အခန်း ၄၇
Viewers 26k

အခန်း (၄၇) – ရန်သူတစ်ယောက် ဖန်တီးခဲ့သည် (၃)


“ငါ... ငါတောင်းပန်ပါတယ်ဟာ...”


ကျန်းယာ့ကောသည် သူမက ဝမ်ရှောင်းကိုကယ်တင်ရန် ကြိုးစားခြင်းသည် ကိစ္စရပ်များကို ပိုမိုဆိုးရွားစေလိမ့်မည်ဟု မထင်ခဲ့ပါ။ သူမသည် အွန်လိုင်းပေါ်က Tထံမှ ညွှန်ကြားချက်များကို လိုက်နာခဲ့သည်။


ပုလဲနှင့်တူသောမျက်ရည်များသည် သူ့မမျက်လုံးထဲမှာ ပြည့်နှက်နေခဲ့ပြီး သူမပါးပြင်ပေါ်ကို စီးကျလာကာ သူမအား ပို၍သနားစရာကောင်းအောင် ပြုလုပ်ပေးနေခဲ့သည်။ လွန်ခဲ့သောတစ်ရက်က ဝမ်ရှောင်းဆိုရင် ထိုပုံရိပ်ကိုမြင်တွေ့ရပါက သူ့နှလုံးသားဟာ အလွန်နာကျင်စွာ ခံစားရပေလိမ့်မည်။ ယခုအချိန်မှာတော့ ဝမ်ရှောင်းသည် သူ့ဘယ်ဖက်လက်က ပျက်စီးသွားနိုင်ကြောင်းကို သိရသည့်အချိန်မှာ သူမက သနားကြင်နာစရာမျက်နှာလေးနှင့် သူရှေ့မှာ ဘယ်လိုရပ်နေနိုင်ရတာလဲ။ ဒါက သူ့ကို သူမအား ပိုမိုမုန်းတီးလာစေခဲ့သည်။ 


သူ့အသွင်အပြင်ဟာ လူတစ်ယောက်ကို ဆုတ်ဖြဲပစ်နေချင်နေတဲ့ နတ်ဆိုးတစ်ကောင်နှင့် ဆင်တူနေသည်။ သူ့ရဲ့ရက်စက်သွေးဆာနေသော အသွင်အပြင်က ကျန်းယာ့ကောကို အေးစက်သွားစေကာ အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။ ယနေ့မတိုင်မီအချိန်တွေတုန်းက သူမသည် ဝမ်ရှောင်းထံမှ အလွန်ကြောက်မက်ဖွယ်ကောင်းသောပုံပန်းသဏ္ဍာန်ကို မတွေ့ခဲ့ဖူးပါ။


“ငါ တကယ် အဲ့လိုဖြစ်သွားဖို့ မရည်ရွယ်ပါဘူးဟာ။ငါ နင့်ကို ကူညီပေးချင်ရုံလေးတင်ပါ။” သူမသည် ဂျွတ်ထိုးသည့်အထိ လက်ဖျားခါလောက်ရအောင် ငိုကြွေးနေခဲ့ပြီး ပို၍သနားစဖွယ်ကောင်းလွန်းသည့်ပုံပေါ်နေခဲ့သည်။


ဖန့်ကျွင်းရုံသည် အရမ်းအံ့အားသင့်သွားသည့်မျက်နှာဖြင့် ကြည့်လိုက်သည်။ “ယာ့ကော သမီး သူ့ကို ဘာကြောင့် တောင်းပန်နေရတာလဲ။ သမီးက သူ့ကို ကြင်ကြင်နာနာနဲ့ ဆေးရုံကို လိုက်ပို့ပေးခဲ့တာလေ။ သူက သမီးကို ဘာကြောင့် စိတ်ဆိုးနေရတာလဲ။ သူ့ဒဏ်ရာကို ပိုဆိုးရွားစေတဲ့သူက သူ့ကို ကုသပေးတဲ့သူပဲလေ။ ဒါက သမီးနဲ့ ဘာမှမဆိုင်ဘူးလေ။”


သူမဟာ ကျန်းယာ့ကောကို မတရားဆက်ဆံသလို ခံစားခဲ့ရသည်။


ကျန်းယာ့ကောကို စိုက်ကြည့်နေသော ဝမ်ရှောင်း၏အကြည့်တွေဟာ မီးဝင်းဝင်းတောက်နေခဲ့သည်။ “မင်း... မင်း...ရှစ်... မင်း ရည်ရွယ်ချက်ရှိရှိလုပ်တာမလား။ ငါ ကုသမှုခံယူရမည့်အချိန်ကို နှောင့်နှေးစေဖို့အတွက် ငါ့ကို မင်းအခန်းထဲဖွက်ထားခဲ့တာပဲ။”


ဝမ်ရှောင်းသည် ဒီအကြောင်းကို စဥ်းစားလေလေ ပို၍ဖြစ်လာနိုင်ချေရှိသည်ဟု ထင်လာခဲ့သည်။ အခြားသာမာန်အမျိုးသမီးတစ်ဦးဆိုရင် သေနတ်ဒဏ်ရာရရှိထားသောသူကို အိမ်သို့ ခေါ်ဆောင်လာပြီး သူ့ကို မကြောက်မရွံဆက်ဆံမှာ မဟုတ်ပေ။ သူ့ရန်သူများက သူ့ဒဏ်ရာကိုကုသရန် စောင့်ဆိုင်းနေစဥ်အတောအတွင်းမှာ ဒဏ်ရာအား ပိုမိုဆိုးရွားလာစေရန် ရည်ရွယ်ချက်ဖြင့် သူ့ကို လှည့်ဖြားရန်အတွက် သူမကို စေလွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။


သူ့ဘဝတစ်လျှောက်လုံးမှာ အလွန်အလွန်တော်ခဲ့သောကြောင့် ဒီမိန်းမနှင့်ပတ်သက်ပြီးမှ ကျရှုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


သူသည် သူမကို အပိုင်းပိုင်းအစစ စုတ်ဖြဲပစ်ချင်သလိုမျိုး စူးစူးရဲရဲစိုက်ကြည့်နေခဲ့သည်။ သူက ဒေါသပုန်ထနေသောကြောင့် အမှားအမှန်ကို မစဥ်းစားနိုင်ခဲ့ပေ။ သူက သူမကို ပစ်ထိုးရန် ရုန်းကန်လှုပ်ရှားလိုက်သော်လည်း  သူ့ခန္ဓာကိုယ်အပူချိန်က အားနည်းလွန်းနေခဲ့သည်။ လှုပ်ရှားရန်ကြိုးစားလိုက်တာက သူ့ဒဏ်ရာကိုစုတ်ဖြဲလိုက်သလိုမျိုးဖြစ်သွားစေခဲ့ပြီး သူ့မျက်နှာကို နာကျင်မှုကြောင့် ရှုံတွသွားစေခဲ့သည်။


ကျန်းယာ့ကောသည် သူ့ရဲ့နတ်ဆိုးလိုအသွင်အပြင်ကို ကြောက်ရွံတာကြောင့် မတတ်နိုင်ပဲ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ပြန်ဆုတ်လိုက်မိသည်။ နောက်တော့ ဒီအကြောင်းအား ထပ်မံမပြောဆိုတော့ပဲ သူမသည် ချာကနဲလှည့်၍ အခန်းထဲမှ ပြေးထွက်သွားခဲ့လေသည်။


ဖန့်ကျွင်းရုံသည် ကြင်နာစွာဖြင့် ခလုတ်နှိပ်ကာ ဝမ်ရှောင်းအတွက် သူနာပြုအကူကို ခေါ်ပေးပြီးမှ သူမသည်လည်း အခန်းထဲမှ ထွက်လာခဲ့သည်။ ဒီညရဲ့ဒရမ်မာကတော့ အလွန်အံ့အားသင့်လောက်စရာပါပဲ။ သူမယခင်ဘဝမှာတုန်းက ကျန်းယာ့ကောသည် ဝမ်ရှောင်းရဲ့နတ်ဘုရားမပင်။ ဒီဘဝမှာတော့ သူမက သူ့ရန်သူဖြစ်သွားပုံရသည်။ ဝမ်ရှောင်းက ဘယ်လောက်ရက်စက်ဆိုးသွမ်းကြောင်းကို သိခဲ့ရပြီးတော့ သူ့ကို သူမရန်သူဖြစ်စေခဲ့သည့် ကျန်းယာ့ကောရဲ့နေ့ရက်တွေက ပိုစိတ်ဝင်စားဖွယ်ကောင်းလာလိမ့်မည်။


ရှင်းယွင်နှင့် သူမကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသော ယခင်ဘဝကအဖြစ်အပျက်တွေကို ပြန်တွေးလိုက်မိတော့ ဖန့်ကျွင်းရုံသည် သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ပို၍ထိခိုက်နာကျင်အောင် လုပ်မိစေဖို့ ဆန္ဒရှိလေသည်။ အမှန်တိုင်းပြောရရင် သူမက ဝမ်ရှောင်းဟာ ဒီအဖြစ်အပျက်အတွက် သူ့မှာလည်း တာဝန်ဝတ္တရားတစ်ဝက်ကို ယူသင့်တယ်လို့ ခံစားခဲ့ရသည်။


ကျန်းယာ့ကောသည် သေနတ်ဒဏ်ရာကို ကုသပေးရာတွင် ကျွမ်းကျင်သည့် ဗဟုသုတမရှိသောကြောင့် ၎င်းအား သာမာန်ဒဏ်ရာတစ်ခုကို ကုသကဲ့သို့ ပြုစုပေးခြင်းက သဘာဝကျပါသည်။ ဝမ်ရှောင်းသည် သူစိမ်းတစ်ဦးဖြစ်သည့် သူမ‌အပေါ် လုံးလုံးလျားလျား ယုံကြည်ခဲ့လေသလား။ ကျန်းယာ့ကောအပေါ် သူရဲ့လိုချင်တပ်မက်သည့်စိတ်ကြောင့် သူ့ရဲ့စူးစမ်းထောက်လှမ်းသည့်အသိကို လျော့ချထားခြင်းမှလွဲ၍ အခြားဖြစ်နိုင်ချေရှိသော အကြောင်းပြချက်ကို သူမ(ဖန့်ကျွင်းရုံ) မစဥ်းစားနိုင်တော့ပါ။ သို့သော် ဝမ်ရှောင်းက ၎င်းအတွက် သူ့မှာ တစ်စိတ်တစ်ပိုင်းတာဝန်ရှိသည်ဟု မည်သည့်အခါမှ ဝန်ခံလိမ့်မည်မဟုတ်ပဲနဲ့ ကျန်းယာ့ကောကိုသာ အပြစ်တင်ပေလိမ့်မည်။


သူမသည် ကျန်းယာ့ကောကို လိုက်ရှာ၍ တွေ့လိုက်ချိန်တွင် ကျန်းယာ့ကောသည် ဝမ်းနည်းနာကျင်နောင်တရမှုအပြည့်ဖြင့် တိတ်ဆိတ်စွာငိုကြွေးနေခဲ့တာဖြစ်သည်။


ဖန့်ကျွင်းရုံသည် မေးခဲ့သည်။ “ဝမ်ရှောင်းက သူ့ရဲ့ကုသမှုနှောင့်နှေးစေခဲ့တာက မင်းအခန်းထဲမှာ မင်းက သူ့ကို ရက်ပေါင်းများစွာ ဖွက်ထားခဲ့တာကြောင့်လို့ ပြောတယ်။ အဲ့တာ အမှန်ပဲလား။”


သူမ၏အသံသည် တင်းမာခက်ထန်သောအသံသို့ ပြောင်းသွားခဲ့သည်။ “အိမ်မှာက မင်းတစ်ယောက်တည်းနေတာ မဟုတ်ဘူး။ အိမ်ကအခြားသူတွေကို မင်း ထည့်မစဥ်းစားခဲ့ဘူးလား။ ဒါမှမဟုတ်ရင် သူက ငါတို့ထက် ပိုပြီးအရေးကြီးတယ်လို့ မင်းတွေးထားခဲ့တာလား။”