည့်ကို ခံစားမိပုံရ၍ ခေါင်းလှည့်လာပြီးလင်းရုဖေးအား ဖျော့တော့သောအပြုံးတစ်ပွင့်ကိုဖော်ပြလာသည်။
မိုးကားတဖြည်းဖြည်းသည်းလာစေကာမူ ချီစွမ်းအင်ဖြင့်တောက်လောင်နေသောမီးကို မငြှိမ်းသတ်နိုင်ပေ။ မီးတောက်များမှာ ရက်စက်ကြမ်းကြုတ်သောသားရဲတစ်ကောင်ပမာ ရှဲ့အိမ်တော်တစ်ခုလုံးအားအုပ်မိုးထားသည်။ ၎င်းကသူ၏လမ်းကြောင်းတွင်ရှိသမျှသော အရာတိုင်းကိုဖျက်ဆီးတိုက်စားပစ်သည်။
"လှလိုက်တာနော်"
ကုရွှမ်းတုသည် ပြတင်းပေါက်ကိုမှီရပ်နေသည်။ သူကုယွိ၏ဓားရိုးကိုပုတ်လိုက်လေရာအနီရောင်ဝတ်ရုံက မီးကဲ့သို့ရှိနေပြီး ရွှမ်ကျန်းကသူ၏ခါးပေါ်တွင် တွဲရွဲကျနေသည်။
သူကနူးညံ့ညှင်သာသောအသံဖြင့်ဆိုလာ၏။
"ရာသီဥတုကတကယ်ကိုကောင်းတာပဲ"
ထိုသူသည်တကယ်တမ်းတွင် ရှဲ့ကျစ်ယောင်လုပ်မည့်ကိစ္စကိုခန့်မှန်းထားးပြီးနှင့်သားဖြစ်နိုင်သည်။
လင်းရုဖေးက နေရာတွင်သာရပ်နေခဲ့သည်။ သူ၏ပါးပြင်သည်လေအေးများနှင့်မိုးရေများကြောင့် ရွှဲနစ်နေသည့်တိုင် အေးစက်မှုကိုမခံစားရသည့်အပြင် အပူရှိန်ကသူ၏မျက်နှာကိုပင်ရိုက်ခတ်နေသည်။ ရှဲ့အိမ်တော်မှမီးသည် အရာအားလုံးကိုလောင်ကျွမ်းသွားခဲ့ကာ ထိုအချိန်မှစ၍ မော့ယွီမြို့တွင် ရှဲ့မိသားစုဟူသည်မှာထပ်ရှိတော့မည်မဟုတ်ချေ။
ရှဲ့အိမ်တော်သည်တစ်ညလုံးမီးလောင်ကျွမ်းနေခဲ့ပြီး မနက်မိုးသောက်ယံအထိ မီးညွန့်မသေသေးပေ။
ရှဲ့ကျစ်ယောင်ကား လွီအာကိုခေါ်ကာပျောက်သွားခဲ့ပြီ။ မထွက်သွားခင် သူနှင့်လွီအာတို့ကလေးဘဝမှအတူကြီးပြင်းလာခဲ့သောနေရာကိုပြာချပစ်ခဲ့သည်။
အပြင်လူများမှာ သူယခုကဲ့သို့လုပ်သွားရသည့်အကြောင်းအရင်းကိုပဟေဠိဖြစ်နေကြပုံပင်။
ရှဲ့ကျစ်ယောင်သည် ကျင့်ကြံဆင့်အဌမနေရာသို့ပင်ရောက်နေပြီး ရှဲ့မိသားစု၏ခေါင်းဆောင်ပင်ဖြစ်နေပြီ။ ယခုကဲ့သို့ သူ၏အနာဂတ်အားရိုက်ချိုးသွားသည့်ကိစ္စမျိုးမှာ ရူးသွား၍သာဖြစ်နိုင်သည်။
သူရူးသွားပြီလား...။
လင်းရုဖေးလည်းအတပ်မပြောနိုင်ပေ။ ထိုနေ့က ညနေစောင်းဆည်းဆာချိန်မှမိုးသည် အံချီးမခမ်းလှပလွန်းသည်ကိုသာသူမှတ်မိသည်။
မီးကားသုံးရက်ဆက်တိုက်လောင်နေခဲ့ပြီး လင်းရုဖေးလည်းသုံးရက်လုံးကြည့်နေခဲ့သည်။
မီးလုံးဝငြိမ်းသွားပြီး လင်းရုဖေး မော့ယွီမြို့အားခွာလာသည့်အချိန်တွင်ရှဲ့အိမ်တော်၏အပျက်အစီးများကအနောက်တွင်ကျန်ရစ်ခဲ့ချေပြီ။
မိုးကဆက်ရွာနေပြီး မြင်းခွာများက အစိမ်းရောင်ကျောက်ခင်းလမ်းပေါ်တွင်တခွပ်ခွပ်ပြေးနေသည်။ ဤသည်မှာ ရှဲ့ကျစ်ယောင်နှင့်ပတ်သတ်သောလင်းရုဖေး၏နောက်ဆုံးမှတ်ဉာဏ်ပင်။
နောက်ထပ်နှစ်မည်မျှပင်မကြာသေးခင် လင်းရုဖေးကရှဲ့ကျစ်ယောင်၏သတင်းတစွန်းတစကိုပင်ကြားရလေသည်။
သိုင်းလောကတွင် ဆံပင်အဖြူနှင့်အရူးတစ်ယောက်ကရုတ်တရက်ပေါ်လာသည်ဟုဆိုကြသည်။ ထိုသူသည် ကျောထက် အရိုးများစုထည့်ထားသောအိတ်တစ်အိတ်ကိုလွယ်ကာ ရှဲ့မိသားစုဆောက်ထားသောခန်းမတိုင်းကိုဖျက်ဆီးပစ်သည်။ လူသတ်ရုံတင်မက မီးလည်းရှို့သေးသည်။ မီးကအရာရာတိုင်းအားလောင်ကျွမ်းသွားပြီးမြေပေါ်ကျသည်ကိုနံရံပေါ်တွင်ထိုင်ကြည့်ကာ အူလှိုက်သည်းလှိုက်ရယ်မောတတ်သည်။
လူအချို့က အရူး၏ပုံစံကိုမြင်ဖူးကြသည်၊ အနှီသူသည်လူချောလေးတစ်ယောက်ဖြစ်ကာ သူ၏ခါးတွင်အဖြူရောင်ဓားတစ်ချောင်းရှိနေသည်ဟုပြောကြ၏။ ထိုသူသည်ထူးခြားဟန်ပေါ်လင့်ကစား သူ၏အမည်ကိုသိသူတစ်ယောက်မှမရှိပေ။
လင်းရုဖေးက ထိုအရူး၏အမည်ကိုသိသည်။ သူသည်ရှဲ့ကျစ်ယောင်ဖြစ်ပြီး တစ်ချိန်ကအလွန်တော်သောစစ်တုရင်ကစားသူလည်းဖြစ်သည်။နောက်ပိုင်း သူ၏အရေးအပါဆုံးသောအရိုးကိုဆုံးရှုံးလိုက်ရပြီးနောက် သူရူးသွပ်သွားခဲ့သည်။
တောင်များကမြင့်မားပြီး လမ်းများကကျယ်ပြောသည်။ ဘဝ၌လူများခွဲခွာရသည့်အခါ အကွာအဝေးကရှည်လျားတတ်၏။
လင်းရုဖေးကား ရထားလုံးအတွင်းထိုင်ကာ ဖူဟွားနွှေးပေးထားသည့်လက်ဖက်ရည်ကိုသောက်နေသည်။
မိုးရွာနေသည်မှာ သုံးရက်ခန့်ရှိခဲ့ပြီး ယခုထိမတိတ်သေးပေ။ သည်နှစ်၏နွေဦးမိုးမှာ ပုံမှန်မဟုတ်ဘဲစောရွာခဲ့သည်။ မိုးကမသည်းသော်ငြားဆက်ရွာနေဆဲပင်။ တစ်ခါရွာလျှင်လဝက်ခန့်အထိကြာတတ်သည်။လင်းရုဖေးကား ရထားလုံးထဲတွင်ပျင်းပျင်းနှင့်ထိုင်နေရပြီး မှိုဖြစ်တော့မယောင်ခံစားသည်။
သို့ထိတိုင် ဤသည်မှာဘုရားကစီမံခြင်းဖြစ်ကာ သူတတ်နိုင်သည့်အရာမရှိပေ။ ကုရွှမ်းတုကပြုံးနေပြီး နေကြည့်ချင်လားဟုမေးသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ကုရွှမ်းတုသည်မော့ယွီမြို့၏ရာသီဥတုကကောင်းသည်ဟုချီးမွန်းခဲ့ပြီး မီးတောက်များ၏အလင်းရောင်ကပြည့်နှက်ခဲ့သည်။ ၎င်းကလင်းရုဖေးကိုသတိအပြည့်ဖြင့်ဖြစ်စေပြီး သူလုပ်ချင်သည့်အရာကိုမေးမိသွားသည်။
သို့သော်ငြား ကုရွှမ်းတုကအပြစ်ကင်းသည့်ပုံဖြင့် လင်းရုဖေးအားနေရောင်ခြည်အနည်းငယ်ရစေချင်ရုံသာဟုဆိုသည်။
လင်းရုဖေး : "ခင်ဗျားက ဘုရားကိုခက်ခဲအောင်လုပ်နေတာလား"
ကုရွှမ်းတု : "မကြိုးစားကြည့်ဘဲနဲ့ ဘယ်သိနိုင်ပါ့မလဲ"
လင်းရုဖေး : "မလိုဘူး မလိုဘူး ကျွန်တော့်စိတ်အထင်တော့ရာသီဥတုကကောင်းပြီးသား"
သူနောက်ထပ် မီးတောက်ကြီးအားမတွေ့လိုတော့ပေ။
ကုရွှမ်းတုသည် လင်းရုဖေးအားစည်းရုံးချင်သေးသည့်တိုင် ထိုသူ၏ပြတ်ပြတ်သားသားနိုင်မှုကြောင့် နောင်တများနှင့်ရပ်တန့်လိုက်ရသည်။
မော့ယွီမြို့သည် ယောင်ကွမ်းစီရင်စု၏အနောက်ဘက်အကျဆုံးအပိုင်းတွင်တည်ရှိသည်။ အလယ်ပိုင်းလွင်ပြင်သို့ဝင်ရောက်ရန် အန္တရာယ်အရှိဆုံး ရေလမ်းကြောင်းအားဖြတ်သွားရန်လိုအပ်သည်၊ ၎င်းကရှဲ့ကျစ်ယောင်ပြောခဲ့သော ချန်းလန်မြစ်ပင်။
ချန်းလန်မြစ်သည် တောင်ကြားနှစ်ခုကြားတွင်ရှိနေသည်။ နေရာတိုင်းရှိကျောက်ဆောင်များနှင့်လှိုင်းထန်ပြီး ကျောက်အလွှာများအောက်တွင်ကြောက်မက်ဖွယ် ကင်းမြီးကောက်များပုန်းအောင်းနေကာ တကယ်ကိုအန္တရာယ်များလှသည်။
ယနေ့တွင်မိုးကြီးပြီး လှိုင်းထန်သည်။ ကုန်သည်များနှင့်လှေသမားများမှာခရီးထွက်ရန်ကြောက်ရွံ့နေကြသည်။ ရထားလုံးသည်ကမ်းနားတွင်ရပ်ထား၍ လင်းရုဖေးသည်ထီးဖွင့်ပြီးလျှောက်ကြည့်သည်။ နုန်းထူသောမြစ်သည် ရေစီးသန်သည်။ ကမ်းပါးပေါ်တွင် မြောက်မြားစွာသောအရိုးဖြူများတွဲလောင်းကျနေသည်ကိုမြင်နိုင်သည်။ သူသည်လှေသမားကို သည်ရက်အတွင်းမြစ်မှာရေစီးသန်ပြီး မြစ်အောက်ဘက်မှအမည်ကျောင်းနှင့်မိစ္ဆာကောင်သည် ကုန်သည်အပြည့်ပါသောလှေကိုမှောက်ပစ်ခဲ့သည့်အကြောင်းသိရရန်မေးကြည့်သည်။ ၎င်းသည်အသားစားရုံတင်မက ကမ်းပါးပေါ်တွင်အရိုးများကိုပါတွဲလောင်းချိတ်ထားသေး၏။
ဖူဟွား : "ဒီမိစ္ဆာက သောင်းကျန်းရဲတယ် ဘယ်သူမှမနိုင်ကြဘူးလား"
"ဘယ်လိုလုပ်နိုင်မှာလဲ အဲဒီကောင်ကလူစားတာစိတ်အခြေအနေပေါ်မူတည်တယ် သူစိတ်အခြေအနေကောင်းရင် ငါတို့သူ့ကိုနှစ်အတော်ကြာအောင်အရိပ်တောင်မတွေ့ရဘူး စိတ်အခြေအနေများဆိုးလို့ကတော့ မြစ်ကိုဘယ်သူဖြတ်သွားရဲလဲ ဖြတ်တဲ့သူ ခံရပြီသာမှတ်"
လှေထိုးသားသည် အကူအညီမဲ့စွာဖြင့်သက်ပြင်းချသည်။
"အရင်ရက်တွေကရာသီဥတုကအရမ်းထူးဆန်းတယ် မိုးကရက်တွေအများကြီးဆက်တိုက်ရွာပြီး နေတောင်မမြင်ရဘူး မိစ္ဆာကျောင်းကအရမ်းစိတ်ဆိုးနေတာ ဒီရက်တွေမှာ လှိုင်းအရမ်းကြီးတယ်...လူတွေအများကြီးကိုစားပစ်ပြီး အခုထိပေါ်မလာသေးဘူး"
လင်းရုဖေး : "ဖြစ်နေတာဘယ်လောက်ကြာပြီလဲ"
လှေထိုးသားသည် သက်ပြင်းချ၍ လွန်ခဲ့သောနှစ်ရာချီကဇာတ်လမ်းအားပြောပြနေ၏။
"နှစ်ရာနဲ့ချီပြီ လွန်ခဲ့တဲ့နှစ်ရာချီက မိစ္ဆာကျောင်းကနဂါးအဖြစ်ပြောင်းသွားဖူးတယ်လို့ ပါးစပ်ရာဇဝင်ရှိတယ် ဒါပေမဲ့ နောက်ဆုံးကျတော့အဲဒီမိစ္ဆာက ကောင်းကင်ဘုံစောင့်ရှောက်သူကိုအပြစ်လုပ်မိလို့ ကောင်းကင်ဘုံစောင့်ရှောက်သူကသူ့ရဲ့ဦးချိုကိုဖြတ်ပစ်ပြီး မြစ်ကိုစောင့်ဖို့ ဒီနေရာကိုဆွဲခေါ်လာခံရတယ်လေ စိတ်မကောင်းစရာဘဲ ကောင်းကင်ဘုံစောင့်ရှောက်သူလည်းမရှိတော့ရော မြစ်ထဲမှာမွှေနှောက်ပြီးဒုက္ခပေးနေတဲ့မိစ္ဆာကျောင်းကို ဘယ်သူမှမနိုင်တော့ဘူးလေ"
လင်းရုဖေး : "ဒါဆို ဒီရက်ပိုင်းထဲမှာကျွန်တော်တို့သွားလို့မရသေးဘူးပေါ့"
"မရဘူး သွားလို့မရဘူး"
လှေထိုးသားကခေါင်းယမ်းသည်။
"ဘယ်သူသွားရဲမှာလဲ ပိုက်ဆံပိုပေးပါ့မယ်ဆိုရင်တောင် သေသွားတဲ့အခါသုံးလို့ရတဲ့နေရာမရှိဘူးလေ ပြိုင်ဘက်ကင်း အမတမျိုးနွယ်တွေတောင် ကျွန်တော်တို့လိုသေမျိုးတွေမြစ်ကိုဖြတ်ကူးချင်ပါတယ်ပြောရင် အစာကိုချကျွေးလိုက်တာနဲ့မတူဘူးလား"
လင်းရုဖေးက မျက်မှောင်ကြုတ်၍နားထောင်နေသည်။ သူစိတ်ဖိစီးနေပြီး အဆိုပါမိစ္ဆာကျောင်းကမည်သည့်အချိန်မှရပ်မည်လဲသူမသိပေ။
အနားတွင်ရပ်နေသောကုရွှမ်းတုသည် ပေါ့ပေါ့တန်တန်ဆို၏။
"ရှောင်ကျို့ကသူ့ကိုသွားစေချင်တယ်ဆိုရင် သူသွားရမှာပေါ့"
လင်းရုဖေး သူ့ကိုလှည့်ကြည့်လိုက်သည်။
"ရှောင်ကျို့က ကိုယ့်ကိုမယုံတာလား"
ကုရွှမ်းတုကပြုံးကာပြောသည်။
"ပြီးတော့ မိစ္ဆာကျောင်းကကိုယ့်ရဲ့မိတ်ဆွေရင်းကြီးလို့လည်းယူဆလို့ရတယ် ကိုယ်တို့သူ့ကိုစကားပြောချင်ရင်နည်းလမ်းရှာလို့ရပါတယ်"
လင်းရုဖေးက တွေးဆနေပြီးဖြည်းဖြည်းချင်းခေါင်းညိတ်သည်။ သူဖူဟွားနှင့်ယွီရွေ့အားစားသောက်ဆိုင်သွားနှင့်ပြီး စားစရာများမှာထားနှင့်ရန်ပြောလိုက်သည်။
မကြာသေးခင်က မြစ်ကိုဖြတ်ကူးရန်မဖြစ်နို
င်၍ အရေအတွက်များပြားလှသောကုန်သည်များမှာ မြစ်ကမ်းနှစ်ဖက်လုံးမှ စားသောက်ဆိုင်များတွင်သောင်တင်နေကြသည်။ စားသောက်ဆိုင်၏ခန်းမတွင် လူအများစကားပြောလိုက်၊ စားလိုက်နှင့်ပွက်လောရိုက်နေကြသည်။