အခန်း ၅၀
Viewers 25k


အခန်း (၅၀) – ငါ့မှာ နင့်ကို ပြစရာ တစ်ခုရှိတယ်၊ ဒါပေမယ့် နင် ဒါကိုတွေ့ရင် အရမ်းဝမ်းမနည်းဖို့ ကြိုတင်သတိပေးပါရစေ (၃)


သူမသည် လီဝမ့်ကျင်းကို သံသယဝင်နေသောအကြည့်တစ်ချက် ပေးလိုက်သည်။ “ရှင် အခုတစ်လော တစ်ယောက်ယောက်ကို စိတ်ဆိုးအောင်များ လုပ်ထားသေးလား။ ဒီပြဿနာတွေက ဘာကြောင့် ရှင့်ဆီကိုပဲ ဦးတည်နေရတာလဲ။”


လီဝမ့်ကျင်းသည် “ဒါက မဖြစ်နိုင်ပါဘူးကွာ။ ကိုယ် လူတိုင်းနဲ့အဆင်ပြေပါတယ်။” ဟုမဆိုင်းမတွ ပြန်ဖြေလိုက်လေသည်။


“ရှင် မသိလိုက်မသိဖာသာပဲ တစ်ယောက်ယောက်ကို အမှားလုပ်မိနိုင်တာပဲလေ။ ဘာအကြောင်းကြောင်းကြောင့် အခြားသူတစ်ဦးက ရှင့်ကို ပစ်မှတ်ထားနိုင်မှာလဲ။ ထပ်ပြီး စဥ်းစားကြည့်ပါဦး။ ဘယ်သူ့ကိုမှ မတွေးမိဘူးလား။ ဘယ်သူမှန်း အရိပ်အမြွတ်လောက်တောင်မသိရင် ကျွန်မ ရှင့်ကို ကူညီပေးဖို့ ခက်လိမ့်မယ်။”


လီဝမ့်ကျင်းသည် သူ့အဆက်အသွယ်များဖြင့် သူ့ကိုကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သူ့ကို ရာဇဝတ်သားတစ်ဦးလို စစ်ဆေးမေးမြန်းခွင့်မပြုနိုင်ပါ။ သူမက မိမိဖာသာမိမိ ဒီပြဿနာရပ်များကို ဆွဲခေါ်ခဲ့သည်ဟု ဆိုလိုနေသည့်ပုံရသည်။ သူမရဲ့စကားများက သူ့ကို မကျေမနပ်ဖြစ်စေခဲ့သည်။ ဒါပေမယ့် သူက ဒီကိစ္စနှင့်ပတ်သက်၍ ဘာမှမလုပ်နိုင်ခဲ့ပေ။


လီအိမ်‌တော်နှင့် စီးပွားရေးလုပ်ငန်းပိုင်ဆိုင်သည့်ပမာဏတူသည့် ရန်သူများလည်းရှိပြီး သူတို့ကလည်း သူ့ကို ဖိအားအနည်းငယ်ပေးတာမျိုးတွေ ရှိကြပေမယ့် သူ့မှာ သက်သေအထောက်အထားမရှိပဲနဲ့ သူတို့ကို စွပ်စွဲလို့မရနိုင်ဘူး။


စိတ်သောကရောက်နေစဥ်မှာ သူ့ကို ဝမ်စစ်ရှန်းက နှစ်သိမ့်အားပေးခဲ့သည်။ ဝမ်စစ်ရှန်းသည် သူမနေထိုင်သည့်အိမ်မှာပင် လီဝမ့်ကျင်းကို အကောင်းဆုံးနှစ်သိမ့်မှုရရန် သူမခန္ဓာကိုယ်အား ပေးအပ်ခဲ့သည်။ သူတို့နှစ်ဦးသည် အရက်၏လွှမ်းမိုးမှုအောက်မှာ တစ်ဦးနှင့်တစ်ဦး ဖေးမရင်းနှီးခဲ့ကြသည်။


အိမ်တွင်တပ်ဆင်ထားသောလျှို့ဝှက်ကင်မရာများမှတစ်ဆင့် ဖန့်ကျွင်းရုံသည် ၎င်းအဖြစ်အပျက်နှင့်ပတ်သက်သည့် အရည်အသွေးမြင့်ဗီဒီယိုများ ရရှိခဲ့သည်။ ဒီအချိန်ဟာ သူမသမီးဖြစ်သူ၏မွေးနေ့မတိုင်မီတစ်ပတ်အလိုမှာဖြစ်ပြီးတော့ ဒီအချိန်က သူမကွာရှင်းဖို့အကောင်းဆုံးအချိန် ဖြစ်နိုင်လိမ့်မည်။


သူမသည် သူမခေါင်းကိုငုံ့လိုက်သည်။ သူမသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဗီဒီယိုကိုကြည့်ရာ၌ ဝမ်းနည်းဒေါသထွက်မှုတို့ မခံစားရပေ။ သို့သော် အခြားတစ်ဖက်မှာတော့ လွတ်လပ်ပေါ့ပါးသွားသလိုမျိုးသာ ခံစားခဲ့ရသည်။


သူမသည် ဗီဒီယိုကို ထပ်ကာထပ်ကာကြည့်ရင်း သူမဟာ ပျော်ရွှင်စွာပြုံးနေမိခဲ့သည်။


အမ်... သူမသည် ဒီဗီဒီယိုကို လီဝမ့်ကျင်း၏ညစ်ပေသောကိစ္စများကို ရရှိရန်အတွက် အလွန်အမင်းခဲယဥ်းစွာ ကြိုးပမ်းနေသူစုမိန်ထံ ပို့ပေးသင့်သည်။ စုမိန်က သူမကို စိတ်ပျက်အောင်မလုပ်ဘူးဆိုတာကို သူမ ယုံကြည်မိသည်။ ခင်ပွန်းဖြစ်သူကို အကြွင်းမဲ့ယုံကြည်အားကိုးပြီးကြင်နာတတ်ကာ အကျင့်သီလပြည့်စုံသောဇနီးတစ်ဦးအဖြစ် လူသိများသူတစ်ဦးဖြစ်သည့် သူမအနေဖြင့် ခင်ပွန်းဖြစ်သူအား လျှို့ဝှက်စောင့်ကြည့်ခြင်း ကဲ့သို့သောအရာများကို ဘယ်တော့မှလုပ်လိမ့်မည်မဟုတ်ပါ။ 


ထိုညစာစားပွဲအပြီးတွင် စုမိန်သည် လီဝမ့်ကျင်းကို နောက်ယောင်ခံလိုက်ရန် အလွတ်စုံထောက်တစ်ဦးကို ငှားရမ်းခဲ့သည်။ မကြာခင်အချိန်အတောအတွင်းမှာ သူ့အပေါ်မှာ ကျရောက်လာမယ့် ကံအကြောင်းမလှသည့်ဖြစ်ရပ်များက သူမအတွက် အလွန်ပျော်ရွှင်မှုများစွာ ဆောင်ကြဥ်းပေးလိမ့်မည်ဟု သူမ ကောင်းစွာ နားလည်သဘောပေါက်မိခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ သူမအတွက် အရေးအကြီးဆုံးကိစ္စမှာ လီဝမ့်ကျင်း၏ မကောင်းသတင်းများကို ရှာဖွေတွေ့ရှိဖို့ပင် ဖြစ်သည်။ ထိုနည်းဖြင့် သူမသည် ဟန်ဆောင်ကောင်းသော အမျိုးသားကို အရှက်ရစေနိုင်ပြီး တစ်ချိန်တည်းမှာပင် သူမယောကျာ်းဖြစ်သူအပေါ် ယုံကြည်လွန်းသော ဖန့်ကျွင်းရုံကို ရယ်ရွှင်ဖွယ်ရာအဖြစ်အပျက်ကို လှောင်ပြောင်ရယ်မောနိုင်မည် ဖြစ်သည်။ အမျိုးသမီးတစ်ယောက်၏ဗီဇအရ လီဝမ့်ကျင်းသည် အခြားအမျိုးသမီးတစ်ဦးနှင့် သာမာန်ထက်ပိုရင်းနှီးသော ဆက်ဆံရေးရှိနေခဲ့ပြီးဖြစ်ကြောင်း သူမ သေချာ‌ပေါက် ပြောနိုင်သည်။


သူမသည် ဒီကိစ္စကို တူးဆွဖို့ အချိန်များစွာကြာမြင့်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း သူမ မျှော်လင့်ထားတာထက် ပို၍ လျင်မြန်စွာ သိခဲ့ရသည်။


သူမရဲ့အလွတ်စုံထောက်ထံမှ လီဝမ့်ကျင်းနှင့် ဝမ်စစ်ရှန်းတို့၏ ဓာတ်ပုံများကို သူမလက်ခံရရှိသောအခါ သူမသည် အော်ရယ်မိလုနီးပါးဖြစ်သွားခဲ့သည်။


သို့သော် သူတို့ဟာ လုံလောက်မှုမရှိပေ။ သူတို့ပွေ့ဖက်နေသောပုံများကိုသာ ရရှိခဲ့သည်။ ဒါက သိသိသာသာထူးခြားခြင်းမရှိပေ။ လီဝမ့်ကျင်းကဲ့သို့ အရှက်တရားကင်းမဲ့သောသူသည် ဒီဟာက သူငယ်ချင်းတွေအကြားက ပွေ့ဖက်မှုပါဟု ဆိုလိမ့်မည်။ သူက ကြောင်သူတော်လိုမျိုးပဲ။


အိုး... ယောကျာ်းတွေများ အံ့သြပါ့။


စုမိန်သည် အတွေးထဲတွင် သူ့မျက်နှာပေါ် တံတွေးထွေးခဲ့သည်။


သူမက အိမ်ထဲတွင် လျှို့ဝှက်ကင်မရာများကို တပ်ဆင်နိုင်ပါ့မလားဟု စဥ်းစားမိခဲ့သည်။


သူမအကြံအစည်များကိုပင် အကောင်အထည်ဖော်နိုင်ခြင်း မပြုမီ နောက်နာရီအနည်းငယ်အကြာတွင် သူမအလွတ်စုံထောက်က သူမအား သတင်းအချက်အလက်အသစ်ကို ပေးပို့ခဲ့သည်။ သူတို့ရဲ့စွမ်းဆောင်ရည်က သူတို့ကို ပေးရသောငွေကြေးနဲ့တန်ပါပေသည်။


စုမိန်သည် အလွန်အကျိုးသက်‌ရောက်မှုရှိသောဗီဒီယိုကြောင့် အံ့အားသင့်သွားခဲ့ရသည်။


လီဝမ့်ကျင်း၏မွေးရာပါပစ္စည်းကို ဒီဗီဒီယိုထဲမှာ ရှင်းရှင်းလင်းလင်းမြင်ရပြီးတော့ ဒါက သူမလိုချင်သည့်အတိုင်းအတာ အတိအကျဖြစ်သည်။ သူမရဲ့အလွတ်စုံထောက် ဒီဟာကို ဘယ်လိုမျိုးရရှိလာခဲ့တယ်ဆိုတာကို သူမ နည်းနည်းတောင် ဂရုမစိုက်ခဲ့ဘူး။


စုမိန်၏မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် ပျာယာခတ်သွားခဲ့သည်။ သူမသည် နေ့လည်ခင်းအချိန်အတွက် စီစဥ်ထားသော ကိစ္စရပ်များကို ဖျက်သိမ်းကာ သူမငှားရမ်းထားသော အလွတ်စုံထောက်ထံ နောက်ထပ် ယွမ်ငွေနှစ်သိန်းကို ပေးပို့ခဲ့သည်။ USB driveကို လက်မှာကိုင်ထားရင်း သူမသည် ဖန့်ကျွင်းရုံကို ဖုန်းခေါ်ခဲ့သည်။ သူမအသံဟာ ရှင်းလင်းပြတ်သားကာ ယုံကြည်မှုအပြည့်နှင့် သာလွန်မြင့်မြတ်သည့်သဘောတို့ဖြင့် ပြည့်နှက်နေခဲ့သည်။


“ဟယ်လို၊ ကျွင်းရုံလား။ ငါ့မှာ နင့်ကို ပြချင်တဲ့အရာတစ်ခုခုရှိတယ်။ ဒါပေမယ့် နင် ဒါကိုတွေ့ရင် အရမ်း ဝမ်းမနည်းဖို့ ကြိုသတိပေးပါရစေ။