အခန်း ၄၀
Viewers 27k

အခန်း (၄၀) – ရှင် ကျွန်မတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကို အဲ့လိုသတ်မှတ်ထားတာ ကျွန်မ မယုံနိုင်ဘူး (၂)


ဖန့်ကျွင်းရုံသည် ဟဲကျန့်ပင်းထံ လမ်းလျှောက်သွားခဲ့သည်။ သေချာတာပေါ့။ သူမက လီဝမ့်ကျင်းကို အကူအညီပေးဖို့ ရည်ရွယ်ချက်နည်းနည်းလေး‌တောင် မရှိပေ။ သူမသည် သူမသူငယ်ချင်းဟောင်းနှင့် စကားအနည်းငယ်ပြောခဲ့ပြီး အချို့သော အဖြစ်အပျက်များကို အမှတ်ရစေလိုခဲ့သည်။ ဟဲအိမ်တော်၏အကူအညီသာမရှိလျှင် ဝမ်ရှောင်းသည် အာဏာရရှိရန် လွယ်ကူချောမွေ့နိုင်မှာမဟုတ်ပေ။ သူမဖက်မှာ မဟာမိတ်တစ်ခုထပ်ပိုရရှိလိမ့်မယ်။


ဟဲကျန့်ပင်းသည် သူမကိုမြင်လိုက်တော့ တကယ့်ကို အံ့အားသင့်သွားခဲ့သည်။ “မင်းအသားအရေက ပိုကောင်းလာပါလား။ မင်း မကြာသေးမီက မှော်ဆေးဝါးတစ်မျိုးမျိုးကို အသုံးပြုခဲ့တာလား။”


ဖန့်ကျွင်းရုံသည် သူမနှုတ်ခမ်းအသာတွန့်၍ပြုံးကာ ပြောလိုက်သည်။ “ဟုတ်တယ်။ ငါ အလှအပဆေးဝါးအသစ်တစ်မျိုးကို အသုံးပြုနေတာ။ အဲ့ဆေးလုံးတွေက အရမ်းထိရောက်တယ်‌။ ငါ နင့်ဆီကို လာမည့်ရက်အနည်းငယ်အတွင်းမှာ ပို့ပေးလိုက်မယ်။”


“ကောင်းတာပေါ့” ဟဲကျန့်ပင်းသည် သူမကမ်းလှမ်းတာကို လုံးဝမငြင်းပယ်ခဲ့ပေ။ သူတို့နှစ်ဦးတည်း သီးသန့်စကားပြောလိုနေကြောင်း သိသာထင်ရှားနေတော့ အခြားသူများသည် သူတို့နှစ်ဦးကိုထားခဲ့ပြီး အပြင်ထွက်သွားခဲ့ကြသည်။


ဖန့်ကျွင်းရုံသည် သူမဖတ်ခဲ့သည့်ဝတ္ထုကို သတိရမိလိုက်တော့ မေးလိုက်သည်။ “မင်းတို့မိသားစုက မြေကွက်တစ်ကွက်ကို လေလံဆွဲဖို့ စီစဉ်နေတယ်လို့ ငါကြားမိတယ်။”


ဟဲကျန့်ပင်းသည် ခေါင်းညိတ်လိုက်ပြီးတော့ မေးလိုက်သည်။ “ဟုတ်တယ်။ နင်လည်း လေလံပြိုင်မလို့ လုပ်နေလို့လား။” သူမက ဟာသလုပ်လိုက်သည်။ ဒါက မဖြစ်နိုင်ဘူးဆိုတာကို သူမ သိတယ်လေ။ လေလံဆွဲဖို့ဆိုရင် အနည်းဆုံးတစ်ပတ်လောက်တော့ ကြိုတင်ပြင်ဆင်ရတယ်လေ။ လီအိမ်တော် ဒါမှမဟုတ် ဖန့်အိမ်တော်ဖြစ်ဖြစ် ဒီအချိန်မှစတင်ပြင်ဆင်ရင် ဒါဟာ အရမ်းနောက်ကျနေလိမ့်မယ်။


ဖန့်ကျွင်းရုံသည် သူမအသံကိုတိုးကာ ပြောလိုက်သည်။ “နင့်တူမက ဝမ်ရှောင်းနဲ့စေ့စပ်ထားတာမလား။ ဂရုစိုက်ထားတာ အကောင်းဆုံးပဲ။ သူမကို နင့်လေလံဆွဲမယ့်ငွေကြေးရဲ့ အနိမ့်ဆုံးမျဉ်းကို သိခွင့် မပေးနဲ့။”


သူမ ယခင်ဘဝက ဝမ်ရှောင်းသည် ဟဲအိမ်တော်လေလံဆွဲတာကို ကျော်လွန်ပြီး ထိုမြေကွက်ကို ရရှိခဲ့တာဖြစ်သည်။ အဆိုပါအဖြစ်တွင် ဟဲအိမ်တော်သည် သူတို့ကြိုတင်ရင်းနှီးမြှုပ်နှံမှုအားလုံးဆုံးရှုံးခဲ့ရပြီး ဆုံးရှုံးသည့်ပမာဏအရမ်းများသွားခဲ့သည်။


ဟဲကျန့်ပင်းသည် အခု ပို၍တည်ကြည်စွာ ကြည့်လိုက်သည်။ သူမသည် ဖန့်ကျွင်းရုံအကြောင်းကို ကောင်းစွာသိသည်။ သူမက အကြောင်းတစ်စုံတစ်ရာကို မသိခဲ့ပါလျှင် ဘယ်တော့မှ ဒီလိုစကားမျိုး ပြောဆို ဝင်ပါလိမ့်မှာ မဟုတ်ဘူး။ ဆိုလိုတာက ဒီစကားက ဖြစ်နိုင်ချေရှိတယ်။ ဒါကို စဉ်းစားမိတော့ သူမသည် သူမ၏တူမဖြစ်သူကို ချက်ချင်း သွားပြီးရိုက်ချင်မိသည်။


သူမက အသိစိတ်ပျောက်သွားတာလား။ သူမက ဟဲအိမ်တော်ကို ဆွဲချမိမယ်ဆိုလျှင် သူမသည် သူမကိုယ်ပိုင်ကျောထောက်နောက်ခံ မရှိပဲ ဘယ်လိုရပ်တည်ရှင်သန်နိုင်မှာလဲ။


သူမသည် အသက်ပြင်းပြင်းရှု၍ သူမစိတ်ကို အေးဆေးငြိမ်သက်စေလိုက်သည်။ သူမသည် ဖန့်ကျွင်းရုံနှင့် ခွက်ချင်းတိုက်ကာ ပြောလိုက်သည်။ “ကျေးဇူးပဲ” သူမသည် ဖန့်ကျွင်းရုံအား သတင်းအချက်အလက်အချို့ပေးခြင်းဖြင့် မျက်နှာသာပေး ကျေးဇူးဆပ်ရန် လုပ်လိုက်သော်လည်း ဖန့်ကျွင်းရုံက သူမနှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ မလိုအပ်ဟူသော အမူအရာကို ဖော်ပြခဲ့သည်။


ဟဲကျန့်ပင်းသည် အံ့အားသင့်သွားခဲ့သော်လည်း နောက်ဆုံးတွင် မည်သည့်အရာကိုမျှ မျှဝေခဲ့ခြင်းမရှိပါ။ သူမသည် မကြာသေးမီက ဖန့်ကျွင်းရုံနှင့် လီဝမ်ကျင်းတို့အကြောင်းနှင့် ပတ်သက်သည့် ကောလဟလအချို့ကို အမှတ်ရသွားပုံရသည်။ ထိုကောလဟလများကို မနာလိုသောသူများက သတင်းအမှားများ ဖြန့်ဝေခဲ့သည်ဟု သူမက ယူဆမိခဲ့သည်။ ဒါပေမယ့် သူတို့က အမှန်ဖြစ်နိုင်လောက်တယ်။


“နင်နဲ့ လီဝမ့်ကျင်းနဲ့က...”


ဖန့်ကျွင်းရုံ၏မျက်နှာသည် ဒီအကြောင်းကို ထပ်မပြောစေချင်တော့သည့်မျက်နှာမျိုး ဖြစ်နေလေသည်။ “ငါတို့ သူ့အကြောင်းကို ထပ်မပြောကြရ‌အောင်”


ဟဲကျန့်ပင်းသည် သူမအမူအရာအရ ပြောလိုသည့် သတင်းစကားကို သိလိုက်သည်။ ဖန့်ကျွင်းရုံ၏မျက်နှာကြောင့်သာ ဟဲအိမ်တော်က လီအိမ်တော်ကို အကူအညီပေးနေတာဖြစ်သည်။ ယခု သူမ မြင်လိုက်ရသည့် အခြေအနေအရ လီဝမ့်ကျင်းကို ရှေ့ဆက်ကူညီပေးရန် လိုအပ်တော့မှာ မဟုတ်ပေ။ အခု သူတို့ တစ်ယောက်ကိုတစ်ယောက် ပြောဆိုလိုသည့်အကြောင်းကို ပြောပြနားလည်သဘောပေါက်သွားပြီးတဲ့အခါကျ သူမဟာ အရင်အပတ်က ကြည့်ခဲ့သည့် ဖက်ရှင်ရှိုးပွဲအကြောင်းကို ပြန်ပြောနေခဲ့ကြပြီး အလုပ်အကြောင်းကို ထပ်မပြောတော့ချေ။


လီဝမ့်ကျင်းသည် သူတို့နှစ်ဦးကို စောင့်ကြည့်အကဲခတ်နေရာမှ တခစ်ခစ်ရယ်သံကို ကြားလိုက်ရသောအခါ စိတ်သက်သာရာရသွားပြီး အခြားသူများနှင့် စိတ်အေးသက်သာစွာ စကားစမြည်ပြောဆိုနေခဲ့သည်။ သူသည် လက်ထဲတွင် ဝိုင်ခွက်ကို ကိုင်ထားပြီး သူတို့ထံ လမ်းလျှောက်လာခဲ့သည်။


ဖန့်ကျွင်းရုံကို လုံးဝသဘောမကျသည့် စုမိန်သည် ဖန့်ကျွင်းရုံကို စိတ်ပူပန်သောက‌ရောက်နေပုံမရပဲ ပိုမိုကောင်းမွန်နေသည့် အခြေအနေဖြင့် မြင်လိုက်ရသည်။


သူမသည် လီဝမ့်ကျင်းက တခြားသူများရှေ့မှောက်တွင် ဖန့်ကျွင်းရုံအပေါ် ဘယ်လိုကောင်းမွန်ပြီး နူးညံ့စွာဆက်ဆံတယ်ဆိုတာကို မြင်လိုက်မိသောအခါ သူမသည် အလွန်စက်ဆုပ်ရွံရှာမိခြင်းကြောင့် ပျို့အန်မိတော့မလို ဖြစ်သွားခဲ့သည်။


စုမိန်သည် သူမ မပျော်ရွှင်သောအချိန်တွင် အခြားသူများ ပျော်ရွှင်နေတာကို မမြင်လိုသောသူ ဖြစ်သည်။ အားနည်းချက်ရှိတဲ့အချိန်မှာ သူမသည် ပြဿနာတက်ရန် လှုံ‌ဆော်ပေးရန် လာခဲ့လေသည်။


သူမသည် လီဝမ့်ကျင်းထံ လျှောက်သွားရင်း အလွန်အံ့သြသည့်မျက်နှာြဖင့် ကြည့်ကာပြောလိုက်သည်။ “ဟယ်... သူဌေးလီ ဒီနေ့ ဖန့်ကျွင်းရုံနဲ့ အတူလာတာလား။ ရှင် တစ်ယောက်ယောက်ကို ခေါ်လာလိမ့်မယ်လို့ ကျွန်မထင်ထားတာ”


သူမအသံသည် မနှစ်မြို့ဖွယ်ကောင်းလွန်းပြီး ဒရမ်မာတစ်ခု ဖွင့်ဟပြောဆိုရန် မစောင့်ဆိုင်းနိုင်တော့သည့် အသွင်ပင်။


ဖန့်ကျွင်းရုံသည် စုမိန်၏အချိန်ကိုက်ရောက်ရှိလာမှုကြောင့် လုံးဝမပျော်ရွှင်နိုင်တော့ပေ။ သူမသည် စုမိန်နှင့် အတူကစားပေးရန် ရည်ရွယ်ချက်မရှိပဲ သံသယရှိနေသည့် မျက်နှာကို တပ်ဆင်ထားလေသည်။ “သူက ကျွန်မ မဟုတ်ပဲ ဘယ်သူ့ကို ခေါ်လာမှာမို့လဲ။”