အခန်း (၄၈) – ငါ့မှာ နင့်ကို ပြစရာ တစ်ခုရှိတယ်၊ ဒါပေမယ့် နင် ဒါကိုတွေ့ရင် အရမ်းဝမ်းမနည်းဖို့ ကြိုတင်သတိပေးပါရစေ (၁)
ဝမ်ရှောင်းသည် ချိုမြိန်သော အိမ်မက်လေးတစ်ခုမက်နေခဲ့သည်။ သူ့အိမ်မက်ထဲတွင် ကျန်းယာ့ကောသည် သူ့လက်မောင်းကို ရေမစိုစေရန် ရေညှိလိပ်ထုပ်သကဲ့သို့ အထပ်ထပ်ထုပ်ပေးလိုက်ချိန်တွင် သူ့နှလုံးခုန်သံဟာ ကဆုန်ပေါက်နေခဲ့သည်။ သူတို့နှစ်ဦး၏လက်များသည် ချစ်သူများကဲ့သို့ ခိုင်မြဲစွာ ကိုင်ဆုပ်ထားခဲ့ကြသည်။
သူဟာ အိမ်မက်လေးထဲမှာ ပျော်မွေ့နေခဲ့ပြီးတော့ အိပ်နေရာကနေ ပြန်လည်မနိုးထလာချင်ခဲ့ပေ။
ကျန်းယာ့ကောသည် သူ အတိတ်ကတွေ့ဆုံခဲ့ဖူးသောအမျိုးသမီးများနှင့် မတူညီပါ။ သူမဟာ ကျိုးပဲ့လွယ်သောပုံစံရှိသည်ဟုထင်ရပေမယ့် သူမမှာ ရဲရင့်ခိုင်မာတဲ့တစ်ဖက်ခြမ်းရှိသည်။ သူတို့ဟာ အရင်က တစ်ခါမှမတွေ့ခဲ့ဖူးပဲ သူက သူမကို သတ်ပစ်လုနီးပါးဖြစ်ခဲ့သော်လည်း သူမသည် ဘယ်တော့မှ သူ့ကို မျက်စိမှိတ်ဘက်လိုက်စွာ မကြည့်ရှုခဲ့ချေ။ အဲဒီအစား သူ့ကို သူမက ပြုစုစောင့်ရှောက်ပေးခဲ့သည်။ သူ့အဖို့ သူမသည် အမှောင်ထုထဲက တောက်ပနွေးထွေးသော ရောင်စဥ်တန်းလေးနှင့် အလားသဏ္ဍာန်တူလေသည်။
ရုတ်တရတ် မိုးများရွာချလာခဲ့သည်။ မိုးများသည် သူ့ကိုယ်ပေါ်နှင့် သူကိုင်ထားခဲ့သော ကျန်းယာ့ကော၏လက်များအပေါ်ကိုပါ ကျလာခဲ့သောကြောင့် သူတို့နှင့်အတူ ထွက်ပြေးလိုက်သည်။ မှောင်မည်းနေသာမိုးကောင်းကင်သည် ရုတ်တရတ် တိမ်မည်းများကင်းစင်သွားခဲ့ပြီးတော့ တောက်ပသောအလင်းတန်းများဟာ သူတို့နေရာတစ်ခုတည်းကိုပဲ ကျဆင်းလာခဲ့သည်။
ဝမ်ရှောင်းဟာ နိုးလာခဲ့တယ်။ သူ့မျက်လုံးများကတော့ အခန်းထဲမှအလင်းရောင်များ စူးရှလွန်းသောကြောင့် မဖွင့်နိုင်သေးပေ။
သူဟာ သူ့မျက်နှာပေါ်မှာ စိုစွတ်ပူနွေးတဲ့အရာတစ်ခုခုကို ခံစားလိုက်ရတယ်။ သူ့မျက်လုံးများကို အားယူဖွင့်ကြည့်လိုက်တာနဲ့ ချက်ချင်း ကျန်းယာ့ကော၏အငိုလွန်နေသောမျက်လုံးများကို တွေ့လိုက်ရသည်၊၊ ဝမ်ရှောင်းသည် သူ့ပါးပြင်ပေါ်ကစိုစွတ်နေတဲ့အရာဟာ သူမမျက်ရည်များ ဖြစ်ကြောင်းကို သဘောပေါက်လိုက်သည်။
တကယ်ပဲ အမှောင်လောကထဲမှာ နေထိုင်သူတစ်ဦးအတွက် ငိုကြွေးပေးတဲ့သူတစ်ဦးရှိခဲ့တယ်။
ဝမ်ရှောင်းသည် သူ့စိတ်ခံစားချက်များကို ဖော်ပြခြင်းမရှိပဲ သူ့စိတ်နှလုံးသားထဲမှာတော့ တစစ်စစ်နှင့် နူးညံ့မှုကို ခံစားလိုက်ရသည်။ ထိုစိတ်ခံစားချက်များဟာ သူနှင့် အကျွမ်းတဝင် မရှိခဲ့ကြပေ။ ကျန်းယာ့ကောမှအပ အခြားအမျိုးသမီးတစ်ဦး၏အကြောင်းကို မစဥ်းစားနိုင်ခဲ့သည်မှာ ကြော့ရှင်းသော အမျိုးသမီးတစ်ဦး၏ အသံက သူ့ကို လှုပ်မနိုးခင်အချိန်ထိ ဖြစ်သည်။
“ဝမ်ရှောင်း မင်း အဆင်ပြေရဲ့လား” ဖန့်ကျွင်းရုံက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ သူမက ထိုနှစ်ဦးသည် တစ်ဦးကိုတစ်ဦး နောက်ထပ်တစ်နာရီခွဲလောက် အချင်းချင်း ဆက်ကြည့်နိုင်လိမ့်မယ်ဟု ခံစားခဲ့ရသည်။
ဝမ်ရှောင်းက သူ့ကိုလှမ်းမေးလိုက်သော စကားသံကို ကြားလိုက်ရ၍ လှည့်ကြည့်လိုက်သောအခါ ဖန့်ကျွင်းရုံကို မြင်လိုက်ရသည်။ သူသည် သူမကို သူနှင့်ဟဲရှုဟွာတို့၏စေ့စပ်ပွဲမှာ တွေ့ဆုံခဲ့ဖူးသည်။ သို့သော် ယခုဖန့်ကျွင်းရုံသည် သူမကို နောက်ဆုံးတွေ့ခဲ့သည့်အချိန်တုန်းကထက် ဘယ်လိုကြောင့် ပိုငယ်နေသည်ဟု ထင်နေရတာလဲ။
ဝမ်ရှောင်းသည် တစ်စက္ကန့်မျှ ရပ်တန့်သွားပြီးနောက် သူ့ဆီက အသံထွက်လာသည်။ “အန်တီဖန့်လား”
သူဟာ ဟဲအိမ်တော်နှင့် ခင်မင်နေဆဲဖြစ်တာကြောင့် ဖန့်ကျွင်းရုံ၏ရှေ့မှောက်တွင် အခြေခံယဥ်ကျေးမှုတွေကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သည်။ သို့သော် ဖန့်ကျွင်းရုံက ဒီနေရာမှာ ဘာလုပ်နေတာလဲ။
ဖန့်ကျွင်းရုံသည် သက်ပြင်းချကာ ပြောလိုက်သည်။ “မင်းက ရှုဟွာရဲ့သတို့သားလောင်းဆိုတော့ ငါ့ရဲ့ တူလေးလို့ပဲ မင်းကို သတ်မှတ်မိတယ်။ မင်းဒဏ်ရာရနေခဲ့ရင် မင်းကို ဆေးရုံပို့ပေးဖို့ ငါတို့ကို ဘာလို့ စောစောမပြောရတာလဲ။ အခုတော့ မင်းရဲ့အသေးအမွှားဒဏ်ရာက အချိန်ကြာသွားတော့ ပိုဆိုးလာခဲ့ပြီလေ။”
ဝမ်ရှောင်းသည် ကျောက်တုံးတစ်တုံးနှင့် အရိုက်ခံလိုက်ရသလို အနည်းငယ် မူးဝေသွားခဲ့သည်။ “ဘယ်လို ပိုဆိုးလာတာလဲ”
သူ့ဒဏ်ရာကို ကုသပြီးပြီ မဟုတ်ဘူးလား။ ဒါက အခုလောက်ဆိုရင် လုံးဝ ပျောက်ကင်းနေသင့်ပါသည်။
သူသည် အဖျားတက်နေခဲ့သော်လည်း ဝမ်ရှောင်းသည် သူက သာမာန်အအေးမိခြင်းကြောင့် ဖြစ်နေသည်ဟု ထင်ခဲ့သည်။ သူသည် ဒီအဖျားဟာ သူ့ဒဏ်ရာမှတစ်ဆင့် အဖျားပိုးဝင်ခြင်း ဖြစ်နိုင်သည်ဟု ဘယ်တော့မှ မတွေးမိခဲ့ပေ။
ဖန့်ကျွင်းရုံက သူ့ကို သနားသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ဆရာဝန်က မင်းကို သေချာစစ်ဆေးကြည့်ခဲ့တယ်။ သူပြောတာက ဒီရက်တွေမှာ မင်းဒဏ်ရာကို စနစ်တကျ မကုသခဲ့တာကြောင့် ရောဂါပိုးဝင်ခဲ့တာပဲ။ ရောဂါပိုးဝင်တဲ့နေရာက ကြီးလွန်းတာကြောင့် အဲဒီနေရာကို ခွဲစိတ်လိုက်ပြီး ပျက်စီးနေတဲ့တစ်သျှူးတွေကို ဖယ်ရှားပြစ်ဖို့ လိုလိမ့်မယ်။ သူတို့က မင်းရဲ့အာရုံကြောတွေအားလုံးကို မူလအခြေအနေအတိုင်း ကုသပေးနိုင်မှာ မဟုတ်ဘူး။”
ဆိုလိုတာက သူက မသန်မစွမ်းဖြစ်နိုင်တယ်။
ဒီအချက်ကို တွေးမိလိုက်တော့ ဖန့်ကျွင်းရုံသည် ကျန်းယာ့ကောအား အနီရောင်အိတ် အကြီးကြီးတစ်ခု ပေးလိုက်ချင်သည့် စိတ်ဆန္ဒ ပြင်းပြခဲ့သည်။
“ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ။ မင်းဒဏ်ရာရရချင်း ဆေးရုံကိုလာခဲ့ရင် အခုအချိန်ဆို မင်း သက်သာနေပြီ။ ပြောစမ်းပါဦး။ ဘယ်သူက မင်းကို ဒီလိုမျိုးကုသပေးခဲ့တာလဲ။ သူတို့က အခြေခံပိုးသတ်ပေးရတာကိုတောင် မလုပ်ပေးခဲ့ပဲ ပတ်တီးတွေကိုလည်း တင်းတင်းစီးပေးခဲ့တယ်။ ဒါကြောင့် မင်း ကူးစက်ရောဂါပိုးဝင်ခဲ့တာပဲ။ မင်းအတွက် ကံကောင်းတာက ယာ့ကောက မင်းကို ရှာတွေ့ခဲ့ပြီးတော့ ဆေးရုံကို ပို့ပေးခဲ့တာပဲ။ မင်း ဒီထက် ပိုကြာနေခဲ့ရင် ပိုဆိုးသွားလိမ့်မယ်။”
ဝမ်ရှောင်းသည် သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။ သူက ကျန်းယာ့ကောကို သူ့အလိုလို ကြည့်လိုက်မိသည်။ ဒါဆို သူမက သူ့ဒဏ်ရာကို ပိုဆိုးစေခဲ့တာလား။
သူ့ဘယ်လက်က မသန်မစွမ်းဖြစ်နိုင်တယ်။ ကျန်းယာ့ကောအပေါ်ထားရှိသော သူ့ရဲ့ချစ်ခြင်းမေတ္တာတွေ အားလုံးပျောက်ကွယ်သွားခဲ့ပြီးတော့ အခြားတစ်ဖက်သို့ ဆက်သွားနိုင်သည်။
သူ့လက်မောင်း... ဒါက ဒီအမျိုးသမီးရဲ့အမှားပဲ...
ကျန်းယာ့ကောကို သူက စူးစူးရဲရဲစိုက်ကြည့်နေခဲ့သည်။ သူနဲ့အတူ ပစ္စတိုမပါလာခဲ့တာ ဆိုးတာပဲ။ သူ့နေရာမှာ အခြားသူတစ်ဦးဆိုရင်လည်း သူမကို အခုချက်ချင်း ပစ်သတ်မိမှာပဲ။
သူ့ထံမှ သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်နှင့် ရန်လိုမှုကို ခံစားလိုက်ရသည့်အတွက် ကျန်းယာ့ကောသည် အကူအညီကင်းမဲ့စွာ ငိုသံပါနှင့်တောင်းပန်လေသည်။