Chapter 39
လင်းရုဖေးနှင့်အစေခံနှစ်ယောက်ဝင်သွားသည့်အခါ ထိုသူတို့၏အာရုံများဖမ်းစားခံလိုက်ရသည်။
၎င်းတို့၏အကြည့်ထဲတွင် ကောင်းမွန်မှုနှင့်ဆိုးယုတ်သောသဘောထားနှစ်မျိုးလုံးကိုမြင်နိုင်သည်၊ သို့သော် အများစုကသူတို့အားစပ်စုလိုစိတ်ဖြင့်သာကြည့်နေကြသည်။ လူအများအပြားရှိနေလျှင် ၎င်းသိုင်းလောကဖြစ်ပြီး စားသောက်ဆိုင်ငယ်လေးတွင်ဆိုပါက သိုင်းလောကအငယ်စားလေးဟုဆိုကြသည်။
စားပွဲထိုးသည် အထက်တန်းစားဧည့်သည်များကိုတွေ့သည်နှင့် လက်ဖက်ရည်များအလျင်ချပေးပြီး စားမည်လား၊ တည်းမည်လားမေးမြန်းသည်။ ဖူဟွားက အပေါ်ထပ်မှအခန်းနှစ်ခန်းကိုမှာပြီး ယွီရွေ့ကိုစားပွဲထိုးနှင့်လိုက်သွားကာ အခန်းစီစဉ်ခိုင်း၍ သခင်လေးကယနေ့ည၌ထိုအခန်းများတွင်နေမည့်အကြောင်းပြောလိုက်သည်။ သူမကား လင်းရုဖေး၏အနီးတွင်အေးစက်နေသောမျက်နှာဖြင့်ရပ်နေပြီး စပ်စုချင်သောအကြည့်များကိုဟန့်တားထားသည်။
ချုချာပြီးထိုချောင်းမပြတ်ဆိုးနေသော ရုပ်ရည်ချောမောသောသခင်လေးနှင့် လှပသောမျက်နှာလေးများဖြင့် အစေခံမိန်းကလေးများ၊ ဤသို့သောပေါင်းစပ်မှုက အမှတ်မထင်အပြင်လူများကိုပါဆွဲဆောင်မိသွားစေသည်။
လင်းရုဖေးကစားပွဲတွင်ဝင်ထိုင်ပြီး လက်ဖက်ရည်ခွက်အားကိုင်ကာတစ်ငုံသောက်ကာ စားစရာအချို့လည်းမှာသည်။ စားသောက်ဆိုင်မှလက်ဖက်ရည်အရသာက ပေါ့လွန်းပြီးသူတို့ယူလာသောလက်ဖက်ရည်အသစ်က မကောင်းပေ။ သို့ထိတိုင် အစားအသောက်များကကောင်းမွန်ပြီး အထူးသဖြင့် ကြွပ်ရွနေသောအမဲကြော်သည် သေရည်နှင့်သာဆိုလျှင် သေချာပေါက်မြိန်နိုင်သည်။
လင်းရုဖေးကချောင်းအရမ်းဆိုးနေလေရာ သေရည်မသောက်ရဲပေ။ ရှက်စရာပင်။
လင်းရုဖေးကတွေးနေပြီး သေရည်၏ရနံ့ကသူ၏နှာခေါင်းအဝကိုပွတ်သပ်သွားသည်။ လင်းရုဖေးလိုက်လံကြည့်မိသည်တွင် အင်္ကျီလက်အတိုနှင့်လူငယ်တစ်ယောက်ကိုတွေ့ရသည်။ ထိုသူသည်အရက်ခွက်ကိုင်ထားပြီးသူ့အားကြည့်နေ၏။
လင်းရုဖေး၏အကြည့်ကိုခံစားမိသည့်အခါယိုင်တိယိုင်တိုင်ဖြင့်လင်းရုဖေးထံလျှောက်လာသည်။
"သခင်လေးရောမြစ်ကိုဖြတ်မှာလား"
လင်းရုဖေး : "ဟုတ်ကဲ့"
"ကျွန်တော် သခင်လေးကိုမြစ်ဖြတ်ကူးပေးနိုင်ပါတယ်"
လူငယ်၏ကိုယ်ပေါ်တွင် အရက်နံ့များထောင်းနေသော်ငြား သူ၏မျက်ဆံနက်များကတောက်ပနေ၏။
"သခင်လေးအဆင်ပြေစေရမယ်လို့ကျွန်တော်ကတိပေးတယ်"
လင်းရုဖေး : "အိုး...တကယ်လား"
လူငယ် : "ဒါပေါ့...ကျွန်တော်တကယ်ပြောတာ"
သူစကားပြော၍မဆုံးသေးခင် ပတ်လည်မှလူအုပ်ကြီးကပျက်ရယ်ပြုလာသည်။
၎င်းတို့အနက်မှတစ်ယောက်က "ကျန်းချောင်အာ အပြောမကြီးနဲ့ မင်းကမင်းအဖေလိုတော်မယ်လို့ထင်နေတာလား မင်းအဖေလိုအရမ်းတော်တဲ့လှေသမားတောင် အရင်လကမိစ္ဆာကျောင်းရဲ့ပါးစပ်ထဲမှာသေသွားရတာနော်"
လူအုပ်ကြီး၏လှောင်သံများက ပိုကျယ်လောင်လာသည်။
"ကွန်ဖူးခြေထောက်သုံးချောင်းနဲ့ ကောင်စုတ်လေး မင်းလူတွေကိုမြစ်ဖြတ်ကူးဖို့ခေါ်သွားရဲတယ် မိစ္ဆာကျောင်းကမင်းတို့အကုန်လုံးကိုမြိုချပစ်မှာမကြောက်ကြဘူးလား မင်းအသက်ကအဖိုးမတန်ပေမယ့် ဒီသခင်လေးရဲ့အချိန်တွေကိုကြန့်ကြာအောင်မလုပ်နဲ့"
"ဟုတ်သားပဲ မင်းက ခေါင်းမွှေးမရှိတဲ့ကောင်စုတ်လေးပဲ မိုးကနောက်ထပ်လဝက်လောက်အထိရွာနေအုံးမှာ ဒီလဝက်ထဲ ဘယ်သူမှမြစ်ကိုဖြတ်မကူးရဲဘူး"
"ဟုတ်သားပဲ ကျန်းချောင်အာ မင်းအဖေသေတာမလုံလောက်သေးဘူးလား သူ့အရိုးနဲ့အလောင်းတောင်ရှာမတွေ့..."
စကားလုံးမျိုးစုံက မြေကြီးကွဲမတတ်ထွက်ပေါ်လာကြသည်။ ကျန်းချောင်အာဆိုသောလူငယ်လေးကစိတ်ဆိုးပုံမရ။ လင်းရုဖေးအားအပြုံးဖြင့်ကြည့်နေဆဲပင်။ အနှီသူသည်အသက်ကြီးပုံမပေါ်သေးဘဲ လင်းရုဖေးဆယ်ကျော်သက်အရွယ်ကအတိုင်းပိန်ပါးသည်။
သူကရယ်ကာ : "သခင်လေး သူတို့ပြောနေတဲ့အဓိပ္ပါယ်မရှိတာတွေနားထောင်မနေပါနဲ့ သူတို့ကအဲဒီမိစ္ဆာလောက်တောင် သတ္တိမရှိကြဘူး မိစ္ဆာကျောင်းကိုသူတို့တစ်ခါမြင်ရင် သေအောင်ကြောက်ကြမှာ သခင်လေးသူတို့ပြောတာသာနားထောင်နေရင် နောက်တစ်နှစ်အထိစောင့်နေရမှာ ကျွန်တော်စိုးရိမ်တယ်"
လင်းရုဖေးကား အနည်းငယ်သိချင်စိတ်ဖြစ်လာရသည်။
"မင်းကဘာလို့ဒီလောက်သေချာနေရတာလဲ"
ကျန်းချောင်အာသည် သူ၏အားမရှိလှသောရင်အုပ်ကိုထုပြလျက်သူ၏မိသားစုက မျိုးရိုးအစဉ်အဆက်လှေထိုးသားများဖြစ်ခဲ့ကြောင်းပြောပြသည်။ ဘိုးဘေးများ၊ အဘိုးများ၊ ညီအစ်ကိုများနှင့်သူ၏အဖေမှယခုသူ၏လက်ထက်အထိပင်။ မိစ္ဆာကျောင်းကစတင်သောင်းကျန်းလာသောကြောင့်သူ၏မိသားစုမှလွဲ၍ မည်သူမှမြစ်ကိုဖြတ်မကူးရဲကြောင်းပြောသည်။
သူ၏စကားကြောင့် လူများကအုတ်အုတ်ကြွပ်ကြွပ်ဖြစ်လာကြပြန်၏။
"သူလေကြီးလေကျယ်ပြောတာကိုနားထောင်မနေနဲ့ သူတို့တစ်မိသားစုလုံးမြစ်ထဲမှာတင်သေကုန်တာ မင်းသူ့ရဲ့သောက်အဓိပ္ပါယ်မရှိတာတွေနားထောင်နေရင် မင်းပဲချန်းလန်မြစ်ထဲမှာသေလိမ့်မယ်"
ကျန်းချောင်အာ : "ဒီအဆံချောင်နေတဲ့လူတွေကတော့ ကြောက်ရင်လည်းကိုယ်ဟာကိုယ်နေကြပါလား ဘာလို့သူများကိစ္စကိုအာဝင်ချောင်နေကြတာလဲ"
အချို့လူများကရယ်သည်။
"ငါတို့က ကျန်းမိသားစုကြီးဒီနေရာမှာတင်နိဂုံးချုပ်သွားမှာပဲစိုးရိမ်တာ"
လူအုပ်ကြီးကရယ်သည်။ ကျန်းချောင်အာကစိတ်မဆိုးဘဲတစ်ယောက်နှစ်ယောက်နှင့်အတူလိုက်ရယ်နေသည်။
သူကတစ်ယောက်ကိုလက်ညိုးထိုးကာလှောင်ပြောင်သည်မှာ "ခင်ဗျားလက်ထပ်ထားတာသုံးနှစ်ရှိပြီ ဘာသတင်းမှမကြားရသေးဘူးနော် ကျွန်တော်ကတော့ခင်ဗျားရဲ့ဖောင်းကားနေတဲ့ပေါင်ခြံကြားထဲကောက်ရိုးအိတ်ကြီးထိုးထည့်ထားသင့်တယ်လို့ထင်တယ် ခင်ဗျားအိမ်ကဥမဥနိုင်တဲ့ကြက်တွေက ခင်ဗျားရဲ့ကောက်ရိုးပုံကြီးကိုတွေ့ရင် ဝပ်နေရုံပဲ အကြံကောင်းတယ်မလား"
လူများ၏ဆဲဆိုနေသောအသံက ဝူးဝူးဝါးဝါးဖြင့်ထွက်လာပြီးစိတ်ဝင်စားစရာကောင်းလာသည်။ ကျန်းချောင်အာကသန်မာသူမဟုတ်လင့်ကစား သူ၏ပါးစပ်ကစွမ်း၍ဘာမဆိုပြောနိုင်သည်။ သူသည်သူ့အားမတိုင်ခင်ကလှောင်ပြောင်သူများကို မျက်နှာများဖြူလိုက်နီလိုက်ဖြစ်သွားအောင်လုပ်နိုင်သည်။ မြီးကောင်ပေါက်အရွယ်သာဖြစ်နေ၍သာမဟုတ်ပါက သူတို့၏အကျႌလက်များကိုလိပ်တင်ကာသူ့ကိုဝိုင်းရိုက်ကြလိမ့်မည်။
လင်းရုဖေးသည် ဤသို့သောအဖြစ်မျိုးကိုတစ်ခါမှမကြုံဖူး၍စိတ်ဝင်တစားနားထောင်နေလေ၏။
ကျန်းချောင်အာသည် ဆဲရလွန်း၍ပင်ပန်းလာပြီးရှက်ရှက်နှင့်လင်းရုဖေးထံမှရေတောင်းသောက်သည်။
လင်းရုဖေးကတခစ်ခစ်ရယ်ကာ : "မင်းမှာအရက်အိုးပါတယ်မဟုတ်ဘူးလား"
ကျန်းချောင်သည်ခေါင်းယမ်း၍တီးတိုးပြော၏။
"အများကြီးမကျန်တော့ဘူး နတ်ဘုရားတွေကဒီလထဲမှာ စားစရာတွေမပေးကမ်းဘူး...တစ်ငုံဆိုတာ တစ်ငုံမရှိသလောက်ပဲ"
လင်းရုဖေးသည်တွေးဆချင့်ချိန်နေပြီးမှ စားပွဲထိုးကိုဆိုင်မှအကောင်းစားအရက်ပုလင်းအချို့ကိုယူလာခိုင်းသည်။
ကျန်းချောင်အာ၏မျက်လုံးများကအရောင်လက်သွားကာ ရှက်ရွံ့မှုအချို့ဖြင့်ဆို၏။
"ဘာလို့သခင်လေးကရုတ်တရက်ကြီးအရက်တိုက်ရတာလဲ"
လင်းရုဖေးကားပြုံး၍ : "ငါကနေမကောင်းဖြစ်နေတော့အရက်သောက်လို့မရဘူး မင်းကသောက်ရတာကြိုက်တယ်ဆိုတော့ ငါ့အစားသောက်ပေးပေါ့ မင်းဆန္ဒရှိရင်တော့ ချန်းလန်မြစ်ထဲကအကြောင်းတွေလည်းပြောပြလို့ရတယ်"
ကျန်းချောင်အာကခေါင်းအမြန်ညိတ်ကာ ခွက်ပေါင်းများစွာသောက်သည်။ အမဲသားကြော်နှစ်ဖက်ကိုဝါးလျက် သယ်ပို့လှေများအကြောင်းနှင့်ချန်းလန်မြစ်ထဲမှ မိစ္ဆာကျောင်း၏အကြောင်းကိုလက်ဟန်ခြေဟန်ဖြင့်ပြောဆိုနေ၏။
လူသားများနှင့်အဆိုပါ မိစ္ဆာကျောင်းတို့ကြားမှရုန်းရင်းဆန်ခတ်ဖြစ်မှုများမွာ နှစ်ပေါင်းရာနှင့်ချီကြာမြင့်ခဲ့ပြီ။ ဒေသခံများကအမတကျင့်ကြံသူများကိုမိစာၦကျန်းအားဖြေရှင်းပေးရာတွင် အကူအညီတောင်းရန်မတွေးခဲ့ဖူးကြသည်မဟုတ်။ သို့သော် မိစ္ဆာကျောင်းကအားသန်လွန်းပြီးသူနှင့်အကျွမ်းတဝင်ရှိသောရေတွင်သာနေထိုင်သည်။ ကျင့်ကြံဆင့်အဌမရှိသူသာ၎င်းကိုနှိမ်နင်းနိုင်မည်ကိုသူတို့စိုးရိမ်နေကြသည်။
သို့ရာတွင် အဌမအဆင့်ကျင့်ကြံသူများက ဒဏ္ဏာရီထဲတွင်သာရှိသည်။ သေမျိုးများ၏ဘဝကတိုတောင်းပြီး သူတို့၏ဘဝတွင်တစ်ယောက်နှစ်ယောက်သာတွေ့ရနိုင်သည်။
အကူအညီမဲ့စွာဖြင့် လူများမှာနည်းလမ်းပေါင်းစုံဖြင့်မာယာများသောချန်းလန်မြစ်သို့လာကာ မိစ္ဆာကျောင်းအားဖမ်းရန်မြစ်ကိုကူးလာကြသည်။
ဇာတ်လမ်းဆုံးသွားသည့်အခါ အရက်တစ်အိုးလည်းပြောင်သွားခဲ့ချေပြီ။ ဖောင်းကားနေသောဗိုက်ကိုပွတ်သပ်၍ သူသည်မျက်လုံးရွဲကြီးများကိုမျက်တောင်တဖျတ်ဖျတ်ခတ်ကာ သခင်လေးအားသူ၏လှေဖြင့်မြစ်အားဖြတ်ချင်သလားဟုမေးလာသည်။
လင်းရုဖေး : "ငါညမှစဉ်းစားပြီးမင်းကိုပြန်ပြောပါ့မယ်"
ကျန်းချောင်အာ : "ရတယ် ရတယ် သခင်လေး ကျွန်တော်ကလူကောင်သေးပေမဲ့ တကယ်အံ့ဩဖို့ကောင်းပါတယ်ဗျ"
ထိုသူက လေချဉ်တက်လိုက်သေးသည်။
"သေချာတယ်....ကျွန်တော်လေသခင်လေးကိုဘာပြဿနာမှမရှိဘဲမြစ်ကိုဖြတ်ကူးပေးနိုင်တယ်"
လင်းရုဖေးက ပြုံးပြီးခေါင်းညိတ်သည်။
ထိုအခါမှ ကျန်းချောင်အာကယိုင်တိုင်တိုင်ဖြင့်ထွက်ခွာသွား၏။
ကုရွှမ်းတု : "မိုးတိတ်သွားပြီ၊ လမ်းလျှောက်ကြမလား"
လင်းရုဖေး : "ကောင်းပြီလေ"
သူဖူဟွားကိုခေါ်လိုက်ပြီး တစ်ယောက်တည်းလမ်းလျှောက်ချင်သည့်အကြောင်းပြောလိုက်သည်။
ဖူဟွားမှာ လင်းရုဖေး၏လုံခြုံရေးကိုစိတ်ပူနေသေးသည့်တိုင် အနှီသူ၏မပြောင်းလဲနိုင်သောသဘောထားကိုတွေ့ရသည့်အခါ ရွေးချယ်စရာမရှိဘဲလက်ခံလိုက်ရသည်။
စားသောက်ဆိုင်မှထွက်လာချိန်တွင် အပြင်ဘက်၌ရာသီဥတုကြည်လင်နေသည်။ ည၏အမှောင်ထုကစိုးမိုးနေပြီး ချန်းလန်မြစ်တလျှောက်အသံများပဲ့တင်ထပ်နေသည်။ ကမ်းနားမှ ပြင်းထန်သောငါးညှီနံ့များကသူ၏အနံ့ခံအာရုံကိုလှုံ့ဆော်နေ၏။
လင်းရုဖေးသည်လမ်းလျှောက်နေရာမှ : "အဲဒီကလေးကစိတ်ဝင်စားစရာကောင်းတယ် သွက်လက်တက်ကြွတယ်"
ကုရွှမ်းတု : "သေမှာမကြောက်တဲ့ကောင်လေးပဲ"
လင်းရုဖေးကပြုံးရုံသာပြုံးကာ စကားပြန်မပြောပေ။
ကုရွှမ်းတု : "သူကတကယ်မင်းကိုမြစ်ဖြတ်ကူးပေးနိုင်မယ်လို့ထင်လား"
လင်းရုဖေးကခေါင်းခါပြသည်။
ကုရွှမ်းတု : "ဒါဆိုဘာလို့ သူ့ကိုမဖြေလိုက်တာလဲ"
လင်းရုဖေး : "ချစ်စရာကောင်းတဲ့ကလေးတစ်ယောက်ကိုမျှော်လင့်ချက်တွေပေးတာကလည်းဆိုးတာမဟုတ်ပါဘူး"
ပြီးတော့ အရက်နဲ့အသားကလည်းပျော်စရာပိုကောင်းသွားတယ်လေ။
ကုရွှမ်းတုကရယ်ကာ : "အမှန်ပဲ"
သူတို့နှစ်ယောက် မြစ်ကမ်းနားတွင်လမ်းလျှောက်နေကြသည်။ အဝေးမှ ညအချိန်တွင် ဖြည်းဖြည်းချင်းလှိုင်းထနေသောချန်းလန်မြစ်အားတွေ့နေရသည်။ မြစ်သည် ကမ်းပါးကိုကျော်၍ကြမ်းတမ်းစွာဖြင့်လှိုင်းများရိုက်ပုတ်နေသည်။ မက်စောက်သောကမ်းပေါ်မှ ချွန်ထက်သောအရာများထိခတ်နေသံကိုရံဖန်ရံခါကြားနိုင်သည်။
လင်းရုဖေးမှာ လှပပြီးအသက်ဝင်သောရေစီးနေမှုကိုမမြင်တွေ့ဖူးချေ။ ၎င်းကအန္တရာယ်ကြီးမားလင့်ကစား ကြီးကျယ်ခမ်းနားနေသည်။ ကုရွှမ်းကသူ၏နံဘေးတွင်ရပ်နေသည်။
ရုတ်တရက် သူကပါးစပ်ဖွင့်ကာ "ဟမ့်" ဟူသောအသံကိုထုတ်လိုက်သည်။
လင်းရုဖေး : "ဘာလဲ"
ကုရွှမ်းတု : "တစ်ယောက်ယောက်မြစ်ကိုကူးလာတယ်"
လင်းရုဖေး : "မြစ်ကိုကူးလာတယ်လား"
သူအသေအချာငုံ့ကြည့်လိုက်သည်။ လက်ထဲတွင်လှော်တက်နှင့်ဦးထုပ်ဆောင်းထားသောပိန်ပိန်ပါးပါးလူတစ်ယောက်သည် ခနော်ခနဲ့လှေဖြင့်မြစ်ထဲတွင်ရှိနေသည်။ သူသည်ခက်ထန်ကြမ်းကြုပ်မှုကိုတိုက်ခိုက်နေ၏။ လင်းရုဖေးကအံ့ဩသွားသည်။
"အဲဒါစားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ကျန်းချောင်အာ မဟုတ်လား..."
ကုရွှမ်းတုကအပြုံးတုဖြင့် : "နာမည်ကောင်းကိုပေးထားတာပဲ"
အမှန်တကယ်ကို ကျန်းချောင်အာပင်။ ရင်တုန်စရာအကောင်းဆုံးညတွင် အနှီသူသည်လှေပေါ်၌တစ်ယောက်တည်းရှိနေ၏။ ချန်းလန်မြစ်ကအန္တရာယ်ကြီးသည်၊ ရေစီးသန်ရုံမက ရေတွက်မရနိုင်သောမြေအောက်ကြမ်းပြင်မှကျောက်ဆောင်များလည်းရှိသေးသည်။ အတွေ့အကြုံအရင့်ဆုံးလှေသမားများပင် ညကြီးအချိန်မတော် မြစ်ကိုဖြတ်မကူးရဲချေ။ကျန်းချောင်အာက ပိန်ပါးပြီးလူကောင်သေးသည်။ သူလှေသေးသေးလေးတွင်မတ်တပ်ရပ်နေပုံက အရှိန်ဖြင့်လာသည့်လှိုင်းတစ်လုံးသည်အချိန်မရွေးသူ၏လှေကိုဆွဲမှောက်ပစ်နိုင်သည်။ ယင်းကလူများကို လည်ပင်းတွင်သူတို့၏နှလုံးများ တွဲလွဲချိတ်ထားရသည့်နှယ်။
"မတော်တဆတော့မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မလား"
လင်းရုဖေးက အဆိုပါကလေးမျိုးကိုအနည်းငယ်စိတ်ပူစေသည်။
ကုရွှမ်းတုက အာမမခံနိုင်သည့်နှယ်ခေါင်းခါပြ၏။
နှစ်ယောက်လုံးသည် နောက်ထပ်လှိုင်းအလာတွင် ကျန်းချောင်အာတစ်ယောက်လှေမှောက်သွားမည်ကိုအနည်းငယ်စိုးရိမ်နေကြသည်။ သို့သော် သူတို့တခဏမျှကြည့်နေကြပြီးနောက် အနှီသူ၏ကျွမ်းကျင်မှုကိုမျက်၀ါးထင်ထင်မြင်လိုက်ကြရသည်။
ကျန်းချောင်အာသည် ချန်းလန်မြစ်အကြောင်းကိုကောင်းစွာသိထားသည်မှာသေချာ၏။ သူသည်ရေအောက်ကြမ်းပြင်မှကျောက်ဆောင်များရှိနိုင်မည့်နေရာကိုဖြတ်လာနိုင်သည်။ လှေထက်မှသေးငယ်သောသူ၏ပုံရိပ်လေးသည် လက်ထဲမှလေးလံလှသည့်လှော်တက်ဖြင့်လှိုင်းလုံးများတစ်လုံးပြီးတစ်လုံးကိုဖြိုခွဲပစ်သည်။
ကြမ်းတမ်းသည့်လှိုင်းလုံးက ငါးဖမ်းလှေငယ်လေးကြောင့်မပျက်စီးနိုင်ပေ။ ကျန်းချောင်အာသည် လှေပေါ်တွင်လှုပ်ခါနေသည်၊ ပထမတစ်ချက်ကြည့်လျှင် သူသည်အချိန်မရွေးသေနိုင်သည်။ အချိန်တစ်ခုကြာအောင်ကြည့်ပြီးသည့်နောက် ၎င်းတွင်အထူးသတ်မှတ်ထားသောစည်းချက်ကိုတွေ့ရသည်။ သူ၏ခြေထောက်အောက်မှ ကြီးကျယ်ခမ်းနားသည့်မြစ်ကြောင်းသည် သူအလွယ်တကူစီးနင်းနိုင်သည့်အရာတစ်ခုဖြစ်လာသည်။ ၎င်းသည်ကြမ်းတမ်းပြီး လိုက်လျောညီထွေမဖြစ်စေကာမူသူ၏လက်တွင်းမှမလွတ်မြောက်နိုင်ပေ။
ကျန်းချောင်အာသည် သူ၏အမည်ကိုမပျက်စေဘဲ အမှန်တကယ်ရေလှိုင်း၏အရှင်သခင်ပင်။
ကုရွှမ်းတုသည်စိတ်ဝင်စားခြင်းကြီးစွာဖြင့်ကြည့်ကာဆို၏။
"မင်းပြောတာမှန်တယ် ဒီကလေးကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်"
လင်းရုဖေး : "မြစ်ကဒီလောက်မှောင်မည်းနေတာ သူကအလင်းတောင်မလိုဘူးလား"
ကုရွှမ်းတု : "သူအလင်းရောင်မလိုဘူး ကောင်လေးကအလင်းရောင်နဲ့ဆိုအသားမကျဘူး ညမိုးချုပ်ကြီးသူအိပ်ပျော်နေတာကိုနှောင့်ယှက်ရဲတဲ့သူကတော့...."
သူကကမ်းပေါ်မှ လူသေများ၏အရိုးဖြူများကို ထိုသူတို့၏ကံကြမ္မာအားပြောချင်ပုံဖြင့် လက်ညိုးထိုးပြသည်။
"ခင်ဗျားက ဒီမိစ္ဆာကျောင်းကိုသိတယ်လား"
လင်းရုဖေးသည် ကုရွှမ်းတုကအနှီကျောင်းမျိုးရိုးနှင့်မိတ်ဆွေဟောင်းများဟုပြောဖူးသည်ကိုအမှတ်ရသည်။
ကုရွှမ်းတုကရယ်ကာ : "ကိုယ်သူ့ကိုသိတယ် ဆက်ဆံရေးကတော့သိပ်မကောင်းဘူး"
လင်းရုဖေး : "ဘယ်လောက်တောင်ဆိုးလို့လဲ"
ကုရွှမ်းတုကတွေးကြည့်ပြီး : "ပြောရရင် သူက ကိုယ့်ကိုအရိုးတောင်မပေးချင်ဘူး"
လင်းရုဖေးကသူဟာသူတွေးလိုက်၏။
တော်တော်ဆိုးတာပဲ။
ပြောနေရာမှ ကျန်းချောင်အာသည်ရုတ်တရက်ပုတ်လိုက်သောလှိုင်းကြောင့် မြစ်ကမ်းနားတဝိုက်တွင်ပျောက်သွားသည်။ သူဘယ်အချိန်မှပြန်လာမည်လဲမသိပေ။
ကုရွှမ်းတု : "ဒါပေမဲ့ ကိုယ်တို့ကျန်းချောင်အာရဲ့လှေကိုစမ်းကြည့်လို့ရတာပဲ ကိုယ်ဒီစားသောက်ဆိုင်ကိုမကြိုက်ဘူး"
လင်းရုဖေး : "ဘာလို့မကြိုက်တာလဲ"
ကုရွှမ်းတုကသူ့အားကြည့်ရန်ခေါင်းလှည့်လာသည်။
"ဘာလို့လဲဆိုတော့ အဲဒီဆိုင်ထဲကလူတွေက မင်းကိုကြည့်နေကြတာလေ ကိုယ်သူ့တို့မျက်လုံးတွေကိုဖောက်ထုတ်ပစ်ချင်လာအောင်လုပ်နေတာ"
လင်းရုဖေးကမှင်သက်သွားပြီး ကုရွှမ်းတုကိုကြည့်သည်။
ကုရွှမ်းတုကပေါ့ပေါ့ပါးပါးပင် : "နောက်တာ"
လင်းရုဖေး : "တကယ်ကြီးနောက်နေတာလား"
ကုရွှမ်းတု : "တကယ်"
လင်းရုဖေး : "......"
သူကဘာလို့နောက်ဆုံးစကားကို နောက်တာမဟုတ်ဘူးလို့ထင်နေရတာလဲ...။
.............
စာရေးသူမှာပြောစရာရှိတယ်...။
ကုရွှမ်းတု : ကိုယ် မင်းကိုကြိုက်တယ်
လင်းရုဖေး : တကယ်လား
ကုရွှမ်းတု : နောက်တာ
လင်းရုဖေး : တကယ်လား
ကုရွှမ်းတု : လိမ်တာ
လင်းရုဖေး : ?
ကုရွှမ်းတု : ကိုယ်နောက်နေတာမဟုတ်ဘူး !!!
______
Translated By IQ-Team.