အခန်း (၅၁) – ဖန့်ကျွင်းရုံက “ကျွန်မ ရှင်နဲ့ ကွာရှင်းမယ်၊ ကျွန်မ ရှင့်ကို အရမ်းရွံမုန်းတယ်” လို့ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည် (၁)
“ဒါကြောင့် ငါ နင့်ကို ယောကျာ်းသားတွေရဲ့ ပျားရည်စကားတွေကို ယုံကြည်လို့မရနိုင်ဘူးလို့ ငါ အမြဲပြောခဲ့တာပဲလေ။ အခုကြည့်စမ်းပါဦး။ လီဝမ့်ကျင်း နင့်အပေါ်ကောင်းတယ်ဆိုတာ အတိတ်ဖြစ်သွားခဲ့ပြီ။ သူ့ရဲ့စိတ်ရင်းက အခု ထွက်ပေါ်လာခဲ့ပြီပဲ။ ငါတော့ သူ့အကြိုက်ကို လုံးဝနားမလည်ဘူး။ သူမလိုမိန်းမမျိုးကို ဘာကြောင့် လီဝမ့်ကျင်းက လိုချင်နေရတာလဲ။ ဒါပေမယ့် သိပ်တော့မခံစားပါနဲ့။ သူက သူမအပေါ် သိပ်အလေးအနက်မထားဘူးလို့ ငါယုံတယ်။ သူက နင့်ကို ဘယ်တော့မှ ကွာရှင်းချင်မှာ မဟုတ်ဘူး။”
စုမိန်က ပါးစပ်ကသာ နှစ်သိမ့်ပေးနေသော်လည်း သူမအမူအရာကတော့ ဆန့်ကျင်ဖက်ပင်။ သူမက ဖန့်ကျွင်းရုံကို အပြင်သို့ ခေါ်ထုတ်ပြီး ထိုဗီဒီယိုကို ပြသဖို့ရာ မစောင့်ဆိုင်းနိုင်ခဲ့ပါ။
သူမက စကားပြောတာများသွား၍ ရေငတ်သလိုခံစားရတာကြောင့် အဖျော်ယမကာအနည်းငယ်ကို သောက်လိုက်သည်။ ဖန့်ကျွင်းရုံက တိတ်ဆိတ်နေသောကြောင့် သူမက အရမ်းမပျော်ရွှင်ရပေ။ သူမက ဗီဒီယိုကြည့်ရင်း ငိုတာဖြစ်ဖြစ် တစ်ခုခုပြောတာပဲဖြစ်ဖြစ်ကို မျှော်လင့်ထားခဲ့တာဖြစ်ပေမယ့် ဖန့်ကျွင်းရုံက ဘာစကားတစ်ခွန်းကိုမှ မပြောခဲ့ပါဘူး။ စုမိန်သည် သူမက ဝါဂွမ်းကိုထိုးနှက်လိုက်ရသလိုမျိုး ခံစားလိုက်ရသည်။
“နင် တစ်ခုခု မပြောချင်ဘူးလား။”
နောက်ဆုံးတော့ ဖန့်ကျွင်းရုံသည် သူမကိုကြည့်ကာ ပြောလိုက်သည်။ “အမှန်တိုင်းပြောရရင် ငါလည်း အခုနောက်ပိုင်းမှာ သူ့ကို အနည်းနဲ့အများတော့ သံသယဝင်နေခဲ့ပေမယ့် ငါ သူ့ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့တယ်။”
စုမိန်က ကျိတ်ရယ်လိုက်သည်။ “ယောကျာ်းသားတွေရဲ့စကားတွေဟာ ယုံကြည်စိတ်ချထိုက်တယ်ဆိုရင် ဝက်တွေလည်း မိုးပေါ်ပျံနိုင်လိမ့်မယ်။” သူမက စကားပြောနေရင်း သူမ့ရဲ့ စိတ်ဝင်စားမှုတွေက ပျောက်ဆုံးကုန်သည်။ တစ်ချိန်လုံး သူမ လိုချင်ခဲ့သော တစ်ခုတည်းအရာမှာ ဖန့်ကျွင်းရုံအား လီဝမ့်ကျင်း၏ အသွင်အစစ်အမှန်ကို ပြသရန် ဖြစ်သည်။ အမှန်တကယ် ဖြစ်ပွားလာသည့်အခါမှာ သူမမျှော်လင့်ထားသည့်အတိုင်း စိတ်လှုပ်ရှားစရာမကောင်းခဲ့ပါ။
“ယာ့ကောရဲ့အဒေါ်က သူနဲ့ပတ်သက်နေတဲ့ အမျိုးသမီးဖြစ်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူးဟာ” ဒီလိုမျိုး အလွန်ဆိုးရွားတဲ့ကံတရားကြောင့် အခုအချိန်မှာတော့ ဖန့်ကျွင်းရုံက မငိုကြွေးပဲ မနေတော့ပေ။ မျက်ရည်အနည်းငယ်ခန့်ကျပြခြင်းက သူတို့ကို ပိုပြီးယုံကြည်စေနိုင်မှာ သေချာသည်။
လီအိမ်တော်က ကျန်းယာ့ကောနှင့် ကျုံးရီတို့ကို တရားဝင် မိတ်မဆက်ပေးရသေးသော်လည်း လီဝမ့်ကျင်းက ကျန်းယာ့ကောကို အချိန်တော်များများ အပြင်သို့ခေါ်သွားလေ့ရှိပြီး သူမကို အလွန်နှစ်သက် သဘောကျကြောင်း သိကြလေသည်။ ထို့ကြောင့် သူတို့အသိုင်းအဝိုင်းထဲမှ လူအများစုသည် ကျန်းယာ့ကောက လီအိမ်တော်၏ မွေးစားသမီးဖြစ်သည်ကို သတိပြုမိကြသည်။
စုမိန်က သူမခေါင်းကိုခါ၍ အလှပြင်ဆင်သလို ဟန်မူယာများလိုက်သည်။ “သူမကို ကြည့်စမ်းပါဦး။ သူမပုံစံက ကျေးဇူးမသိတတ်တဲ့ မျက်လုံးဖြူဝံပုလွေလိုမျိုး မိန်းမစားပဲ။ နင်က နင့်အိမ်ကို ဝံပုလွေတစ်ကောင်ကို ခေါ်လာခဲ့မိတာပဲ။ လီဝမ့်ကျင်းက ကျန်းယာ့ကောကို ခေါ်ယူမွေးစားခဲ့တာက သူ့အချစ်လေးကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။”
သူမက ဒီစကားကိုပြောလေလေ အမှန်တရားလို့ပို ယုံကြည်လာလေလေ ဖြစ်လာခဲ့ပြီး လီဝမ့်ကျင်းကို ပိုပြီး အထင်အမြင်သေးလာလေလေ ဖြစ်လာခဲ့သည်၊။
“အေး ဒါက အဆင်ပြေပါတယ်ဟာ။ ယောကျာ်းတွေအကုန်လုံးက လူလိမ်တွေချည်းပဲ။ ပို၍အရေးကြီးတာက အိမ်တွင်းဘဏ္ဍာငွေကြေးကို ထိန်းချုပ်ထားနိုင်ဖို့ပဲ။ နင့်ပြဿနာက နင် သူ့ကို အရမ်းယုံကြည်လွန်းတာပဲ။”
သူမက ဖန့်ကျွင်းရုံအတွက် စိတ်မကောင်းဖြစ်သလို ခံစားခဲ့ရပြီးတော့ သူတို့နှစ်ယောက်ဟာ မကောင်းသော အမျိုးသားတွေကို အသီးသီး ပိုင်ဆိုင်ခဲ့သောကြောင့် စုမိန်က ဖန့်ကျွင်းရုံကို ယခင်ကလောက် မမုန်းတော့ပေ။ တကယ်တော့ သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ဘက်ခြမ်းမှာရှိတယ်လို့ ခံစားခဲ့ရသည်။
ဖန့်ကျွင်းရုံက စုမိန်အား သူမထံ ဗီဒီယိုမိတ္တူတစ်ခုကို ပို့ပေးရန် တောင်းဆိုခဲ့သည်။ စုမိန်ကလည်း ၎င်းအား ပို့ပေးရန် သေချာပေါက် ဆန္ဒရှိတာထက် အတိုင်းထက်အလွန်ပေါ့။
ဖန့်ကျွင်းရုံက ဗီဒီယိုမှတ်တမ်းကို လက်ခံရရှိပြီးသည်နှင့် ချက်ချင်း ထရပ်ကာ “အိုကေ...ငါ အခုသွားတော့မယ်။ ဒီနေ့အတွက် နင့်ကို အရမ်းကျေးဇူးတင်တယ်။”
သူမလေသံက နူးညံ့ပေမယ့် စုမိန်က တစ်နည်းနည်းနဲ့ လာတော့မယ့်မုန်တိုင်းကို ခန့်မှန်းနိုင်ခဲ့ပါသည်။ သူမက အလွန်သိချင်စိတ်ပြင်းပြခဲ့ပြီး “နင် ငါ့ကို နင်နဲ့အတူ နင့်အိမ်ကို လိုက်စေချင်လား” ဟု ကမ်းလှမ်းလိုက်သည်။ သူမက သူတို့တစ်ဦးနှင့်တစ်ဦး ဒီအကြောင်းနှင့်ပတ်သက်၍ မည်သို့မည်ပုံ တိုက်ခိုက်ရန်ဖြစ်ကြမည်ကို စဥ်းစားကြည့်မိရင်း စိတ်လှုပ်ရှားလာခဲ့လေသည်။
ဖန့်ကျွင်းရုံသည် သူမနှုတ်ခမ်းများကို တင်းတင်းစေ့ကာ “မလိုဘူး။ ငါ အဆင်ပြေပါတယ်။” ဟု ပြောလိုက်သည်။
သူမသည် စုမိန်ကို ကျေးဇူးတင်ကြောင်းပြောပြီး ထွက်သွားခဲ့လေသည်။ သူမနောက်သို့ လှည့်ကြည့်လိုက်သောအခါ စုမိန်သည် သူမဖုန်းကို ဆွဲထုတ်လိုက်သည်ကို တွေ့မြင်လိုက်ရသည်။
စုမိန်သည် သူမနှင့်မာကျောက်ကစားဖော်ကစားဖက်သူငယ်ချင်းများကို ဖုန်းခေါ်ခဲ့ပြီး သူတို့နှင့် ဒီအဖြစ်အပျက်ကို မျှဝေရန် စီစဥ်ခဲ့သည်။ သူမက အရင်ကတည်းက နှုတ်ဖွာသူတစ်ယောက်ပင်။ အထူးသဖြင့် သူမကို လီဝမ့်ကျင်းက ရန်စလိုက်ပြီးနောက်မှာ ပိုဆိုးလာခဲ့သည်။ ဒါတွေအကုန်လုံးက သူမလိုချင်ခဲ့သည့် သူမ့ရဲ့လက်စားချေမှုပါပဲ။